← Chapters

အခန်း ၅၂၅

Vol. 53 Ch. 525

အခန်း ၅၂၅

Vol. 53 Ch. 525

အခန်း (၅၂၅)

ထုရှန်းကျင်းစီ၏ မွေးနေ့အပြီး နောက်တစ်နေ့နံနက်ခင်း အရုဏ်တက်ချိန်၌။

ရှောင်မို အိပ်ရာမှနိုးလာသည်နှင့်တပြိုင်နက် အစေခံမလေးတစ်ဦးက မီးဖိုဆောင်ခြံဝင်းသို့ ရောက်ရှိလာပြီး သူ့အား ခြံဝင်းအသစ်တစ်ခုဆီသို့ ခေါ်ဆောင်သွားလေ၏။

"ဒီနေ့ကစပြီး နင်က ဒီမှာနေရမယ်။ ဒီနေရာက သခင်မလေးရဲ့ခြံဝင်းကို လမ်းလျှောက်သွားရင် ဆယ်မိနစ်တောင် မကြာဘူး။ နောက်ရက်အနည်းငယ်ကြာရင် သခင်မလေးက ဟန်ရှန်းကျောင်းတော်ကို သွားရတော့မှာဖြစ်ပြီး နင်က သခင်မလေးရဲ့ စာကြည့်ဆောင်အစေခံအဖြစ် လိုက်ပါသွားရမယ်"

"ဒီရက်ပိုင်းအတွင်းမှာ နင်က ဟန်ရှန်းကျောင်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အခြေခံအသိပညာတချို့ကို သင်ယူရလိမ့်မယ်"

"ဟန်ရှန်းကျောင်းတော်မှာ အဆင့်အတန်းမြင့်မားတဲ့ တပည့်တွေ အများကြီးနဲ့ ကြုံတွေ့ရလိမ့်မယ်။ နင်က စည်းကမ်းတွေကို မချိုးဖောက်ရသလို သခင်မလေး မျက်နှာပျက်ရအောင်လည်း မလုပ်ရဘူး။ နားလည်လား"

အစေခံမလေးက ရှောင်မိုအား လမ်းညွှန်မှာကြားလိုက်ပြီး သူမ၏မျက်နှာထားတွင် အထင်သေးရွံရှာမှု အငွေ့အသက်တချို့ စွန်းထင်းနေချေပြီ။

တကယ်တမ်းတွင် သခင်မကြီးက အောက်တန်းကျသော လူသားတစ်ယောက်အား သခင်မလေး၏ စာကြည့်ဆောင်အစေခံအဖြစ် ဘာကြောင့် ခွင့်ပြုပေးရသနည်းဆိုသည်ကို အစေခံမလေးအနေဖြင့် လုံးဝ နားမလည်နိုင်အောင် ဖြစ်နေမိပေသည်။

သခင်မလေး၏ မွန်မြတ်လှသော အဆင့်အတန်းနှင့်ယှဉ်လျှင် ဤလူသားတွင် သခင်မလေးနောက်သို့ လိုက်ပါရန် မည်သည့်အရည်အချင်းများ ရှိနေပါသနည်း။

"စိတ်ချပါ အစ်မ... ကျွန်တော် နားလည်ပါတယ်" ရှောင်မိုက လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးရင်း ပြန်လည်ဖြေကြားလိုက်လေ၏။

"နင် သိရင်ပြီးတာပဲ"

အစေခံမလေးက ရှောင်မိုကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီး ဘာစကားမျှထပ်မဆိုတော့ဘဲ လှည့်ထွက်သွားလေတော့သည်။

ခြံဝင်းအတွင်း၌ ရပ်နေရင်း ရှောင်မိုက သူ ယခုမှစ၍ နေထိုင်ရမည့် နေရာကို အကဲခတ်ကြည့်ရှုလိုက်ပေသည်။

ခြံဝင်းက သိပ်မကြီးမားသော်ငြားလည်း အလွန်အမင်း သေးငယ်ကျဉ်းမြောင်းနေခြင်းမျိုးတော့ မဟုတ်ချေ။

