← Chapters

အခန်း ၅၂၉

Vol. 53 Ch. 529

အခန်း ၅၂၉

Vol. 53 Ch. 529

အခန်း (၅၂၉)

လူသားမျိုးနွယ် မိန်းကလေးသည် သူမ၏မျက်လုံးများကို ဖွင့်လိုက်ပြီး သူမရှေ့ရှိ အသက်ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်အရွယ်သာ ရှိပုံရသော ကောင်လေးကို ကြည့်လိုက်ရာ သူမ၏ ကြောက်ရွံ့နေသော မျက်လုံးလေးများက တဖျပ်ဖျပ် ခတ်သွားလေ၏။

ရှောင်မိုက ကောင်လေး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး ဤမိစ္ဆာမျိုးနွယ် ကောင်လေးကို တည်ငြိမ်စွာ စိုက်ကြည့်နေလေသည်။

သူသာ မှတ်မိတာ မမှားဘူးဆိုလျှင် ဤကောင်လေး၏ သခင်လေးမှာ ထိုချန်ကျွယ်ပင် ဖြစ်ကြောင်း ရှောင်မို ခံစားမိလိုက်ပေသည်။

"ရှောင်မို... မင်းက ဘာသဘောလဲ" ဝမ်ကျုံးအမည်ရသော မိစ္ဆာမျိုးနွယ် ကျင့်ကြံသူက ရှောင်မိုကို အေးစက်စွာ ကြည့်လိုက်ချေပြီ။

"မင်းဘာကိုဆိုလိုတာလဲ ငါနားမလည်ဘူး" ရှောင်မိုက ခံစားချက်မဲ့သော လေသံဖြင့် ပြောလိုက်လေ၏။ "ဟန်ရှန်းကျောင်းတော်က လူသားမျိုးနွယ်ကို အကြောင်းမဲ့ ရိုက်နှက်တာ ဒါမှမဟုတ် အန္တရာယ်ပေးတာတွေကို တားမြစ်ထားတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့မဆို သတ်ဖြတ်တာကို ပိုပြီးတော့တောင် တားမြစ်ထားသေးတယ်။ မင်းက ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ချင်နေတာလား"

စကားပြောနေစဉ်မှာပင် ရှောင်မို၏ လက်ဖဝါးက တဖြည်းဖြည်း အားစိုက်လာလေတော့သည်။

ဝမ်ကျုံးသည် ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏လက်ထဲမှ ကျောက်ခဲကို လွှတ်ချလိုက်ရာ မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားချေပြီ။

ရှောင်မိုက သူ၏လက်ကို ဘေးသို့ လွှဲပစ်လိုက်ရာ ဝမ်ကျုံးမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်ထွက်သွားလေ၏။

"ငါက အကြောင်းမဲ့ အန္တရာယ်ပေးနေတယ်ဆိုတာ မင်းဘယ်လိုသိလဲ" ဝမ်ကျုံးက ဒေါသတကြီး ပြောလိုက်ပေသည်။ "သူက လမ်းလျှောက်တာ မျက်လုံးမပါဘဲ ငါ့ကို ဝင်တိုက်တယ်။ အဲဒါကြောင့် ငါ့သခင်လေးအတွက် သွားယူလာတဲ့ ဆေးလုံးတွေ မြေပြင်ပေါ် ပြုတ်ကျကုန်ပြီ။ ဒီလူသား အမှိုက်မအတွက်တော့ သေတဲ့အထိ ရိုက်သတ်ရင်တောင်မှ လွန်တယ်မရှိဘူး"

"အဲဒီလိုမဟုတ်ပါဘူး သခင်လေး" မိန်းကလေးက အလျင်စလို ရှင်းပြလေ၏။ "စောစောက ကျွန်မ သူတို့ကို ဝင်မတိုက်မိပါဘူး။ ကျွန်မ ဖြတ်သွားတဲ့အခါ ဒီသခင်လေးတွေကို တမင်သက်သက် ရှောင်သွားခဲ့တာပါ။ ဒါပေမဲ့ သူတို့ဘာသာသူတို့ ကျွန်မကို ဝင်တိုက်ကြတာပါ"

"ချီးလိုပဲ... ညစ်ပတ်တဲ့ လူသားမျိုးနွယ်။ မင်းကို မြင်ရတာတင် မျက်စိနောက်နေပြီ။ မင်းကိုထိမိရင် ငါ့အင်္ကျီတွေ ညစ်ပတ်သွားသလိုတောင် ခံစားရတယ်။ ငါက မင်းကို တမင်သက်သက် ဝင်တိုက်ပါ့မလား" ဝမ်ကျုံးက မိန်းကလေး၏ နှာခေါင်းကို လက်ညှိုးထိုးကာ ကျိန်ဆဲလေတော့သည်။

