တစ်ယောက်နဲ့တစ်ယောက် မေ့ပစ်တာ ပိုမကောင်းဘူးလား…။
Vol. 90 Ch. 1228
ဤတိုတောင်းသောနှစ်ရက်အတွင်း ဝမ်လင်း၏ စစ်စိတ်ဝိညာဉ်လက်ဝါးချက်ကြောင့် ပျက်စီးခဲ့သော မြို့အစိတ်အပိုင်းကို ရတနာကျောက်စိမ်းကလန်သည် ခပ်မြန်မြန် ပြန်တည်ဆောက်ပြီးခဲ့သည်။
နှစ်ရက်တာအတွင်း စိတ်ဝိညာဉ်ကျောက်တုံးများစွာ အသုံးပြုကာ ကျင့်ကြံသူများစွာသည် မြို့ကို ပြုပြင်တည်ဆောက်မှု လုပ်ခဲ့ကြသည်။ မြို့သည် လေလံပွဲမတိုင်ခင် အကောင်းတိုင်း ပြန်ဖြစ်လာခဲ့သည်။
ဖန်းလိုင်ကုန်းမြေရှိ လေလံပွဲမှာ အလွန် အရေးကြီး၏။ လေလံတင်သည့် အမျိုးအမည်များမှာ တန်ဖိုး ရှိလှသည်။ မွန်းစတားအိုကြီးများ ဖန်းလိုင်ဂြိုဟ်ပေါ်သို့ လာခဲ့ခြင်းက ဤလေလံပွဲကြောင့်သာ ဖြစ်သည်။
ထိုလေလံပွဲသည် ဖန်းလိုင်ကုန်းမြေ ပင်မမြို့၏ ဗဟိုချက် ကွင်းပြင်တွင် တည်ရှိပေမည်။ ထိုနေရာသို့ လူတိုင်း မဝင်ရောက်နိုင်ဘဲ ဖိတ်ကြားထားသူများသာ ဝင်ခွင့်ရှိ၏။
ထို ပေတစ်သိန်းကွင်းပြင် ဧရိယာပတ်လည်တွင် ရတနာကျောက်စိမ်းကလန်မှ ကျင့်ကြံသူများသည် အပြင်လူများ ဝင်ရောက်ခြင်းကို တားဆီးထားကြသည်။
လေလံပွဲ စတင်ခါနီးချိန်တွင် ကလန်အမျိုးမျိုး၏ မွန်းစတားအိုများ ရောက်လာကာ သူတို့၏ ဖိတ်ကြားခံကျောက်စိမ်းပြားများဖြင့် ဝင်လာကြသည်။ ဝမ်လင်းလည်း ထိုလေလံပွဲကို နည်းနည်းတော့ စိတ်ဝင်စားမိပေသည်။ သူက မြို့လယ်သို့ တည်တည်ငြိမ်ငြိမ် ပျံသန်းလာသည်။
လမ်းတစ်လျှောက်တွင် သူ့အားတွေ့မြင်သည့် ကျင့်ကြံသူအားလုံးက လက်သီးနှစ်ဖက်ဆုပ်ကာ လေးစားမှု ပြကြ၏။ သည်နှစ်ရက်အတွင်း လူတိုင်းနီးပါးသည် ဝမ်လင်း၏ပုံပန်းသွင်ပြင်ကို မှတ်မိနေခဲ့ပြီ ဖြစ်၏။ မည်သူကမျှ သူ့ကို ရန်မစဝံ့ကြတော့ပေ။
ဝမ်လင်း ပင်မမြို့သို့ ရောက်လာဖို့ အချိန် သိပ်မကြာလိုက်ပါ။ ရတနာကျောက်စိမ်းကလန်၏ ကျင့်ကြံသူများသည် ဖိတ်ကြားမှုကျောက်စိမ်း မပါသည့် လူတိုင်းကို တားဆီးကြပေလိမ့်မည်။ သို့ရာတွင် ဝမ်လင်းကို တွေ့ရသည့်နောက် သူတို့စိတ်မှာ တုန်လှုပ်၍ လမ်းဖယ်ပေးကြသည်။ သူတို့သည် ဝမ်လင်းထံ ဖိတ်ကြားမှုကျောက်စိမ်းပြား ရှိလား၊မရှိလားကိုပါ စစ်ဆေးကြည့်ဝံခြင်း မရှိပေ။
