အရည်အချင်း
Vol. 90 Ch. 1230
"ဒီ မူလသလင်းကျောက်တွေက ငါ ပိုင်ဆိုင်ထားတဲ့ အရာတွေပဲ။ ဒီကိစ္စကို သင်တို့ မိလောကလန်ရှိ တင်ပြနေစရာ မလိုဘူး..."
အကွာအဝေးတစ်ခုကနေ ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာပြီး အလင်းတန်းတစ်ခုသည် ချူယောင်လုံ အနားသို့ ကျဆင်းလာကာ အရှင်ဟွေစုန် ပေါ်လာ၏။
အဝါရောင်ဝတ်စုံဖြင့်လူငယ်က နှာခေါင်းရှုံ့၍ ပြောသည်။ "မူလသလင်းကျောက် ၃၅၀၀၀"
"၄၀၀၀၀"အရှင်ဟွေစုန်က တည်ငြိမ်လှ၏။ မူလသလင်းကျောက်လေးသောင်းက သူ့အတွက် ဘာမှ မဟုတ်သည့်အလား။ ထိုပုံမှန်မဟုတ်သည့် မြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို တုန်လှုပ်မှုဖြင့် အရှင်ဟွေစုန်ထံ အာရုံစိုက်လာစေသည်။
အရှင်ဟွေစုန်က ရတနာကျောက်စိမ်းကလန်၏ အကြီးအကဲခေါင်းဆောင်တစ်ယောက် ဖြစ်သည်။သူက ကလန်ခေါင်းဆောင်ကိုပါ မျက်နှာသာ ပေးစရာ မလိုပေ။ သူ့ထံ၌ တိုက်ရိုက်တပည့်များစွာလည်း ရှိနေပြီး ကလန်ခေါင်းဆောင်ဖြင့် ပုခုံးချင်း ယှဥ်နိုင်၏။ သို့သော် သူက သိုသိုဝှက်ဝှက် နေထိုင်သူ ဖြစ်သည့်အတွက်ကြောင့် သူ ကောင်းကင်ဘုံကျောက်စိမ်းပြားနှင့်မူလသလင်းကျောက်တို့ စုဆောင်းနေခြင်းကို ကလန်ခေါင်းဆောင်က သည်အတိုင်း မမေးမမြန်း လွှတ်ထားပေးခဲ့ရ၏။
"မူလသလင်းကျောက် ၅၀၀၀၀ " အဝါရောင်ဝတ်စုံဖြင့် လူငယ်က အရှင်ဟွေစုန်ကို အံတင်းတင်းကြိတ်ကာ စူးစူးရဲရဲ ကြည့်သည်။
အရှင်ဟွေစုန်က နှာခေါင်းရှုံ့၏။ သူက သူ့ထံတွင် မူလသလင်းကျောက်များစွာ ရှိကြောင်း ထုတ်ပြမိကာ အထက်ဒေသများ၏ အာရုံစိုက်လာမှု အပေါ် ဂရုမစိုက်ပေ။ ယနေ့ပြီးပါက သူသည် ဖန်းလိုင်ကုန်းမြေထံ ဘယ်တော့မှ ပြန်မလာတော့ဟန်တူ၏။ သည်တစ်ကြိမ်၌ သူ့အကြံအစည်မှာလည်း အောင်မြင်ဖို့ အခွင့်အလမ်း များနေသေး၏။ သူသာ အောင်မြင်ခဲ့ပါက သူ့ကျင့်ကြံမှုအဆင့် များစွာ တိုးတက်လာပြီး ထိုသို့သာ ဖြစ်လာပါက သူ ဘာမှ ကြောက်လန့်နေစရာ မလိုတော့ပေ။
အရှင်ဟွေစုန်က လက်နောက်ပစ်လျက် တည်ငြိမ်စွာ ပြော၏။ "၆၀၀၀၀"
"သင်" အဝါရောင်ဝတ်စုံနှင့်လူငယ်က အသက်ခပ်ပြင်းပြင်း ရှု၍ စဥ်းစားကာ စျေးထပ်ကမ်းလှမ်းရန် ပြင်သည်။
"၇၀၀၀၀" အရှင်ဟွေစုန်က ထိုလူငယ်ကို အေးစက်စက်ကြည့်လိုက်ရင်း ရုတ်တရက် ပြုံး၏။
"မင်းတို့ မိလောကလန် လူအများကြီး မပါလာဘူးနော်။ အဆင့်ခုနစ်ဒေသကို ပြန်တဲ့ ခရီးဟာ ဝေးလွန်းတယ်။ ဒါ့ကြောင့် မင်း သတိထား သင့်တယ်..."
