← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅ အမှုအခြေအနေ ရုပ်မြင်သံကြားတွင် ပါလာခြင်း

"သောက်ကျိုးနည်း..."

သြဂတ်စ် က တီးတိုး ကျိန်ဆဲလိုက်သည်။ သူက ရိုအန်ကို ဆဲဆိုလိုက်ခြင်းလား သို့မဟုတ် ကွင်းဆက် လူသတ်သမားကို ဆဲဆိုလိုက်ခြင်းလား ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။

"လေစီ... မင်း အရင် ထွက်သွားလိုက်ဦး..."

"ကောင်းပါပြီ..."

လေစီကို အဖွဲ့ခေါင်းဆောင်၏ ရုံးခန်းထဲမှ ခေတ္တ ထွက်သွားခိုင်းလိုက်ပြီးနောက် သြဂတ်စ် က သူ၏ မျက်နှာမည်းမည်းကြီးဖြင့် အလွန် လေးနက်သော အမူအရာကို ပြသလျက် ရိုအန်အား မေးမြန်းလိုက်သည်။

"ရိုအန်... ပြန်ပေးဆွဲမှုနဲ့ ကွင်းဆက် လူသတ်မှုက မတူဘူး ဆိုတာကို မင်း သိလား..."

"ကျွန်တော် သိပါတယ်..."

ရိုအန်က ခေါင်းညိတ်ပြလိုက်သည်။

နှိုင်းယှဉ်ကြည့်မည် ဆိုပါက ကွင်းဆက် လူသတ်မှုကို ဖော်ထုတ်နိုင်ပြီး တရားခံအစစ်ကို ဖမ်းဆီးနိုင်ခြင်းက နာမည်ကြီးလာမည့် အချက်ကို ဖယ်ထုတ်လိုက်လျှင် အမှုကို ဦးဆောင် စစ်ဆေးသည့် စုံထောက်များ အနေဖြင့် ငွေကြေး အများအပြား ရရှိမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အမှုအတွက် သတ်မှတ်ထားသော ဆုကြေးငွေ ပမာဏက ပုံသေ ဖြစ်နေသောကြောင့်ပင်။

ကွင်းဆက် လူသတ်မှုများတွင် နစ်နာသူများ၏ မိသားစုဝင် အများစုမှာလည်း ကျေးဇူးတင် ဆုငွေကို အများအပြား ပေးလေ့ မရှိကြချေ။ အကြောင်းရင်းမှာ နစ်နာသူ သေဆုံးသွားပြီးနောက် မိသားစု အများအပြားမှာ ပြိုကွဲပျက်စီးသွားတတ်ပြီး ငွေကြေး ခက်ခဲသွားခြင်းက ပုံမှန် အခြေအနေ တစ်ရပ်လို ဖြစ်နေတတ်သောကြောင့် ဖြစ်သည်။

ပြန်ပေးဆွဲမှုကတော့ ထိုသို့ မဟုတ်ပေ။ ပြန်ပေးဆွဲသမားများ၏ အဓိက ရည်ရွယ်ချက်မှာ ငွေကြေး ရရှိရန်သာ ဖြစ်ပြီး ပြန်ပေးဆွဲခံရသူ၏ မိသားစုဝင်များကလည်း ဤအချက်ကို ကောင်းစွာ နားလည်ထားကြသည်။ ထို့ကြောင့် စုံထောက်များက သူတို့၏ မိသားစုဝင်များကို ကယ်တင်ပေးလိုက်သော အခါတွင် ကျေးဇူးတင် ဆုငွေ ပေးအပ်ရန် လုံးဝ နှမြောတွန့်တိုနေမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ပြန်ပေးဆွဲသမားများကို ပေးရမည့် အတူတူ စုံထောက်များကို ပေးရမည့် ကျေးဇူးတင် ဆုငွေက ပြန်ပေးသမားများကို ပေးရမည့် ပမာဏထက် ပို၍ နည်းပါးနေသေးသည် မဟုတ်ပါလား။

မြင်းကို အပြေးမြန်စေချင်လျှင် မြက်များများ ကျွေးရမည် ဟူသော သဘောတရားကို အမေရိကန် လူမျိုးများကလည်း ကောင်းစွာ နားလည်ထားကြလေသည်။

ဤသည်ကလည်း အမေရိကန်တွင် ရေးသားမထားသော စည်းမျဉ်းတစ်ခုကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။

ရိုအန် ခေါင်းညိတ်သည်ကို မြင်သောအခါ သြဂတ်စ် တစ်ယောက် အလွန် ကျေနပ်သွားသည်။ တစ်ချက် ပြောလိုက်ရုံဖြင့် အရာအားလုံးကို သဘောပေါက် နားလည်လွယ်သော လက်အောက်ငယ်သားမျိုးကို သူ အလွန် သဘောကျလှသည်။ ထို့ကြောင့် စကားကို ဆက်လက် ပြောဆိုလိုက်သည်။

"ငါတို့ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့က အခုမှ စတင် ဖွဲ့စည်းထားတာ ဆိုတော့... ကွင်းဆက် လူသတ်မှုလို အမှုမျိုးက တကယ်တော့ ငါတို့နဲ့ သိပ်မကိုက်ညီသေးဘူး..."

