အခန်း ၄၆၄
Vol. 40 Ch. 464
အခန်း (၄၆၄) နောက်ဆုံး ကိုယ်ပွား
မာတမ်၏ ကိုယ်ပိုင်အတ္တ ကိုယ်ပွားသည် အလွန် ကျေနပ်နေခဲ့လေ၏။
ယခုလက်ရှိ မာတမ်သည်သာ အစစ်အမှန် မာတမ် ဖြစ်ပေသည်။
ဤနေ့ရက်ကို သူ မည်မျှကြာအောင် စောင့်ဆိုင်းခဲ့ရသနည်း။
မာတမ်က လွင်တီးခေါင်ပြင်သို့ ဝင်ရောက်လာပြီး သူ၏ ကိုယ်ပွား ပါရမီကို ရှာဖွေတွေ့ရှိခဲ့သည့် အချိန်ကတည်းက ဖြစ်သည်။
ပထမဆုံး ခွဲထွက်လာသည့် ကိုယ်ပွားဖြစ်သော်ငြား ကိုယ်ပိုင်အတ္တကို အဆုံးစွန် ဝှက်ဖဲတစ်ခုအဖြစ် သူ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် အမြဲတမ်း ဖုံးကွယ်ထားခဲ့လေ၏။
ဤနေ့ရက်ကို သူ အမြဲတမ်း မျှော်လင့်တောင့်တနေခဲ့ခြင်း ဖြစ်ပေသည်။
ယခုအခါတွင်တော့ သူသည်သာ မာတမ် ဖြစ်နေချေပြီ။
ရထား၏ စက်ခေါင်းတွဲ အတွင်း၌။
ကမ္ဘာကြီးကို ရထားတွဲအဖြစ် အသုံးပြုထားရာမှ စွန့်ပစ်လိုက်ပြီးနောက် အရှိန်အဟုန်ဖြင့် ပြေးဆွဲနေခဲ့လေသည်။
"ဟားဟားဟား... အဲဒီ ငကြောင် ပင်မခန္ဓာကိုယ်က အစစ်အမှန် နတ်ဘုရားတစ်ပါးအဖြစ် ဟန်ဆောင်ပြီး ဟိုယိုယွင်းပျက်စီးနေတဲ့ ကမ္ဘာကြီးထဲမှာ နှစ်ပေါင်းများစွာ နေထိုင်နေခဲ့တာ။ တကယ့် သတ္တိကြောင်တဲ့ကောင်ပဲ"
"ဒါပေမဲ့ အခုတော့ ကိစ္စမရှိတော့ပါဘူး။ ငါက အစစ်အမှန် မာတမ် ဖြစ်သွားပြီလေ။ မြို့တစ်မြို့ကို ရှာပြီး ရထားတွဲ နည်းနည်းဝယ် အရာအားလုံးကို အစကနေ ပြန်စပြီး အကန့်အသတ်ကျော်လွန်သူရဲ့ စွမ်းအားတွေကို ဖြည်းဖြည်းချင်း ပြန်ယူရုံပဲ"
"အဲဒီအချိန်ကျရင် ငါက အစွမ်းအထက်ဆုံး ရထားမောင်းနှင်သူ ဖြစ်လာတော့မှာပဲ။ ဟားဟားဟားဟားဟား"
မာတမ်က ရူးသွပ်စွာ ရယ်မောလိုက်လေ၏။ ကိုယ်ပိုင်အတ္တ ကိုယ်ပွားဖြစ်သည့်အားလျော်စွာ သူသည်သာ ပါရမီကို ဆက်ခံရရှိခဲ့သည့် တစ်ဦးတည်းသော သူလည်း ဖြစ်ပေသည်။
ပင်မခန္ဓာကိုယ် သေဆုံးသွားပြီးနောက် သူက ကိုယ်ပွားအသစ်များကို ထပ်မံ ဖန်တီးနိုင်လာခဲ့သည်။
သို့သော်လည်း သူကိုယ်တိုင်ပင် သတိပေး သင်ခန်းစာတစ်ခု ဖြစ်နေခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့် နောက်ထပ် ကိုယ်ပိုင်အတ္တ ကိုယ်ပွားတစ်ခုကို ထပ်မံ ဖန်တီးရန် သူ့တွင် ရည်ရွယ်ချက် မရှိတော့ချေ။
"ပြီးတော့ ဟို ရထားမောင်းနှင်သူဆိုတဲ့ကောင်က အခုချိန်ဆို အဲဒီတံခါးထဲက ထွက်လာတဲ့ မကောင်းဆိုးဝါးတွေရဲ့ ပါးစပ်ထဲမှာ သေလောက်ပြီမလား"
"နှမြောစရာပဲ၊ သူ့ဆီမှာရှိတဲ့ အစွမ်းထက် ပစ္စည်းအများစုကို ငါ ရနိုင်တော့မှာ မဟုတ်ဘူး"
"အကယ်၍ အဲဒီ ပလက်ဖောင်းကမ္ဘာကို နောက်တစ်ကြိမ် သွားဖို့ အခွင့်အရေးများ ရခဲ့ရင်..."
