အခန်း ၅၃၀
Vol. 53 Ch. 530
အခန်း (၅၃၀)
တာအိုအစောင့်အရှောက် အကြီးအကဲ၏ မေးခွန်းထုတ်သံက လူတိုင်း၏နားဆီသို့ ရောက်ရှိလာလေ၏။
ရှောင်မိုက တာအိုအစောင့်အရှောက် အကြီးအကဲကို တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ ထုရှန်းကျင်းစီကို ပြောလိုက်ပေသည်။ "သခင်မလေး... ဒီကိစ္စကို ကျွန်တော် လုပ်ခဲ့တာပါ။ သခင်မလေးနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော့်ဘာသာ ကျွန်တော် ဖြေရှင်းလိုက်ပါ့မယ်"
ထိုသို့ပြောဆိုပြီးနောက် ရှောင်မိုသည် ရှေ့သို့ ခြေတစ်လှမ်း တိုးထွက်ရန် ပြင်လိုက်ချေပြီ။
သို့သော် ထုရှန်းကျင်းစီက သူမ၏လက်နှစ်ဖက်ကို ဆန့်တန်းကာ ရှောင်မို၏ လမ်းကို ပိတ်ရပ်လိုက်လေတော့သည်။
"ရှောင်မို... နင်က ငါ့လူလေ။ နင့်ကိစ္စက ငါ့ကိစ္စပဲဟာကို ဘယ်လိုလုပ် ငါနဲ့ မဆိုင်ဘဲ နေမှာလဲ"
ထုရှန်းကျင်းစီက ဒေါသတကြီးဖြင့် သူမ၏နှုတ်ခမ်းလေးကို ဆူလိုက်ပြီး လှည့်ကာ ကြက်မပေါက်စလေးတစ်ကောင်အလား ရှောင်မိုကို သူမ၏အနောက်တွင် ကာကွယ်ပေးထားလိုက်လေ၏။ ထို့နောက် ထိုတာအိုအစောင့်အရှောက် အကြီးအကဲများကို မခံချင်စိတ်ပြင်းပြစွာဖြင့် ပြောလိုက်ပေသည်။
"ငါ့ရဲ့ရှောင်မိုက အကြောင်းမဲ့သက်သက် ရန်ဖြစ်တတ်တဲ့လူစားမျိုး မဟုတ်ဘူး"
"နင်တို့မိသားစုရဲ့ စာကြည့်ဆောင်အစေခံက တစ်ခုခု လွန်လွန်ကျူးကျူး လုပ်ခဲ့လို့သာ ဖြစ်ရမယ်"
"တကယ်လို့ တစ်ယောက်ယောက်က တောင်းပန်ရမယ်ဆိုရင် အဲဒီလူက နင်တို့ပဲ ဖြစ်ရမယ်"
"ဒါ့အပြင် နင်တို့မိသားစုမှာ စာကြည့်ဆောင်အစေခံ လေးယောက်တောင်ရှိတာကို ငါ့ရဲ့ရှောင်မိုကိုတောင် မနိုင်ကြဘူးလေ။ နင်တို့က စကားပြောရဲသေးတာလား"
"နင်တို့ဘာသာနင်တို့ မရှက်ကြဘူးလား"
"အရှက်မရှိတဲ့လူတွေ"
"ဖလူး..."
နောက်ဆုံးတွင် ထုရှန်းကျင်းစီက မျက်နှာပြောင်တိုက်ပြလိုက်ပြီး သူတို့ကို လျှာထုတ်ပြလိုက်လေတော့သည်။
"..."
ထုရှန်းကျင်းစီ၏ လှောင်ပြောင်မှုကို ခံလိုက်ရသောအခါ တာအိုအစောင့်အရှောက် အကြီးအကဲများ၏ မျက်နှာများမှာ အပြာရောင်၊ ခရမ်းရောင် အသွေးအရောင်စုံ ပြောင်းလဲသွားချေပြီ။
သူတို့က ဒေါသတကြီး ပေါက်ကွဲပစ်ချင်နေကြလေ၏။
သို့သော် မိန်းကလေးငယ်၏ အဆင့်အတန်းကို ခဏတာ ဘေးဖယ်ထားလိုက်လျှင်ပင်...