ပတ်ဝန်းကျင်တစ်ခုလုံး ချက်ခြင်း အလွန် တိတ်ဆိတ်သွားသည်။ သူတို့အားလုံး၏အကြည့်က အရှင်ဟွေစုန်ထံသာ ကျရောက်နေကြ၏။ အဆင့်ခုနစ်ဒေသမှ တစ်ယောက်ယောက်ကို ချိန်းခြောက်ခြင်းမျိုးကား အလွန်တရာ ဖြစ်ခဲလှပေသည်။
"ဒီအရှင်ဟွေစုန် ဘယ်ကနေများ သတ္တိတွေ ရနေလဲ..."
အဝါရောင်ဝတ်စုံဖြင့်လူငယ်က အရှင်ဟွေစုန်ကို ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူက အေးစက်စက် နှာခေါင်းရှုံ့ကာ မိုးကုပ်စက်ဝန်းထဲ ပျံသန်း ထွက်သွားလေ၏။
အရှင်ဟွေစုန်၏ အမူအရာမှာ ပြောင်းလဲမသွားပေ။ သူက ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်ပြ၏။ ထို့နောက် သူက သိုလှောင်အိတ်တစ်ခုကို ပစ်ပေးသလို ချပ်ဝတ်ထံလည်း လက်ဆန့်တန်း၏။ ထိုချပ်ဝတ်က သူ့လက်ထဲသို့ ပျံသန်းလာကာ သူသည် ၎င်းကို အနီးကပ် သေချာကြည့်ပြီးနောက် ပြုံးလေ၏။
"ရောင်းရင်းကျင့်ကြံသူလု ဒီသိုလှောင်အိတ်ထဲမှာ ငါပြောထားတဲ့ ကိစ္စအတွက် စရန်ပါ ပါတယ်။စုစုပေါင်း မူလသလင်းကျောက် ၈၀၀၀၀။ ငါတို့ သွားကြမလား..."
ဝမ်လင်းက သိုလှောင်အိတ်ကို ဖမ်း၍ သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီး သိမ်းဆည်းလိုက်သည်။ အရှင်ဟွေစုန်က ကျင့်ကြံမှုအဆင့်မြင့်သလို ဥာဏ်လည်းများလှသူပင်။
သို့ရာတွင် သူ မည်မျှ ဥာဏ်များပါစေ ရှေ့ဖြစ်ဟောသူကို ဘယ်ယှဥ်နိုင်ပါ့မည်နည်း။ ဝမ်လင်းက ရှေ့ဖြစ်ဟောသူနှင့်ပါ ယှဥ်တိုက် လာခဲ့သူ ဖြစ်ရာ အရှင်ဟွေစုန်လောက်ကို သူ မည်သို့ များ ကြောက်လန့်နေပါ့မလဲ။
မဆိုသလောက် ခေါင်းညိတ်ပြပြီးနောက် ဝမ်လင်းက ရှေ့သို့ ခြေလှမ်းကာ ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။ အရှင်ဟွေစုန်က ပြုံး၏။ သူလည်း ပျံသန်းလိုက်သည်။ သူနှင့်ဝမ်လင်းတို့က မိုးကုပ်စက်ဝန်းထဲ ပျောက်ကွယ်သွားကြ၏။
ထို့အတွက်ကြောင့် မည်သူကမျှ လေလံပွဲကို စိတ်မပါတော့ဘဲ အားလုံး ထွက်ခွာသွားလေ၏။
ဖန်းလိုင်ကုန်းမြေကနေ ထွက်လာကြသည့်နောက် ဝမ်လင်းနှင့် အရှင်ဟွေစုန်တို့က ကြယ်မြူများကြား၌ မြန်ဆန်စွာ သွားလာနေသည်။ ဤအခိုက်တွင် အကွာအဝေးတစ်ခုမှ ပုလွေသံ ထွက်ပေါ်လာ၏။
အကွာအဝေးတစ်ခုရှိ ကြယ်မြူများသည် တဝီဝီ
လှည့်လည်ကာ ဆံပင်အပြာရောင်ဖြင့် လီချန်မေက ပြုံး၍ ဖြည်းဖြည်းချင်း လှမ်းလျှောက်ထွက်လာ၏။
ဝမ်လင်းက ရပ်တန့်ကာ စဥ်းစား၏။ သူက အရှင်ဟွေစုန်ဘက် လှည့်ကာ ပြောလိုက်သည်။ "ရောင်းရင်းဟွေစုန်... အရင်သွားနှင့်ပါ။ ငါ နောက်ကနေ အမှီလိုက်လာခဲ့မယ်..."