ဤလေလံကွင်းပြင်တွင် ကျင့်ကြံသူတစ်ရာနီးပါး ရှိနေ၏။ အများစုမှာ နိဗ္ဗာနကြိုမြင်ခြင်း သို့မဟုတ် နိဗ္ဗာနသန့်စင်ခြင်းအဆင့်တွင် ရှိကြသည်။ ဤနေရာတွင် နိဗ္ဗာနဖြိုခွဲခြင်းမွန်းစတားအိုများတော့ သိပ်များများ ရှိမနေပေ။
ဝမ်လင်း ရောက်ရှိလာမှုက ထိုကျင့်ကြံသူအားလုံး၏ အာရုံကို စွဲဆောင်သွား၏။ သူတို့အားလုံးက ဝမ်လင်းကို လက်သီးဆုပ်၍ နှုတ်ဆက်ကာ အချို့ဆို သူ့အား စကားပင် လာပြောကြသည်။ ဝမ်လင်း သူတို့နှင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရင်း လူအုပ်ထဲသို့ လှမ်းကြည့်သည်။ သူက အကွာအဝေးတစ်ခုရှိ လီချန်မေကို မြင်သည်။
လီချန်မေကလည်း ဝမ်လင်း၏အကြည့်ကို သတိပြုမိ၏။သူမက ရယ်မောလိုက်သည်။ သူမ၏မျက်လုံးတို့က ကြယ်များအလား တောက်ပနေ၏။
ဝမ်လင်း လေလံကွင်းပြင်သို့ ဝင်ရောက်လာပြီး ခဏအကြာတွင် အနီရောင်ဝတ်စုံနှင့်အကြီးအကဲတစ်ယောက်သည် သက်လတ်ပိုင်းလူတစ်ယောက် နှင့်အတူ ဝင်လာ၏။ ဝမ်လင်းကို တွေ့ရပြီးနောက် သူက အားပါးတရ ရယ်မောကာ ဆိုသည်။ “ရောင်းရင်းကျင့်ကြံသူလုက ငါ့ရဲ့ လေလံပွဲကို လာတဲ့အတွက် ရတနာကျောက်စိမ်းကလန်အတွက် ဂုဏ်ယူစရာပါပဲ…”
ဝမ်လင်းက ထိုအနီရောင်ဝတ်စုံဖြင့် အကြီးအကဲကို သိ၏။ သူသည် လွန်ခဲ့သောနှစ်ရက်က ရတနာကျောက်စိမ်းကလန်ကို ကိုယ်စားပြု၍ လာခဲ့သော သူများထဲမှ တစ်ယောက်ပင်။
“အကြီးအကဲချောင်ကို…” ဝမ်လင်းက ပြုံး၍ နှုတ်ဆက်သည်။
ထိုအနီရောင်ဝတ်စုံဖြင့်အဘိုးအိုသည် ဝမ်လင်းကို ယဉ်ယဉ်ကျေးကျေးပြုမူ၏။ သူသည် သူ့ရှေ့ရှိ လူငယ်ကို အထင်မသေးဝံ့ပေ။ သူ ဝူချင်း မည်သို့မည်ပုံ သေဆုံးခဲ့ရသည်ကို တွေးမိချိန်တိုင်း တုန်လှုပ်မိရသည်။
အရင်က ရတနာကျောက်စိမ်းကလန်၏ ကိုယ်စား သူ ဝမ်လင်းထံ လာလည်ခဲ့ချိန်ကလည်း ထိုသူမှာ သာမန်မဟုတ်တာကို ရှင်းရှင်းလင်းလင်း သတိပြုမိခဲ့သည်။ ထိုလူ၏ တည်ငြိမ်မှု၊ပြောပုံဆိုပုံနှင့် မျက်လုံးတို့ကို ကြည့်မိချိန်တိုင်း သူ့အတွက် တုန်လှုပ်ဖို့ရာ လုံလောက်သည်။
ထိုအကြောင်းကိုလည်း သူက ကလန်ခေါင်းဆောင်အား တင်ပြခဲ့ပြီးပင်။ အချိန်အတန်ကြာ စဉ်းစားပြီးနောက် ကလန်ခေါင်းဆောင်က အမိန့်တစ်ခု ပေးခဲ့၏။ ရတနာကျောက်စိမ်းကလန်၏ မည်သည့်တပည့်ကမျှ ဖန်းလိုင်ကုန်းမြေပေါ်ရှိ ဤလူ့ကို မစော်ကားရန် ဖြစ်သည်။
