← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

🍄 Chapter 179

ချန်မေ့လန်က တုံ့ဆိုင်းစွာဖြင့် အကြံပြုလာ၏။

“ကျွန်မ လက်ထပ်ထားတာ အတော်လေးကြာနေပြီဖြစ်ပေမယ့် အဖေ့ကို တစ်ခါမှ နှုတ်မဆက်ဖူးသေးဘူး၊ ကျွန်မတို့ တစ်ချိန်ချိန်ကျရင် ဖုန်းဆက်သင့်သလား၊

ဒါမှမဟုတ် မြို့တော်ကို သွားလည်သင့်သလား၊ မဟုတ်ရင် သင့်တော်ပုံမရလို့ပါ”

ယန်ကျောက်၏ မှန်သုတ်နေသောလက်များ ရပ်တန့်သွားသည်။

“လက်ထပ်ခဲ့တာက ငါပါ၊ သူ မဟုတ်ဘူး၊ ငါတို့ သူ့ကို ဂရုစိုက်နေစရာမလိုပါဘူး”

ယောက္ခမအဖိုး ယန်ဖေးဟန်သည် ယန်ကျောက် သူမနှင့်လက်ထပ်ခြင်းကို ဆန့်ကျင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဤစကားမှတစ်ဆင့် ချန်မေ့လန် နားလည်လိုက်သည်။

သို့သော် ယန်ကျောက်မှာ စိတ်ဓာတ်ခိုင်မာသူ တစ်ဦးဖြစ်သည်။ သူ မကိုင်တွယ်နိုင်ပါက ဤစိန်ခေါ်မှုကို သူ လက်ခံခဲ့မည်မဟုတ်ပေ။

ချန်မေ့လန် ပြတင်းပေါက်ဘောင်ပေါ်မှ ဖုန်များကို လှည်းကျင်းရန်ပြင်လိုက်စဉ် ရုတ်တရက် ယန်ကျောက်က သူမခေါင်းပေါ်သို့ စက္ကူဦးထုပ်တစ်လုံး ဆောင်းပေးလိုက်သည်။

သူမ၏ဆံပင်များထဲသို့ ဖုန်များမဝင်စေရန် ဖြစ်သည်။ မှန်ထဲတွင် ကြည့်လိုက်သောအခါ သူမကပြောလိုက်၏။

“အို... ဒါကြီးဆောင်းထားရတာ ပြဇာတ်ထဲက ချောင်ချောင်နဲ့ တူနေပြီ”

၎င်းမှာ ဦးထုပ်တစ်ခုတည်းမဟုတ်ဘဲ အပေါ်တွင် သရဖူတစ်ခုပါ ပါရှိသည်။

သူသည် ၎င်းကို အတော်လေးရယ်စရာကောင်းအောင် ခေါက်ထားခဲ့၏။

ယန်ကျောက် မှန်ပြတင်းပေါက်ကိုပိတ်လိုက်ပြီး အပြင်ဘက်မှနေ၍ မေ့လန်ကိုကြည့်လိုက်ကာ သူမ၏မျက်လုံးများကို ရှောင်လွှဲရင်း အသံတိုးတိုးဖြင့် ပြောလိုက်၏။

“မဟုတ်ဘူး၊ မင်းက ကွမ်ရင် (Guanyin - မဟာကရုဏာရှင် ဘုရားအလောင်း) နဲ့တူတယ်”

ချန်မေ့လန်က ပြန်လည် ချေပလိုက်သည်။

“ကျွန်မက ကွမ်ရင်နဲ့ တူတယ်ဆိုရင် ရှင်က ဘာလို့ ကျွန်မကိုမကြည့်တာလဲ”

သူမ အလိုက်သင့် ကွမ်ရင်လက်ဟန်အမူအရာ လုပ်ပြရန်ပြင်လိုက်စဉ် ယောင်းမနှစ်ဦးဖြစ်သော စုန့်ဟွိုင်ဟွာနှင့် လျိုရှောင်ဟုန်တို့ ရောက်လာကြသည်။