အသက်တစ်ထောင်ကျော်နေပြီဖြစ်သော လူကြီးများအနေဖြင့် ခြောက်နှစ် ခုနစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပေါ် ဒေါသပေါက်ကွဲရခြင်းက သူတို့အတွက် အလွန်တရာ သိက္ခာကျလွန်းလှပေသည်။
နှစ်ဖက်စလုံး အခြေအနေ တင်းမာနေစဉ်မှာပင် ဟန်ရှန်းကျောင်းတော် စည်းမျဉ်းထိန်းသိမ်းရေးခန်းမမှ အုပ်ချုပ်ရေးမှူးက နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေတော့သည်။
စည်းမျဉ်းထိန်းသိမ်းရေးခန်းမမှ ကျင့်ကြံသူနှင့်အတူ ထုရှန်းကျင်းစီနှင့် အခြားသူများ၏ ဆရာဖြစ်သော အခြေခံစာသင်ဆောင်မှ ဆရာရှန်းလည်း လိုက်ပါလာခဲ့လေ၏။
"အခြေအနေက ဘယ်လိုလဲ"
စည်းမျဉ်းထိန်းသိမ်းရေးခန်းမ အုပ်ချုပ်ရေးမှူး ကျန်းဖုန်းက လူအုပ်ကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ပေသည်။
စာကြည့်ဆောင်အစေခံ ဝမ်ကျုံးက အချက်အလက်များကို လိမ်လည်ပြောဆိုရန် ဦးစွာစကားစဖို့ ကြိုးစားလိုက်ချိန်တွင် ဆရာရှန်းက သူ့ကိုတိတ်ဆိတ်သွားစေရန် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ထုရှန်းကျင်းစီ၏ ဘေးအနောက်ဘက်တွင် ရပ်နေသော လူသားမိန်းကလေးကို ကြည့်လိုက်လေ၏။
"မင်း ပြောစမ်း... တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ"
"ဆ... ဆရာ့ကို တင်ပြရရင်... သမီးရဲ့ မျိုးရိုးနာမည်က လျို ဖြစ်ပြီး နာမည်က ရွှေ ပါ။ သမီးက တောင်ခြေမှာရှိတဲ့ လျိုရွှေကျေးရွာက မိန်းကလေးတစ်ယောက်ပါ။ အရင်က ကျောင်းတော်က အထွေထွေအလုပ်တွေအတွက် အမျိုးသမီးအလုပ်သမားတွေ ခေါ်ယူနေတာနဲ့ သမီးလည်း ဝမ်းရေးအတွက် ကျောင်းတော်ရဲ့ ရွေးချယ်တာကို ခံရဖို့ ကံကောင်းသွားခဲ့ပါတယ်"
လျိုရွှေအမည်ရသော မိန်းကလေးက တုန်ယင်စွာဖြင့် ပြောလိုက်လေတော့သည်။
"ဒီနေ့ သမီးက ဆေးဖော်စပ်တဲ့ခန်းမဆီ လာပြီး ဆေးပင်တွေ လှန်းဖို့ အမိန့်ရခဲ့ပါတယ်။ တောင်ထိပ်ကို ရောက်ရောက်ချင်းပဲ ဒီသခင်လေးတွေနဲ့ ဆုံခဲ့ရတာပါ။ သမီးက သူတို့ကို ကွေ့ပတ်ရှောင်သွားဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့က သမီးကို ဝိုင်းထားပြီး တမင်သက်သက် ဝင်တိုက်ခဲ့ကြပါတယ်။ ပြီးတော့ သမီးက သူတို့ကို ဝင်တိုက်တယ်လို့ စွပ်စွဲပြီး သမီးကို ကျောက်ခဲတွေနဲ့ ပေါက်ကြမလို့ လုပ်နေကြတာပါ"