သင်းပျံ့သောရနံ့လေးတစ်ခုက ခြံဝင်းအတွင်းဝယ် လွင့်ပျံ့နေလေ၏။

ဤနေရာသည် အရင်က အစေခံမလေးတစ်ဦး နေထိုင်ခဲ့သည့်နေရာဖြစ်တန်ကောင်းပြီး ယခုအခါတွင် သူ့အား ပေးအပ်လိုက်ခြင်းဖြစ်မည်ဟု ရှောင်မို ခံစားလိုက်ရသည်။

ထို့အပြင် ဤကဲ့သို့သော ခြံဝင်းမျိုးတွင် နေထိုင်ခွင့်ရသည့် အစေခံတစ်ယောက်ဆိုသည်မှာ တခြားအစေခံများကြားတွင် အတော်လေး မြင့်မားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသူ သေချာပေါက်ဖြစ်ပေမည်။

"သခင်မကြီးထုရှန်းက ငါ့အပေါ်မှာ တကယ်ပဲ ကောင်းလွန်းနေတာလား"

ခြံဝင်းကို ကြည့်ရှုလေလေ ရှောင်မို၏ရင်ထဲတွင် တစ်ခုခုလွဲချော်နေသကဲ့သို့ ပို၍ခံစားလာရလေလေပင် ဖြစ်လေတော့သည်။

"ထားလိုက်ပါတော့... အသုံးမဝင်တဲ့ကိစ္စတွေကို တွေးလွန်နေလည်း အပိုပဲ။ ငါ့အလုပ်ကိုငါ သေသေချာချာ လုပ်ဖို့ပဲလိုတယ်။ ဖြစ်နိုင်တာက သခင်မကြီးထုရှန်းက ငါ့ရဲ့ပါရမီက တကယ်ပဲကောင်းမွန်တယ်ဆိုတာကို မြင်တွေ့သွားပြီး ငါ့ကို သူ့ဘက်ပါအောင် သိမ်းသွင်းချင်နေတာလည်း ဖြစ်နိုင်တာပဲ"

ရှောင်မိုက ခေါင်းခါယမ်းလိုက်ပြီး ထိုအတွေးများကို ဘေးဖယ်ထားလိုက်ချေပြီ။

မည်သို့ပင်ဆိုစေ သူ၏အပိုင်ဟူ၍ ဘာဆိုဘာမျှမရှိပေ။ တစ်ဖက်လူတွင် အကြံအစည်တစ်ခုခုရှိနေလျှင်တောင်မှ သူ၏ထံမှ ဘာကိုများ လိုချင်နိုင်ပါမည်နည်း။

မည်သို့ပင်ဖြစ်စေကာမူ သူသည် သူ၏ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ပြီး သူ၏အဆင့်ကို ဦးစွာ မြှင့်တင်ရန် လိုအပ်ပေသည်။

ဤလောကတွင် လုံလောက်သော ခွန်အားရှိမှသာလျှင် စကားပြောခွင့်ရှိမည်ဖြစ်ပြီး ဤမိစ္ဆာကမ္ဘာ၌ ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်စွမ်း ရှိလာမည်ဖြစ်လေ၏။

စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် ရှောင်မိုက ဆန်ဝါမဟာအိပ်မက် စာအုပ်ကို ထုတ်ယူကာ သူ၏ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်လေတော့သည်။

တစ်ညတာ အနားယူပြီးနောက်တွင် ရှောင်မိုသည် သူ၏စိတ်ပိုင်းဆိုင်ရာအခြေအနေများ အများကြီး ပိုမိုကောင်းမွန်လာကြောင်း ခံစားလိုက်ရပေသည်။

ပထမဆုံးရက်က ဆန်ဝါမဟာအိပ်မက် ကို ဖတ်ရှုခဲ့သည့်အရှိန်နှုန်းနှင့် နှိုင်းယှဉ်ပါက ရှောင်မို၏ လက်ရှိစာဖတ်နှုန်းမှာ တွားသွားနေသည့် လိပ်တစ်ကောင်ကဲ့သို့ နှေးကွေးနေသော်ငြားလည်း။