“သူဟာ နတ်ဘုရားကလန်ရဲ့ အစိတ်အပိုင်းတစ်ခုခု ဖြစ်တာ၊မဖြစ်တာဟာ ရတနာကျောက်စိမ်းကလန်နဲ့ ဘာမှ မပတ်သတ်ဘူး။သူ ဝူချင်းကို လွယ်လွယ် သတ်နိုင်စွမ်းရှိတာနဲ့တင် လေးစားသမှု ပေးရဖို့ လုံလောက်နေပြီ…”
ထိုအဘိုးအိုက ဝမ်လင်းနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် သူက ကောင်းကင်ထက်သို့ မော့ကြည့်သည်။ သူက ဝမ်လင်းကို ပြုံးပြရင်း ပြောသည်။ “ရောင်းရင်းကျင့်ကြံသူလု…လေလံပွဲ စတော့မှာ။ သင် လေလံပွဲမှာ တစ်ခုခု လိုချင်တာ ရှိရင် သင် လက်သွက်မှ ဖြစ်မယ်…”
ဝမ်လင်းက အနည်းငယ် စဉ်းစား၏။ သူက လေလံပွဲတွင် တတ်နိုင်သမျှ မူလသလင်းကျောက်များ ရဖို့ရာအတွက် အချို့အရာများကို လှဲလှယ်ချင်မိသည်။ ခဏအကြာတွင် ဝမ်လင်းက ပြုံးလာသည်။ “ဒီလိုလား။ ငါ့မှာလည်း လေလံတင်ချင်တဲ့ ရတနာနှစ်ခု ရှိတယ်…”
“အို…၊ ရောင်းရင်းကျင့်ကြံသူလု လေလံတင်ချင်တဲ့ ရတနာတွေဆိုတော့ သာမန်တော့ ဟုတ်မယ် မထင်ဘူး…”
အဘိုးအိုသည် စိတ်ဝင်စားဟန် ပြသည်။
ဝမ်လင်းက စကားဖြင့် မဆို၊ သူ့လက်ကို ပင့်မြှောက်ကာ ဆန့်ထုတ်၏။ သိုလှောင်နေရာလွတ်ပေါ်လာကာ အနက်ရောင်အလင်း ခြုံလွှမ်းသည့် အရာဝတ္ထုနှစ်ခုသည် ထိုအဘိုးအိုထံ ပျံသန်းထွက်လာသည်။
အဘိုးအို၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ဝမ်လင်းကို ကြည့်သည်။ သူက ရတနာများပေါ်ရှိ ချိပ်ပိတ်မှုများကို မြင်၏။ ထို့ကြောင့် သူက ၎င်းတို့ကို သူ့နတ်ဘုရားအာရုံဖြင့် မစစ်ဆေးတော့ပေ။ သူက ၎င်းရတနာများကိုသာ သိမ်းဆည်း၏။
ဝမ်လင်းက ထိုအနီရောင်ဝတ်စုံဖြင့်အဘိုးအိုက အပြုံးမမည်သောအပြုံးဖြင့် ကြည့်၍ လက်နှစ်ဖက်ဆုပ်၏။
အဘိုးအိုက ချောင်းဟန့်ကာ ပြောလိုက်သည်။ “အရင်ဆုံး ဒီအဘိုးအိုက ဒီပစ္စည်းနှစ်ခုကို လေလံပွဲအတွက် တာဝန်ရှိတဲ့အကြီးအကဲရှိ ပို့လိုက်မယ်။ ရောင်းရင်းကျင့်ကြံသူလု စိတ်ချချသာနေပေတော့…”
ထိုသို့ ပြောပြီးနောက် သူက လက်နှစ်ဖက်ဆုပ် နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။
“ဒီအဘိုးအိုက စိတ်ဝင်စားဖို့ကောင်းတဲ့သူ တစ်ယောက်ပဲ…” ဝမ်လင်း၏အကြည့်က ယင်းအဘိုးအိုနောက်ကျောသို့ ကျရောက်၏။
