အခန်း ၂၂
Vol. 3 Ch. 22
အခန်း ၂၂ ပြန်လျော်ပေးပါ့မယ်
[ရေကန်တွင်း အမျိုးသမီး ရုပ်အလောင်း ကွင်းဆက် လူသတ်မှု] တွင် နစ်နာသူ လေးဦး၏ နေရပ်လိပ်စာများ၊ လူမှုပတ်ဝန်းကျင် အခြေအနေများနှင့် ဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံများမှာ တစ်ခုနှင့်တစ်ခု လုံးဝ ဆက်စပ်မှု မရှိသလို ထင်ရသည်။ သူတို့ကြားရှိ တူညီသော တစ်ခုတည်းသော အချက်မှာ ကိုယ်ပိုင်အရည်အချင်းနှင့် အခြေအနေများပင် ဖြစ်သည်။
ဥပမာအားဖြင့် အားလုံးက အိမ်ထောင်သည် အမျိုးသမီးများ ဖြစ်ကြပြီး ခင်ပွန်းဖြစ်သူများနှင့်လည်း အိမ်ထောင်ရေး သာယာကြသည်။
အသက်အငယ်ဆုံးဖြစ်သော နာတာလီ ကာလိုင်း ဆိုလျှင် အသက် နှစ်ဆယ့်ငါးနှစ်သာ ရှိသေးသော်လည်း အိမ်ထောင်သက်တမ်း နှစ်နှစ်ပင် ရှိနေပြီ ဖြစ်သည်။
"နယူးဂျာစီ ပြည်နယ်ရဲ့ ဥပဒေအရဆိုရင် ယောကျ်ားလေးတွေက အသက် ဆယ့်လေးနှစ် ပြည့်ပြီး မိန်းကလေးတွေက အသက် ဆယ့်နှစ်နှစ် ပြည့်တာနဲ့ လက်ထပ်လို့ ရတယ်လို့ ငါ မှတ်မိတယ်..."
ထိုအကြောင်းကို တွေးမိပြီးနောက် ရိုအန်က ခေါင်းကို ဆက်တိုက် ခါယမ်းလိုက်သည်။ အမေရိကန်တို့သည် အရွယ်မရောက်သေးသူများ၏ အခွင့်အရေးများကို ကာကွယ်ပေးရမည်ဟု အရူးအမူး ဝါဒဖြန့်နေကြသော်လည်း တခြားတစ်ဖက်တွင်မူ ကလေးသူငယ် လက်ထပ်ခြင်းကို ခွင့်ပြုထားပြီး ကလေးအလုပ်သမားများကိုပါ ခွင့်ပြုထားကြပြန်သည်။
ရိုအန်၏ ယခင်ဘဝက အမေရိကန် သမ္မတဟောင်း တစ်ဦးသည် အရွယ်ရောက်ပြီးသူများ ကြည့်ရှုသည့် ရုပ်ရှင်များမှ အမျိုးသမီး သရုပ်ဆောင် တစ်ဦးနှင့် ပတ်သက်၍ တရားစွဲဆိုခံခဲ့ရဖူးသည်ကို မှတ်မိနေသည်။ ထိုစဉ်က အင်တာနက်ပေါ်တွင် လူအချို့က ဆန့်ကျင်ဘက် နိုင်ငံရေးပါတီမှ အထက်ပိုင်း ခေါင်းဆောင်များသည် ဘာကြောင့် ထိုအမျိုးသမီး သရုပ်ဆောင်ကို အကြောင်းပြချက်ပြ၍ သူ့ကို တရားစွဲဆိုရသနည်းဟု မေးခွန်းထုတ်ခဲ့ကြသည်။
ထိုမေးခွန်း၏ အောက်တွင် တစ်စုံတစ်ယောက်က ဖြေကြားထားသည်မှာ အရွယ်မရောက်သေးသူများ အားလုံးက ဆန့်ကျင်ဘက် နိုင်ငံရေးပါတီမှ အထက်ပိုင်း ခေါင်းဆောင်များနှင့် ပတ်သက်ဆက်နွှယ်နေသောကြောင့်ဟု ဆိုထားလေသည်။
ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ဦးနှောက်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို ဘေးသို့ ဖယ်ထားလိုက်သည်။ ရိုအန်က ဖိုင်တွဲထဲရှိ အချက်အလက်များကို ဆက်လက် စစ်ဆေးနေစဉ် ဓာတ်ပုံထဲမှ ပြဿနာတစ်ခုကို ရုတ်တရက် တွေ့ရှိသွားတော့သည်။
နစ်နာသူ လေးဦးစလုံးက အိမ်ထောင်သည်များ ဖြစ်ကြပါလျက်နှင့် ရုပ်အလောင်းစစ်ဆေးချက် အစီရင်ခံစာရှိ ဓာတ်ပုံများနှင့် အခင်းဖြစ်ပွားရာ နေရာကို စစ်ဆေးထားသော မှတ်တမ်း ဓာတ်ပုံများထဲတွင် သူတို့၏ လက်စွပ်များကို ဘာကြောင့် မတွေ့ရသနည်း ဆိုသည်ပင်။
"လူသတ်သမားက နစ်နာသူတွေရဲ့ လက်စွပ်တွေကို ယူသွားတာက ဘာသဘောလဲ..."