"ဟင်... ဘာအသံလဲ"
"ချွင်"
သံကြိုး ချသံများ ထွက်ပေါ်လာလေသည်။
မာတမ်က ဇဝေဇဝါဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ အနောက်ဘက်တွင် မှောင်မိုက်သော ရွှေရောင် သံကြိုးတစ်ချောင်းက လေဟာနယ်ထဲမှ ဆက်တိုက် ဆန့်ထွက်လာနေသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရလေ၏။
"ဘာသောက်ချိုးလဲ။ သောက်ကျိုးနည်း။ ငါ့အနား မလာခဲ့နဲ့"
သူက ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း သံကြိုးများက သူ့ကို ချက်ချင်း ရစ်ပတ်ချည်နှောင်သွားလေတော့သည်။
"အား"
သံကြိုးများက တင်းကျပ်သွားရာ သူ၏ ခန္ဓာကိုယ်မှာ လက်တစ်လုံးမျှပင် လှုပ်ရှား၍ မရနိုင်တော့ချေ။
သူက ထိုလေဟာနယ်ဆီသို့ အတင်းအကျပ် ဆွဲခေါ်ခြင်း ခံလိုက်ရလေသည်။
"ဟင့်အင်း... မလုပ်နဲ့။ သောက်ကျိုးနည်း... ငါ့ကို လွှတ်စမ်း"
သူက အစွမ်းကုန် ရုန်းကန်လိုက်သော်လည်း အချည်းနှီးသာ ဖြစ်၏။ သူ၏ ခန္ဓာကိုယ်က ထိုလေဟာနယ်ကို ဖြတ်သန်းသွားသည်ကိုသာ သူ ကြည့်နေနိုင်တော့သည်။
"ကိုယ်ပွား၊ ကိုယ်ပွား။ ဘာလို့လဲ။ ငါ့ပါရမီကို ဘာလို့ သုံးလို့မရတာလဲ"
"ငါ့ကို လွှတ်၊ ငါ့ကို လွှတ်စမ်း"
"အား"
စက်ခေါင်းတွဲ အတွင်းမှ သူ၏ နောက်ဆုံး အော်ဟစ်သံနှင့်အတူ...