အရှင်ဟွေစုန်က ပြုံး၏။ သူက ကျောက်စိမ်းပြားတစ်ခုကို ဝမ်လင်းထံပေးသည်။ ထို့နောက် ရယ်မော၍ ပြောလေ၏။ "ရောင်းရင်းကျင့်ကြံသူလု...ဒီမြေပုံပေါ်မှတ်ထားတဲ့ တည်နေရာ အတိုင်း သွားပါ။ ငါ မိတ်ဆွေဟောင်းအချို့နဲ့အတူ အဲ့နေရာမှစောင့်နေမယ်..."
ထိုသို့ပြောပြီးနောက် သူက လီချန်မေကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်ပြီး ကြယ်မြူများကြား ပျံသန်း ထွက်သွားသည်။ သူက ဝမ်လင်း လိုက်မလာမည်ကို ပူပန်မနေပေ။
ဝမ်လင်းက လီချန်မေကို ကြည့်၏။ အနည်းငယ် စဥ်းစားပြီးနောက် သူက တည်ငြိမ်စွာ ပြောလိုက်၏။
"နင် ထွက်မသွားသေးဘူးလား။ ပြီးတော့ ဘယ်အချိန် ပြန်လာမှာလဲ...."
လီချန်မေက လှုပ်လီလှုပ်လဲ့ ရယ်ကာ ခပ်တိုးတိုး ပြောလာ၏။ "ငါ သွားတော့မလို့ပဲ။ ဒါပေမဲ့ သင် ငါ့ကို လိုက်ပို့ပေးမယ်လို့ ပြောခဲ့တာကိုဘသတိရသွားလို့..."
ဝမ်လင်းက မျက်မှောင်ကြုတ် သွားပြီး သူက ပြောလိုက်သည်။ "ငါ နင့်ကို ဒီနေရာထိပဲ လိုက်ပို့ပေးမယ် ပြောခဲ့တာပါ။ နင့် ကျင့်ကြံမှု အဆင့်နဲ့ ဆိုရင် အဲ့နေရာမှာ အန္တရာယ်ကြီးကြီးမားမား မကြုံနိုင်ပါဘူး..."
လီချန်မေက ခေါင်းယမ်းကာ ပြောသည်။ "ဘယ်သူ သိပါ့မလဲ။ ငါ ထွက်သွားပြီးရင် ငါတို့ ဘယ်တော့မှ ထပ်မတွေ့ရတာလဲ ဖြစ်သွားန်ုင်တာပဲ။ ဆရာ့လေသံအရ ဒီတစ်ကြိမ် သားရဲတွေ သောင်းကြမ်း ပျံ့နှံ့မှုဟာ စိုးရိမ်စရာ ကောင်းတဲ့ပုံပဲ..."
ဝမ်လင်းသည် ငြိမ်သက်စွာ စဥ်းစားနေ၏။
ဝမ်လင်း စကားပြောချင်ပုံ မရသည်ကို တွေ့သည့်အခါ လီချန်မေက မျက်မှောင်ကြုတ်သည်။ သူမက ဝမ်လင်းကို ကြည့်၍ သက်ပြင်းချ၏။
"အဲ့ဒီအရှင်ဟွေစုန်က လျှို့ဝှက်ချက်များတယ်။ အစတုန်းကတော့ ငါ နင်နဲ့ အတူလိုက်မလို့ပဲ..."