အနီရောင်ဝတ်စုံဖြင့်အဘိုးအို ထွက်သွားသည့်နောက် အခြားကျင့်ကြံသူများလည်း ဝမ်လင်းထံ စကားပြောရန် ရောက်လာကြသည်။ ထိုသူများထဲ၌ အရှင်ဟွေစုန်၏ သီးသန့်လေလံပွဲငယ်မှ အဖြူရောင်ဝတ်စုံဖြင့် ပညာတတ်အမျိုးသား၊လှပသောအမျိုးသမီးတို့လည်း ပါသည်။
ဝမ်လင်းနှင့် သူတို့နှစ်ယောက်မှာ ခုမှ မြင်ဖူးကြသည် မဟုတ်ပေ။ သူတို့ စကားစမြည် ပြောနေရင်း ကွင်းပြင်က တုန်ခါကာ လူတိုင်း ငြိမ်သက်သွား၏။ မြေပြင်ထုက ပို၍ အပြင်းအထန် တုန်ခါရင်း ကွင်းပြင်ပတ်လည်တွင် အက်ကြောင်းများ ပေါ်လာသည်။ လေထဲသို့ ကြီးမားလှသည့် ကျောက်ပြားကြီး (၁၆)ခု မြောက်တက်လာ၏။
ထိုကျောက်ပြား(၁၆)ခုသည် မြေကြီးထုထဲကနေ ထွင်းဖောက်လာကာ လေထဲထိ ပေတစ်ထောင်ခန့် မြှောက်ကြွလာပြီးမှ ရပ်တန့်သွားသည်။ အလင်းတစ်ခုသည် ၎င်းကျောက်ပြားများ ပတ်လည်တွင် စတင် ခြုံလွှမ်းလာ၏။
တစ်ချိန်တည်းမှာပင် ကျောက်ပြား(၁၆)ခုပတ်လည်ရှိ မြေပြင်မှာ ဆက်လက် တုန်ခါနေလျက် နောက်ထပ် ကျောက်ပြားငယ်(၄၀)ပါ ထွက်ပေါ်လာ၏။ ၎င်းတို့က ပေရှစ်ရာလောက်ထိ မြင့်တက်ပြီးခါမှ ရပ်တန့်သွားသည်။
ထိုမျှဖြင့် အဆုံးမသပ်သေးပါ။ ကျောက်ပြား(၄၀) ပျံသန်းထွက်လာပြီးနောက် နောက်ထပ် ကျောက်ပြားတစ်ရာကျော်ပါ ၎င်းတို့အပြင်ကနေ ပျံသန်းထွက်ပြီး လေထဲ ပေငါးရာတွင် ရပ်တန့်သည်။ ထိုကျောက်ပြားများက ဧရာမအစီအရင်တစ်ခုအသွင် ဖြစ်ပေါ်၏။
ဤနေရာရှိ ကျင့်ကြံသူအများစုအဖို့ သည်လေလံပွဲဟာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ထို့ကြောင့် သူတို့က အံ့အားသင့်မသွားပေ။ သူတို့အားလုံး ပြန့်ကြဲ၍ ကျင့်ကြံမှုအဆင့်နှင့်အဆင့်အတန်းကို အခြေခံကာ ဆိုင်ရာ ကျောက်ပြားအမျိုးမျိုးပေါ်တွင် ထိုင်လိုက်ကြ၏။
ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းတိုး၏။သူ့အသွင်မှာ တည်ငြိမ်သည်။ သူသည် အရှေ့ဆုံးရှိ ကျောက်ပြားဆယ့်ခြောက်ခုထဲမှ တစ်ခု၏ အထက်သို့ ရောက်သွားကာ ထိုင်ချသည်။ မည်သူကမျှ သူ ဤနေရာတွင် ထိုင်နိုင်စွမ်း ရှိသည်ကို အံ့အားမသင့်ကြချေ။