"ပြောစမ်း... ဘယ်သူက ဘယ်သူ့ကို ဝင်တိုက်တာလဲ။ အားလုံးပဲ... တရားမျှတမှုအတွက် စကားတစ်ခွန်းလောက် ပြောပေးကြပါဦး" ဝမ်ကျုံးက သူ၏ဘေးနားရှိ အဖော်အချို့ကို မေးလိုက်ပေသည်။

"ဒီလူသားက သေဖို့ကောင်းတာ"

"သာမန်လူသားတစ်ယောက်ကများ ငါတို့လမ်းကို တမင်သက်သက် ပိတ်ရပ်ရဲတယ်ပေါ့လေ"

"သူ့ကို ဟင်းတစ်ခွက်အဖြစ် ပြောင်းပစ်လိုက်ရင် ပြီးတာပဲ"

"ထားလိုက်ပါကွာ... သူ့ကို ဟင်းတစ်ခွက် လုပ်ရင်တောင်မှ စားလို့မကောင်းလောက်ဘူး"

အခြားသော မိစ္ဆာမျိုးနွယ် စာကြည့်ဆောင်အစေခံများကလည်း သဘာဝကျကျပင် ဝမ်ကျုံး၏ စကားများကို ထောက်ခံပြောဆိုနေကြလေ၏။

"ဒါပေမဲ့ ကျွန်မ အဝေးကြီးကနေ ရှောင်သွားခဲ့တာပါ... ကျွန်မ တကယ်ပဲ တမင်သက်သက် လုပ်ခဲ့တာ မဟုတ်ပါဘူး... ကျွန်မ..." မိန်းကလေးမှာ အလွန်အမင်း စိုးရိမ်ပူပန်နေသဖြင့် မျက်ရည်များပင် ကျလာတော့မတတ် ဖြစ်နေချေပြီ။

ရှောင်မိုက ခေါင်းခါယမ်းလိုက်ပြီး ဘာတွေဖြစ်ပျက်ခဲ့သည်ကို နားလည်ထားပြီးဖြစ်ရာ သူမကို ဘာမှထပ်ပြောစရာမလိုတော့ကြောင်း အချက်ပြလိုက်လေသည်။

သူမက ထပ်ပြောနေလို့ကော ဘာအသုံးဝင်မှာလဲ။

ဒီလူတွေပဲ ရှိနေတဲ့နေရာမှာ သူတို့ကပဲ သက်သေတွေဖြစ်နေပြီး လူသားတစ်ယောက်ကို ဘယ်သူက ယုံကြည်ပေးမှာလဲ။

"ရှောင်မို... ဖယ်စမ်း။ မင်းက ဒီကိစ္စကို တကယ်ကြီး ဝင်စွက်ဖက်မလို့လား" ဝမ်ကျုံးက ဒေါသတကြီး ပြောလိုက်လေ၏။ "ဒါမှမဟုတ် မင်းရဲ့ကျောထောက်နောက်ခံက ထုရှန်းအိမ်တော် ဖြစ်နေလို့ ငါတို့က မင်းကို ဘာမှမလုပ်ရဲဘူးလို့များ ထင်နေတာလား"

"ဒီနေ့ ငါလုပ်မယ့်ကိစ္စက ထုရှန်းအိမ်တော်နဲ့ ဘာမှမဆိုင်ဘူး" ရှောင်မိုက ခေါင်းခါပြလိုက်ပေသည်။ "ဒါပေမဲ့ တချို့ကိစ္စတွေမှာ ငါမမြင်ဘူးဆိုရင်တော့ ထားလိုက်တော့ပေါ့။ ဒါပေမဲ့ ငါမြင်နေရက်နဲ့တော့ မျက်ကန်းတစ်ယောက်လို ဟန်ဆောင်မနေနိုင်ဘူး"

"ကောင်းပြီလေ။ မင်းကိုယ်မင်း သေလမ်းရှာနေမှတော့ အတူတူသာ သွားသေကြပေတော့။ ငါက မင်းကို အခွင့်အရေးမပေးဘူးလို့ မအပြစ်မတင်နဲ့နော်။ ထုရှန်းအိမ်တော်ကလည်း ငါ့ကို အပြစ်တင်လို့မရဘူး" ဝမ်ကျုံး၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာချေပြီ။ "အားလုံးပဲ တိုက်ခိုက်ကြ။ ဒီခွေးလူသားနှစ်ကောင်လုံးကို အတူတူ သတ်ပစ်လိုက်။ ဘာပဲဖြစ်လာဖြစ်လာ ငါ တာဝန်ယူတယ်"