ရိုအန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခွဲခြမ်းစိတ်ဖြာလိုက်သည်။
"အမှတ်တရ ပစ္စည်းအနေနဲ့လား... ဒါမှမဟုတ် တခြားတစ်မျိုး ပြောင်းလဲနေတဲ့ ပိုင်ဆိုင်လိုစိတ်လား..."
လူတစ်ယောက်က အခြားလူတစ်ယောက်၏ လက်ထဲမှ ကစားစရာ တစ်ခုကို ခိုးယူသွားသကဲ့သို့ပင် ဖြစ်သည်။ ခိုးယူသွားသူသည် ထိုကစားစရာပေါ်ရှိ မူလပိုင်ရှင်၏ အမှတ်အသားများကို ဖျက်ဆီးပစ်ရန် အမြဲတမ်း တွေးတောတတ်ကြသည်။
"နစ်နာသူတွေရဲ့ ယောကျ်ားတွေနဲ့ ပတ်သက်ဆက်နွှယ်နေတာလည်း ဖြစ်နိုင်တယ်..."
ထိုအကြောင်းကို တွေးမိပြီးနောက် ရိုအန်က ရက်ဒ်ထံသို့ စာတိုတစ်စောင် ပို့လိုက်သည်။ နစ်နာသူ လေးဦး၏ ခင်ပွန်းဖြစ်သူများ၏ လူမှုဆက်ဆံရေးများ၊ အလုပ်အကိုင်နှင့် နေထိုင်မှု ဘဝများကို အဓိကထား၍ အာရုံစိုက် စောင့်ကြည့်ရန် မှာကြားလိုက်ပြီးနောက် သူ၏ ကိုယ်ပိုင် ထိုင်ခုံသို့ ပြန်လာခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် ခင်ပွန်းဖြစ်သူ ဒါရင်းက အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့သို့ ရောက်ရှိလာသည်။ ရိုအန်နှင့် လေစီတို့က သူ့ကို အစည်းအဝေးခန်းထဲသို့ ခေါ်ဆောင်သွားလေသည်။
ကုလားထိုင်ပေါ်တွင် ထိုင်ပြီးနောက် ဒါရင်းက လက်တော့ပ် ကွန်ပျူတာထဲရှိ ဗီဒီယို မှတ်တမ်းမှ ဖြတ်ယူထားသော လူ၏ ပုံရိပ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။
"ဒီလူကို ကျွန်တော် မသိဘူးလို့ ထင်တယ်... အနည်းဆုံးတော့ ကျွန်တော့် မှတ်ဉာဏ်ထဲမှာ လုံးဝ မရှိဘူး..."
"သေချာရဲ့လား မစ္စတာ ဒါရင်း..."
ရိုအန်က လက်နှစ်ဖက်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။
"ဒီအမျိုးသားက ခင်ဗျား မိန်းမကို ပြန်ပေးဆွဲသွားတဲ့ တရားခံအစစ် ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်လေး များတယ်... ခင်ဗျားကို သေချာ စဉ်းစားကြည့်စေချင်တယ်..."
"အိုကေ... အိုကေ..."
ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ ဒါရင်းက ချက်ချင်း ခေါင်းငုံ့ကာ ပုံရိပ်ကို ထပ်မံ၍ သေချာ ကြည့်ရှုလိုက်သည်။ သို့သော် ဘယ်ညာ အပြန်ပြန်အလှန်လှန် ကြည့်ရှုပြီးသည့်တိုင်အောင် ဘာမှ မှတ်မိမလာသဖြင့် မတတ်သာဘဲ ခေါင်းခါပြကာ ဖြေလိုက်သည်။
"တကယ် အားနာပါတယ် စုံထောက်ကြီး... ကျွန်တော် တကယ် ဘာမှ မမှတ်မိဘူး... တစ်သက်လုံး ဒီလူကို တစ်ခါမှ မမြင်ဖူးခဲ့တာလည်း ဖြစ်နိုင်တယ်..."
