အခန်း ၁၇၅
Vol. 18 Ch. 175
🍄 Chapter 175
“ပိုက်ဆံလား”
ယန်စန်းယဲ့သည် လူမိုက်များထဲမှ လူမိုက်ကြီးတစ်ဦးဖြစ်သည်။
“မင်းက ဆုဝမ်ရဲ့အိမ်ကို ညစ်ပတ်အောင်လုပ်ထားပြီး ပိုက်ဆံတောင်းရဲသေးတယ်ပေါ့လေ၊ သောက်လုပ်ရှုပ်မနေဘဲ အခုချက်ချင်း ထွက်သွားစမ်း”
လုကျင်းယွီ တွေးလိုက်မိသည်မှာ
‘ ဒီအဘိုးအိုက ဘယ်လိုလုပ်ပြီး ဒီလောက် လူမိုက်ဆန်နေရတာလဲ၊ စကားလုံးတိုင်းက ဆဲရေးတိုင်းထွာမှုတွေနဲ့ ပြည့်နှက်နေတယ်’ ဟူ၍ဖြစ်သည်။
သို့သော် ထိုအချိန်တွင် စောစောက သူ့ကိုပြုံးပြနေခဲ့ကြသော တောင်ဝှေးကိုင် အဘိုးအိုတစ်စုသည် ရုတ်တရက် သူတို့၏တောင်ဝှေးများအား သူ့ဘက်သို့လှည့်ကာ ထိုးဆွကြလေတော့သည်။
‘သူတို့က ငါ့ကို သေအောင်ရိုက်သတ်ဖို့ ကြိုးစားနေကြတာလား'
ယုတ္တိတန်စွာ တွေးကြည့်မည်ဆိုလျှင် ဤအရာအားလုံးမှာ ယန်ရှီရှန်းနှင့် မည်သို့မျှမသက်ဆိုင်သင့်ချေ။
သို့သော် လုကျင်းယွီကို ထိုးဆွနေစဉ် ယန်စန်းယဲ့သည် ယန်ရှီရှန်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“လင်မယား ကွာရှင်းကြတဲ့အခါ အိမ်က အိမ်ပဲလေ၊ ပိုက်ဆံနဲ့ ဘာဆိုင်လို့လဲ၊ အဲဒီတုန်းက ရှီရှန်းက ဒီအိမ်ကို ပြန်ယူချင်တော့ မေ့လန်ကို တစ်ပြားမှပေးဖို့ မရည်ရွယ်ခဲ့ဘူး၊
အခု ယန်ကျောက်ကလည်း မင်းကို ပိုက်ဆံမပေးသင့်ဘူး၊ မယုံဘူးလား၊ သူ့ကိုမေးကြည့်”
ယန်ရှီရှန်းမှာ ထခုန်မတတ် ဖြစ်သွားလေသည်။
သူသည် ယန်ကျောက်၏ထောင်ချောက်ဆင်မှုကို ခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။
သို့သော် အဘိုးအို အားလုံးက သူ့ကို စိုက်ကြည့်နေကြသဖြင့် သူက ဖြေလိုက်ရ၏။
“အိမ်က အိမ်ပဲလေ၊ ပိုက်ဆံတောင်းလို့မရဘူး”
သူ ဤသို့ပြောလိုက်သည်ကို ကြားသောအခါ အဘိုးအိုများအားလုံး ကျေနပ်သွားပုံရပြီး ရှီရှန်း နောက်ဆုံးတော့ ကြီးပြင်းလာပြီဟူသော ချီးကျူးမှုပုံရိပ်များ သူတို့၏မျက်နှာပေါ်တွင် အပြည့်အဝပေါ်လွင်နေလေသည်။
ယွမ်ယွမ် တိတ်တဆိတ်ပြေးလာပြီး ယန်ကျောက်ကို ပို့စကတ်တစ်ကတ် အရင်ပေးကာ ယန်ရှီရှန်းကိုလည်း တစ်ကတ်လာပေးလေ၏။