အနည်းဆုံးတော့ သူ တိုးတက်မှုရရှိနေဆဲ ဖြစ်လေ၏။

ရှောင်မိုသည် တကယ်ကို ဆက်ဖတ်၍မရနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားသောအခါ ပထမဆုံး စာမျက်နှာဆယ်မျက်နှာမှစ၍ တစ်ဖန် ပြန်လည်ဖတ်ရှုလေ့ရှိပေသည်။

၎င်းတို့ကို ဖတ်ရှုလိုက်တိုင်း ရှောင်မိုသည် ဉာဏ်အလင်းပွင့်ခြင်း အခြေအနေတစ်ခုသို့ ဝင်ရောက်သွားတတ်ပြီး သဘာဝတရားနှင့် နီးကပ်စွာတည်ရှိကာ အလွန်အမင်း သက်တောင့်သက်သာရှိလှသော အိပ်မက်တစ်ခုကို မက်လေ့ရှိချေပြီ။

ရှောင်မို နိုးထလာသောအခါ သူ၏ကျင့်ကြံမှုအဆင့်က အနည်းငယ် တိုးတက်လာကြောင်းကို ခံစားသိရှိနိုင်လေ၏။

မသိမသာဖြင့်ပင် သုံးရက်တာအချိန် ကုန်လွန်သွားခဲ့လေတော့သည်။

ထိုသုံးရက်တာကာလအတွင်း ထုရှန်းကျင်းစီက ရှောင်မိုနှင့် လာရောက်ဆော့ကစားလေ့ရှိသော်လည်း သူမ၏အလည်အပတ်များမှာ အမြဲတမ်းလိုလို အလွန်တိုတောင်းလှပေသည်။

ထို့အပြင် ထုရှန်းကျင်းစီသည် ရှောင်မို၏ခြံဝင်းသို့ ရောက်ရှိလာသည်နှင့်တပြိုင်နက် သူမ၏ရင်တွင်းမှ နာကြည်းချက်များကို သူ၏ထံတွင် ရင်ဖွင့်လေ့ရှိလေ၏။

သူမထံတွင် အရင်ကလို ပျော်ရွှင်နေသော မျက်နှာထားမျိုး လုံးဝရှိမနေတော့ချေ။

အကြောင်းရင်းမှာ ထုရှန်းကျင်းစီသည် မွေးနေ့ပွဲပြီးဆုံးသွားသည်နှင့် အပြင်ထွက်ကစားနိုင်ပြီဖြစ်ကြောင်း မိခင်ဖြစ်သူ ပြောသည်ကို ကြားခဲ့ရသောကြောင့်ပင်။

သို့သော် ထုရှန်းကျင်းစီမှာ ကျောင်းတော်သို့သွားရောက်၍ စာသင်ကြားရတော့မည်ဖြစ်ရာ စည်းမျဉ်းစည်းကမ်းအချို့ကို ဦးစွာသင်ယူရမည်ဖြစ်သဖြင့် အိမ်တော်အတွင်း၌ နေ့စဉ်နေ့တိုင်း အတန်းတက်နေရလေတော့သည်။

သူမက ရှောင်မိုကိုလာတွေ့ရန် နေ့တိုင်းလာရောက်သော်ငြားလည်း ၎င်းမှာ အလုပ်ရှုပ်နေသည့် အချိန်ဇယားများကြားမှ ညှစ်ထုတ်ထားရသော အချိန်လေးများသာ ဖြစ်ပေသည်။

သို့သော်လည်း သူမက ညည်းညူနေသော်ငြား ထုရှန်းကျင်းစီသည် ကျင့်ဝတ်များနှင့် စည်းမျဉ်းစည်းကမ်းများကို သင်ယူရာတွင် အလွန်အမင်း အလေးအနက်ထားခဲ့လေ၏။