ထိုကျောက်ပြားဆယ့်ခြောက်ခုပေါ်တွင် ထိုင်နေသော ကျင့်ကြံသူအားလုံးမှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် မွန်းစတားအိုကြီးများ ဖြစ်သည်။ ဝမ်လင်းက သူတို့အများစုကို သိ၏။ လူတိုင်းနီးပါး နေရာယူကြပြီးနောက် စွဲမက်ဖွယ်အရိပ်တစ်ခုသည် ဝမ်လင်း၏ ကျောက်ပြားပေါ်သို့ ရောက်ရှိလာသည်။လီချန်မေက ဝမ်လင်းကို ပြုံးတုံ့တုံ့ကြည့်ကာ ငြိမ်သက်စွာ ထိုင်ချသည်။
ထိုသို့ ထိုင်ချပြီးနောက် လီချန်မေက သူမကိုယ်သူမ ပြောသကဲ့သို့ ခပ်တိုးတိုး ဆိုသည်။ “ငါ ထွက်သွားရတော့မယ်…”
သူမ ဝမ်လင်း၏ဘေးတွင် ထိုင်ချလိုက်ရင်း လေပြေတစ်ချက် တိုက်ခတ်သွားရာ ဝမ်လင်းရှေ့၌ သူမ၏ဆံပင်အချို့ဟာ တဖြတ်ဖြတ် ဖြစ်သွားသည်။ သူမ၏ခန္ဓာကိုယ်ကနေ နူးညံ့သောရနံ့တစ်ခုက ဝမ်လင်း၏နှာခေါင်းထဲ သိသာစွာ တိုးဝင်လာ၏။
ထိုရနံ့မှာ လူတစ်ယောက်၏ နှလုံးကိုပါ တည်ငြိမ်စေနိုင်လောက်သည်။
ဤအခိုက်မှာပင် လေလံပွဲ စ၏။ လေလံပွဲအတွက် တာဝန်ယူထားသူက လေးထောင့်စပ်စပ်မျက်နှာနှင့် ရတနာကျောက်စိမ်းကလန်မှ အကြီးအကဲ ဖြစ်သည်။သူက ပထမဆုံးပစ္စည်းတစ်ခုနှင့်အတူ ကွင်းပြင်အထက်တွင် ရှိနေ၏။ ၎င်းပစ္စည်းမှာ ခေါင်းလောင်းနှင့်တူသည့်ရတနာတစ်ခု ဖြစ်၍ ယင်းပေါ်တွင် သားရဲအမှတ်အသားများကို ရှိသည်။
သူမ၏ဆံနွယ်အချို့က ဝမ်လင်းနား ရောက်သွားသည်ကို သတိပြုမိသည့်နောက် လီချန်မေ၏မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည်။သူမက ဆံပင်စကို နောက်ပြန်သပ်ကာ ထုံးလိုက်၏။
“ဘယ်အချိန်လဲ…” ဝမ်လင်းက လီချန်မေကို မကြည့်ပေ။ သူက ရတနာ၏ သက်ရောက်မှုကို ရှင်းပြနေသော ရတနာကျောက်စိမ်းကလန်၏ အကြီးအကဲကိုသာ ကြည့်နေ၏။
“လေလံပွဲပြီးရင် ငါ ထွက်သွားတော့မယ်…” လီချန်မေက အကွာအဝေးတစ်ခုရှိ ကောင်းကင်ကို ကြည့်လျက် နူးညံ့စွာ ပြောသည်။မည်သူကမျှ သူမ ဘာတွေးနေလဲ သိနိုင်မည် မဟုတ်ပါ။
ဝမ်လင်းက အေးအေးဆေးဆေး ပြော၏။ “ငါ နင့်ကို လိုက်ပို့ပေးမယ်…”
ထိုအခိုက်တွင် ခေါင်းလောင်းရတနာမှာ ရောင်းပြီးသွား၏။ ရတနာကျောက်စိမ်းကလန်၏အကြီးအကဲက ဒုတိယမြောက်ပစ္စည်းတစ်ခုကို ထုတ်ယူသည်။၎င်းမှာ ဆေးလုံးတစ်လုံး ဖြစ်၏။
လီချန်မေက နူးညံ့ဟန် ပြုံးသည်။သူမက လှည့်၍ ဝမ်လင်းကို တောက်ပသောမျက်လုံးဖြင့် ကြည့်ရင်း ခပ်တိုးတိုး ပြော၏။ “သင် ဘယ်လိုမျိုး ငါ့ကို လိုက်ပို့မှာလဲ။ ဖန်းလိုင်ကုန်းမြေကနေ အထွက်တင်ပဲလား…”
