← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄ အမှုအခြေအနေ ကြီးမားသွားခြင်း

"နောက်ကျသွားတာ မဟုတ်ဘူး... အရမ်းကို နောက်ကျသွားခဲ့တာ..."

ရိုအန်က နှာခေါင်းရှုံ့လိုက်သည်။ အခန်းလေထုထဲတွင် ပျို့အန်ချင်စရာကောင်းလောက်အောင် ပြင်းထန်လှသည့် သွေးညှီနံ့များက အပြည့်အနှက် လွှမ်းမိုးနေသည်။ သူက မီးဖိုချောင်ဆီသို့ မျက်နှာမည်းမည်းကြီးဖြင့် လျှောက်သွားလိုက်ပြီး နှစ်ပတ်ခန့် ပတ်ကြည့်ပြီးနောက် နားမလည်နိုင်ဖြစ်နေသော လေစီကို ကြည့်ကာ ပြောလိုက်သည်။

"သဲလွန်စ ရှာဖွေရေးအဖွဲ့ကို ဖုန်းဆက်လိုက်... ဒီနေရာကို သေချာ စစ်ဆေးဖို့ လိုနေပြီ..."

"ဘာဖြစ်လို့လဲ..."

လေစီက စကားနားထောင်စွာဖြင့် ဖုန်းကို ထုတ်ယူကာ နံပါတ်နှိပ်လိုက်သော်လည်း မသိစိတ်၏ စေ့ဆော်မှုအရ မေးလိုက်မိသည်။

"မင်း ဘာတွေ့လို့လဲ..."

ရိုအန်၏ မျက်နှာက အလွန် ကြည့်ရဆိုးနေသည်။ လေစီ၏ မေးခွန်းကို ကြားလိုက်ရသောအခါ မီးဖိုချောင်ရှိ ရေခဲသေတ္တာ တံခါးကို ဆုပ်ကိုင်ကာ အားကုန် ဆွဲဖွင့်ပစ်လိုက်သည်။

ရေခဲသေတ္တာထဲတွင် အေးခဲနေသော အသားတုံးများကို သေသပ်စွာ စီရီထားသည်။ ထို့ထက်ပို၍ ကြက်သီးမွေးညင်း ထစေသည်မှာ ရေခဲသေတ္တာ၏ အပေါ်ဆုံးထပ်တွင် မျက်လုံးပြူးကျယ်နေသော အမျိုးသမီး ခေါင်းပြတ်ကြီး တစ်လုံးက အပြင်ဘက်ရှိ လေစီကို စိုက်ကြည့်နေခြင်းပင် ဖြစ်သည်။

"ဘုရားရေ..."

လေစီ တစ်ယောက် အလွန်အမင်း ထိတ်လန့်သွားပြီး လက်ထဲရှိ ဖုန်းကိုပင် လွှင့်ပစ်မိမတတ် ဖြစ်သွားရသည်။

"မင်း ဘာပြောလိုက်တာလဲ..."

ဖုန်းတစ်ဖက်ခြမ်းရှိ သူက အလွန် မကျေမနပ် ဖြစ်သွားသည်။ ဖုန်းခေါ်ပြီး ပထမဆုံး စကားက ဆဲဆိုလိုက်ခြင်း ဖြစ်နေ၍ အဓိပ္ပာယ် နားမလည်နိုင် ဖြစ်သွားခြင်းပင်။

နာရီဝက် ကြာပြီးနောက်။

"အဲ့ဒီ ဂျိုးဆက် ကို လောလောဆယ် သံသယရှိသူ စာရင်းထဲကနေ ပယ်ဖျက်လိုက်လို့ ရပြီ..."