ဇနီးမောင်နှံနှစ်ဦးသည် သူတို့၏ နောက်ပြောင်ကျီစယ်မှုများကို ရပ်တန့်လိုက်ပြီး သက်ဆိုင်ရာအလုပ်များကို ပြန်လုပ်ကြလေသည်။

ယန်ကျောက်က အပြင်ဘက်တွင် ဂုဏ်ပြုခံစစ်မှုထမ်းမိသားစုဆိုင်းဘုတ်ကို ချိတ်ဆွဲနေစဉ် ယန်ပင်းသည် ခါးထောက်ကာ ဖြည်းညင်းစွာ လျှောက်လာလေသည်။

သူသည် ယန်ကျောက်၏အရှေ့တွင် တမင်သက်သက် ဟန်ရေးပြကာ ခြေကားယား ရပ်လိုက်၏။

“တတိယညီ၊ မင်း ရှီရှန်းခြံဝင်းထဲမှာ မနေတော့ဘူးလား၊ ဒီကို ပြောင်းလာတော့မလို့လား”

ယန်ကျောက်က ဖြေလိုက်၏။

“ငါ အဲဒီမှာပဲ နေမှာပါ၊ ဒီနေရာက ငါ့အမေကို ပူဇော်ဖို့သက်သက်ပဲ”

သူ၏ အလုပ်ကိုသာ အာရုံစိုက်နေမှုကြောင့် သူသည် အမှားအချို့ကို လုပ်မိခဲ့သည်။

ဥပမာအားဖြင့် သေချာ စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ကျိုးရွှယ်ချင်းကို အိမ်ပေးခဲ့ခြင်းနှင့် ကျိုးရွှယ်ချင်းသည် အိမ်ကို သေချာစောင့်ရှောက်လိမ့်မည်ဟု ယူဆခဲ့ခြင်းတို့ဖြစ်သည်။

သူ့မိခင်နှင့် ကလေးများအပေါ် အပြစ်ရှိသည်ဟု ခံစားနေရသည်။

ယန်ပင်းက သူ့ကို ဤအိမ်တွင် နေထိုင်ရန် တိုက်တွန်းပြီး ယန်ယုံးကမူ ငှားရမ်းရန် အကြံပြုသော်လည်း ယန်ကျောက်က ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။

နောင်တွင် ဤနေရာကို သူ၏ မိခင်အား ပူဇော်ရန်အတွက်သာ အသုံးပြုမည်ဖြစ်သည်။

သူ၏အိတ်ကပ်ထဲမှ ပေဂျာမြည်လာသည်။

သူ ထုတ်ယူကြည့်လိုက်ပြီး ပိတ်လိုက်ကာ ဆိုင်းဘုတ်ကို ဆက်လက်ရိုက်နှက်နေလေသည်။

၎င်းမှာ သာမန်လုပ်ရပ်တစ်ခု ဖြစ်သော်လည်း ယန်ပင်းကို အံ့အားသင့်သွားစေသည်။

“မင်းမှာ ပေဂျာတောင် ရှိနေတာလား”

ယန်ကျောက်က ပေါ့ပေါ့ပါးပါး ဖြေလိုက်၏။

“မေ့လန်ပေးတာ”

‘ဒါ ပေဂျာလေ'

ယန်ပင်းသည် ပေဂျာတစ်လုံး ဝယ်နိုင်ရန်အတွက် ဆေးလိပ်ဖြတ်ကာ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များနှင့် ပေါင်မုန့်ပြားများကို သုံးလနီးပါး ဆက်တိုက်စားခဲ့ရသည်။

သူသည် ပေဂျာကို ခါးတွင် အမြဲ ချိတ်ထားလေ့ရှိပြီး ကြွားဝါရန်အတွက် ဆောင်းရာသီ အအေးဒဏ်ပြင်းထန်ချိန်တွင်ပင် ဝါဂွမ်းအင်္ကျီကို ကြယ်သီးမတပ်ဘဲ ထားလေ့ရှိသည်။

သို့သော် ယန်ကျောက်ကမူ အိတ်ကပ်ထဲတွင်သာ ပေါ့ပေါ့ဆဆ ထည့်ထားသည်လော။

ယန်ပင်းက မေးလိုက်သည်။

“ဘယ်သူ ခေါ်တာလဲ၊ မင်း ဘာလို့ ပြန်မခေါ်တာလဲ”