"ကောင်းပါပြီလေ..."
ကွန်ပျူတာကို ပြန်ယူလိုက်ပြီးနောက် ရိုအန်မှာ အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် မှုခင်း ဖော်ထုတ်ခြင်း ဆိုသည်မှာ ဤသို့ပင် ဖြစ်ပြီး သဲလွန်စများကို ဤမျှ လွယ်ကူစွာဖြင့် ရှာတွေ့နိုင်မည် မဟုတ်ကြောင်း တွေးမိသွားသည်။ ထို့ကြောင့် ဒါရင်းကို ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် မတ်တပ်ရပ်ကာ ရုံးခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။
"ခဏနေပါဦး စုံထောက်ကြီး ရိုအန်..."
ရိုအန် ထွက်သွားတော့မည်ကို မြင်သောအခါ ဒါရင်းက အလျင်အမြန် မတ်တပ်ရပ်ကာ လှမ်းခေါ်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။
"ဓာတ်ပုံထဲက လူကို ခင်ဗျားတို့ ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ... ကျွန်တော့်ကို ပြောပြလို့ ရမလား... ကျွန်တော့် ဘာသာ တခြားလူတွေကို သွားမေးကြည့်လို့ ရတာပေါ့..."
"အာ..."
ဒါရင်း၏ စကားကို ကြားလိုက်ရသောအခါ ရိုအန်က မသိစိတ်၏ စေ့ဆော်မှုအရ တိတ်ဆိတ်သွားသည်။ လေစီကလည်း ဒါရင်းကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လာတော့သည်။
"ဘာဖြစ်လို့လဲ..."
ဒါရင်းမှာ အနည်းငယ် တွေဝေသွားပြီးနောက် တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် သူ၏ မျက်နှာက ရုတ်တရက် အလွန်အမင်း ထိတ်လန့်သွားတော့သည်။
"ဒါက ကွင်းဆက် ပြန်ပေးဆွဲပြီး လူသတ်တဲ့ နေရာများ ဖြစ်နေမလား... ကျွန်တော့် မိန်းမ ဘာမှ မဖြစ်ဘူးမလား... သူ အသက်ရှင်နေသေးတယ်မလား... ခင်ဗျားတို့ ကျွန်တော့်ကို ဖြေကြလေ..."
"အဟမ်း အဟမ်း..."
ဒါရင်းက မိမိကိုယ်ပေါ်သို့ ခုန်အုပ်တော့မတတ် စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ရိုအန်က အလျင်အမြန် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး တစ်ဖက်လူကို အရင်ထိုင်ရန် အချက်ပြလိုက်သည်။ ထို့နောက် ခေါင်းစောင်း၍ လေစီကို လိပ်စာကတ်ပြား ယူလာရန် အချက်ပြလိုက်ပြီး ဒါရင်းကို နှစ်သိမ့်လိုက်သည်။
"ဒီလိုပါ မစ္စတာ ဒါရင်း... ဒီနေရာက ဆေးကုသရေး စင်တာတစ်ခုတော့ မဟုတ်ပါဘူး... အာ ဆေးကုသရေး စင်တာလို့လည်း သတ်မှတ်နိုင်တာပေါ့..."
