အခန်း ၁၇၆
Vol. 18 Ch. 176
🍄 Chapter 176
ရှောင်ဝမ်က ထိုကဲ့သို့ ရိုင်းစိုင်းသော စကားလုံးများကို မသုံးရဲသဖြင့် တာ့ပေါင်က သူအနိုင်ရသွားပြီဟု ခံစားလိုက်ရသည်။
ဤစကားကို ကြားလိုက်ရသော ချန်မေ့လန်သည် လုကျင်းယွီဘက်သို့လှည့်ကာ အေးစက်စက်အပြုံးဖြင့် ပြောလိုက်၏။
“ဟုတ်ပါတယ်၊ ငါတို့က မြစ်တစ်စင်းတည်းက ရေသောက်ပြီး ကြီးပြင်းလာတာ ဖြစ်နိုင်ပေမယ့် ငါက နင့်ထက် ပိုဉာဏ်ကောင်းတယ်၊ ပိုကြင်နာတတ်တယ်
ပြီးတော့ ပိုပြီး အကြောင်းအကျိုး ဆီလျော်တယ်လေ၊ အဲဒါကြောင့် ငါ့သားကို ရိုင်းစိုင်းတဲ့ စကားတွေသုံးဖို့ ဘယ်တော့မှ မသင်ပေးတာပေါ့”
များသောအားဖြင့် သူ့သားသည် ဘုရင်လေး တစ်ပါးပမာ ရန်ဖြစ်နိုင်ပြီး ဆဲဆိုတတ်သည်ကို ဂုဏ်ယူလေ့ရှိသော လုကျင်းယွီသည် ယခုအခါ သူ့သားကို ခေါင်းပုတ်လိုက်လေသည်။
“ပါးစပ်ကို ဆင်ခြင်စမ်း! သူက မင်းရဲ့ အဒေါ်ချန်လေ၊ ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးသုံးရဲတာလဲ”
“ဒါပေမယ့် ဖေဖေ၊ သူက ဘာမှမသိတဲ့မိန်းမတစ်ယောက်ပဲလို့ ဖေဖေပဲ ပြောခဲ့တာမဟုတ်ဘူးလား”
ထိုစကားကို ကြားသောအခါ လုကျင်းယွီသည် ချက်ချင်းပင် သူ့သားကို နောက်တစ်ကြိမ် ထပ်မံရိုက်လိုက်လေသည်။
သားအဖနှစ်ယောက် အချေအတင် ဖြစ်နေချိန်တွင် ချန်မေ့လန်မှာ အတော်လေး ကျေနပ်နေပုံရသည်။ သူမက တာ့ပေါင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“အဒေါ်က သားထင်ထားတာထက် အများကြီး ပိုသိပါတယ်၊ ဘာမှမသိတာက သားရဲ့အဖေပါ၊
အဒေါ်က ပရောဂျက်သေးသေးလေးတစ်ခုပဲ လက်ခံထားတာ ဖြစ်နိုင်ပေမယ့် အဒေါ်ရဲ့အဆောက်အအုံက ပြီးတော့မယ်၊ သားအဖေရဲ့ ပရောဂျက်ကကော ဘယ်လိုနေလဲ”
သူ့ဖခင်က ပရောဂျက်ကို လွှဲပြောင်းရယူနိုင်မည့် အလားအလာနှင့် ပတ်သက်၍ ကျိုးရွှယ်ချင်းနှင့် ဆွေးနွေးထားကြောင်း တာ့ပေါင် ပြောလုနီးပါးဖြစ်သွားသော်လည်း ကလေးငယ်က ပါးစပ်ပိတ်ထားလိုက်သည်။
ချန်မေ့လန်က ဆက်ပြောလာသည်။
“ယန်ပင်းကို သားသိတယ်မလား၊ သူက အဒေါ်ဆီမှာပဲ အလုပ်လုပ်ချင်တာ၊ သားရဲ့အဖေက သူ့ကို အဒေါ်ဆီကနေခိုးဖို့ လစာ ယွမ် ၇၀၀ ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် သူက ငြင်းလိုက်တယ်”