ဖုန်းတစ်ဖက်ခြမ်းမှ မိုနာ၏ ကြည်လင်ပြတ်သားသော အသံလေး ထွက်ပေါ်လာသည်။ ကီးဘုတ် ရိုက်ခတ်သံ တဖြောက်ဖြောက်နှင့်အတူ သူမက တည်ငြိမ်စွာ ရှင်းပြလာသည်။

"အချက်အလက်တွေအရ ဂျိုးဆက် က လွတ်လပ်တဲ့ သတင်းထောက် တစ်ယောက်ပဲ... ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း နယူးယောက် မြို့ထဲမှာ ယာဉ်တိုက်မှု ဖြစ်တဲ့ နေရာတိုင်း သူ့ကို တွေ့ရတတ်တယ်... ဆာဘီနာ ပြန်ပေးဆွဲခံရတဲ့ အချိန် မတိုင်ခင်နဲ့ နောက် နှစ်နာရီ အတွင်းမှာ သူက အန်ဘီစီ ရုပ်သံလိုင်းက အစီအစဉ် ထုတ်လုပ်သူတွေနဲ့ စကားများနေခဲ့တာမို့ ပြစ်မှုကျူးလွန်ဖို့ အချိန် လုံးဝ မရှိဘူး..."

"ကောင်းပြီ..."

ရိုအန်က ခေါင်းညိတ်လိုက်ပြီး ဆက်လက် မေးမြန်းလိုက်သည်။

"ဆယ်လီနာ အလုပ်လုပ်တဲ့ သတင်းစာတိုက်က သူဌေးကရော ဘယ်လိုပြောလဲ... သူတို့က ဆယ်လီနာ တစ်ပတ်တိတိ အဆက်အသွယ် ပြတ်သွားလို့ အလုပ်ထုတ်လိုက်တယ် ဆိုပြီး ကြေညာချက် ထုတ်ထားတယ်လေ... အဲ့ဒီ အတောအတွင်းမှာ သူတို့က ဆယ်လီနာ့ ကို လိုက်ရှာဖို့ လူမလွှတ်ခဲ့ဘူးလား..."

ရိုအန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ ဆယ်လီနာ သေဆုံးသွားကြောင်း သိထားပြီးဖြစ်သည့် မိုနာက ဒေါသတကြီးဖြင့် ပြောလာသည်။

"သတင်းစာတိုက် သူဌေးက သူတို့ ဆယ်လီနာ့ ဆီ တစ်ပတ်တိတိ ဖုန်းဆက်ခဲ့ပေမဲ့ ကိုင်မယ့်သူ မရှိလို့ အလုပ်ထုတ်လိုက်တာတဲ့... ဆယ်လီနာ့ အိမ်အထိ သွားရှာဖို့ ဆိုတာကတော့ သူတို့ သတင်းစာတိုက်က လူနည်းပြီး အလုပ်များလို့ အိမ်အထိ လူလွှတ်ရှာဖို့ အချိန်မရှိဘူးလို့ ပြောတယ်... ပြီးတော့ ဆယ်လီနာ လိုမျိုး လွတ်လပ်တဲ့ သတင်းထောက်တွေက အလုပ်မလုပ်ချင်ရင် ကောက်ထွက်သွားတတ်တာ မဆန်းဘူးတဲ့... တိုက်ရိုက် အဆက်အသွယ် ဖြတ်သွားတဲ့ သူတွေလည်း အများကြီးမို့ သူတို့ သတင်းစာတိုက်က အစောကြီးကတည်းက ကျင့်သားရနေပြီတဲ့..."

"ထားလိုက်ပါတော့..."

ရိုအန်က ခေါင်းညိတ်လိုက်သည်။

"ပင်ပန်းသွားပြီ မိုနာ..."

ဖုန်းချလိုက်ပြီးနောက် လေစီ တစ်ယောက် မိမိ ဖုန်းပြောနေစဉ်အတွင်း ကင်းလှည့်ရဲများကို ဂျိုးဆက် ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာကို မှတ်သားစေပြီးနောက် ထိုလူကို နှင်ထုတ်လိုက်ကြောင်း ရိုအန် တွေ့လိုက်ရသည်။

ဘေးရှိ ရေခဲသေတ္တာကို ကြည့်လိုက်ပြီးနောက် ရိုအန်က လေစီ၏ အနီးသို့ လျှောက်သွားကာ တီးတိုး ပြောလိုက်သည်။

"တောင်းပန်ပါတယ် လေစီ... ငါ မင်းကို တမင်တကာ ခြောက်လှန့်ချင်လို့ လုပ်တာ မဟုတ်ရပါဘူး..."