ယန်ရှီရှန်းသည် နောက်အိမ်ထောင်ပြုပြီး သားတစ်ယောက် ရလိုသောဆန္ဒ အမြဲတမ်း ရှိနေမည်သာဖြစ်သည်။
သို့သော် သူ တဖြည်းဖြည်း နားလည်လာသည်မှာ သူ့တွင် သားတစ်ယောက်ရှိလာလျှင်ပင် ကျောင်းတိလေးကို ချစ်သလောက် ထိုသားအား ချစ်နိုင်မည်မဟုတ်ကြောင်း ဖြစ်သည်။
ပို့စကတ်ပေါ်ရှိ ကောင်မလေးမှာ ပြုံးနေသော်လည်း သူမ၏မျက်လုံးများထဲတွင်မူ ခါးသီးမှုများ အပြည့်ရှိနေသည်။
ယခင်က သူ သူမကို သမီးမိန်းကလေးဖြစ်နေသည်ဟု အမြဲတမ်း ညည်းတွားပြစ်တင်နေချိန်တွင် သူမက သူ့ကို ပြုံးပြခဲ့ဖူးသောမျက်နှာအမူအရာမျိုးနှင့် အတူတူပင် ဖြစ်သည်။
သူမ နာကျင်ခဲ့ရသော်လည်း မည်သည့်စကားမျှမဆိုခဲ့ချေ။
သူ သူမအပေါ် ပုံချခဲ့သော စိတ်ပျက်မှုများနှင့် ခါးသီးမှုများ အားလုံးကို သူမ လိုလိုလားလား သည်းခံခဲ့ပြီး သူ့မေတ္တာကိုပင် မတောင်းဆိုခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူသည် သူမ၏ဖခင် ဖြစ်နေသောကြောင့်သာ။
ယန်ရှီရှန်းသည် သူ့သမီးလေး၏ းခေါင်းကို ပုတ်ပေးလိုက်သည်။
ဤသည်မှာ သူ၏ ထာဝရဂုဏ်ကျက်သရေပင်ဖြစ်သည်။
လုကျင်းယွီသည် ယွမ် ၂၀,၀၀၀ ရလိုသဖြင့် အားလုံးကို အစီအစဉ်ဆွဲထားခဲ့၏။
သို့သော် ယန်ကျောက်က ပါးစပ်ဟရန်ပင် မလိုခဲ့ချေ။
အဘိုးအိုတစ်စုက သူ့ကို မောင်းထုတ်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။
သူ တွေးလိုက်မိသည်မှာ ‘ဖန်ရှန်ပြောသလိုပဲ ယန်ကျောက်က တကယ်ပဲစိတ်မမှန်တာများလား’ ဟူ၍ဖြစ်သည်။
‘ယခုအချိန်က ၁၉၉၀ ပြည့်လွန်နှစ်တွေကို ရောက်နေပြီ၊ အိမ်တစ်လုံးဆိုတာ ပိုင်ဆိုင်မှုတစ်ခုပဲ၊
သူက အဘိုးအို တစ်စုကို စုစည်းပြီး ပြဿနာရှာခိုင်းရုံမဲ့ ယွမ် ၁၀,၀၀၀ ကျော် တန်ဖိုးရှိတဲ့ အိမ်တစ်လုံးထဲကနေ တစ်ပြားမှမပေးဘဲ ငါ့ကို မောင်းထုတ်နိုင်မယ်လို့ ထင်နေတာလား'
သို့သော် ယန်ကျောက်က သူ့ကို စကားပြောခွင့်မပေးခဲ့ချေ။
သူက ဆက်ပြောလာသည်။
“အဲဒီတုန်းက ကျိုးရွှယ်ချင်းနဲ့ ငါ နှုတ်နဲ့ပဲ သဘောတူခဲ့တာ၊ ငါ့အမေရဲ့အိမ်ကို သေချာစောင့်ရှောက်ပါ့မယ်လို့ သူ အကြိမ်ကြိမ် ကတိပေးပြီးမှ သူ့ကို ငါ ယူခွင့်ပေးခဲ့တာ၊