လီချန်မေသည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထားလျက် ဝမ်လင်းကို ကြည့်ကာ သူမ၏ညာလက်ရှိ မြစိမ်းလက်ကောက်ကို ချွတ်သည်။
"အရင်တုန်းက နင် ငါ့မေးခွန်း သုံးခုကို ဖြေပေးခဲ့တယ်။ ဒီအတွက် ငါတို့ သဘောတူထားခဲ့တာက မေးခွန်း တစ်ခု အတွက် ပစ္စည်းတစ်ခုပဲ။ တတိယမြောက် ပစ္စည်းကို ငါ အခုထိ နင့်ကို မပေးရသေးဘူး။ ဒါဟာ အကာအကွယ်ရတနာတစ်ခုပဲ။ ဒီဟာကို နင့်ကိုယ်နင် ကာကွယ်နိုင်ဖို့ အတွက် သိမ်းထား သင့်တယ်..."
လီချန်မေက ဝမ်လင်းထံ သူမ၏လက်ကောက်ကို ကမ်းပေးသည်။
ဝမ်လင်းက လီချန်မေကို တစ်ခုခုအား ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။ သူက လက်ကောက်ကို ယူကာ တစ်ချက် ကြည့်၏။ ၎င်း လက်ကောက်ထံကနေ လီချန်မေ၏ ကိုယ်ငွေ့ပင် ရနေသေး၏။ သူက ခေါင်းယမ်းကာ ၎င်းကို လီချန်မေထံ ပြန်ပေးသည်။
လီချန်မေက ဝမ်လင်းကို ကြည့်ပြီး မေးသည်။ "နင် ဘာလို့ ဒါကို မယူရတာလဲ..."
"ဒါက တန်ဖိုးကြီးလွန်းတယ်။ ငါ ဒါကို လက်မခံနိုင်ဘူး။ တခြားကိစ္စ မရှိတော့ရင် ငါ သွားတော့မယ်"
ဝမ်လင်းက နောက်လှည့်၍ ထွက်သွားရန် ပြင်သည်။
လီချန်မေက မြစိမ်းလက်ကောက်ကို ဘေးသို့ တည်ငြိမ်စွာ လွှတ်ပစ်သည်။ ၎င်းက အလင်းတန်းအဖြစ်ပြောင်း၍ ကြယ်မြူများကြား ပျောက်ကွယ်သွားလေ၏။
"နင် ဒီလက်ကောက်ကို မလိုချင်မှတော့ ငါလည်း ဒါကို မလိုချင်တော့ဘူး..."
ဝမ်လင်းက လီချန်မေကို တိတ်ဆိတ်စွာသာ ကြည့်၏။
"နင် ငါပေးတဲ့ဟာ မလိုချင်မှတော့ နင်ပေးခဲ့တဲ့ ဒီပန်းချီကားကိုလည်း ပြန်ယူသွားတော့..."
လီချန်မေက လက်ဝေ့ယမ်းရာ ပန်းချီကားတစ်ချပ် ပေါ်လာသည်။ သူမက ၎င်းကို ဝမ်လင်းထံ လှမ်းပေး၏။
သူမက တည်ငြိမ်စွာ ပြောလာ၏။ "ဒီပန်းချီကားပေါ်က ရေကန်နဲ့မြစ်ဟာ လှတယ်။ ဒါပေမဲ့ အသက်မဲ့နေသလိုပဲ။ ဒါ့ကြောင့်လငါ နဲနဲထပ်ဖြည့်ထားလိုက်တယ်..."