ထို့အပြင် မိန်းကလေးငယ်သည် သူမ၏ရင်ထဲတွင်လည်း မျှော်လင့်တကြီး ဖြစ်နေခဲ့ချေပြီ။

ကျောင်းတော်တွင် သူမနှင့်ရွယ်တူ ကလေးများစွာရှိကြောင်း မိန်းကလေးငယ် ကြားသိထားခဲ့ရလေသည်။

သူတို့သာ ကျောင်းတော်သို့ ရောက်ရှိသွားပါက သူမနှင့် ရှောင်မိုတို့သည် သူငယ်ချင်းအသစ်တွေ အများကြီး ထပ်မံရရှိနိုင်မည် မဟုတ်ပါလော။

ထို့ပြင် ကျောင်းတော်သို့ရောက်သွားလျှင် သူမအနားတွင် အချိန်ပြည့် ရှိနေပေးနိုင်မည်မဟုတ်ကြောင်း သူမ၏မိခင်က ပြောထားခဲ့ပေသည်။

မိခင်ဖြစ်သူ၏ ကြီးကြပ်ကွပ်ကဲမှု မရှိတော့ဘူးဆိုသည်မှာ သူမအနေဖြင့် လွတ်လွတ်လပ်လပ်နှင့် သူမဆော့ကစားချင်သလို ကစားနိုင်ပြီဟု ဆိုလိုခြင်းမဟုတ်ပါလော။

ထို့ကြောင့် အနာဂတ်တွင်ကြုံတွေ့ရမည့် ပျော်ရွှင်စရာဘဝလေးနှင့် နှိုင်းယှဉ်ပါက ယခုလက်ရှိ အနည်းငယ် ဒုက္ခခံရခြင်းက လုံးဝအဆင်ပြေကြောင်း ထုရှန်းကျင်းစီ ခံစားလိုက်ရလေတော့သည်။

နောက်ထပ်နှစ်ရက် ကုန်လွန်သွားခဲ့လေ၏။

နောက်ဆုံးတွင်တော့ ကျောင်းတော်သို့ သွားရောက်ရမည့်နေ့ ရောက်ရှိလာခဲ့ချေပြီ။

သခင်မကြီးထုရှန်းက ပျံသန်းရေးလှေတစ်စင်းကို မောင်းနှင်ကာ ထုရှန်းကျင်းစီနှင့် ရှောင်မိုတို့ကိုခေါ်ဆောင်လျက် ဟန်ရှန်းကျောင်းတော်ဆီသို့ ဦးတည်သွားလေတော့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရှောင်မိုသည်လည်း ဟန်ရှန်းကျောင်းတော်နှင့် ပတ်သက်သည့် သတင်းအချက်အလက်အချို့ကို သိရှိထားခဲ့ပေသည်။

ဟန်ရှန်းကျောင်းတော်သည် မိစ္ဆာကမ္ဘာရှိ တစ်ခုတည်းသော ကျောင်းတော်ကြီးပင် ဖြစ်လေ၏။

ယနေ့အချိန်အထိ ဤကျောင်းတော်ကြီးတွင် နှစ်ပေါင်းခြောက်ရာမျှသာ သမိုင်းကြောင်းရှိသေးသဖြင့် အတော်လေး ငယ်ရွယ်သေးသည်ဟု ဆိုရပေမည်။

ထို့အပြင် ဟန်ရှန်းကျောင်းတော်ကို စတင်တည်ထောင်စဉ်က ကြီးမားလှသော အတားအဆီးမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရလေသည်။

အဘယ်ကြောင့်ဆိုသော် ကျောင်းတော်က ကျင့်ကြံခြင်းလမ်းစဉ်အချို့ကို သင်ကြားပေးသော်ငြားလည်း ၎င်း၏အဓိကအာရုံစိုက်မှုမှာ အနန္တဓမ္မလောက၏ ကွန်ဖြူးရှပ်ပညာရပ်အပေါ်တွင်သာ ဖြစ်နေသောကြောင့်တည်း။