တာ့ပေါင်သည် ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ ခုန်ထကာ အော်ဟစ်လိုက်၏။
“ကျွန်တော့်အဖေက ခင်ဗျားရဲ့ ပရောဂျက်ကို အနှေးနဲ့အမြန် ပြန်ယူမယ်လို့ ပြောထားတယ်”
အလိုလိုက်ခံရသော ကလေးများမှာ ဤသို့ပင် ဖြစ်တတ်သည်။ သူတို့ အခြားကလေးများကို ရိုက်နှက် သို့မဟုတ် ဆဲဆိုသောအခါ လုကျင်းယွီက ဂုဏ်ယူခဲ့သည်။
သို့သော် ယခု သူ၏ ကလေးက သူ၏ လျှို့ဝှက်ချက်များကို လူတိုင်းရှေ့တွင် ဖွင့်ချနေသောအခါ လုကျင်းယွီ၏ မျက်နှာအမူအရာမှာ တကယ်ကို ကြည့်ကောင်းနေလေတော့သည်။
နောက်ထပ်ရိုက်ချက်တစ်ခုက တာ့ပေါင်၏မျက်နှာပေါ်သို့ ကျရောက်သွားလေသည်။
ထိုနေရာတွင်ရှိနေသော လူကြီးများမှာ မိုက်မဲသူများ မဟုတ်ကြချေ။
ဘာတွေဖြစ်ပျက်နေသည်ကို သူတို့ နားလည်သွားကြသည်။
မေ့လန်သည် ပရောဂျက်ငယ်လေး တစ်ခုရရန် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ရပြီး သူဌေးသစ်လုကျင်းယွီက ၎င်းကို ခိုးယူရန် စီစဉ်နေသည်လော။
အဘိုးအိုများသည် ဆောက်လုပ်ရေးပရောဂျက်များအကြောင်း သိပ်ပြီး နားမလည်ကြသော်လည်း ယန်ကျောက်၏ ကျောထောက်နောက်ခံဖြင့် သူကသာ အဓိကဆုံးဖြတ်ချက်များ ချမှတ်နေသူဖြစ်မည်ဟု သူတို့ ယုံကြည်ထားကြပြီး မေ့လန်မှာ အမျိုးသမီးဖြစ်သဖြင့် ကူညီပေးရုံသာ ဖြစ်မည်ဟု ထင်မှတ်ထားကြသည်။
ရွာထဲရှိ လူတိုင်းက ယန်ကျောက်၏ဘက်မှ ရပ်တည်ကြလေ၏။
အမြဲတမ်း ဘက်လိုက်တတ်ပြီး ယုတ္တိမတန်သော အတွေးအခေါ် ရှိသည့် အဘိုးအိုယန်သည် သူ့မိသားစုကိုသာ အမြဲ ထောက်ခံလေ့ရှိသည်။
သူသည် တောင်ဝှေးဖြင့် လုကျင်းယွီ၏ကျောဘက်ကို ထိုးဆွကာ ပြောလိုက်၏။
“မင်းမှာ ယောကျ်ားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ လုံးဝ မရှိဘူး၊ အားနည်းတဲ့ မိန်းမတစ်ယောက်ဆီကနေ အလုပ်သေးသေးလေးကို ခိုးဖို့ ကြိုးစားနေတယ်ပေါ့လေ
ငါတို့ရွာကနေ ထွက်သွားစမ်း”
သူ ကိုယ်တိုင်က အမျိုးသမီးများအား အထင်အသေးဆုံးသူ ဖြစ်ကြောင်းကိုမူ သူ လုံးဝမေ့လျော့နေလေပြီ။