ပန်းချီကားကို ယူပြီးနောက် ဝမ်လင်းက ဖွင့်မကြည့်ပေ။သို့သော် အနည်းငယ် စဥ်းစားပြီးနောက် သူ့ညာလက်ကို ဆန့်ထုတ်ကာ သိုလှောင်နေရာလွတ်ကို ဖွင့်၏။ ရွှေရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်လာသည်။
ထိုအလင်းတန်းက ဝမ်လင်းလက်ထဲ ကျရောကွလာချိန်၌ စုတ်တံတစ်ချောင်းအဖြစ် ပြောင်းလဲသွား၏။
သူက လက်ဝေ့ယမ်းကာ ထိုစုတ်တံဖြင့် စာလုံးတစ်လုံး ရေးဆွဲလေ၏။သူက စုတ်ချက်တစ်ချက်ပြီး တစ်ချက် ဆက်၍ ရေးဆွဲသည်။စာလုံး အလွန်တရာ ရှုပ်ထွေးလာသည့် အခါကျမှ သူ ရပ်၏။
"ဒီစုတ်တံက ကောင်းကင်ဘုံရတနာတစ်ခုပဲ။ ဒီစာလုံးကို အသုံးပြုတဲ့ အခါ သင့်ကျင့်ကြံမှု အဆင့်နဲ့ ဆိုရင် တုန်လှုပ်ဖွယ်ခွန်အားကို ထုတ်ဖော်နိုင်လိမ့်မယ်..."
ဝမ်လင်းက ထိုစုတ်တံကို လက်ထဲကနေ လွှတ်လိုက်ရာ ၎င်းက ရွှေရောင်ခြုံလွှမ်းပြီး ဟင်းလင်ပြင် လေဟာနယ် ထဲ၌ မြောလွင့်လေ၏။
သူက လီချန်မေကို ဆက်ကြည့်မနေတော့ဘဲ လှည့်ထွက်ကာ အကွာအဝေးတစ်ခုထံ ပျံသန်းထွက်သွား၏။
"နင် ငါ့ရဲ့ မေးခွန်းသုံးခုကို ဖြေပေးခဲ့တယ်။ ဒီတော့ ငါ နင် ထွက်ပြေးတာကို ခွင့်မပြုနိုင်ဘူး.. "
လီချန်မေက ပြုံး၍ ဝမ်လင်း ပျောက်ကွယ်သွားသည့် နေရာကို ကြည့်သည်။
သူမက ပုလွေကို ထုတ်ယူပြီး ပါးစပ်နား တေ့ကာ စတင် တီးမှုတ်၏။ ပုလွေသံသည် မြူများကြား ပျံ့လွင့် လာ၏။
ဝမ်လင်းက အကွာအဝေး တစ်ခုကနေ ပုလွေသံကို ကြားသည်။ သူက လက်ထဲရှိ ပန်းချီကားကို ကြည့်မိ၏။ သူ ပန်းချီကားကို ဖွင့်ကြည့်ရာ မြစ်နှင့်ရေက်တို့ ရှိမနေတော့သည်ကို မြင်လိုက်ရသည်။ပန်းချီကားထဲရှိ မြစ်နှင့်ကန်တို့က ခြောက်သွေ့ကာ ထိုနေရာတွင် ငါးနှစ်ကောင် ရှိနေပြီး အသင်ဝင်နေ၏။
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ မချီပြုံး ပြုံးမိ၏။ သူက ပန်းချီကားကို ပြန်သိမ်းပြီးနောက် ပုလွေသံစဥ်နှင့်အတူ ပျံသန်းထွက်သွားလေသည်။
အချိန်အတန်ကြာပြီးနောက် လီချန်မေက ပုလွေကို ပြန်သိမ်းဆည်းပြီး လက်ဝေ့ယမ်း၏။သူမက ရွှေရောင်စုတ်တံကို ယူကာ လေဟာနယ်အတွင်း လှမ်းလျှောက်၍ ထွက်သွားသည်။
