အခန်း ၂၁
Vol. 3 Ch. 21
အခန်း ၂၁ အနက်ရောင်ဝတ်စုံနှင့် လူ
ဖုန်းတစ်ဖက်ခြမ်းမှ မိုနာက ရှင်းပြလာသည်။
"ကရိတ် တစ်ယောက် သူ့ရည်းစားနဲ့ တစ်ညလုံး အတူတူရှိနေခဲ့တာ အမှန်ပဲ... လုံခြုံရေးကင်မရာ မှတ်တမ်းတွေအရ သူက ရည်းစားဖြစ်သူရဲ့ တိုက်ခန်းထဲကို ဝင်သွားပြီးတဲ့နောက် တစ်ညလုံး အပြင်ကို ထွက်မလာတော့ဘူး... ဒီမနက် ရှစ်နာရီကျော် အလုပ်သွားတဲ့ အချိန်ကျမှပဲ အပြင်ထွက်လာတာ..."
"ကောင်းပြီ..."
ရိုအန်က ခေါင်းညိတ်ကာ ဖုန်းချလိုက်သည်။ ထို့နောက် လက်ထိတ်ခတ်ခံထားရလျက် ကုတင်ပေါ်တွင် ထိုင်ကာ မိမိကို စိုးရိမ်တကြီး ကြည့်နေသော ကရိတ် ဘက်သို့ လှည့်ကြည့်လိုက်ပြီး စက္ကန့်အနည်းငယ်မျှ စဉ်းစားကာ ဆက်လက် မေးမြန်းလိုက်သည်။
"ကာလစ္စတာ က ဖုန်းတစ်ကော ဝင်လာတာနဲ့ ချက်ချင်း ထွက်သွားတယ်လို့ မင်း စောစောက ပြောတယ်နော်... ဖုန်းထဲကနေ ဘာတွေပြောနေလဲ ဆိုတာကို မင်း ကြားလိုက်ရသေးလား..."
"မကြားလိုက်ရပါဘူး..."
ရိုအန် ဖုန်းပြောပြီးနောက် မိမိအပေါ် ဆက်ဆံရေး အနည်းငယ် ကောင်းမွန်လာသည်ကို မြင်သောအခါ ကရိတ် တစ်ယောက် သက်ပြင်းချနိုင်သွားပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။
"ဖုန်းမလာခင်က ကျွန်တော်တို့ နှစ်ယောက်လုံး ကုတင်ပေါ်မှာ ရှိနေကြတာ... ဖုန်းမြည်လာတော့ ကာလစ္စတာ က အိပ်ခန်းထဲကနေ ထွက်သွားတယ်... ကျွန်တော်ကတော့ ကုတင်ပေါ်မှာပဲ ဆက်လှဲနေလိုက်တာဆိုတော့ ဖုန်းထဲက ပြောသံတွေကို သေချာ မကြားလိုက်ရဘူး... ကာလစ္စတာ ဖုန်းကိုင်ပြီး ဆဲဆိုနေတာလောက်ပဲ ကြားလိုက်ရတာ..."
"ကောင်းပြီ..."
အခန်းထဲသို့ ပြန်လည် ဝင်ရောက်လာသော လေစီက ထိုအချက်အလက်များကို မှတ်စုစာအုပ်ပေါ်တွင် ရေးမှတ်လိုက်သည်။ ရိုအန်က ခေတ္တမျှ စဉ်းစားခန်း ဝင်နေပြီးနောက် ရုတ်တရက် ခေါင်းမော့ကာ မေးလိုက်သည်။
"စောစောက ငါ့အသင်းဖော် မင်းကို လှမ်းခေါ်လိုက်တုန်းက ဘာဖြစ်လို့ လှည့်ပြေးသွားတာလဲ..."
"အာ..."
ကရိတ် တစ်ယောက် တွေဝေသွားသည်ကို မြင်လိုက်ရသောအခါ ရိုအန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက ခါးကြားမှ အခြား လက်ထိတ်တစ်စုံကို ထုတ်ယူကာ လှုပ်ယမ်းပြလိုက်သည်။
"သေချာ စဉ်းစားပြီးမှ ဖြေပါ... ဖက်ဒရယ် စုံထောက်ကို လိမ်ညာတာက ကြီးလေးတဲ့ ပြစ်မှုနော်..."