“အင်း” ဝမ်လင်းက ခေါင်းညိတ်၏။သူက အခုထိ လီချန်မေကို မကြည့်သေးချေ။
လီချန်မေက ဝမ်လင်း၏ ဘေးတစ်စောင်းမျက်နှာကို ကြည့်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူမက ဆက်၍ ပြောလာသည်။ “ဒါမှမဟုတ် သင် ငါ့ကို အဆင့်ကိုးဒေသထိ လိုက်ပို့မှာလား…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားလေ၏။
“ဒါမှမဟုတ်…သင် ငါ့ကို နတ်ဆိုးကလန်ထိ လိုက်ပို့ပြီး မိစ္ဆာသားရဲတွေ ကျူးကျော်လာတာကို ငါနဲ့အတူ ခုခံမှာလား…”
လီချန်မေ၏အသံမှာ သာယာလှ၏။ ဝမ်လင်း၏ နားစည်ထဲ ဂီတသံတစ်ခု ရိုက်ခတ်သွားသည့်အလား။
ဝမ်လင်းက တိတ်ဆိတ်နေဆဲပင်။
လီချန်မေသည် ဘေးတစ်ဖက်သို့ ပြန်လှည့်၏။သူမက အကွာအဝေးတစ်ခုထံ ကြည့်ကာ သက်ပြင်းချသည်။
ထိုအချိန်မှာပင် ဒုတိယမြောက် ဆေးလုံးလည်း ရောင်းထွက်သွားခဲ့ပေပြီ။ ရတနာကျောက်စိမ်းကလန်၏အကြီးအကဲက တတိယမြောက်ပစ္စည်းကို ထုတ်၏။ ၎င်းမှာ ပန်းချီကားတစ်ချပ် ဖြစ်သည်။ ၎င်းပန်းချီကားပေါ်တွင် စီးဆင်းနေသော မြစ်နှင့်ရေကန်ရှိကာ အလွန်အသက်ဝင်ပြး အစစ်အမှန်နှင့် တူသည်။
လီချန်မေက အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် တိုးညင်းစွာ ပြောလာ၏။ “အစတုန်းကတော့ ငါ ဒီလောက် မြန်မြန် ထွက်သွားဖို့ မရှိဘူး။ ငါ ရှာမတွေ့သေးတဲ့ တစ်ချို့အရာလေးတွေ ရှိသေးတယ်။ဒါပေမဲ့လည်း မနေ့က ဆရာ ငါ့ကို ဆင့်ခေါ်ခဲ့တယ်။ နတ်ဆိုးကလန်မှာ သားရဲတွေ ရုတ်တရက်ကြီး တိုးလာတယ်လို့ ဆိုတယ်။ အဆင့်ကိုးကလန်ရဲ့ တပည့်တွေအားလုံး တက်နိုင်သမျှ မြန်မြန် အကူအညီပေးဖို့ အလျင်စလို သွားကြရတော့မှာ။ အဲ့မှာ ဘယ်အချိန်ထိ ကြာမလဲတော့ ငါလည်း မသိဘူး…”
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြော၏။ “ဘေးကင်းတဲ့ခရီး ဖြစ်ပါစေ…”
“ဝူချင်းနဲ့ နင် တိုက်ခိုက်တုန်းက ငါ မလှုပ်ရှားခဲ့တာဟာ ဘာကြောင့်လဲ ဆိုတော့…” လီချန်မေသည် တုံ့ဆိုင်းသွား၏။ ထိုစဉ် ဝမ်လင်းက ကြားဖြတ်ကာ ပြောသည်။
“ငါ နားလည်ပါတယ်…”
လီချန်မေက ဝမ်လင်းကို ကြည့်၏။ ခဏအကြာ သူမက ခပ်တိုးတိုး ပြောသည်။ “နင် တကယ် နားလည်ခဲ့တာလား…”