"ကံကောင်းထောက်မစွာနဲ့ ဒီသခင်လေးက အပြင်ထွက်လာတာနဲ့ အချိန်ကိုက်ဖြစ်သွားလို့ သမီးလည်း ဘေးအန္တရာယ်ကနေ သီသီလေး လွတ်မြောက်သွားခဲ့တာပါ"
စကားပြောနေရင်းဖြင့် လျိုရွှေက ဆရာရှန်း၏ ရှေ့မှောက်တွင် ဒူးထောက်ချလိုက်ကာ မျက်ရည်များကျဆင်းလျက် ဦးညွှတ်လိုက်လေ၏။ "မိစ္ဆာမျိုးနွယ်က သခင်လေးတွေကို ပြစ်မှားစော်ကားဖို့ သမီးမှာ လုံးဝ ရည်ရွယ်ချက် မရှိပါဘူး။ တကယ်လို့ ပြစ်ဒဏ်ပေးဖို့ လိုအပ်လာမယ်ဆိုရင်တောင် ဒါက ဒီသခင်လေးနဲ့ ဘာမှမဆိုင်ပါဘူး။ ဆရာ့အနေနဲ့ သေချာစုံစမ်းစစ်ဆေးပေးဖို့ သမီး တောင်းပန်ပါတယ်"
လျိုရွှေ၏ စကားများကို ကြားသောအခါ ရှန်းရှီးချွန်း၏ မျက်ခုံးများက တွန့်ချိုးသွားချေပြီ။ သူက မိန်းကလေးကို ထူပေးရန် လက်လှမ်းလိုက်ရာ စာအုပ်လှန်လေပြေ တစ်သုတ် တိုက်ခတ်သွားပြီး မိန်းကလေး၏ နဖူးကို အားပြုကာ သူမအား ဖြည်းညင်းစွာ မတ်တတ်ရပ်စေလိုက်ပေသည်။
"ဒီမိန်းကလေး ပြောတာ မှန်သလား... မှားသလား" ရှန်းရှီးချွန်းက မိစ္ဆာမျိုးနွယ် စာကြည့်ဆောင်အစေခံများကို အေးစက်စွာ ကြည့်လိုက်လေ၏။ "မလိမ်နဲ့နော်။ ဒီမှာ တကယ်တမ်း ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ကြည့်ဖို့အတွက် စည်းမျဉ်းထိန်းသိမ်းရေးခန်းမဆီကနေ မှော်ရတနာတစ်ခုကို ငါ တောင်းခံလို့ရတယ်"
ချန်ကျွယ်နှင့် အခြားသူများ၊ ထို့ပြင် မိသားစု အစောင့်အရှောက်များအားလုံးက သူတို့ထံသို့ လှမ်းကြည့်လိုက်ကြလေတော့သည်။
"သခင်လေး... ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ ဆရာ... ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့က တစ်ခဏတာ ရူးသွပ်မှု ဖုံးလွှမ်းသွားလို့ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်လေး... ဆရာ"
ဤစာကြည့်ဆောင်အစေခံများသည် ရှောင်မိုထက် နှစ်နှစ်ခန့်သာ ကြီးသူများဖြစ်ကြရာ ဤမျှကြီးမားသော ဖိအားကို မည်သို့လျှင် ခံနိုင်ရည်ရှိကြပါမည်နည်း။ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခုခံမှုများက ချက်ချင်းပင် ပြိုလဲသွားခဲ့ပြီး ခွင့်လွှတ်ပေးရန် တောင်းပန်ဖို့အတွက် မြေပြင်ပေါ်၌ အလျင်စလို ဒူးထောက်ချလိုက်ကြလေတော့သည်။