ဝမ်လင်းသည် အရှင်ဟွေစုန် ပေးခဲ့သော မြေပုံအတိုင်း မြူများကြား မြန်ဆန်စွာ သွားနေ၏။ သို့သော် ခဏအကြာတွင် သူက ရပ်တန့်ပြီး ရှေ့တည့်တည့်သို့ စူးနစ်စွာ ကြည့်၏။
သူနှင့် သိပ်မဝေးသောနေရာတွင် မြစိမ်းရောင်တောက်နေသည့် လက်ကောက်တစ်ခုမှာ လွင့်မြောလျက် ရှိ၏။ ဝမ်လင်းသာမက လီချန်မေကိုယ်တိုင် သူမ ကြုံရာကြာပမ်း ပစ်လိုက်သည့် လက်ကောက်က အခုလို ဝမ်လင်းသွားရာလမ်းရှေ့သို့ ရောက်နေလိမ့်မည်ဟု မျှော်လင့်မိလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက ထိုမြစိမ်ယလက်ကောက်ကို အချိန်အတန်ကြာ ငေးကြည့်နေပြီးမှ ၎င်းအနားသို့ ရောက်လာ၏။ ထိုလက်ကောက်က ဝမ်လင်းလက်ထဲ ကျရောက်သွာလေ၏။ သူက သက်ပြင်းချကာ ဆက်လက် ပျံသန်းသည်။
ဖန်းလိုင်ကုန်းမြေနှင့် အလွန်မဝေးသော နေရာတွင် သေးငယ်လှသည့် အရိုင်းကုန်းမြေတစ်ခု ရှိ၏။ ထိုနေရာတွင် မည်သည့်သားရဲမှ ရှိမနေဘဲ ကျင့်ကြံသူများလည်း အရောက်အပေါက် နည်းလှသည်။ သို့ရာတွင် ထိုကုန်းမြေတွင် ထိုင်နေကြသော ကျင့်ကြံသူ သုံးယောက် ရှိနေ၏။
"အရှင်ဟွေစုန်...ဒီနေရာက ငါတို့ကြားမှာ အလျှို့ဝှက်ဆုံးနေရာတစ်ခု။ ဘာကြောင့် သင်က လုဆိုတဲ့ ကျင့်ကြံသူကို ဒီနေရာဆီ လာခိုင်းခဲ့တာလဲ..."
ထိုသို့ပြောလိုက်သူက အမာရွတ်များနှင့် အဘိုးအိုပင်။ ထိုသူက ဝမ်လင်းနှင့် အရှင်ဟွေစုန်၏ သီးသန့်လေလံပွဲငယ်တွင် ဆုံခဲ့သောသူဖြင့် အတူတူသာ ဖြစ်၏။
အရှင်ဟွေစုန်က တည်ငြိမ်သည့် ဟန်ပန်ဖြင့် ထိုင်နေ၏။ သူက ပြောလိုက်သည်။ "ဒီလူဟာ စစ်စိတ်ဝိညာဥ်လက်ဝါးကို အသုံးပြုနိုင်တယ်။
သူပါ ပါရင် ငါတို့အတွက် အောင်မြင်မယ့်နှုန်း ဆယ်ရာခိုင်နှုန်းလောက် တိုးလာနိုင်တယ်။ ဒါ့အပြင် ရောင်းရင်းကျင့်ကြံသူကျောက်ရဲ့ မန္တာန်နဲ့ ဒီလမ်းကို သွားဖို့အတွက် သင့်ကို ဒုက္ခပေးရဦးမယ်။အဲ့နောက်မှာ ရောင်းရင်းကျောက်က ငါတို့အရင်က သဘောတူထားတဲ့အတိုင်း အရင်ဆုံး ပစ္စည်းသုံးခု ရွေးချယ်ခွင့် ရမယ်..."
အရှင်ဟွေစုန်က အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုကို ကြည့်လိုက်၏။ ထိုအဘွားအိုကလည်း အရှင်ဟွေစုန်၏လေလံပွဲမှာ ဝမ်လင်းသိထားသည့်သူသာ ဖြစ်သည်။
ထိုအဘွားအိုက ခပ်ရှရှအသံဖြင့် ပြန်ပြောသည်။
"ငါ အကောင်းဆုံး လုပ်ပေးမှာပါ..."