ရိုအန် ကိုယ်တိုင်လည်း အလွန်အမင်း အံ့ဩတုန်လှုပ်နေခဲ့သည်။ ထိုအချိန်က ရေခဲသေတ္တာထဲမှ ပြင်းထန်လှသော သွေးညှီနံ့ကို ရလိုက်သဖြင့် လူသတ်သမားက အမျိုးသမီး သတင်းထောက်ကို သတ်ဖြတ်ပြီး ရေခဲသေတ္တာထဲသို့ ထိုးထည့်ထားကြောင်း ကောက်ချက်ချလိုက်ခြင်းသာ ဖြစ်သည်။ လေစီက အသက်မွေးဝမ်းကျောင်း သင်တန်း ဆင်းထားသော အက်ဖ်ဘီအိုင် စုံထောက် တစ်ဦး ဖြစ်ရာ ရုပ်အလောင်း တစ်လောင်းကို မြင်ရုံဖြင့် ကြီးမားသော ကိစ္စရပ်တစ်ခု မဟုတ်ကြောင်း သူ တွေးခဲ့မိသည်။ သို့သော် လူသတ်သမားက နစ်နာသူကို အပိုင်းပိုင်း ခုတ်ထစ်ပြီး ရေခဲသေတ္တာထဲတွင် သေသပ်စွာ စီရီထားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ ထို့အပြင် ခေါင်းပြတ်ကြီးကို အပေါ်ဆုံးတွင် တင်ထားသေးသည်။

"မင်း အမှား မဟုတ်ပါဘူး..."

ရိုအန်၏ တောင်းပန်စကားကို ကြားလိုက်ရသောအခါ လေစီက ခေါင်းခါပြလိုက်သည်။

"ငါ တွေးနေတာက ရုပ်အလောင်း အခြေအနေအရ ကြည့်ရင် လူသတ်သမားက ပထမဆုံးအကြိမ် လူသတ်တာ လုံးဝ မဖြစ်နိုင်ဘူး... ဒါဆိုရင် ဒီမတိုင်ခင်ကရော ဒီလူသတ်သမားရဲ့ ရက်စက်တဲ့ လက်ချက်ကြောင့် အမျိုးသမီး ဘယ်နှစ်ယောက်များ အသက်ခံခဲ့ရပြီးပြီလဲ ဆိုတာကိုပဲ..."

ရိုအန် တစ်ယောက် တိတ်ဆိတ်သွားသည်။ ဤမေးခွန်းကို သူ အဖြေမပေးနိုင်ပေ။

အမေရိကန်တွင် ကိုယ်ပိုင် အခြေအနေများ ရှိလေရာ ကွင်းဆက် လူသတ်သမားများ အလွန် ပေါများလှသည်။ ထိုအထဲမှ အများစုက အမျိုးသမီးများကို ပစ်မှတ်ထား၍ သတ်ဖြတ်လေ့ ရှိကြသည်။ နှစ်စဉ်နှစ်တိုင်း ဤကဲ့သို့သော စိတ်ရောဂါသည် လူသတ်သမားများ၏ လက်ချက်ဖြင့် အမျိုးသမီး မည်မျှ သေဆုံးနေရသည် ဆိုသည်ကို မည်သူကမျှ မသိနိုင်ကြချေ။