ဘေးတွင် ရပ်နေသော လေစီမှာ ထိုစကားကို ကြားလိုက်ရသဖြင့် မျက်လုံးထောင့်များ တဆတ်ဆတ် တုန်ရီသွားတော့သည်။
"ဟုတ်ပါပြီ... ခင်ဗျားတို့ကို ကာလစ္စတာ က ကျွန်တော့်ကို ဖမ်းဖို့ လွှတ်လိုက်တဲ့သူတွေလို့ ထင်သွားလို့ပါ..."
ကရိတ် က စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် အမှန်အတိုင်း ပြောပြရန်သာ ရွေးချယ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ စုံထောက်များ၏ ပစ်မှတ်က မိမိမဟုတ်ကြောင်း သိနေသဖြင့် တိုက်ရိုက်ပင် ဖွင့်ပြောလိုက်သည်။
"အရင်တုန်းက ကာလစ္စတာ နဲ့ ပျော်ပါးနေတဲ့ အချိန်မှာ အိပ်ခန်း ထောင့်တစ်နေရာကနေ ကင်မရာအသေးစားလေး တစ်လုံး တပ်ထားခဲ့တယ်... ကျွန်တော်တို့ကြားက အချစ်မှတ်တမ်း ဗီဒီယိုလေးတွေ ရိုက်ထားပြီး နောက်ကျရင် ပြန်ကြည့်ဖို့ပါ..."
လေစီ၏ မျက်နှာပေါ်တွင် အလွန် အထင်သေး ရွံရှာဖွယ်ကောင်းသော အမူအရာများ ပေါ်လွင်လာသည်။
"နောက်ကျရင် အဲ့ဒီဗီဒီယိုနဲ့ ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းဖို့ စီစဉ်ထားတာမလား..."
"ခင်ဗျား ထင်သလို တွေးလို့ ရပါတယ်..."
ကရိတ် က ပခုံးတွန့်ပြလိုက်သည်။ လောလောဆယ်တွင် သူက တစ်ဖက်လူကို မည်သို့မျှ ခြိမ်းခြောက်ထားခြင်း မရှိသေးသဖြင့် တရားစွဲခံရလျှင်ပင် ငွေဒဏ် အနည်းငယ်လောက်သာ ကျခံရမည် ဖြစ်သည်။
ကရိတ် ၏ စကားကို ကြားလိုက်ရသောအခါ ရိုအန်က တစ်စုံတစ်ခုကို သတိထားမိသွားဟန်ဖြင့် နားမလည်စွာ မေးမြန်းလိုက်သည်။
"မင်း တပ်ထားတဲ့ ကင်မရာက ဘယ်မှာလဲ... ငါတို့ စုံထောက်တွေက စံအိမ်ထဲက အခန်းတိုင်းကို သေချာ ရှာဖွေပြီးပြီ... အထူးသဖြင့် အိပ်ခန်းကိုပေါ့... မင်းရဲ့ ကင်မရာကို ရှာမတွေ့စရာ အကြောင်း လုံးဝ မရှိဘူး..."
"စံအိမ် ဟုတ်လား..."
ကရိတ် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
"ကာလစ္စတာ ရဲ့ အိမ်က အောက်ဘက် ရပ်ကွက်ဖြစ်တဲ့ လစ်ဗင်တန် မှာလေ... အဲ့ဒီနေရာမှာ စံအိမ်မှ မရှိတာ..."
"ငါတော့ လူချမ်းသာတွေကို တကယ် မုန်းတာပဲ..."
အောက်ဘက် လစ်ဗင်တန် ရပ်ကွက်သို့ ရောက်ရှိချိန်တွင် လေစီက အက်စ်ယူဗီ ကားပေါ်မှ ဆင်းလာသည်။ သူမ မျက်စိရှေ့ရှိ သီးသန့် တိုက်ခန်းကြီးကို ကြည့်ရင်း သက်ပြင်းချလိုက်ကာ ဘေးနားရှိ ရိုအန်ကို ပြောလိုက်သည်။
"အထူးသဖြင့် နေရာတိုင်းမှာ အိမ်တွေ ဝယ်ထားတတ်တဲ့ လူချမ်းသာတွေကို ပိုမုန်းတာ..."