ယန်ကျောက်က ပြန်ဖြေလိုက်၏။

“တုန်းဖန်အုပ်စုက လျိုမင်လေ၊ ပြည်နယ်ဖြတ်ကျော်အမှုတစ်ခု ရှိလို့ ကွမ်တုံက ရဲဘော်တစ်ယောက်ဆီမှာ သူ့အတွက် စကားကောင်းလေးပြောပေးဖို့ တောင်းဆိုထားတာ၊

ငါ ကူညီပေးပြီးပြီဆိုတော့ ပြန်ခေါ်စရာ မလိုတော့ဘူး၊ သူ လက်ဆောင်ပို့ချင်လို့နေမှာပေါ့၊ ဒါပေမယ့် ငါက လက်ဆောင်မှမယူတာ”

ယန်ပင်း ထပ်မံ အံ့အားသင့်သွားပြန်သည်။

တုန်းဖန်အုပ်စုမှ လျိုမင်ဆိုသည်မှာ ကြီးကျယ်မြင့်မြတ်သည့် သူဌေးကြီးပင်ဖြစ်သည်။

သူ့လိုတစ်ဦးက ယန်ကျောက်ကို အကူအညီ တောင်းရသည်လော။

ယန်ကျောက်က ထိုအကြောင်းကို ပေါ့ပေါ့ပါးပါး ပြောဆိုနေသော်လည်း ယန်ပင်းက ရုတ်တရက် အသံအား တမင်သက်သက်မြှင့်လိုက်သည်။

“မင်းက လျိုမင်ကို တကယ်သိတာလား’,

ယန်ကျောက်က ဂုဏ်ပြုဆိုင်းဘုတ်ကို ဆက်လက်ရိုက်နှက်နေစဉ် ယန်ပင်းက ကျယ်လောင်စွာ ထပ်ပြောလိုက်၏။

“မင်းက တုန်းဖန်အုပ်စုက အတွင်းရေးမှူးလျိုမင်ကို တကယ် သိတာလား၊ တုန်းဖန်အုပ်စုက ဝန်ထမ်းအိမ်ရာတွေ ဆောက်တော့မှာလေ၊

အတွင်းရေးမှူးလျိုက ဖန်ရှန်ထက်ပိုပြီး ပြောရေးဆိုခွင့် ရှိသင့်တာမဟုတ်ဘူးလား၊ နှမြောစရာပဲ၊ ဖန်ရှန်က အဲဒီအလုပ်ကို လုကျင်းယွီကို ပေးလိုက်ပြီ၊ ဟူး...”

ယန်ကျောက် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ နိုင်ငံ့ဝန်ထမ်း တစ်ဦးအနေဖြင့် သူသည် ဥပဒေချိုးဖောက်ခြင်း သို့မဟုတ် ပြစ်မှုကျူးလွန်ခြင်း မရှိသူများကို သိပ်ပြီး ဂရုမစိုက်လှချေ။

အထူးသဖြင့် ဇနီးဟောင်း၏ လက်ရှိ ခင်ပွန်းဖြစ်သူ လုကျင်းယွီကို ပို၍ပင် ဂရုမစိုက်ချေ။

သူ့အိမ်မှ ထွက်သွားသရွေ့ ယန်ကျောက် သူ့ကို သိပ်ပြီး ခေါင်းထဲထည့်နေမည် မဟုတ်ပေ။

သို့သော် မကြာသေးမီက ဤလုကျင်းယွီသည် သူ့ပတ်ဝန်းကျင်၏ စကားဝိုင်းများတွင် အဆက်မပြတ် ပေါ်လာနေလေသည်။

ထိုအချိန်တွင် ချန်မေ့လန်၊ စုန့်ဟွိုင်ဟွာနှင့် လျိုရှောင်ဟုန် ယောင်းမသုံးဦးတို့သည် ခြံဝင်းအတွင်း စကားပြောနေကြသည်။