ဝမ်လင်းက ပြန်မဖြေ၊ထိုအစား သူက ကျင့်ကြံသူများ ဈေးပေးနေသည့် အကြီးအကဲ၏ လက်ထဲမှ ပန်းချီကားကိုသာ ကြည့်နေ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူ့အသံသည် ပျံ့လွင့်လာသည်။
“ဒီပန်းချီကားကို ငါ ယူမယ်…”
သူ ထိုသို့ ပြောလိုက်သည့်နောက် ဈေးခေါ်နေသည့် လူတိုင်းမှာ တန့်သွား၏။ သူတို့အားလုံးက ဝမ်လင်းကို ကြည့်ကာ ဆက်၍ ဈေးမကမ်းတော့ပေ။ မည်သူကမျှ ဝမ်လင်းနှင့် မပြိုင်ဝံ့ကြချေ။ ဝူချင်း ကိစ္စကိုလည်း လူတိုင်း သိထားကြ၏။ ဝူချင်း အသတ်ခံရသည့်အကြောင်းရင်းမှာ သူ့လောဘအပြင် သူက သည်မိစ္ဆာ(ဝမ်လင်း)နှင့် ရတနာတစ်ခုအတွက် ပြိုင်ဆိုင်ခဲ့ခြင်းကြောင့် မဟုတ်လား။
ဝမ်လင်းက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ကာ အကြီးအကဲထံမှ စာလိပ်ကို လှမ်းယူ၏။သူက ၎င်းကို ဖွင့်ကြည့်ပြီးနောက် နောက်ပြန်လှည့်သည်။ ထိုအခါ ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် လူတိုင်းကို နှလုံးခုန်မြန်စေအောင် လုပ်နိုင်သော လီချန်မေ၏ မျက်ဝန်းလှလှနှင့် အကြည့်ဆုံသည်။
“နင့်အတွက် လက်ဆောင်…” ဝမ်လင်းက ပန်းချီကားကို ကမ်းပေးသည်။
လီချန်မေက ငြိမ်သက်စွာ စဉ်းစားနေ၏။အချိန်အတန်ကြာပြီးမှ သူမက ပြုံး၍ ထိုပန်းချီကားကို လက်ခံသည်။ သူမက အောက်နှုတ်ခမ်းကို ကိုက်ထားလျက် မတ်တပ်ထရပ်ကာ ခပ်တိုးတိုး ပြောလာသည်။ “ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ရဲ့ ကျောက်စိမ်းပြား ရခဲ့တဲ့သူကို နင် တွေ့ခဲ့ရင် ‘ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်က သူ့ကို ကြိုဆိုတယ်’ ဆိုတဲ့ စကားကို ကျေးဇူးပြုပြီး ပြောပြပေးပါ…”
သူမ စကားကို အဆုံးသပ်ပြီးနောက် လီချန်မေက ဝမ်လင်းကို ဆက်မကြည့်တော့ဘဲ လိပ်ပြာတ်ကောင်အလား လှုပ်ရှား၏။ သူမ၏ အနက်ရောင်ဆံပင်များက ရုတ်တရက် အပြာရောင်အဖြစ်သို့ ပြောင်းသွားပြီး ကျင့်ကြံသူအားလုံး၏ရှေ့မှာပင် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
သူမက လက်ထဲတွင်တော့ ပန်းချီကားကို ကိုင်ထားခဲ့ပေ၏။
“တစ်ယောက်နဲ့တစ်ယောက် မေ့ပစ်တာ ပိုမကောင်းဘူးလား…။ ဟုတ်တယ်မလား…”
***