"ကောင်းတဲ့ဘက်ကနေ တွေးကြည့်ပါ လေစီ..."
ရိုအန်က ဂလော့ခ် ဆယ့်ရှစ် သေနတ်ကို ထုတ်ယူကာ ပြောင်းဝကို အောက်သို့ စိုက်ထားလျက် တိုက်ခန်း တံခါးမကြီးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
"ဒီလို လူချမ်းသာတွေကို ကယ်တင်နိုင်ရင် ငါတို့ ရမယ့် ကျေးဇူးတင် ဆုငွေကလည်း ပိုများလာမှာလေ..."
"အဓိပ္ပာယ် ရှိသားပဲ..."
လေစီက ခေါင်းညိတ် ထောက်ခံလိုက်သည်။ အက်ဖ်ဘီအိုင် ၏ လစာက ထိုမျှသာ ရှိလေသည်။ အမှုဖော်ထုတ်ပြီးပါက ရရှိမည့် ဆုကြေးငွေများ၊ သို့မဟုတ် နစ်နာသူများဘက်မှ ပေးအပ်မည့် ကျေးဇူးတင် ဆုငွေများသာ မရှိပါက ထိုလစာလေးဖြင့် အပြင်ဘက် အရက်ဘားများတွင် အဝတ်အစားချွတ် ကပြပြီး ငွေရှာရသည်ကမှ ပို၍ အဆင်ပြေဦးမည် ဖြစ်သည်။
ထိုသူနှစ်ဦးက တိုက်ခန်း တံခါးမကြီး၏ ဘယ်ညာ တစ်ဖက်တစ်ချက်စီတွင် ရပ်လိုက်ကြပြီး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ရိုအန်က လက်ချောင်းများဖြင့် သုံး၊ နှစ်၊ တစ် ဟု ရေတွက် အချက်ပြလိုက်ပြီးနောက် တံခါးကို ခြေထောက်ဖြင့် အားကုန် ကန်ဖွင့်ကာ အထဲသို့ ပြေးဝင်သွားတော့သည်။
"အက်ဖ်ဘီအိုင်... တံခါးဖွင့်စမ်း..."
အသံကုန် ဟစ်အော်လိုက်ပြီးနောက် ရိုအန်က ဂလော့ခ် ဆယ့်ရှစ် သေနတ်ကို ကိုင်ဆောင်ကာ တိုက်ခန်းအတွင်းရှိ ပထမဆုံး အခန်းကို သေချာစွာ စတင် ဝင်ရောက် ရှာဖွေလေသည်။
အတိတ်ဘဝက အလေ့အထများကြောင့်လားတော့ မသိပေ။ ရိုအန် တစ်ယောက် ယခုနောက်ပိုင်းတွင် ဤကဲ့သို့ အော်ဟစ် ဝင်ရောက်ရခြင်းကို ပို၍ သဘောကျလာတော့သည်။
"ရှင်းတယ်..."
"ရှင်းတယ်..."
တိုက်ခန်းအတွင်းရှိ အခန်းများ အားလုံးတွင် လူသူအရိပ်အယောင် လုံးဝ မရှိပေ။ လုံခြုံရေး အခြေအနေကို အတည်ပြုပြီးနောက် ရိုအန်က အိပ်ခန်းထဲသို့ ဝင်သွားကာ ကရိတ် ပြောပြသော စာအုပ်စင် နောက်ကွယ်မှ ကင်မရာလေး တစ်လုံးကို ထုတ်ယူလိုက်သည်။
ကင်မရာလေးက အချိန်ပြည့် အလုပ်လုပ်နေဆဲ ဖြစ်သဖြင့် ရိုအန် ကိုင်တွယ်လိုက်ချိန်တွင် အနည်းငယ် ပူနွေးနေကြောင်း ခံစားလိုက်ရသည်။
"ကြည့်ရတာ ဒီတိုက်ခန်းက ဆာဘီနာ အပြင်ထွက် ပျော်ပါးတဲ့ အချိန်တိုင်း အသုံးပြုတဲ့ ယာယီ အိမ်လေး ဖြစ်မယ်..."