မိစ္ဆာကမ္ဘာရှိ မိစ္ဆာအများစု၏ အမြင်တွင် သူတို့က မိစ္ဆာအဖြစ် မွေးဖွားလာကြသူများဖြစ်ရာ အနန္တဓမ္မလောက၏ ကွန်ဖြူးရှပ်ပညာရပ်ဆိုသည့်အရာကို သင်ယူရန် မလိုအပ်ဟု ယူဆထားကြပေသည်။

ကွန်ဖြူးရှပ်ပညာရပ်တစ်ခုတည်းသာ မဟုတ်ပေ။ ထိုမိစ္ဆာများ၏ စိတ်နှလုံးထဲတွင် ထိုသွန်သင်ချက်များအားလုံးမှာ ခေတ်မမီတော့သည့်အပြင် ပုပ်စော်နံနေပြီဟုပင် ယူဆထားကြလေ၏။

မည်သို့ပင်ဆိုစေ မိစ္ဆာမျိုးနွယ်နှင့် လူသားမျိုးနွယ်သည် သဘာဝအလျောက် ရန်ဘက်များဖြစ်ကြရာ ယခုမှလာပြီး အနန္တဓမ္မလောက၏ အကြောင်းကို လေ့လာသင်ယူရမည်ဆိုသည်က ရယ်စရာကောင်းလွန်းနေသည် မဟုတ်ပါလော။

လူသားများက လူသားများလို ပြုမူသင့်ပြီး မိစ္ဆာများကလည်း မိစ္ဆာများ၏ ဓလေ့စရိုက်များကိုသာ ထိန်းသိမ်းထားသင့်ပေသည်။

သို့သော် နောက်ဆုံးတွင်တော့ အနန္တဓမ္မလောကနှင့် မိစ္ဆာကမ္ဘာကြားရှိ ကွာဟချက်က ပိုမိုကြီးမားလာခဲ့ပြီး ဒုတိယအကြိမ် လူသားနှင့်မိစ္ဆာ စစ်ပွဲတွင် မိစ္ဆာကမ္ဘာက နောက်ထပ် အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ရလေတော့သည်။

အနန္တဓမ္မလောကကို နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ရခြင်းက မိစ္ဆာကမ္ဘာကို နက်နက်နဲနဲ ဆင်ခြင်သုံးသပ်လာစေရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားချေပြီ။

မိစ္ဆာများစွာက သူတို့၏ရှုံးနိမ့်ရခြင်း အကြောင်းရင်းများကို စဉ်းစားတွေးတောလာခဲ့ကြလေ၏။

မိစ္ဆာအများအပြားက မိစ္ဆာကမ္ဘာသည် အလွန်အမင်း ကွဲပြားကြေမွနေပြီး မည်သည့်ပညာရေးပုံစံမျှ မရှိခြင်းကြောင့်သာ နှစ်ပေါင်းများစွာကြာသည်အထိ သူတို့ တိုးတက်မလာခဲ့ခြင်းဖြစ်သည်ဟု ခံစားလာရပေသည်။

အကျိုးဆက်အနေဖြင့် မိစ္ဆာကမ္ဘာတွင် ကျောင်းတော်များ တည်ထောင်ရန် တောင်းဆိုသံများက ပို၍ပို၍ ကျယ်လောင်လာခဲ့လေတော့သည်။

ရန်သူကို ထိန်းချုပ်နိုင်ရန်အတွက် ရန်သူ၏ သာလွန်ကောင်းမွန်သော စွမ်းရည်များကို သင်ယူရမည်ပင်။

နောက်ဆုံးတွင် ကွေ့နင်အမည်ရှိ အဘိုးအိုတစ်ဦးက ကန့်ကွက်မှုများအားလုံးကို ကျော်လွှားကာ ဤကဲ့သို့သော ကျောင်းတော်တစ်ခုကို တည်ထောင်ရန် နောက်ဆုံးအဆုံးအဖြတ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်လေ၏။