ရွာရှိ ကလေးများက အပြင်ဘက်တွင် အော်ဟစ်နေကြသည်။
“အိမ်ကို ပြန်ယူနေပြီ၊ သူတို့ ပြန်ယူနေပြီ”
“မေ့လန်... နင်က အရင်တုန်းက အရမ်းကောင်းတဲ့ ရဲဘော်တစ်ယောက်ပါ... ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ”
လူကြီးများ၏ တောင်ဝှေးဖြင့် ထိုးဆွခံနေရသော လုကျင်းယွီသည် ခေါင်းခါရင်း ထပ်မံပြောဆိုလိုသော်လည်း မြိုသိပ်ထားလိုက်သည်။
အမှန်တကယ်ပင် လုကျင်းယွီသည် ချန်မေ့လန် လုံးဝ ကွဲပြားခြားနားသောလူတစ်ယောက် ဖြစ်သွားပြီဟု ခံစားလိုက်ရသည်။ ငယ်ရွယ်သော မိန်းကလေး တစ်ဦးအနေဖြင့် သူမ မည်မျှ ရှက်တတ်ပြီး လှပခဲ့ကြောင်းကို သူ မှတ်မိနေသေး၏။
မှန်ပေသည်၊ ထိုအချိန်က လှပသော မိန်းကလေးများ အားလုံးသည် မြို့ပေါ်သို့သာ အိမ်ထောင်ပြုလိုခဲ့ကြသည်။
သူ၏ ပထမဆုံး အိမ်ထောင်ရေးတွင် သူသည် ကလေးမွေးနိုင်ပြီး လယ်အလုပ်လုပ်နိုင်သော တင်ပါးကြီးသည့် အမျိုးသမီးကိုသာ ရှာဖွေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် တကယ့်ကို သာမန် လယ်သမား တစ်ဦးမျှသာ ဖြစ်သောကြောင့်ပင်။
သေးသွယ်သော ခါး၊ ရှည်လျားသော ခြေတံများ၊ ဖြူဖွေးသော အသားအရေတို့ ရှိပြီး လေဒဏ် မိုးဒဏ်ကို မခံနိုင်သည့်အပြင် ရေတစ်ပုံးကိုပင် သယ်ရန် ရုန်းကန်ရမည့် ချန်မေ့လန်ကဲ့သို့သော အမျိုးသမီးမျိုးကို သူ တစ်ခါမျှ ထည့်သွင်းမစဉ်းစားခဲ့ချေ။
သူ ဒုတိယအကြိမ် ကွာရှင်းသောအခါ ချန်မေ့လန်မှာ ကလေးပါလာသည်မှလွဲ၍ အရာရာတိုင်းတွင် စံပြဖြစ်နေပုံရသည်။
မည်သို့ပင်ဆိုစေ သူမသည် ပထမ အိမ်ထောင်ရေးတွင် ဆင်းရဲဒုက္ခများကို ကြုံတွေ့ခဲ့ရပြီး ဘဝ၏သွေးတိုးစမ်းမှုများကို ခံစားခဲ့ရသူ ဖြစ်၏။
ထိုအချိန်က လုကျင်းယွီ တွန့်ဆုတ်နေခဲ့သည်။ ချန်မေ့လန်သည် ယွမ်ယွမ်အပေါ် အလွန်ကောင်းမွန်လွန်းသဖြင့် သူမသည် သူ့ကလေးနှစ်ဦးအပေါ် မိထွေးတစ်ဦးကဲ့သို့ ဆက်ဆံမည်ကို စိုးရိမ်ခဲ့သည်။
သူမ၏ စရိုက်ကို အနည်းငယ် စမ်းသပ်လိုခဲ့သော်လည်း နောက်ဆုံးတွင် သူမကို လုံးဝဆုံးရှုံးသွားခဲ့ရသည်။