"အရင်တုန်းက ငါက ရေကန်တွင်း အမျိုးသမီး ရုပ်အလောင်း ကွင်းဆက် လူသတ်မှု ကို လက်ခံခဲ့တာက ဒီအမှုက အချိန်ကာလ အတော်လေး ကြာမြင့်နေပြီ ဖြစ်လို့ပဲ... အမှုကို ဖော်ထုတ်နိုင်ရင် အကောင်းဆုံးပေါ့... တကယ်လို့ မဖော်ထုတ်နိုင်ခဲ့ရင်တောင်မှ ဌာနခွဲမှူးက ငါတို့ကို အပြစ်တင်မှာ မဟုတ်ဘူး... တခြား စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကိုပဲ လွှဲပြောင်းပေးသွားမှာ... ဒါကြောင့် ငါ ဒီအမှုကို လက်ခံခဲ့တဲ့ အဓိက ရည်ရွယ်ချက်က မင်းတို့ကို အတွေ့အကြုံ ရစေချင်လို့ သက်သက်ပါ..."

"ဒါပေမဲ့ ပြန်ပေးဆွဲမှုကတော့ မတူဘူး... ဒီလို အမှုမျိုးက တစ်ခါတလေ အရမ်း ခက်ခဲတတ်သလို တစ်ခါတလေကျရင်လည်း အရမ်းကို လွယ်ကူနေတတ်တယ်..."

"အမျိုးသမီး သူဌေးကြီး ပျောက်ဆုံး ပြန်ပေးဆွဲမှု ကို ငါ လက်ခံခဲ့တာက အဓိကအားဖြင့် အဖွဲ့သားတွေကို လေ့ကျင့်ပေးချင်လို့ပဲ... အမှုကို ဖော်ထုတ်နိုင်ရင် အကောင်းဆုံးပေါ့... တကယ်လို့ မဖော်ထုတ်နိုင်ခဲ့ရင်တောင် ငါ အရင်က မင်းကို ပြောခဲ့သလိုပဲ ရက်ဒ် ကို လွှဲပေးလိုက်လို့ ရတယ်... မင်းကတော့ အတွေ့အကြုံတွေ စုဆောင်းထားလိုက်ပေါ့... နောက်ပိုင်းကျရင် အခွင့်အရေးတွေ ရှိလာဦးမှာပါ..."

သြဂတ်စ် ၏ သွက်လက်စွာ ပြောဆိုနေမှုများကို ကြားလိုက်ရသောအခါ ရိုအန်၏ မျက်နှာပေါ်တွင် ကြောင်အမ်းအမ်း ဖြစ်သွားသည့် အမူအရာများ ပေါ်လွင်လာသည်။

'သောက်ကျိုးနည်းပဲ... ငါ တွေးနေတာက ပိုက်ဆံရှာဖို့... ဒီလူကြီး တွေးနေတာက နိုင်ငံရေး ကစားဖို့ ဖြစ်နေတာကိုး...'

သူတို့ နှစ်ယောက်၏ တွေးခေါ်ပုံ လမ်းကြောင်းက လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

ရေစီးကမ်းပြို ပြောဆိုနေသည်မှာ အချိန်အတော်ကြာသွားပြီ ဖြစ်ရာ သြဂတ်စ် က သူ၏ ပါးစပ်များ ခြောက်သွေ့လာသည်ဟု ခံစားလိုက်ရသည်။ ရိုအန်က ချက်ချင်း မတ်တပ်ရပ်ကာ ကော်ဖီ တစ်ခွက် ငှဲ့ပေးလိုက်ရာ သြဂတ်စ် တစ်ယောက် အလွန် ကျေနပ်သွားသည်။ ကော်ဖီ သောက်ပြီးနောက် နောက်ဆုံးအနေဖြင့် မေးခွန်း ထုတ်လိုက်သည်။

"ဒါကြောင့် အခု လက်ရှိ အခြေအနေ အရဆိုရင် မင်း အနေနဲ့ လူသတ်သမားကို ဖမ်းနိုင်မယ်လို့ ယုံကြည်ချက် ရှိရဲ့လား... တကယ်လို့ ယုံကြည်ချက် မရှိဘူးဆိုရင် ဒီအမှုကို တခြား စုံစမ်းစစ်ဆေးရေး အဖွဲ့ဆီ အခုချက်ချင်း လွှဲပေးလိုက်မယ်... ဘာလို့လဲဆိုတော့ ဖမ်းဆီးဖို့ အကောင်းဆုံး အချိန်ဖြစ်တဲ့ နှစ်ဆယ့်လေးနာရီထဲကနေ အခုဆိုရင် ဆယ့်လေးနာရီတောင် ကျော်လွန်သွားခဲ့ပြီလေ..."

"အင်း..."