လေစီကို နှစ်သိမ့်ရန် စကားလုံး အချို့ကို ရိုအန် စဉ်းစားနေစဉ်မှာပင် သဲလွန်စ ရှာဖွေရေးအဖွဲ့မှ စုံထောက် နိုင်းလ် က လျှောက်လာပြီး သက်သေခံ ပစ္စည်းထည့်သည့် အိတ်ငယ်လေး တစ်အိတ်ကို ရိုအန်ထံ ကမ်းပေးရင်း လေးနက်သော လေသံဖြင့် ဆိုသည်။

"ရေချိုးခန်းထဲမှာ ဆယ်လီနာ ရဲ့ လက်ဗွေ မဟုတ်တဲ့ တခြား လက်ဗွေရာတွေ တွေ့ထားတယ်... အခု ဓာတ်ခွဲခန်းကို ပို့ပြီး တိုက်ဆိုင် စစ်ဆေးနေပြီ... မကြာခင် သတင်း ပြန်ရလောက်တယ်... ဒါက ရေချိုးခန်းထဲကနေ တွေ့လာတဲ့ ခရက်ဒစ်ကတ် နှစ်ကတ်ပဲ... တိုက်ဆိုင် စစ်ဆေးကြည့်တာတော့ ဒါတွေက နစ်နာသူရဲ့ ကတ်တွေ မဟုတ်ဖို့ ရာခိုင်နှုန်း များတယ်... နစ်နာသူရဲ့ ခရက်ဒစ်ကတ် ကိုတော့ လုံးဝ ရှာမတွေ့ခဲ့ဘူး..."

"ကောင်းပါပြီ... ကျေးဇူးပဲ..."

သက်သေခံ ပစ္စည်းအိတ်ကို လှမ်းယူလိုက်ပြီးနောက် သဲလွန်စ ရှာဖွေရေးအဖွဲ့မှ စုံထောက် နိုင်းလ် လည်း လှည့်ထွက်သွားလေသည်။

ရိုအန်က အိတ်ထဲရှိ ခရက်ဒစ်ကတ် နှစ်ကတ်ကို ကြည့်ရင်း မျက်နှာ အလွန် ကြည့်ရဆိုးနေသည်။ ဘေးနားရှိ လေစီ ကလည်း တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် တွန့်ဆုတ်စွာ မေးလိုက်သည်။

"အဲ့ဒီကတ်တွေက..."

"ဘာမှ လွဲချော်မှု မရှိဘူးဆိုရင် ခရက်ဒစ်ကတ် ပိုင်ရှင်တွေ ဘေးအန္တရာယ် ကြုံသွားရတာ သေချာတယ်..."

ရိုအန်က နိုကီယာဖုန်းကို ထပ်မံ ထုတ်ယူကာ မိုနာ့ထံ ဖုန်းဆက်လိုက်သည်။

"မိုနာ... နောက်ဆုံး နံပါတ် သုံး နဲ့ ရှစ် နဲ့ ဆုံးတဲ့ ခရက်ဒစ်ကတ် နှစ်ကတ်ကို ရှာပေး... ဒီကတ် နှစ်ကတ်ရဲ့ ပိုင်ရှင်က ဘယ်သူလဲ ဆိုတာ သိချင်တယ်..."

"ကောင်းပြီ..."

ဖုန်းတစ်ဖက်ခြမ်းတွင် ကီးဘုတ် ရိုက်ခတ်သံများ ထွက်ပေါ်လာပြီး ဖုန်းဒီဘက်ခြမ်းတွင်တော့ ရိုအန်နှင့် လေစီတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်ရင်း စကားမဆိုနိုင် ဖြစ်နေကြသည်။

"ရှာတွေ့ပြီ..."

သုံးမိနစ်ခန့် ကြာပြီးနောက် မိုနာ၏ အသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။

"ကတ်နှစ်ကတ်ရဲ့ ပိုင်ရှင် နာမည်တွေက..."

မိုနာ ရှင်းပြသည်ကိုပင် မစောင့်တော့ဘဲ လေစီက ဖြတ်ပြောလိုက်သည်။

"နာမည်က အရေးမကြီးဘူး... သူတို့က အမျိုးသမီး နှစ်ယောက်မလား..."