ဒါရင်း၏ မျက်နှာပေါ်ရှိ နားမလည်နိုင်သော အမူအရာကို မြင်လိုက်ရသောအခါ ရိုအန်က သက်ပြင်းချလိုက်မိသည်။
ပန်းရောင် အသင်းဝင်ကတ်ပြားကို အစည်းအဝေးစားပွဲပေါ်သို့ တင်လိုက်ပြီး ကော်ဖီဆိုင် အောက်ထပ်ရှိ ကစားကွင်း အကြောင်းနှင့် ထိုနေရာရှိ ဆာဘီနာ၏ အဆင့်အတန်း အကြောင်းကို အကြမ်းဖျင်း မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် လူမည်း ကရိတ် ပြောပြခဲ့သမျှကိုပါ ပြန်လည် ဖောက်သည်ချလိုက်ပြီး ကွန်ပျူတာထဲရှိ အနက်ရောင် ဝတ်စုံနှင့် အမျိုးသား၏ ဗီဒီယို အပိုင်းအစကိုပါ ဖွင့်ပြကာ ရှင်းပြလိုက်သည်။
"အခြေအနေကတော့ ဒီလိုပါပဲ... ဗီဒီယိုထဲမှာ ခင်ဗျား မိန်းမရဲ့ တိုက်ခန်းထဲကို အတင်း ဝင်လာတဲ့ အနက်ရောင် ဝတ်စုံနဲ့ အမျိုးသား ပါတယ်... သူက ခင်ဗျား မိန်းမကို ပြန်ပေးဆွဲသွားတဲ့ လူသတ်သမား ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်လေး များတယ်... ခင်ဗျားကို တစ်ဖက်လူကို သေချာ မှတ်မိအောင် ကြည့်စေချင်တယ်... ဒါက ခင်ဗျား မိန်းမကို ရှာဖွေ ကယ်တင်ဖို့အတွက် အရမ်းကို အထောက်အကူ ဖြစ်စေလိမ့်မယ်..."
စကားဆုံးသည်နှင့် ရိုအန်က မျက်နှာ နီရဲနေသော ဒါရင်းကို တစ်ချက် ကြည့်လိုက်ပြီး လေစီကို ဆွဲကာ အစည်းအဝေးခန်းထဲမှ လှည့်ထွက်လာခဲ့သည်။ အခန်းတံခါး ပိတ်သွားသည့် တစ်ခဏမှာပင် ဒါရင်း၏ အနည်းငယ် အက်ရှနေသော အသံက ထွက်ပေါ်လာတော့သည်။
"ခဏနေရင် ကော်ဖီတစ်ခွက်လောက် ဖျော်ပေးပါ... ကျေးဇူးပြုပြီး..."
"အိုကေ..."
ဆယ်မိနစ် ကြာပြီးနောက် ရိုအန်က ကော်ဖီတစ်ခွက်ကို ကိုင်ဆောင်ကာ အစည်းအဝေးခန်း တံခါးကို တွန်းဖွင့်လိုက်ရာ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော လက်တော့ပ် ကွန်ပျူတာကို ချက်ချင်း မြင်လိုက်ရတော့သည်။
"ကျေးဇူးပဲ..."
ရိုအန်ထံမှ ကော်ဖီကို လှမ်းယူလိုက်ပြီးနောက် မျက်နှာအမူအရာ ပုံမှန် ပြန်ဖြစ်နေပြီ ဖြစ်သော ဒါရင်းက ကျေးဇူးတင်စကား ဆိုလိုက်ပြီး မည်သည့် ခံစားချက်မျှ မပါဝင်သော လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော် အနက်ရောင် ဝတ်စုံနဲ့ အမျိုးသားရဲ့ ကိုယ်ရေးအချက်အလက်ကို တကယ် မမှတ်မိခဲ့ဘူး... ဒါပေမဲ့ သူ့ရဲ့ ဓာတ်ပုံကို ကုမ္ပဏီက တခြားလူတွေဆီ ပို့ပေးထားလိုက်ပြီ... သူတို့များ မှတ်မိနိုင်မလားလို့ပါ..."
"အိုကေ..."
ရိုအန်က ခေါင်းညိတ်လိုက်သည်။ ဤ ဒါရင်း ဆိုသည့်လူက တကယ့်ကို ပြတ်သား ရက်စက်သည့် လူစားမျိုးပင် ဖြစ်သည်။
"လက်တော့ပ် ကွန်ပျူတာအတွက် ကျွန်တော် လျော်ပေးပါ့မယ်... ဆယ်လုံးတိတိ လျော်ပေးမှာပါ..."
ကော်ဖီ တစ်ငုံ သောက်လိုက်ပြီး ဒါရင်းက မတ်တပ်ရပ်ကာ ကိုယ်ပေါ်ရှိ အနောက်တိုင်း ဝတ်စုံကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။
"ဒါပေမဲ့ ဒီည ကျွန်တော် ခင်ဗျားတို့နဲ့ အတူတူ ရှိနေချင်တယ်... ကျွန်တော့် မိန်းမကို မတွေ့မချင်း အတူတူ ရှိနေမှာပါ..."
"ရပါတယ်လေ..."