လေစီက အိပ်ခန်းထဲတွင် မွှေနှောက် ရှာဖွေကြည့်ရာ ကုတင်အောက်မှ ကစားစရာ သေတ္တာ တစ်လုံးကို တွေ့ရှိသွားသည်။ တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ခြေထောက်ဖြင့် ပြန်ကန်သွင်းလိုက်ကာ ခေါင်းစောင်းပြီး နှုတ်ခမ်းမဲ့လျက် ဆိုသည်။
"သူနဲ့ ဒါရင်း တို့ရဲ့ အိမ်ထောင်ရေးက ဘာလို့များ ဆက်ပြီး တည်ရှိနေသေးတာလဲ ဆိုတာကို နားမလည်နိုင်အောင် ဖြစ်ရတယ်..."
"ဒါရင်း ကိုယ်တိုင် ပြောခဲ့တယ်မလား... သူက အဲ့ဒီယောကျ်ားနဲ့ အပျော်သဘော တွဲရုံသက်သက်ပါ... ဆာဘီနာ့ကိုတော့ တကယ် ချစ်ပါတယ်ဆို..."
ရိုအန်က ကင်မရာထဲမှ မှတ်ဉာဏ်ကတ်ပြားကို ဆွဲထုတ်လိုက်ပြီး ပြုံးလျက် ဖြေလိုက်သည်။
"ဆာဘီနာ ကလည်း အဲ့ဒီလို တွေးနေတာ ဖြစ်နိုင်တယ်လေ... သူက ဒါရင်း ကို ချစ်တယ်... အပြင်ထွက်ပြီး ပျော်ပါးတာက သူ့ကိုယ်သူ စိတ်ထွက်ပေါက် ပေးရုံ သက်သက်ပါ ဆိုပြီးတော့ပေါ့..."
"ဖြစ်နိုင်ပါတယ်လေ..."
တိုက်ခန်းအတွင်း အကြမ်းဖျင်း ရှာဖွေကြည့်ပြီးနောက် အိပ်ခန်းမှလွဲ၍ ကျန်အခန်းများ အားလုံးကို အသုံးပြုထားသည့် လက္ခဏာ မရှိကြောင်း တွေ့လိုက်ရသည်။ အသုံးဝင်မည့် ပစ္စည်းများလည်း မရှိသဖြင့် ရိုအန်က လေစီကို ခေါ်ဆောင်ကာ ကားမောင်း၍ ဌာနချုပ်သို့ ပြန်လာခဲ့ကြသည်။
"မင်းကိုပဲ အပ်လိုက်ပြီ မိုနာ..."
အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးခန်းသို့ ရောက်ရှိသွားသောအခါ ရိုအန်က မိမိ ရှာတွေ့လာသော မှတ်ဉာဏ်ကတ်ပြားကို မိုနာ့ထံ ကမ်းပေးလိုက်သည်။ ထို့နောက် အထဲရှိ ဗီဒီယို မှတ်တမ်းများကို ဖွင့်ကြည့်ရန် အကူအညီ တောင်းလိုက်သည်။
"လွယ်လွယ်လေးပါ..."
မိုနာ၏ မျက်နှာပေါ်တွင် ပေါ့ပါးသော အမူအရာ ပေါ်လွင်နေပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးများက ကွန်ပျူတာပေါ်တွင် တဖြောက်ဖြောက် ရိုက်နှိပ်နေသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ဗီဒီယို မှတ်တမ်းတစ်ခုက သူတို့အားလုံး၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။
ပထမဆုံး အနေဖြင့် ဆာဘီနာ နှင့် ကရိတ် တို့ ကုတင်ပေါ်တွင် ပျော်ပါးနေကြသော မိနစ်အနည်းငယ်စာ ဗီဒီယိုအပိုင်း ဖြစ်သည်။ မိုနာက အမြန်ရစ်သည့် ခလုတ်ကို နှိပ်ကာ ထိုအပိုင်းကို ကျော်သွားလိုက်ရာ ဘေးနားရှိ အမျိုးသား စုံထောက်တစ်ဦးက မသိစိတ်၏ စေ့ဆော်မှုအရ နှမြောတသစွာ သက်ပြင်းချလိုက်မိသည်။ ထိုအခါ လေစီ၏ စူးရဲသော မျက်စောင်းကို ချက်ချင်း ရရှိသွားတော့သည်။
ရိုအန်မှာ စကားမဆိုနိုင် ဖြစ်သွားရသည်။
'ဒီလောက်ထိ ဖြစ်စရာ လိုလို့လား...'