"ဟုတ်တယ်..."

မိုနာ တစ်ယောက် သူမ၏ လည်ချောင်းများ ခြောက်သွေ့နေသည်ဟု ခံစားလိုက်ရပြီး နှလုံးခုန်သံများက တဖြည်းဖြည်း မြန်ဆန်လာသည်။ ဦးနှောက်ထဲတွင်လည်း ဒေါသများ တက်လာတော့သည်။

'ဘာဖြစ်လို့ လူသတ်သမားက အမြဲတမ်း အမျိုးသမီးတွေကိုပဲ သတ်နေရတာလဲ... ဘာအခွင့်အရေးနဲ့များ အဲ့ဒီလို လုပ်နေရတာလဲ...'

အမျိုးသား တစ်ဦးဖြစ်သော ရိုအန်က မိုနာ ပို့ပေးလာသည့် ခရက်ဒစ်ကတ် ပိုင်ရှင် နှစ်ဦး၏ အချက်အလက်များကို ငုံ့ကြည့်လိုက်သည်။ ထိုအထဲမှ တစ်ဦးက ဘရွတ်ကလင်း ရပ်ကွက်တွင် နေထိုင်ကြောင်း တွေ့လိုက်ရသဖြင့် နှစ်စက္ကန့်ခန့် စဉ်းစားပြီးနောက် ရက်ဒ် ထံ ဖုန်းဆက်လိုက်သည်။

"ဘာဖြစ်လို့လဲ ရိုအန်..."

ရေကန်တွင်း အမျိုးသမီး ရုပ်အလောင်း ကွင်းဆက် လူသတ်မှု ၏ အချက်အလက်များကို စုံစမ်းနေသော ရက်ဒ် က ရိုအန်၏ ဖုန်းကို လက်ခံရရှိချိန်တွင် အနည်းငယ် နားမလည်နိုင် ဖြစ်သွားပြီး မေးမြန်းလိုက်သည်။

"ကွင်းဆက် လူသတ်မှုရဲ့ သဲလွန်စကို ရှာတွေ့သွားလို့လား..."

"ကွင်းဆက် လူသတ်မှုရဲ့ သဲလွန်စကို ရှာတွေ့သွားတာ မှန်တယ်... ဒါပေမဲ့ မင်း လက်ထဲက ကွင်းဆက် လူသတ်မှုတော့ မဟုတ်ဘူး..."

ရိုအန်၏ စကားကြောင့် ရက်ဒ် မှာ အနည်းငယ် တွေဝေသွားရသော်လည်း ရိုအန်၏ ညွှန်ကြားချက်ကိုမူ ကောင်းစွာ နားလည်လိုက်သည်။

"ဘရွတ်ကလင်း အောက်ဘက် ရပ်ကွက်က တိုက်ခန်းဆီကို သွားရမယ် ဟုတ်လား..."

ရက်ဒ် က ခေါင်းညိတ်လိုက်ပြီး ရိုအန်၏ ညွှန်ကြားချက်ကို ထပ်မံ အတည်ပြုလိုက်သည်။

"တကယ်လို့ အထဲမှာ ရုပ်အလောင်း တွေ့ရင် မင်းဆီ ချက်ချင်း ဖုန်းဆက်ရမယ်... တစ်ချိန်တည်းမှာပဲ သဲလွန်စ ရှာဖွေရေးအဖွဲ့ကိုပါ အကြောင်းကြားရမယ်... မှန်တယ်မလား..."

"မှန်တယ်..."