ရိုအန်က ခေါင်းညိတ်လိုက်ပြီး လျော်ကြေးပေးမည့် ကွန်ပျူတာ ဆယ်လုံး၏ မျက်နှာကို ထောက်ထားကာ တစ်ဖက်လူ၏ တောင်းဆိုချက်ကို လက်ခံလိုက်သည်။
ဒါရင်းကို အစည်းအဝေးခန်းထဲမှ ခေါ်ထုတ်လာပြီးနောက် သူ့ကို အဝေးရှိ ထိုင်ခုံတွင် နားနေစေရန် လေစီကို အချက်ပြလိုက်သည်။ ထို့နောက် ရိုအန်က မိုနာ၏ အနီးသို့ လျှောက်သွားကာ သူမ၏ ပခုံးများကို နှိပ်နယ်ပေးရင်း မေးလိုက်သည်။
"ပင်ပန်းသွားပြီ မိုနာ... အနက်ရောင် ဝတ်စုံနဲ့ အမျိုးသားရဲ့ ကိုယ်ရေးအချက်အလက်ကို ရှာတွေ့ပြီလား..."
"မတွေ့သေးဘူး..."
အချိန်အတော်ကြာအောင် ရှာဖွေနေသော်လည်း မည်သည့် သဲလွန်စမှ မတွေ့ရသဖြင့် မိုနာ၏ စိတ်အခြေအနေက အနည်းငယ် ညှိုးနွမ်းနေသည်။ သူမက အနောက်ပိုင်း ကြီးမားလှသော ကွန်ပျူတာ အဟောင်းကြီးပေါ်ရှိ မြင်ကွင်းကို လက်ညှိုးထိုးပြရင်း ဆိုသည်။
"ဆာဘီနာ ရဲ့ တိုက်ခန်း တံခါးဝမှာ လုံခြုံရေး ကင်မရာ မရှိဘူး... တိုက်ခန်း မျက်နှာချင်းဆိုင်မှာလည်း ကင်မရာ မရှိဘူး... အဲ့ဒီ လမ်းတစ်လျှောက်လုံးမှာ အရှေ့ဘက် အစွန်ဆုံးနဲ့ အနောက်ဘက် အစွန်ဆုံးက မုန့်ဖုတ်ဆိုင် နှစ်ဆိုင်ရဲ့ ကင်မရာ တွေပဲ အင်တာနက် ကွန်ရက်နဲ့ ချိတ်ဆက်ထားတာ... ဒါပေမဲ့ သူတို့ရဲ့ ကင်မရာတွေက အနက်ရောင် ဝတ်စုံနဲ့ အမျိုးသားကို လုံးဝ မှတ်တမ်းမတင်မိလိုက်ဘူး..."
"မှတ်တမ်းမတင်မိလိုက်ဘူး ဟုတ်လား..."
ရိုအန်က မျက်ခုံး တစ်ချက် ပင့်လိုက်ပြီး တွေဝေစွာဖြင့် မေးလိုက်သည်။
"အနက်ရောင် ဝတ်စုံနဲ့ အမျိုးသားက လုံးဝ ထွက်မလာခဲ့တာလား... ဒါမှမဟုတ်..."
"လုံးဝကို ထွက်မလာခဲ့တာ..."
မိုနာက ကီးဘုတ်ကို အကြိမ်အနည်းငယ် ရိုက်နှိပ်လိုက်ရာ ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် မုန့်ဖုတ်ဆိုင် နှစ်ဆိုင်၏ လုံခြုံရေး ကင်မရာ မှတ်တမ်းများကို စတင် ပြသလာသည်။
"အနက်ရောင် ဝတ်စုံနဲ့ အမျိုးသား ပေါ်မလာခင်နဲ့ ပေါ်လာပြီးတဲ့နောက် နာရီဝက် အတွင်းမှာ လုံခြုံရေး ကင်မရာ မြင်ကွင်းထဲကို ဝင်လာတဲ့ လူတွေ အကုန်လုံးကို ငါ သေချာ စစ်ဆေးကြည့်ပြီးပြီ... အဲ့ဒီအထဲက အမျိုးသမီးတွေကို ဖယ်လိုက်တယ်... ကလေးတွေကို ဖယ်လိုက်တယ်... ဆံပင်ဖြူနေတဲ့ အဘိုးကြီးတွေကို ဖယ်လိုက်တယ်... အဲ့ဒီတော့ အမျိုးသား ခြောက်ယောက်ပဲ ကျန်တော့တယ်... ဒါပေမဲ့ အဲ့ဒီ အမျိုးသား ခြောက်ယောက်စလုံးက အနက်ရောင် ဝတ်စုံ ဝတ်မထားသလို အနက်ရောင် ဦးထုပ်လည်း ဆောင်းမထားဘူး... အိတ်လည်း မကိုင်ထားကြဘူး... ပြီးတော့ ငါက အဲ့ဒီ အမျိုးသား ခြောက်ယောက်ရဲ့ ဖိနပ်တွေကိုပါ ထပ်ပြီး နှိုင်းယှဉ်ကြည့်လိုက်သေးတယ်... အားလုံးက အနက်ရောင် ဝတ်စုံနဲ့ အမျိုးသားရဲ့ ဖိနပ်နဲ့ လုံးဝ တူမနေဘူး..."