ထိုအခိုက်အတန့်၌ အရိုင်းကုန်းမြေထက်ရှိ မြူများ တဝီဝီလှည့်ပတ်ကာ စူးရှရှ ရယ်သံတစ်ခု ထွက်ပေါ်လာ၏။မြူများ ဘေးတစ်ဖက်သို့ ရွှေ့သွားကာ အဖြူ၊အနက်တာအို ဝတ်စုံဖြင့်အဘိုးအို တစ်ယောက် လှမ်းထွက်လာသည်။သူ့ခေါင်းထက်တွင် သရဖူတစ်ခုပါ ရှိနေ၏။ခြေလှမ်းအနည်းငယ်ဖြင့် သူက သူတို့သုံးယောက်ရှေ့သို့ ရောက်လာ၏။
ထိုအဘိုးအိုပေါ်လာသည်နှင့် သိပ်သည်းသောသွေးနံ့တို့ပါ ပေါ်ထွက်လာသည်။ သူ့နောက်ရှိ မြူများကြားတွင် စိတ်ဝိညာဥ်အပိုင်းအစများစွာ ပုန်းကွယ်နေ၏။
"အရှင်ဟွေစုန်....လမ်းမှာ ရန်သူအချို့နဲ့ တွေ့လို့ ငါ နည်းနည်း နောက်ကျသွားတယ်..."
ထိုအဘိုးပို၏မျက်နှာက ဖြဖပ်ဖြူရော ရှိ၍ သူ့မျက်လုံးထံမှ မသတီစရာတောက်ပမှုကို ပေးစွမ်းနေသည်။
"အရှင်တိမ်စိတ်ဝိညာဥ်..."
အမာရွတ်များနှင့်အဘိုးအိုက ထိုအဘိုးအိုခေါင်းထက်ရှိ သရဖူကို သူ မျက်လုံးကျဥ်းမြောင်းသွားသည်။
သရဖူနှင့်အဘိုးအိုက ရှုံ့တွ၍ သုန်သုန်မှုန်မှုန် ပြုံးကာ ပြောလိုက်သည်။ "ရောင်းရင်းကျင့်ကြံသူဖန်း...ငါတို့ ထပ်တွေ့ပြန်ပြီ..."
ထို့နောက်သူက အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကို ကြည့်သည်။ နောက်ဆုံးတွင် သူ့အကြည့်က အရှင်ဟွေစုန်ထံ ရောက်သွားပြန်သည်။
"အရှင်ဟွေစုန်... ငါတို့လေးယောက်ပဲလား..."
အရှင်ဟွေစုန်က နှုတ်ခမ်းသပ်ကာ ပြောသည်။ "နောက်သုံးယောက်ကျန်သေးတယ်။ သူတို့လည်း မကြာခင် ရောက်လာကြတော့မှာပါ..."
ထိုသို့ ပြောရုံရှိသေး ကြယ်မြူများ နောက်တစ်ကြိမ် တဝီဝီလှည့်ပတ်ကာ လူတစ်ယောက် လှမ်းလျှောက်ထွက်လာသည်။ သူက ဝမ်လင်းပင်။ ဝမ်လင်းက မြူများကြားကနေ လှမ်းထွက်လာရင်း ထိုလေးယောက်ကို ကြည့်သည်။
"နိဗ္ဗာနသန့်စင်ခြင်းအဆင့် ဂျူနီယာ တစ်ယောက်လား။ အရှင်ဟွေစုန် သင် ဒီကိစ္စမှာ ဒီလို ဂျူနီယာတစ်ယောက်ကိုပါ ပါစေချင်နေတာလား..."
အရှင်တိမ်စိတ်ဝိညာဥ်က မျက်မှောင်ကြုတ်သည်။
"သူက နိဗ္ဗာနသန့်စင်ခြင်းဂျူနီယာတစ်ယောက် မဟုတ်ဘူး..." အရှင်ဟွေစုန်က ပြုံး၍ ပြောသည်။
"အို" အရှင်တိမ်စိတ်ဝိညာဥ်၏ မျက်လုံးတို့က တလက်လက် ဖြစ်လာ၏။ သူက ဝမ်လင်း ချဉ်းကပ်လာချိန်တွင် လက်ဝေ့ယမ်းသည်။ ထိုအခါ မရေမတွက်နိုင်သောစိတ်ဝိညာဥ်အပိုင်းအစများက ဝမ်လင်းထံ တိုးဝင်သွားကြ၏။