မာတမ်သည် လွင်တီးခေါင်ပြင်မှ ထွက်ခွာသွားခဲ့လေပြီ။
ယခုအခါ ရထားမောင်းနှင်သူ မရှိတော့သော ဤရထားကြီးသည် တစ်နေ့တွင် ပလက်ဖောင်းတစ်ခုခုဆီသို့ ဝင်ရောက်သွားကာ ထိုနေရာ၌ ထာဝရ ရပ်တန့်နေတော့မည် ဖြစ်ပေသည်။
နက်ဖီလင်မ်၏ ခြံဝင်း။
ချွင်။
မာတမ် မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူ မြင်တွေ့လိုက်ရသည်မှာ နဂါးကြီး၏ ခေါင်းပေါ်တွင် ရပ်နေကာ သူ့ကို အပြုံးလေးဖြင့် စိုက်ကြည့်နေသော လူငယ်တစ်ဦးပင် ဖြစ်၏။
ဤလူငယ်ကို သူ သိပေသည်။
"ယိုး... မတွေ့ရတာ ကြာပြီနော်"
"မင်း...။ ဘာလို့လဲ။ မင်းက ဘာလို့ အသက်ရှင်နေသေးတာလဲ"
ရဲချီယန်က သူ၏ မေးစေ့ကို ပွတ်သပ်ရင်း မေးခွန်းကို သေချာစွာ စဉ်းစားဟန်ပြလိုက်လေသည်။
"ငါ မသေသေးလို့ အသက်ရှင်နေသေးတာပေါ့။ အဲဒီ အဖြေဆိုရင်ရော ဘယ်လိုလဲ"
"ဟင့်အင်း၊ မဖြစ်နိုင်ဘူး။ အဲဒီတံခါးထဲက အရာတွေက မင်းကို ဘယ်လိုလုပ် မသတ်ဘဲနေမှာလဲ"
မာတမ်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ပြီး ပိတ်ထားပြီးဖြစ်သော သစ်သားတံခါးအဟောင်းကြီးကို မြင်တွေ့သွားသည့်တိုင်အောင် ပတ်ဝန်းကျင်ကို လိုက်လံ ကြည့်ရှုနေခဲ့လေ၏။
"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ ငါ သေချာပေါက် လုပ်ခဲ့တာလေ..."
"ကောင်းပြီ၊ မင်းကို မေးစရာ မေးခွန်းနည်းနည်း ရှိတယ်။ အဲဒါတွေပြီးရင်တော့ မင်းရဲ့ ပင်မခန္ဓာကိုယ်ဆီ သွားဖို့ အချိန်တန်ပြီပဲ"
"မင်းကကွာ...။ ငါက ဘာလို့ ပြန်သွားရမှာလဲ..."
"ပထမ မေးခွန်း"
ရဲချီယန်က မာတမ်၏ စကားကို ဖြတ်ပြောလိုက်သည်။
"မင်း၊ ဒါမှမဟုတ် မင်းရဲ့ ပင်မခန္ဓာကိုယ်က အဲဒီတံခါးကို ဘယ်ကနေ ရခဲ့တာလဲ"
ပုန်ကန်မှု × ဖြားယောင်းသွေးဆောင်ခြင်း။
နတ်ဆိုး၏ တီးတိုးရေရွတ်သံကြောင့် မာတမ်က သူ၏ ပါးစပ်ကို မထိန်းချုပ်နိုင်ဘဲ ဖွင့်ဟလိုက်ရလေတော့၏။
"အဲဒါ... အဲဒါက အဆင့် ၁၁ ပလက်ဖောင်းကမ္ဘာ တစ်ခုမှာပါ။ အဲဒါက ပင်မခန္ဓာကိုယ် ပထမဆုံး ဝင်ရောက်ခဲ့တဲ့ အဆင့် ၁၁ ကမ္ဘာပဲ"
"အဲဒီနေရာမှာပဲ သူ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီး စိတ်ပျက်သွားကာ အဆင့်မြင့် ပလက်ဖောင်းတွေကို ဆက်မဝင်ရဲတော့တာပါ"
"အဆင့် ၁၁ ပလက်ဖောင်းကမ္ဘာမှာ အဆင့် ၁၂ ပစ္စည်းတွေ ရှိနေတယ်ပေါ့။ ဒါ့အပြင် သူက အဆင့် ၁၁ ကမ္ဘာတွေကို မဝင်ဘဲ ဘယ်လိုလုပ် နေနိုင်ခဲ့တာလဲ"
"ဒီလိုကိစ္စမျိုးကို မင်းက ဘယ်လိုလုပ် မသိတာလဲ။ မင်းက ဒီလောက် အစွမ်းထက်နေတာကိုများ"