တစ်ချိန်လုံး လုကျင်းယွီ၏ရင်တွင်း၌ မေ့လန်ကို အထင်ကြီးလေးစားခဲ့သည်။ သို့သော် ယနေ့တွင် ကျိုးရွှယ်ချင်းနှင့် နှိုင်းယှဉ်ပါက သူမသည် အများကြီးနောက်ကောက်ကျနေပြီး လုံးဝချစ်စရာမကောင်းတော့ကြောင်း သူ အမှန်တကယ် ခံစားလိုက်ရသည်။ အမျိုးသမီး တစ်ဦးနှင့်ပင် မတူတော့ချေ။
သို့သော် သူ၏ စိတ်ပျက်မှုနှင့် နောင်တကို ချန်မေ့လန်အား မပြုံးတပြုံး မျက်နှာထားဖြင့် မဖော်ပြနိုင်မီ သူမ ရုတ်တရက် တစ်ခုခုကို သတိရသွား၏။
“လုကျင်းယွီ၊ ဒီအတိုင်း လွယ်လွယ်ထွက်သွားလို့ရမယ်မထင်နဲ့၊ အိမ်ကို သေချာ သန့်ရှင်းရေး မလုပ်ပေးဘူးဆိုရင် ရှင့်ရဲ့ မွန်တာဂတ်အင်္ကျီကို ကြမ်းတိုက်ဖို့သုံးပစ်မယ်”
ယန်ကျောက်၏စရိုက်အရ သူကိုယ်တိုင် အိမ်ကို သွားရောက်သန့်ရှင်းရေးလုပ်မည်မှာ သေချာသည်။
သို့သော် ချန်မေ့လန်သည် လုကျင်းယွီအား သူ့နှင့် ကျိုးရွှယ်ချင်းတို့၏ သေးခွက်များကို ကိုယ်တိုင်သန့်ရှင်းရေးမလုပ်ခိုင်းပါက မာနကို ရိုက်ချိုးမရနိုင်မှန်း သိထားလေ၏။
ထိုသို့ အော်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် အဘိုးအိုတစ်စုက ဝင်ရောက် ထောက်ခံလိုက်ကြသည်။
“ဒီကောင်စုတ်၊ အခုချက်ချင်း သွားပြီး သန့်ရှင်းရေးလုပ်၊ သေချာ မလုပ်ဘူးဆိုရင် ကြမ်းပြင်ကို လျှာနဲ့လျက်ပြီး သန့်ရှင်းရေးလုပ်ခိုင်းမယ်”
‘အမျိုးသမီး တစ်ယောက်တဲ့လား'
ချန်မေ့လန်၏ အပြုအမူကို အမျိုးသမီး ပီသသေးသည်ဟု ဆိုနိုင်ပါဦးမည်လော။
အဘိုးအိုများ၏ တွန်းထုတ်ခြင်းကို ခံရသော လုကျင်းယွီသည် အပေါ်ယံတွင် ပြုံးနေသော်လည်း ရင်တွင်း၌မူ ကျိန်ဆဲနေလေသည်။
‘ချန်မေ့လန်၊ နင်က မိန်းမကြမ်း တစ်ယောက် သက်သက်ပဲ၊ ယန်ကျောက်လို ကြမ်းတမ်းတဲ့ ယောကျ်ားတောင်မှ နောက်ဆုံးကျရင် နင့်ကိုငြီးငွေ့ပြီး ဖောက်ပြန်လိမ့်မယ်'
ယန်ကျောက်သည် အဘိုးအိုတစ်စုကို ဦးဆောင်ကာ ယန်ရှီရှန်းက ကားမောင်းပေးလျက် ပထမတပ်ဖွဲ့မှအိမ်ကို ပြန်လည်သိမ်းယူရန် ခမ်းနားကြီးကျယ်စွာ ထွက်ခွာသွားကြသည်။
ရှောင်ဝမ်၊ ယွမ်ယွမ်နှင့် အခြားကလေးများမှာမူ ယွမ်ယွမ်၏ပို့စကတ်များကို ပြန်လည်ရယူရန် တစ်အိမ်တက်ဆင်း သွားရောက်တောင်းခံရလေသည်။