အခု သူ ရှိရှိ မရှိရှိ အရေးမကြီးတော့ဘူး၊ ငါ အိမ်ကို သေချာပေါက် ပြန်ယူရမယ်၊ ရဲစခန်းက အိမ်ရာမြေ စာရွက်စာတမ်းတွေကို ငါ ပယ်ဖျက်လိုက်မယ်၊ လုကျင်းယွီ၊ ဒီနေ့ပဲ ပြောင်းသွားတော့”
‘ဒီလို လွယ်လွယ်လေးနဲ့ ပြောင်းသွားဖို့ အပြောခံရတာလား'
‘ရွာတာဝန်ရှိသူတွေ အခုလေးတင် ရောက်လာကြပြီး ဘာစကားမှတောင် မပြောရသေးဘူး၊ ဒါပေမယ့် အဘိုးအိုတစ်စုက တောင်ဝှေးတွေနဲ့ ထိုးဆွပြီး ပြောင်းသွားဖို့ ပြောနေကြတယ်တဲ့လား'
သို့သော် လုကျင်းယွီ ဤအတိုင်း လွယ်လွယ်ထွက်သွား၍မရနိုင်ချေ။ သူ့တွင် နောက်ဆုံးလက်နက်တစ်ခု ကျန်ရှိနေသေးသည်။
ချန်မေ့လန်သည် သူမ၏ ဆောက်လုပ်ရေးလုပ်ငန်းမှ ငွေအချို့ ရှာဖွေနိုင်ခဲ့သော်လည်း သူမသည် အလုပ်သမားများအပေါ် အလွန်ကြင်နာလွန်းပြီး လစဉ် လုပ်အားခများကို အမှန်တကယ်ပေးချေနေသဖြင့် ထိုလုပ်ငန်းခွင်မှ ငွေအမြောက်အမြားရှာနိုင်မည်မဟုတ်ပေ။
အလုပ်သမားများ၏ လုပ်အားခများကို ဆိုင်းငံ့ထားပြီး အမြတ်အစွန်းများများ ရရန်အတွက် အတိုးကြီးကြီးဖြင့် ငွေချေးသည့်လှည့်ကွက်ကိုပင် သူမ မသိရှိချေ။
‘သူမ တကယ်ပဲ ငွေအမြောက်အမြား ရှာနိုင်ပါ့မလား'
သူသည် တစ်ခါက သူမကိုလက်ထပ်လိုခဲ့ပြီး ယခု သူငွေအမြောက်အမြား ရှာထားနိုင်သည်ကို မြင်သောအခါ သူမ သေချာပေါက် မနာလိုဖြစ်ပြီး အားကျနေလောက်လေပြီ။
ဤသည်မှာ အခွင့်အရေးတစ်ခုပင်ဖြစ်သည်။
“မေ့လန်၊ နင်လည်း ဆောက်လုပ်ရေးအလုပ်လုပ်တယ်၊ ငါလည်း ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်တော့မယ်၊
တုန်းဖန်အုပ်စုကနေ ပရောဂျက်ကြီးတစ်ခု ငါလက်ခံတော့မယ်၊ ငါတို့က မိသားစုဝင်တွေလို ဖြစ်နေပြီဆိုတော့ စီးပွားရေးမှာ အတူတူပူးပေါင်းလုပ်ကြရအောင်၊
နင် ငွေအများကြီး ရှာနိုင်အောင် ငါ ကူညီပေးမယ်၊ ယန်ကွမ်ရွာကလူတွေက အကြောင်းအကျိုး မဆီလျော်ကြဘူး၊
ဒါပေမယ့် နင်ကတော့မတူဘူး၊ နင်က ချန်ရွာမှာ အနူးညံ့ဆုံး၊ အကြင်နာဆုံး၊ အလိမ္မာဆုံးနဲ့ အကြောင်းအကျိုးအဆီလျော်ဆုံး အမျိုးသမီးပဲ၊