သူတို့သည်လည်း လုကျင်းယွီ အကြောင်းကို ပြောဆိုနေကြခြင်းဖြစ်သည်။

လျိုရှောင်ဟုန်က သူမ၏ဆံပင်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

“ငါ သူ့ကို ပိုသိလာလေလေ၊ လုကျင်းယွီက အတော်လေး သဘောကောင်းတယ်လို့ ထင်လာလေပဲ၊ သူက ငါ့ကို ဆံပင်တိုတိုလေးကောက်ထားရင် လှမယ်လို့ပြောတယ်၊

ကြည့်ပါဦး၊ ငါ သွားညှပ်ပြီး ကောက်လာတယ်၊ အခု ပိုကြည့်ကောင်းမနေဘူးလား”

တကယ်တမ်းတွင် ဆံပင်တိုတိုလေးက သူမကို ပို၍ အသက်ကြီးပုံပေါက်စေသည်။

စုန့်ဟွိုင်ဟွာကလည်း ဝင်ပြောသည်။

“လုကျင်းယွီက တကယ် မဆိုးပါဘူး၊ မျှမျှတတပြောရရင် ကျိုးရွှယ်ချင်း အမြင်ကျယ်တယ်၊ သူ ဒီမှာ နေတုန်းက မနက်တိုင်း ငါ့ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်တတ်တယ်၊

သူ ရွှယ်ချင်းနဲ့ စကားပြောနေတာ ငါကြားဖူးတယ်၊ သူ ဇနီးအကြောင်း ဘယ်တော့မှ မကောင်းမပြောဘူး၊

သူက သတိထားတတ်ပြီး ရွှယ်ချင်းက ယန်ကွမ်ရွာမှာ အထောက်အကူအပေးနိုင်ဆုံး ဇနီးပဲလို့ မကြာခဏ ချီးကျူးတတ်တယ်၊

ရွှယ်ချင်း တောင်ပိုင်းကို ထွက်သွားတုန်းကလည်း သွားရင်းနဲ့ အနောက်ကို ဆက်တိုက်လှည့်ကြည့်နေသေးတယ်”

လုကျင်းယွီသည် လျှာသွက်ပြီး စကားပြောကောင်းကာ အမျိုးသမီးများ၏ တကယ့်မိတ်ဆွေစစ်ပင်ဖြစ်သည်။

…

ယခင်က သူ မေ့လန်ကို ချီးကျူးသောအခါ “အမျိုးသမီးတွေက ငါတို့မေ့လန်လို ဖြစ်သင့်တယ်၊ ရိုးရှင်းပြီး အလှအပ မက်မောမှု မရှိဘူး၊ အလုပ်ကြိုးစားတယ်၊ ဆင်းရဲဒုက္ခတွေကို ခံနိုင်ရည်ရှိတယ်” ဟု ပြောလေ့ရှိသည်။

“ငါ့မေ့လန်လို အမျိုးသမီးမျိုးက တကယ့်မိန်းမကောင်းပဲ၊ ယောကျ်ားရဲ့ပိုက်ဆံတွေကို ဝင်မစွက်ဖက်ဘူး၊ သူ ဘယ်သွားလဲဆိုတာကိုလည်း မမေးဘူး၊ အမြင်ကျယ်တယ်၊ အသိဉာဏ်ရှိတယ်၊ ရင်ထဲကနေ လေးစားမှုကိုရရှိတယ်”

“ငါ့မေ့လန်က အပြစ်တင်စရာ မရှိဘူး၊ အဖျားကြီးနေတာတောင် ငါတို့အတွက် ထမင်းချက်ဖို့ ထလာသေးတယ်၊ တကယ့် ဇနီးကောင်းပဲ၊ ဇနီးကောင်းပဲ” ဟု ပြောလေ့ရှိသည်။

ထိုကဲ့သို့သော စကားများကို ပြောဆိုနေစဉ်တွင် သူ့တင်ပါးမှာ ဆိုဖာပေါ်တွင် ကပ်နေသကဲ့သို့ တစ်လက်မမျှပင် မရွေ့လျားဘဲ အပြင်းအထန်ဖျားနာနေသော ချန်မေ့လန် ချက်ပြုတ်ပေးသည့် အစားအစာများကို သူ ရထိုက်သည့်အရာတစ်ခုပမာ စားသောက်နေလေ့ရှိသည်။

All Chapters