ဆရာရှန်းက ကောင်းကင်မိစ္ဆာနိုင်ငံတော်၊ လဲ့ဟောက်ဂိုဏ်းနှင့် အခြားအင်အားစုများမှ အစောင့်အရှောက်များကို ကြည့်ကာ ပြောလိုက်လေ၏။ "တာအိုရောင်းရင်းတို့လည်း ငါတို့ဟန်ရှန်းကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို သိထားပြီးသားပါ။ ခင်ဗျားတို့ရဲ့ တပည့်တွေက စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြပြီ။ ဘာဆက်လုပ်ရမယ်ဆိုတာကို ခင်ဗျားတို့အားလုံး သိကြလိမ့်မယ်လို့ ငါ ယူဆပါတယ်"
"ကျွန်တော်တို့ သဘာဝကျကျပဲ နားလည်ပါတယ်" အစောင့်အရှောက်အချို့က ဦးညွှတ်လိုက်ပေသည်။ "ဒီကိစ္စမျိုး နောက်တစ်ကြိမ် သေချာပေါက် ထပ်ဖြစ်လာမှာ မဟုတ်ပါဘူး"
"ကောင်းပြီ... ဒီကိစ္စ အဆုံးသတ်သွားပြီ" စည်းမျဉ်းထိန်းသိမ်းရေးခန်းမ အုပ်ချုပ်ရေးမှူး ကျန်းဖုန်းက သူ၏ဝတ်ရုံလက်စကို ခါယမ်းလိုက်လေ၏။ "ဒီမိန်းကလေးအတွက် လျော်ကြေးနဲ့ပတ်သက်လို့ စည်းကမ်းအတိုင်း လုပ်ဆောင်ကြပါ။ အားလုံးပဲ... လူစုခွဲကြတော့"
စည်းမျဉ်းထိန်းသိမ်းရေးခန်းမက ပြဿနာကို ဖြေရှင်းပေးလိုက်ပြီဖြစ်ရာ ရှောင်မိုနှင့် အခြားသူများလည်း ဘာမျှထပ်မပြောနိုင်တော့ချေ။ အနည်းဆုံးတော့ ဒါက လက်ခံနိုင်လောက်စရာ ကောင်းမွန်သော ရလဒ်တစ်ခုပင် ဖြစ်လေတော့သည်။
"ကျေးဇူးတင်ပါတယ် ဆရာကျန်း။ စည်းမျဉ်းထိန်းသိမ်းရေးခန်းမက အစ်ကိုကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါဆို ရှောင်မိုနဲ့ ကျွန်မ သွားလိုက်ပါဦးမယ်"
အရာအားလုံး အဆင်ပြေသွားပြီဖြစ်ကြောင်း သေချာသွားပြီးနောက် ထုရှန်းကျင်းစီက သေသေချာချာ ဦးညွှတ်အရိုအသေပေးလိုက်ပြီး ရှောင်မိုကို ဆေးကုသရန်အတွက် ခြံဝင်းဆီသို့ အလျင်အမြန် ဆွဲခေါ်သွားလေတော့သည်။
ချန်ကျွယ်နှင့် အခြားသူများမှာလည်း ဆက်နေရန် မျက်နှာမရှိတော့သဖြင့် သူတို့၏ အစောင့်အရှောက်များနှင့်အတူ ချက်ချင်း ထွက်ခွာသွားကြချေပြီ။
လျိုရွှေအတွက်မူ အန္တရာယ်မှ သီသီလေးလွတ်မြောက်သွားပြီးနောက် ဆေးပင်များလှန်းရန် ဆေးဖော်စပ်သည့်ခန်းမဆီသို့ ဆက်လက်သွားရောက်ရလေ၏။
များမကြာမီ တောင်ထိပ်ပေါ်တွင် ရှန်းရှီးချွန်းနှင့် အုပ်ချုပ်ရေးမှူး ကျန်းဖုန်းတို့သာ ကျန်ရစ်တော့ပေသည်။
"စောစောက အဲဒါကို မင်း မြင်လိုက်လား"