ငါ့ရဲ့ ရွှယ်ချင်းထက်တောင် ပိုပြီး နားလည်ပေးနိုင်စွမ်းရှိသေးတယ်၊ ကျေးဇူးပြုပြီး ယန်ကျောက်ကို သေချာပြောပြပေးပါ၊ ငါ ပိုက်ဆံတစ်ပြားမှ မရဘဲနဲ့တော့ ပြောင်းမပေးနိုင်ဘူး”
သူသည် ငွေအမြောက်အမြား ရှာဖွေထားပြီးဖြစ်သော်လည်း အိမ်တစ်လုံးအတွက် ဓားဒဏ်ရာများဖြင့် တောင်ပိုင်းသို့သွားခဲ့ရသော ကျိုးရွှယ်ချင်းကိုပင် နှိမ့်ချပြောဆိုရန် ဝန်မလေးခဲ့ချေ။
ချန်မေ့လန်မှာ အူတက်မတတ် ရယ်မောမိလုနီးပါး ဖြစ်သွားသည်။
အဘိုးအိုများ ပြည့်နှက်နေသော ခြံဝင်းကြီးမှာလည်း ရုတ်တရက် တိတ်ဆိတ်သွားလေသည်။
မည်သို့ပင်ဆိုစေ သူတို့လည်း အမျိုးသမီးများဆိုသည်မှာ နူးညံ့၊ ကြင်နာပြီး အကြောင်းအကျိုး ဆီလျော်သင့်သည်ဟု ယုံကြည်ထားကြသောကြောင့်ပင်။
လုကျင်းယွီ၏စကားများမှာ ယုတ္တိတန်ပုံရလေသည်။
သို့သော် သူတို့သည် မိမိတို့လူကို မိမိတို့ အကာအကွယ်ပေးလိုကြပြီး ယုံကြည်လက်ခံခြင်းမရှိကြသလို ဤလူယုတ်မာ လုကျင်းယွီက မေ့လန်အား အလုပ်မည်သို့လုပ်ရမလဲ သင်ပေးနေသည်ကိုလည်း မလိုလားကြချေ။
ယခုအခါ မေ့လန်ဘာပြန်ပြောမည်ကိုသာ သူတို့ သိချင်နေကြတော့သည်။
လူကြီးများက အိမ်အတွက် ငြင်းခုံနေကြစဉ် ကလေးများက ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေကြသည်။
တာ့ပေါင်သည် ရှောင်ဝမ်အား ရန်ဖြစ်ရန် တမင်သက်သက် လှုံ့ဆော်နေပြီး မျက်ခုံးပင့်ကာ လှောင်ပြောင်ပြောဆိုလိုက်၏။
“ယန်ရှောင်ဝမ်၊ ငါ တုန်းဖန်ကျောင်းကို ပြောင်းလာမယ့်အချိန်ကိုသာ စောင့်နေလိုက်”
ရှောင်ဝမ်သည် အရှုံးမပေးလိုသော်လည်း ဖခင်ဖြစ်သူ၏ တင်းမာသောအကြည့်ကို သတိပြုမိသဖြင့် ဆဲရေးတိုင်းထွာရန် မရဲတော့ချေ။
ထို့ကြောင့် သူသည် ပြတင်းပေါက်မှ အပြင်သို့ ကိုင်းထွက်ကာ ပြန်လည် ချေပလိုက်သည်။
“ယောကျ်ားစစ်ရင် မိန်းကလေးတွေနဲ့ ရန်မဖြစ်ဘူးကွ၊ ငါက မိန်းကလေးတွေကို မရိုက်ဘူး”
ဤစကားမှာ အထူးတလည် ထိခိုက်နစ်နာစေခြင်း မရှိသော်လည်း အလွန်အမင်း စော်ကားမှု ပါဝင်နေသဖြင့် တာ့ပေါင်ကို ဒေါသထွက်သွားစေသည်။ သူက အော်ဟစ်လိုက်၏။
“မင်းအမေက ခွေးမ၊ မင်းက တကယ့် သတ္တိကြောင်တဲ့ကောင်ပဲ”