မိုနာ၏ စကားကို ကြားလိုက်ရသောအခါ ဘေးတွင် ထိုင်နေသော လေစီက မသိစိတ်၏ စေ့ဆော်မှုအရ မိုနာ၏ သွယ်လျသော ခါးလေးကို ဖက်ထားလိုက်ပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"လူသတ်သမားက အဲ့ဒီ လမ်းထဲက တိုက်ခန်း တစ်ခုခုမှာများ ရှိနေမလား..."
"ဖြစ်နိုင်တယ်..."
ရိုအန်က ခေါင်းညိတ်လိုက်သည်။ ထိုလမ်းက ထိုမျှလောက်သာ ရှည်လျားပြီး အလယ်တွင် တိုက်ခန်းများမှလွဲ၍ ပုန်းအောင်းစရာ နေရာ လုံးဝ မရှိပေ။
ရိုအန်က မိမိ၏ အမြင်ကို သဘောတူကြောင်း မြင်သောအခါ လေစီက ပြတ်သားစွာပင် ဖုန်းကို ထုတ်ယူလိုက်သည်။
"ဒါဆို ငါ အခုပဲ နယူးယောက် ရဲတပ်ဖွဲ့ကို ဆက်သွယ်လိုက်မယ်... ကင်းလှည့်ရဲ အနည်းငယ် လွှတ်ပြီး အဲ့ဒီ လမ်းထဲမှာ ဆာဘီနာ့ကို မြင်လိုက်တဲ့သူ ရှိမရှိ တစ်အိမ်တက်ဆင်း လိုက်မေးခိုင်းလိုက်မယ်... တစ်ပါတည်း အဲ့ဒီ လမ်းထဲမှာ အင်တာနက် မချိတ်ထားတဲ့ လုံခြုံရေး ကင်မရာ အဟောင်းတွေ တပ်ထားတဲ့ အိမ်ရှိမရှိပါ ရှာခိုင်းလိုက်မယ်... ရှိရင် အဲ့ဒီ ဗီဒီယို မှတ်တမ်းတွေကိုပါ ယူလာခိုင်းလိုက်မယ်လေ..."
"ခဏနေပါဦး..."
ရိုအန်က မျက်မှောင်ကြုတ်သွားသည်။ သူတို့သည် အက်ဖ်ဘီအိုင် များ ဖြစ်ကြပြီး နယူးယောက် ရဲတပ်ဖွဲ့နှင့် တိုက်ရိုက် သက်ဆိုင်သည့် ဆက်ဆံရေးမျိုး မရှိပေ။ ဤကဲ့သို့ တိုက်ရိုက် အမိန့်ပေး တောင်းဆိုလိုက်ခြင်းက တကယ်ပဲ ပြဿနာ မရှိနိုင်ဘူးလားဟု တွေးမိသွားသည်။
"ကိစ္စမရှိပါဘူး..."
ရိုအန်၏ စိုးရိမ်ပူပန်မှုကို ကြားလိုက်ရသောအခါ လေစီက ခပ်ဟဟလေး ပြုံးလိုက်သည်။
"ငါ့မှာ နယူးယောက် ရဲတပ်ဖွဲ့ထဲက သိတဲ့သူတွေ ရှိတယ်... ဒီလောက် ကိစ္စလေးက အရမ်း ရိုးရှင်းပါတယ်..."
"ကောင်းပါပြီလေ..."
တစ်ဖက်လူတွင် သိကျွမ်းသူများ ရှိနေပြီဖြစ်ရာ ရိုအန်က အပိုစကားများ ဆက်မပြောနေတော့ပေ။