ဝမ်ကျုံး၏ စကားသံအဆုံးတွင် အချိန်အတော်ကြာကတည်းက ဒေါသကိုမျိုသိပ်ထားခဲ့ရသော မိစ္ဆာမျိုးနွယ် စာကြည့်ဆောင်အစေခံအချို့က ရှောင်မိုထံသို့ ပြေးဝင်လာကြလေတော့သည်။

တောင်ခါးပန်းရှိ ခြံဝင်းအတွင်း၌မူ ထုရှန်းကျင်းစီသည် နေ့လယ်ခင်း တစ်ရေးတစ်မော အိပ်စက်ပြီးနောက် သူမ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေ၏။

"ဝါး..."

သန်းဝေလိုက်ပြီးနောက် ထုရှန်းကျင်းစီက သူမ၏မျက်လုံးလေးများကို ပွတ်သပ်ကာ အခန်းထဲမှ ထွက်လာခဲ့ပေသည်။

"သခင်မလေး ဒီနေ့ စောစောနိုးလာပါလား" သူမသခင်မလေး၏ ချစ်စဖွယ်အမူအရာကို မြင်သောအခါ ယွဲ့ရှီက ပြုံးလျက် မေးလိုက်လေ၏။ "သခင်မလေး လက်ဖက်ရည် ဒါမှမဟုတ် မုန့်လေးတွေများ စားချင်သေးလား"

"အစ်မယွဲ့ရှီ... ငါ ဗိုက်မဆာသေးပါဘူး" ထုရှန်းကျင်းစီက ခေါင်းခါယမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုကာ နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။ "ဟင်... အစ်မယွဲ့ရှီ၊ ရှောင်မို ဘယ်သွားလို့လဲ"

"သခင်မလေးကို တင်ပြရရင် ရှောင်မိုက တောင်ထိပ်မှာရှိတဲ့ ဆေးခန်းမကို ဆေးလုံးတွေသွားထုတ်ပါတယ်။ အချိန်အရကြည့်ရင်တော့ သူ မကြာခင် ပြန်ရောက်လာသင့်ပါပြီ" ဟု ယွဲ့ရှီက အမှန်အတိုင်း ပြန်လည်ဖြေကြားလိုက်ပေသည်။

"ဒါဆို ငါ သူ့ကို သွားကြိုလိုက်မယ်။ အပြန်လမ်းမှာ သူနဲ့အတူ ပုရစ်လေး နည်းနည်းလောက် သွားဖမ်းရမယ်" ထုရှန်းကျင်းစီက ခြံဝင်းထဲမှ ပျော်ရွှင်စွာ ပြေးထွက်သွားလေတော့သည်။

သို့သော် ထုရှန်းကျင်းစီ ခြံဝင်းထဲမှ မထွက်နိုင်သေးမီမှာပင် သူမ၏ခြံဝင်းဆီသို့ လျှောက်လာနေသော ကျောင်းတော်အုပ်ချုပ်ရေးမှူးတစ်ဦးကို မြင်တွေ့လိုက်ရလေ၏။

"ဘယ်သူက သခင်မလေးထုရှန်း ဖြစ်ပါသလဲခင်ဗျာ"

ကျောင်းတော်အုပ်ချုပ်ရေးမှူးက ခြံဝင်းအပြင်ဘက်တွင် ရပ်ကာ လက်နှစ်ဖက်ကိုဆုပ်၍ အရိုအသေပေးလိုက်ပေသည်။

"သမီးပါပဲ" ထုရှန်းကျင်းစီက အပြင်သို့ ထွက်လာခဲ့ပြီး သူမရှေ့ရှိလူကို အနည်းငယ် စိုးရိမ်တကြီးဖြင့် ကြည့်လိုက်လေ၏။ "ဦးလေး... ဘာကိစ္စရှိလို့လဲဟင်"

"သခင်မလေးထုရှန်း... သခင်မလေးရဲ့ စာကြည့်ဆောင်အစေခံက ဆေးခန်းမအပြင်ဘက်မှာ အခြားမိစ္ဆာမျိုးနွယ်တွေနဲ့ ရန်ဖြစ်နေပါတယ်။ သခင်မလေး သွားကြည့်တာ ပိုကောင်းလိမ့်မယ်" ဟု ကျောင်းတော်အုပ်ချုပ်ရေးမှူးက ပြောလိုက်ချေပြီ။