နောက်ဆက်တွဲ မြင်ကွင်းများက ကရိတ် ပြောပြခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ဆာဘီနာ က ဖုန်းတစ်ကော လက်ခံရရှိပြီးနောက် သူတို့နှစ်ဦး၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။
ဆာဘီနာ က ဖုန်းပြောရန် အိပ်ခန်းထဲမှ ထွက်သွားပြီး ကရိတ် ကိုလည်း ပြန်ရန် ခိုင်းစေခဲ့သည်။ ထို့နောက် သူမကိုယ်တိုင်လည်း အဝတ်အစားများ လဲလှယ်ကာ အပြင်သို့ ထွက်သွားခဲ့သည်။
ဤနေရာအထိ ဗီဒီယို မှတ်တမ်းက ပုံမှန် အတိုင်းပင် ဖြစ်သည်။ သို့သော် မိုနာက ဗီဒီယိုကို လေးနာရီခန့် အမြန်ရစ်၍ ကျော်လိုက်ချိန်တွင် မြင်ကွင်းက ပြောင်းလဲသွားသည်။
အနက်ရောင် အပေါ်အင်္ကျီ၊ အနက်ရောင် ဘောင်းဘီ ဝတ်ဆင်ထားပြီး အနက်ရောင် နှာခေါင်းစည်းနှင့် အနက်ရောင် ဦးထုပ်ကိုပါ ဆောင်းထားသော အမျိုးသား တစ်ဦးက အိပ်ခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်ကာ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
နှာခေါင်းစည်း အနက်ရောင်တပ် အမျိုးသားက အိပ်ခန်းရှိ ကုတင်အောက်မှ ကစားစရာ အချို့ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ဗီရိုထဲမှ ဆွဲဆောင်မှုရှိသော အဝတ်အစား အချို့ကို ထုတ်ယူကာ ကျောပိုးအိတ် အတွင်းသို့ အတင်း ထိုးထည့်လိုက်ပြီး အခန်းထဲမှ လှည့်ထွက်သွားလေသည်။
ထွက်မသွားမီ အိပ်ခန်းတံခါးကိုပါ သေချာစွာ ပိတ်သွားရန် မေ့လျော့မနေခဲ့ပေ။
ဗီဒီယို၏ နောက်ဆုံး အပိုင်းတွင် လေစီနှင့် ရိုအန်တို့ သေနတ်ကိုင်ဆောင်ကာ အခန်းတွင်းသို့ ဝင်ရောက်လာသည့် မြင်ကွင်း ပေါ်လာသည်။ မိုနာက နှာခေါင်းစည်း အနက်ရောင်တပ် အမျိုးသား အိပ်ခန်းထဲသို့ ဝင်လာသည့် အချိန်သို့ ဗီဒီယိုကို ပြန်ရစ်လိုက်ပြီး ပခုံးတွန့်ပြကာ ပြောလိုက်သည်။
"ဒီအမျိုးသားက သူခိုးမဟုတ်ဘူး ဆိုတာ အရမ်းကို ထင်ရှားနေတယ်..."
ပိုက်ဆံလည်း မခိုး၊ အိတ်ကိုလည်း မယူဘဲ ကစားစရာများနှင့် အဝတ်အစားများကိုသာ ယူဆောင်သွားခြင်းက ဆာဘီနာ ကို တိုက်ရိုက် ပစ်မှတ်ထားနေခြင်း ဖြစ်ကြောင်း သိသာ ထင်ရှားလွန်းလှသည်။
ဤအမျိုးသားက နောက်ကွယ်မှ တရားခံအစစ် ဖြစ်နိုင်ချေ အလွန် များပြားပေသည်။
"ဒီလူ ဘယ်သူလဲ ဆိုတာကို အတည်ပြုလို့ ရနိုင်မလား..."