"မေးတာကိုပဲ ဖြေစမ်းပါ။ မင်းက မေးခွန်းထုတ်ဖို့ ဒီကို ရောက်နေတာ မဟုတ်ဘူး"
မာတမ်က နာကျင်မှု တစ်ချက်ကို ခံစားလိုက်ရလေသည်။
"မော်ဂျူးတစ်ခုလေ။ အဲဒါက ရထား မော်ဂျူးတစ်ခုပဲ။ ရထား အဆင့် ၄၀ ရောက်ရင် ဒီမော်ဂျူး ရွေးချယ်စရာက သေချာပေါက် ပါလာလိမ့်မယ်။ မင်းက ရထားဒင်္ဂါး အမြောက်အမြား အကုန်အကျခံပြီး နောက်မှတ်တိုင်က အဆင့် ၈ ကနေ ၁၂ အတွင်း ဘယ်အဆင့် ဖြစ်မလဲဆိုတာကို ရွေးချယ်နိုင်တယ်လေ"
ဒါက ယုတ္တိတန်ပေသည်။ မည်သို့ပင်ဆိုစေကာမူ အဆင့်မြင့် ရထားမောင်းနှင်သူ တိုင်းက ပိုမိုမြင့်မားသော ပလက်ဖောင်းကမ္ဘာများကို ရှင်းလင်းနိုင်စွမ်း ရှိကြသည်မှ မဟုတ်ဘဲ။
ဤနက်ဖီလင်မ်၏ ခြံဝင်း ကဲ့သို့ပင်။
အကယ်၍ အားနည်းသော သူတစ်ဦးသာ ရောက်လာခဲ့ပါက နက်ဖီလင်မ်ကို ယူဆောင်ပြီး ရထားဖြင့် ချက်ချင်း ထွက်ပြေးသွားလောက်ပေသည်။
အဆင့်မြင့် ရထားမောင်းနှင်သူ များစွာသည် ထိုအမှတ်သို့ရောက်၍ ထိုမော်ဂျူးကို ရရှိပြီးနောက်တွင် အနိမ့်ဆုံးဖြစ်သော အဆင့် ၈ ပလက်ဖောင်းကမ္ဘာကိုသာ ရွေးချယ်ကြကောင်း ရွေးချယ်ပေလိမ့်မည်။
"နောက်မေးခွန်း၊ မင်း လွင်တီးခေါင်ပြင်ထဲကို ဘယ်တုန်းက ဝင်ရောက်လာခဲ့တာလဲ"
"လွန်ခဲ့တဲ့... လွန်ခဲ့တဲ့ လေးဆယ့်နှစ်နှစ်က..."
ဟင်။
ရဲချီယန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
ရှာယာက လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က လွင်တီးခေါင်ပြင်သို့ ဝင်ရောက်ခဲ့ပြီး ၎င်းမတိုင်မီက ရထားမောင်းနှင်သူများကို တွေ့ရခဲသည်ဟု ပြောခဲ့ဖူးကြောင်း သူ မှတ်မိနေခဲ့၏။
"ဒါဆိုရင် နောက်ဆုံး တစ်ခု၊ အကန့်အသတ်ကျော်လွန်သူရဲ့ စွမ်းအားကို ရဖို့အတွက် ဒီကမ္ဘာမှာ မင်း ဘာတွေ တိတိကျကျ လုပ်ခဲ့တာလဲ"
မာတမ်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားလေသည်။
သူ၏ အသိစိတ်က အလွန် ရှင်းလင်းနေပြီး ဤမေးခွန်းကို ဖြေလိုက်ပါက သူ သေရမည်ကို သိနေခဲ့၏။
သို့သော် နတ်ဆိုး၏ တီးတိုးရေရွတ်သံက သူ့ကို ငြင်းဆန်နိုင်စွမ်း မရှိစေဘဲ လိမ်ညာ၍မရအောင် ပြုလုပ်ထားလေသည်။
"ဆေးတောင့်တစ်ခုပါ။ အဲဒါကလည်း သူ အဲဒီ အဆင့် ၁၁ ပလက်ဖောင်းကမ္ဘာကနေ ရလာခဲ့တဲ့ အရာတစ်ခုပဲ။ အဲဒီအရာကို စားပြီးနောက်မှာ သူ့ရဲ့ ကိုယ်ပွား ပါရမီက အပြောင်းအလဲတချို့ ဖြစ်ပေါ်သွားခဲ့တယ်"