"ဟင်" ထုရှန်းကျင်းစီ၏ မျက်လုံးလေးများက တဖျပ်ဖျပ်ခတ်သွားပြီး မယုံကြည်နိုင်ဖြစ်သွားလေ၏။ "ရှောင်မိုက လူတစ်ယောက်နဲ့ ရန်ဖြစ်နေတယ် ဟုတ်လား"

"သမီး... သမီး အခုချက်ချင်း သွားလိုက်မယ်"

အခြေအနေကို သဘောပေါက်သွားပြီးနောက် ထုရှန်းကျင်းစီသည် စကတ်အောက်ရှိ သူမ၏ခြေတံရှည်လေးများကို လှုပ်ရှားကာ တောင်ထိပ်ဆီသို့ အလျင်အမြန် ပြေးသွားလေတော့သည်။

ယင်းကိုမြင်သောအခါ ယွဲ့ရှီသည်လည်း သဘာဝကျကျပင် လျင်မြန်စွာ နောက်မှလိုက်ပါသွားခဲ့ပေသည်။

ယွဲ့ရှီ၏ ပျံသန်းခြင်းပညာရပ်ဖြင့် လမ်းညွှန်ခေါ်ဆောင်မှုအောက်တွင် ထုရှန်းကျင်းစီသည် များမကြာမီမှာပင် ချန်းရွှယ်တောင်ထွတ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလေ၏။

"ရှောင်မို"

ဆေးခန်းမအပြင်ဘက်ရှိ ရှောင်မိုကို မြင်လိုက်ရသောအခါ ထုရှန်းကျင်းစီက သူ့ထံသို့ စိုးရိမ်တကြီးဖြင့် ပြေးသွားလေတော့သည်။

"ရှောင်မို... နင် အဆင်ပြေရဲ့လား"

"နင်က ဘယ်လိုလုပ် လူတွေနဲ့ ရန်ဖြစ်ရတာလဲ"

"နင် ဒဏ်ရာရသွားတာတော့ မဟုတ်ပါဘူးနော်"

ထုရှန်းကျင်းစီက စိုးရိမ်ပူပန်စွာဖြင့် ရှောင်မို၏ ခန္ဓာကိုယ်အနှံ့ကို စမ်းသပ်ကြည့်နေလေ၏။

နောက်ဆုံးတွင် မိန်းကလေးငယ်သည် ရှောင်မို၏လည်ပင်း၌ သွေးများစီးကျနေသော ခြစ်ရာအချို့ကို မြင်တွေ့လိုက်ရလေသည်။ သူ၏လက်တစ်ဖက်ကလည်း အောက်သို့ကျနေပြီး လက်ချောင်းထိပ်များမှ သွေးများက မြေပြင်ပေါ်သို့ အဆက်မပြတ် စီးကျနေချေပြီ။

"သခင်မလေး စိုးရိမ်မနေပါနဲ့။ ကျွန်တော် အဆင်ပြေပါတယ်"

ရှောင်မိုက ပြုံးလျက် ခေါင်းခါပြလိုက်ပြီး ဒဏ်ရာရနေသော သူ၏လက်ကို ကျောဘက်သို့ ဝှက်ထားလိုက်ပေသည်။

"နင်က အဆင်ပြေတယ်လို့ ပြောနေသေးတယ်။ နင့်ဆီကနေ သွေးတွေ ထွက်နေပြီလေ"

ထုရှန်းကျင်းစီ၏ မျက်လုံးများထဲတွင် မျက်ရည်များနှင့် စိုးရိမ်ပူပန်မှုများက ပြည့်နှက်နေလေတော့သည်။

"ကျွန်တော် တကယ် အဆင်ပြေပါတယ်။ ဒါတွေက အပြင်ပန်းဒဏ်ရာလေးတွေပါ။ အဲဒါနဲ့ ယှဉ်လိုက်ရင် သူတို့က အများကြီး ပိုပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရသွားကြတာပါ"

ရှောင်မို၏ အကြည့်က ရှေ့သို့ အချက်ပြလိုက်ပေသည်။

ထုရှန်းကျင်းစီက ရှောင်မို၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်လေ၏။