အုပ်ချုပ်ရေးမှူး ကျန်းဖုန်းက သူ၏မိတ်ဆွေဘေးသို့ လျှောက်သွားလိုက်လေ၏။
သူတို့နှစ်ဦးစလုံး၏ အကြည့်များက ရှောင်မိုနှင့် ထုရှန်းကျင်းစီတို့ ထွက်ခွာသွားရာ အရပ်ဆီသို့သာ စူးစိုက်ထားကြချေပြီ။
"ငါ မြင်လိုက်ပါတယ်" ရှန်းရှီးချွန်းက ခေါင်းညိတ်လိုက်ပေသည်။ "ဒီလောက်ငယ်ရွယ်တဲ့ အသက်အရွယ်လေးနဲ့ သူက ချီသန့်စင်ခြင်း ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့အပြင် ပြိုင်ဘက်လေးယောက်ကို တစ်ယောက်တည်း လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်ခဲ့တယ်။ သူက တကယ်ကို အထင်ကြီးစရာကောင်းတာပဲ"
"အရေးအကြီးဆုံးအချက်က သူကျင့်ကြံနေတဲ့ တာအိုကျင့်စဉ်ပဲ" အုပ်ချုပ်ရေးမှူး ကျန်းဖုန်းက ခေါင်းခါယမ်းလိုက်လေ၏။ "ထုရှန်းအိမ်တော်က လူသားအထီးလေးတစ်ယောက်ကို ဆန်ဝါမဟာအိပ်မက် ကျင့်စဉ် ပေးလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး။ ဒါက ဘာကိုဆိုလိုတာလဲဆိုတာကို မင်း သိလား"
"အဲဒါက ထုရှန်းအိမ်တော်ရဲ့ ကိစ္စလေ။ ငါတို့ သိနေရင်တောင် ဘာဖြစ်လဲ။ ငါတို့နဲ့ ဘာဆိုင်လို့လဲ"
ရှန်းရှီးချွန်းက သူ၏မိတ်ဆွေကို တစ်ချက်ကြည့်ကာ ပြုံးလိုက်လေတော့သည်။
"ဒါ့အပြင် လူသားနှင့်မိစ္ဆာ စစ်ပွဲနှစ်ကြိမ်စလုံးမှာ မိစ္ဆာကမ္ဘာက အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတယ်။ လူသားမျိုးနွယ်ကို အထင်သေးရအောင် ငါတို့မှာ ဘာမျက်နှာရှိလို့လဲ"
ရှန်းရှီးချွန်းက သူ၏ဝတ်ရုံလက်စကို ခါယမ်းလိုက်ပြီး လက်နောက်ပစ်ကာ ရှေ့သို့ လျှောက်လှမ်းသွားလေ၏။ တစ်စုံတစ်ယောက် ကြားသွားမည်ကို မကြောက်ရွံ့သည့်အလား သူ၏အသံက တောင်တန်းများကြားတွင် ပဲ့တင်ထပ်သွားချေပြီ။
"မိစ္ဆာကမ္ဘာမှာ ဩဇာအာဏာ ကြီးမားမှုကို အားကိုးပြီး မိစ္ဆာမျိုးနွယ်တွေက အာဏာရှင်တွေလို ပြုမူနေထိုင်ဖို့ အသားကျနေခဲ့ကြတာပဲ ရှိတာပါ"
ချန်ကျွယ် နေထိုင်ရာ ခြံဝင်းအတွင်း၌။
စာကြည့်ဆောင်အစေခံမှာ မြေပြင်ပေါ်တွင် တုန်ယင်စွာ ဒူးထောက်နေပြီး ခေါင်းပင်မမော့ရဲချေ။
ချန်ကျွယ်သည်လည်း စာကြည့်ဆောင်အစေခံ၏ ဘေးတွင်ရပ်ကာ ခါးကိုနက်ရှိုင်းစွာ ကိုင်းညွှတ်ထားပြီး သူ၏ခန္ဓာကိုယ်မှာ အချိန်အတော်ကြာသည်အထိ မတ်မလာခဲ့ပေ။