"ဒီကမ္ဘာမှာ သူက နက်ဖီလင်မ်ရဲ့ မသေနိုင်သော မီးတောက်များကို ယူဆောင်ပြီး သူ့ရဲ့ အသက်ကို သူ့ရဲ့ ယုံကြည်သူတွေ အားလုံးဆီ လွှဲပြောင်းပေးခဲ့တယ်။ ပြီးတော့ လူတချို့ကို သူ့ကို ပြန်လည်ပုန်ကန်အောင် အမြဲတမ်း ခြယ်လှယ်ခြင်းအားဖြင့် သူက သူ့ကိုယ်သူ သက်စောင့်စွမ်းအင်တွေ ဆက်တိုက် ထောက်ပံ့ပေးနေခဲ့တာပါ"
"အဲဒီနောက်မှ သူက အကန့်အသတ်ကျော်လွန်သူ တစ်ယောက်ရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို သီသီလေး ရရှိနိုင်ခဲ့ပြီး အဲဒီဆေးတောင့်ထဲမှာ ပါဝင်တဲ့ လွင်တီးခေါင်ပြင် နတ်ဘုရားစွမ်းအင်ကို အသက်သွင်းနိုင်ခဲ့တာပါ"
ထိုသို့ကိုး။
အိုင်ရှာလာ ဟု အမည်ရသော ကြောင်မလေးက ရုတ်တရက် သစ္စာဖောက်သွားသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
သူမသည် မာတမ် ရွေးချယ်ပြီး တမင်သက်သက် ပျိုးထောင်ထားခဲ့သော ပုန်ကန်သူ ဖြစ်နေခဲ့လေသည်။
"မျက်ရည်နီ"
ထိုမျှဆိုလျှင် မေးခွန်းအားလုံး ပြီးဆုံးသွားချေပြီ။
မာတမ်က ဒူးထောက် လျှောကျသွားလေ၏။
"ဟင့်အင်း၊ တောင်းပန်ပါတယ်။ အဲဒါတွေ အားလုံး လုပ်ခဲ့တာက ပင်မခန္ဓာကိုယ်ပါ၊ ငါ မဟုတ်ဘူး။ ငါက ကိုယ်ပွားလေး သက်သက်ပါ၊ ငါက..."
"ဝှစ်"
ဓားတစ်လက် ကျဆင်းလာခဲ့သည်။
မာတမ်၏ အသိစိတ်မှာ အမှောင်ထုထဲသို့ ထိုးကျသွားလေတော့၏။
"ဝုန်း"
လေက ပြင်းထန်နေဆဲ ဖြစ်သည်။
မိုးကလည်း မတိတ်သေးချေ။
မျက်ရည်နီ၏ မိုးရေများက မြေပြင်ပေါ်ရှိ သွေးများကို ဆေးကြောပစ်လိုက်လေ၏။
နတ်ဆိုးမလေးနှင့် အိမ်စေမလေးတို့က သူ၏ တစ်ဖက်တစ်ချက်စီတွင် ရပ်ကာ သူ့အတွက် ထီးမိုးပေးထားကြသည်။
သူ၏ ခြေအောက်ရှိ အကန့်အသတ်ကျော်လွန် နဂါးမှာ မူလပုံစံသို့ ပြန်လည် ရောက်ရှိသွားလေသည်။
ဤမှတ်တိုင်မှာ အပြည့်အဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
"အဆင့် ၉ ပလက်ဖောင်းတစ်ခုမှာ ဖြစ်ပျက်တဲ့ ကိစ္စတွေက အဆင့် ၈ ထက် အများကြီး ပိုပြင်းထန်တာ အမှန်ပဲ"
"ဒါပေမဲ့ ရလာတဲ့ အကျိုးအမြတ်တွေကလည်း တော်တော်လေး များပြားပါတယ်"
ရဲချီယန်က လူပျင်းကြောဆန့်လိုက်ကာ ညာဘက် လက်ညှိုးဖြင့် လေထဲတွင် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်လေ၏။
ကတ်ပြား အစီအစဉ် များ အားလုံး လေဟာနယ် ကတ်ပြား သိုလှောင်ရုံ ထဲသို့ ပြန်လည် ဝင်ရောက်သွားကြသည်။
သူက အမြင့်တွင် ရပ်နေကာ လုံးဝ အပျက်အစီးများအဖြစ် ပြောင်းလဲသွားသော မြို့တော်ကို ကြည့်ရင်း ခေါင်းခါမ်းလိုက်လေသည်။
"နောက်ထပ်လုပ်ရမှာကတော့ ဝေါလီကို စောင့်ဖို့ပဲ"