အနက်ရောင် ဝတ်စုံနှင့် လူ၏ အရပ်အမောင်းက ဒါရင်း လောက် မမြင့်ပေ။ ခန္ဓာကိုယ် တည်ဆောက်ပုံ ကလည်း လူမည်း ကရိတ် ထက် ပို၍ ပိန်သွယ်နေသည်ကို ကြည့်ခြင်းအားဖြင့် လူသတ်သမားက သူတို့နှစ်ယောက် မဟုတ်ကြောင်း သေချာသွားပြီ ဖြစ်သည်။
ရိုအန်က မိုနာ၏ ပခုံးကို ပုတ်လိုက်ပြီး ရုံးခန်း အရှေ့ဆုံးရှိ နာရီကို မော့ကြည့်ကာ ပြောလိုက်သည်။
"အခု ညနေ ငါးနာရီ ထိုးနေပြီ... နစ်နာသူ ပျောက်ဆုံးသွားတဲ့ အချိန်ကစတွက်ရင် ဆယ့်တစ်နာရီ ကြာသွားခဲ့ပြီ..."
"ငါ အစွမ်းကုန် ကြိုးစားကြည့်ပါ့မယ်..."
မိုနာ၏ မျက်နှာထားက သိပ်မကောင်းလှပေ။ တစ်ဖက်လူက အပြည့်အဝ ဖုံးကွယ် ပြင်ဆင်လာပြီး မျက်လုံး အစုံကိုသာ ဖော်ပြထားသဖြင့် သူမ အနေဖြင့် တိုက်ခန်း ပတ်ဝန်းကျင်ရှိ လုံခြုံရေး ကင်မရာ မှတ်တမ်းများကိုသာ အားကိုး၍ လိုက်လံ ရှာဖွေရတော့မည် ဖြစ်သည်။
မိုနာ၏ လက်ချောင်း ဆယ်ချောင်းက ကွန်ပျူတာပေါ်တွင် တဖြောက်ဖြောက် ရိုက်နှိပ်နေသည်။ ရိုအန်က လေစီဘက်သို့ အကြည့်လွှဲကာ ပြောလိုက်သည်။
"စံအိမ်ကို စောင့်ကြည့်နေတဲ့ စုံထောက်ဆီ ဖုန်းဆက်လိုက်... မစ္စတာ ဒါရင်း ကို ငါတို့ဆီ ခေါ်လာခဲ့ဖို့ ပြောလိုက်ပါ... သူများ ဗီဒီယိုထဲက လူကို မှတ်မိနိုင်မလား ဆိုတာ ကြည့်ရတာပေါ့..."
"ကောင်းပြီ..."
လေစီက ခေါင်းညိတ်လိုက်ပြီး စံအိမ်ရှိ စုံထောက်ထံ ဖုန်းဆက်ရန် လှည့်ထွက်သွားလေသည်။
လူတိုင်း ကိုယ်စီ အလုပ်များ သွားကြပြီ ဖြစ်သည်။ ရိုအန်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဗိုက်ကို ပွတ်သပ်လိုက်သည်။ တစ်မွန်းလွဲလုံး အပြေးအလွှား လုပ်ခဲ့ရသဖြင့် အနည်းငယ် ဆာလောင်လာကြောင်း ခံစားလိုက်ရသည်။ ဘယ်ညာ ဝေ့ကြည့်လိုက်ရာ ရက်ဒ် ၏ စားပွဲပေါ်တွင် မဖောက်ရသေးသော အစားအသောက် အချို့ ကျန်ရှိနေသေးကြောင်း တွေ့လိုက်ရသည်။
ရက်ဒ် တစ်ယောက် လတ်တလောတွင် ကွင်းဆက် လူသတ်မှု၏ နစ်နာသူ မိသားစုဝင်များကို အချက်အလက်များ လိုက်လံ မေးမြန်းရန် အပြင်သို့ ရောက်ရှိနေပြီး ရုံးခန်းထဲတွင် မရှိပေ။ ထို့ကြောင့် ရိုအန်က တုံ့ဆိုင်းမနေတော့ဘဲ ရက်ဒ် ၏ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်ကာ အစားအသောက် တစ်ထုပ်ကို ဖောက်၍ စတင် စားသောက်တော့သည်။
စားပွဲပေါ်တွင် ကွင်းဆက် လူသတ်မှု နစ်နာသူများနှင့် ပတ်သက်သော အချက်အလက်များ ရှိနေလေရာ အစားအသောက်များကို စားသောက်ရင်း ရိုအန်က ဖိုင်တွဲတစ်ခုကို အလွယ်တကူ ဖွင့်လှစ်ကာ စတင် ဖတ်ရှုနေတော့သည်။