ထိုစာကြည့်ဆောင်အစေခံ၏ ရှေ့တွင် ထိုင်နေသူမှာ ကောင်းကင်မိစ္ဆာနိုင်ငံတော်၏ အရှင်သခင်ဖြစ်သော ဧကရာဇ်ချန်ပင်းပင် ဖြစ်လေတော့သည်။
"ငါ လာတဲ့အချိန်က တကယ်ကို မကောင်းခဲ့ဘူးပဲ။ ငါက ကျွယ်အာ့ဆီ လာလည်ရင်း သူရဲ့ပညာသင်ကြားမှုကို စစ်ဆေးဖို့ ဟန်ရှန်းကျောင်းတော်ကို အခုလေးတင် ရောက်တာ။ ဒါပေမဲ့ ကျောင်းတော်ရဲ့ စည်းမျဉ်းထိန်းသိမ်းရေးခန်းမက အကြီးအကဲတွေ ငါ့ကို လာတိုင်တောတာကိုပဲ ကြားလိုက်ရတယ်"
ချန်ပင်းက လက်ဖက်ရည်တစ်ငုံသောက်ကာ ခွက်ကိုချလိုက်ပြီး စာကြည့်ဆောင်အစေခံ ဝမ်ကျုံးကို အေးစက်စွာ ကြည့်လိုက်လေ၏။
"ပြောစမ်း... မင်းက ဘာဖြစ်လို့ ထုရှန်းမိန်းကလေးရဲ့ စာကြည့်ဆောင်အစေခံကို သွားပြီး ပြဿနာရှာရတာလဲ"
ချန်ပင်းက စာကြည့်ဆောင်အစေခံကို မေးခွန်းထုတ်နေခြင်းဖြစ်သော်ငြားလည်း ချန်ကျွယ်မှာမူ စိုးရိမ်တကြီးဖြင့် လက်သီးများကို တင်းကျပ်စွာဆုပ်ထားမိပြီး သူ၏နဖူးထက်တွင် ချွေးအေးများ ပျံကျလာချေပြီ။
"အ... အရှင်မင်းမြတ်ကို တင်ပြရရင် ဒါတွေအားလုံးက ကျွန်တော်မျိုးရဲ့ အမှားတွေပါ။ ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မိတာ ကျွန်တော်မျိုးရဲ့ အမှားတွေပါပဲ။ အရှင်မင်းမြတ်အနေနဲ့ ခွင့်လွှတ်ပေးသနားဖို့ တောင်းပန်ပါတယ်"
ဝမ်ကျုံးက အဆက်မပြတ် ဦးခိုက်နေလေတော့သည်။ သူ၏နဖူးမှ သွေးများထွက်လာကာ မျက်နှာနှစ်ဖက်စလုံးသို့ စီးကျလာလေ၏။
"မင်း မပြောဘူးလား"
ချန်ပင်းက ဝမ်ကျုံးကို တစ်ချက်ကြည့်လိုက်ပေသည်။
မသေမျိုးအဆင့်၏ သိမ်မွေ့သော ဖိအားအငွေ့အသက်တစ်ခုက သူ၏အပေါ်သို့ ဖိကျလာရာ တောင်ကြီးတစ်လုံးထက်မက လေးလံလှချေပြီ။
ဝမ်ကျုံး၏ ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ချေ။ ကြမ်းပြင်တွင် အက်ကွဲကြောင်းများပင် ထွက်ပေါ်လာလေတော့သည်။
"အရှင်မင်းမြတ်... ချမ်းသာပေးပါ။ ချမ်းသာပေးပါ..."
ဝမ်ကျုံးက အကြိမ်ကြိမ်အခါခါ အသနားခံနေလေ၏။
ချန်ပင်းက ကုလားထိုင်ပေါ်မှ မတ်တတ်ရပ်လိုက်ပြီး ဝမ်ကျုံးကို အေးစက်စွာ ကြည့်လိုက်ပေသည်။
"ငါက မကြာသေးခင်ကမှ မင်းအဖေကို မျက်နှာသာပေးထားတာဆိုတော့ မင်းကို သတ်မှာမဟုတ်ဘူးလို့ မထင်နဲ့နော်"
"ငါ မင်းကို နောက်တစ်ကြိမ် ထပ်မေးမယ်။ ထုရှန်းကျင်းစီရဲ့ စာကြည့်ဆောင်အစေခံကို မင်း ဘာလို့ ပစ်မှတ်ထားခဲ့တာလဲ"