ယခုအချိန်တွင် မိစ္ဆာအများအပြားက အနန္တဓမ္မလောက၏ ကျင့်ဝတ်များနှင့် ပညာရေးစနစ်ကို လိုက်နာကျင့်သုံးလာကြသည်အထိပင်။

သေချာပေါက်ပင် အနန္တဓမ္မလောကထံမှ သင်ယူရမည်ကို ရွံရှာကြပြီး သူတို့၏ ရှေးဟောင်းစနစ်များနှင့် စည်းမျဉ်းများကို ဆက်လက်ထိန်းသိမ်းထားသည့် မိစ္ဆာများလည်း ရှိနေဆဲဖြစ်ပေသည်။

တစ်ဖက်က အခြားတစ်ဖက်ကို ခေတ်နောက်ကျလွန်းပြီး အခြေအနေနှင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းမရှိဟု မှတ်ယူကြလေ၏။

အခြားတစ်ဖက်ကမူ အနန္တဓမ္မလောကအကြောင်း လေ့လာသင်ယူနေသူများကို ရွံရှာကြပြီး သူတို့ကို လူလည်းမဟုတ်၊ မိစ္ဆာလည်းမဟုတ်ဟု မြင်ကြလေတော့သည်။

ထို့ကြောင့် ထိုနှစ်ဖက်ကြားတွင် ပဋိပက္ခများက ရံဖန်ရံခါဆိုသလို ဖြစ်ပွားလေ့ရှိချေပြီ။

စကားစပ်မိ၍ ပြောရမည်ဆိုလျှင် ဒုတိယအကြိမ် လူသားနှင့်မိစ္ဆာ စစ်ပွဲအကြောင်းကို ရှောင်မို ကြားသိရသောအခါ...

အကြောင်းရင်းတစ်ခုခုကြောင့် ရှောင်မို၏ရင်ထဲတွင် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသော်ငြားလည်း အတိအကျ ဘာမှန်းကိုမူ သူ ပြန်လည်စဉ်းစား၍ မရနိုင်ခဲ့ပေ။

ရက်ဝက်ခန့် ကြာမြင့်ပြီးနောက် ပျံသန်းရေးလှေသည် နောက်ဆုံး၌ ဟန်ရှန်းကျောင်းတော်သို့ ဆိုက်ရောက်သွားလေတော့သည်။

ရှောင်မိုက ကျောင်းတော်ကို ငေးကြည့်လိုက်လေ၏။ ၎င်းသည် တောင်ထွတ်ပေါင်း သုံးဆယ်ကျော်ကို နေရာယူထားပြီး ကွန်ဖြူးရှပ်ဝိသေသလက္ခဏာများနှင့် မိစ္ဆာစတိုင်များကို ပေါင်းစပ်ထားသော ဗိသုကာလက်ရာများရှိသည့် ဧရာမနယ်မြေကြီးတစ်ခု ဖြစ်ပေသည်။

အရေးအကြီးဆုံးအချက်မှာ မိစ္ဆာချီစွမ်းအင်များနှင့် နှိုင်းယှဉ်ပါက...

ကျောင်းတော်၏အထက် လေထုထဲတွင် ပြည့်နှက်နေသည်မှာ ပညာရေးနှင့် စာပေဆိုင်ရာ အငွေ့အသက်များပင် ဖြစ်လေတော့သည်။

ရှောင်မိုက သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူ၏ဘေးမှ ထုရှန်းကျင်းစီကို တစ်ဖန် လှည့်ကြည့်လိုက်ချေပြီ။

မိန်းကလေးငယ်၏ မျက်လုံးများထဲတွင် ပျော်ရွှင်နေသောအမူအရာတစ်ခု ပေါ်လွင်နေလေ၏။

အကယ်၍ မျှော်လင့်မထားသော အရာတစ်ခုခုသာ ဖြစ်မလာခဲ့ဘူးဆိုလျှင်...

All Chapters