ဖုန်းတစ်ဖက်ခြမ်းမှ ရိုအန်၏ အတည်ပြုချက်ကို ကြားလိုက်ရသောအခါ ရက်ဒ် က ပြဿနာ မရှိကြောင်း ပြောဆိုပြီးနောက် ဖုန်းချသွားလေသည်။

ဖုန်းချလိုက်ပြီးနောက် သဲလွန်စ ရှာဖွေရေး အဖွဲ့မှ စုံထောက် နိုင်းလ် နှင့်အတူ အခန်းတွင်း ရှာဖွေနေသော လေစီကို ရိုအန်က လှမ်းခေါ်လိုက်သည်။

"ဌာနချုပ်ကို အရင် ပြန်ကြမယ် လေစီ... ဒီကိစ္စကို အဖွဲ့ခေါင်းဆောင် သြဂတ်စ် ဆီ သတင်းပို့ဖို့ လိုနေပြီ..."

"ကောင်းပြီ..."

အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ည ရှစ်နာရီအချိန်။

မစ္စတာ ဒါရင်း တစ်ယောက် အစည်းအဝေးခန်းထဲတွင် ထိုင်လျက် ဇနီးဖြစ်သူ ဆာဘီနာ ၏ သတင်းကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ လောလောဆယ်တွင် ဆာဘီနာ ပျောက်ဆုံးသွားသည်မှာ ဆယ့်လေးနာရီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အဖွဲ့ခေါင်းဆောင် ရုံးခန်းအတွင်း၌ သြဂတ်စ် က ကုလားထိုင်ပေါ်တွင် ထိုင်လျက် ညာဘက်လက်ဖြင့် နဖူးကို ဖိထားသည်။ ရိုအန်နှင့် လေစီတို့ကို ကြည့်နေသော သူ၏ အကြည့်များက အလွန် ရှုပ်ထွေးနေလေသည်။

"မင်း ဆိုလိုချင်တာက အခု အမျိုးသမီး သူဌေးကြီး ပျောက်ဆုံး ပြန်ပေးဆွဲမှု ကနေ နောက်ထပ် ကွင်းဆက် လူသတ်မှု အသစ်တစ်ခု အဖြစ် ပြောင်းလဲသွားပြီပေါ့..."

"တကယ်တမ်းတော့ မသေချာသေးပါဘူး..."

ရိုအန်က ခေါင်းခါလိုက်သည်။

"အဲ့ဒီ ခရက်ဒစ်ကတ် ပိုင်ရှင် နှစ်ယောက် အခု အသက်ရှင်နေသေးလား သေသွားပြီလား ဆိုတာကို ကျွန်တော်တို့ မသိရသေးဘူး... ရက်ဒ် က ဘရွတ်ကလင်း ရပ်ကွက်က တိုက်ခန်းထဲကို သွားစုံစမ်းနေတယ်..."

“တီ တီ တီ…”

စကားပင် မဆုံးလိုက်ရသေးမီ နိုကီယာဖုန်း မြည်သံ ထွက်ပေါ်လာသည်။ ရိုအန်က ဖုန်းကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းထဲမှ ရက်ဒ် ၏ စံံပြုလောက်သော အသံကျယ်ကြီးက ထွက်ပေါ်လာတော့သည်။

"သောက်ကျိုးနည်း... ရိုအန်... ဒီမှာ ဘာဖြစ်နေလဲဆိုတာ မင်း လုံးဝ ခန့်မှန်းမိမှာ မဟုတ်ဘူး... ရေခဲသေတ္တာထဲမှာ အသားတုံးတွေ အများကြီးပဲ... ပြီးတော့..."

"ကောင်းပြီ... သဲလွန်စ ရှာဖွေရေးအဖွဲ့ကိုသာ ဆက်သွယ်လိုက်ပါတော့..."

ရက်ဒ် စကားပင် မဆုံးလိုက်ရသေးမီ ရိုအန်က တည်ငြိမ်စွာ ဖြတ်ပြောလိုက်ပြီးနောက် ဖုန်းချလိုက်သည်။ ထို့နောက် သြဂတ်စ် ကို မော့ကြည့်ကာ ဆိုသည်။

"အခုတော့ ကွင်းဆက် လူသတ်မှု ဖြစ်သွားပါပြီ..."

သြဂတ်စ် မှာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားရတော့သည်။

All Chapters