စောစောက သူမ၏အာရုံအားလုံးက ရှောင်မိုအပေါ်၌သာ ရောက်ရှိနေခဲ့သောကြောင့် မြေပြင်ပေါ်တွင် လဲကျနေသည့် မိစ္ဆာမျိုးနွယ် လေးငါးယောက်ခန့်ကို ယခုမှသာ သူမ သတိပြုမိသွားလေတော့သည်။ သူတို့၏ ပါးစပ်ထောင့်များတွင် သွေးများထွက်နေကာ ညည်းတွားနေကြပြီး ပြင်းထန်သော အတွင်းဒဏ်ရာများ ရရှိထားသည့်ပုံ ပေါ်နေချေပြီ။

ထို့အပြင် ဤလူများက အတော်လေး ရင်းနှီးနေပုံရပြီး စာသင်ဆောင်မှ ချန်ကျွယ်နှင့် လိုဟော်တို့၏ စာကြည့်ဆောင်အစေခံများ ဖြစ်ဟန်တူပေသည်။

"ဘာတွေဖြစ်နေတာလဲ"

ထုရှန်းကျင်းစီ ရောက်ရှိလာချိန်မှာပင် ထိုစာကြည့်ဆောင်အစေခံများ၏ သခင်များမှာလည်း အကြောင်းကြားခြင်းခံရသဖြင့် တောင်ထိပ်သို့ ရောက်ရှိလာကြလေ၏။

ချန်ကျွယ်နှင့် အခြားသူများက မြေပြင်ပေါ်တွင် လဲကျနေသော သူတို့၏အစေခံများကို ကြည့်လိုက်ရာ မနှစ်မြို့မှုကြောင့် သူတို့၏မျက်ခုံးများ တွန့်ချိုးသွားချေပြီ။

မည်သို့ပင်ဆိုစေ ကိုယ်ပိုင်စာကြည့်ဆောင်အစေခံအဖြစ် တာဝန်ထမ်းဆောင်နိုင်သူများဆိုသည်မှာ အရင်းနှီးဆုံးသော လူယုံများပင် ဖြစ်ကြပေသည်။

မိမိ၏လူယုံ ရိုက်နှက်ခံရခြင်းက မိမိကိုယ်တိုင် ပါးရိုက်ခံလိုက်ရသည်နှင့် ဘာမှမကွာခြားလှပေ။

"အို... သခင်လေး၊ ကျွန်တော်တို့အတွက် ရပ်တည်ပေးရပါမယ်နော်"

"သခင်လေး... ဝါး... ဒီလူသားက ကျွန်တော့်ကို တကယ်ကြီး ရိုက်တယ်။ သူက ကျွန်တော့်ကို ရိုက်ရဲတယ်ဗျာ"

"သခင်လေး... ကျွန်တော် အရိုက်ခံရတာက ကိစ္စမရှိပေမဲ့ ဒီရှောင်မိုက ကျွန်တော်တို့ရဲ့ လဲ့ဟောက်ဂိုဏ်းကို ဂရုမစိုက်တာပါ။ ကျွန်တော်မျိုးက တကယ်ကို သည်းမခံနိုင်လို့ပါ"

သူတို့၏သခင်လေးများ ရောက်ရှိလာသည်ကို မြင်သောအခါ ဤစာကြည့်ဆောင်အစေခံများသည် နာကျင်မှုကို အောင့်အည်းသည်းခံကာ တွားသွားထလာကြပြီး သူတို့၏သခင်များထံသို့ အသီးသီး တိုင်တောကြလေတော့သည်။

ချန်ကျွယ်၊ လိုဟော်နှင့် အခြားသူများက သူတို့၏စာကြည့်ဆောင်အစေခံများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထုရှန်းကျင်းစီနှင့် သူမ၏အစေခံတို့ထံသို့ အကြည့်ရွှေ့လိုက်ကြလေ၏။

ချန်ကျွယ်နှင့် အခြားသူများ၏ အနောက်ရှိ အစောင့်အရှောက်အကြီးအကဲများမှာ ပို၍ပင် ဒေါသထွက်နေကြပြီး ထုရှန်းကျင်းစီအား မေးခွန်းထုတ်ရန် ရှေ့သို့ ထွက်လာခဲ့ကြလေတော့သည်။

"သခင်မလေးထုရှန်း... သခင်မလေးရဲ့ စာကြည့်ဆောင်အစေခံက ဒီလိုမွန်မြတ်လှတဲ့ ပညာသင်ကြားရာ မြေမြတ်မဟာမှာ ငါတို့မျိုးနွယ်စုကလူတွေကို တကယ်ကြီး ဒဏ်ရာရအောင်လုပ်တယ်။ ဒါက တကယ်ကို လွန်လွန်းနေပြီ။ မင်း ရှင်းပြချက်တစ်ခု ပေးသင့်တယ် မဟုတ်ဘူးလား"

All Chapters