ရိုအန်က ခေါင်းငုံ့ကာ စဉ်းစားခန်း ဝင်နေလိုက်သည်။

စောစောက ကွင်းစ်ရပ်ကွက်ရှိ တိုက်ခန်းထဲတွင် သဲလွန်စ ရှာဖွေရေး အဖွဲ့မှ စုံထောက် နိုင်းလ် က ရုပ်အလောင်း အပိုင်းအစများကို ရှင်းလင်း စီစဉ်နေစဉ် အလောင်း အပိုင်းအစများ၏ အခြေအနေကို ရိုအန်အား အကြမ်းဖျင်း ရှင်းပြခဲ့သည်။

ရုပ်အလောင်း အပိုင်းအစများ၏ မျက်နှာပြင်ပေါ်ရှိ ရေခဲလွှာ အထူနှင့် အလောင်း အပိုင်းအစများ အေးခဲနေသည့် အတိုင်းအတာအရ ကြည့်မည်ဆိုလျှင် ဤအပိုင်းအစများ အေးခဲနေသည့် အချိန်မှာ သိပ်မကြာသေးဘဲ ခန့်မှန်းခြေ နှစ်ရက် သို့မဟုတ် သုံးရက်ခန့်သာ ရှိဦးမည်ဟု နိုင်းလ် က အကြမ်းဖျင်း ကောက်ချက်ချခဲ့သည်။

အကယ်၍ စုံထောက် နိုင်းလ် ၏ ကောက်ချက်သာ မမှားယွင်းခဲ့ပါက လူသတ်သမားသည် ဆယ်လီနာ့ ကို ပြန်ပေးဆွဲပြီးနောက် ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာအောင် နှိပ်စက် ညှဉ်းပန်းပြီးမှသာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြနေပေသည်။

ဤရှုထောင့်မှနေ၍ ခွဲခြမ်းစိတ်ဖြာ ကြည့်မည် ဆိုပါက အမျိုးသမီး သူဌေးကြီး ဆာဘီနာ မှာ ယခုအချိန်ထိ လုံခြုံနေဆဲ ဖြစ်ပြီး လူသတ်သမား၏ သတ်ဖြတ်ခြင်းကို မခံရသေးရန် ရာခိုင်နှုန်း တော်တော်လေး များနေပေသည်။

သေချာသည်ကတော့ မည်သည့်အရာမျှ ရာခိုင်နှုန်းပြည့် သေချာနေသည်တော့ မဟုတ်ပေ။ ကွင်းဆက် လူသတ်သမား ကဲ့သို့သော စိတ်ရောဂါသည် တစ်ယောက်က မည်သို့ တွေးတောနေမည်ကို မည်သူက သိနိုင်မည်နည်း။

ထို့နောက် အရေးအကြီးဆုံး ကိစ္စရပ် သုံးခု ရှိလာသည်။ လူသတ်သမားက ဘယ်သူလဲ... လူသတ်သမား၏ နေရပ်လိပ်စာက ဘယ်မှာလဲ... ဆာဘီနာ့ ကို ပြန်ပေးဆွဲသွားပြီးနောက် လူသတ်သမားက အခု လက်ရှိ ဘယ်နေရာမှာ ပုန်းအောင်းနေတာလဲ... ဆိုသည်ပင်။

လူသတ်သမားက မည်သူဖြစ်ကြောင်း ယခုအချိန်ထိ အတည်မပြုနိုင်သေးချေ။

သဲလွန်စ ရှာဖွေရေး အဖွဲ့က ကွင်းစ်ရပ်ကွက်ရှိ တိုက်ခန်းထဲတွင် နစ်နာသူ၏ လက်ဗွေ မဟုတ်သော အခြား လက်ဗွေရာများကို ရှာတွေ့ခဲ့သည်မှာ မှန်ကန်ပေသည်။ သို့သော် ထိုလက်ဗွေရာက လူသတ်သမား၏ လက်ဗွေရာ ဖြစ်ကြောင်း ရာခိုင်နှုန်းပြည့် အတည်ပြု၍ မရနိုင်သေးပေ။

ထို့မျှမက သဲလွန်စ ရှာဖွေရေး အဖွဲ့က လက်ဗွေရာများကို တိုက်ဆိုင် စစ်ဆေးရန် အချိန် အတော်လေး ကြာမြင့်စွာ ယူရမည် ဖြစ်သည်။ ယခုအချိန်တွင် ဖမ်းဆီးရန် အကောင်းဆုံး အချိန်ဖြစ်သော နှစ်ဆယ့်လေးနာရီထဲမှ ဆယ့်တစ်နာရီသာ ကျန်ရှိတော့သည်။

တစ်ချိန်တည်းမှာပင် သဲလွန်စ ရှာဖွေရေး အဖွဲ့က အက်ဖ်ဘီအိုင် ၏ ရာဇဝတ်ကောင် လက်ဗွေရာ မှတ်တမ်းများထဲတွင်သာ တိုက်ဆိုင် စစ်ဆေးနိုင်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် အကယ်၍ ဤကွင်းဆက် လူသတ်သမားက ယခင်က ပြစ်မှု လုံးဝ မကျူးလွန်ခဲ့ဖူးဘဲ ဒေသခံ ရဲစခန်းများတွင်လည်း လက်ဗွေရာ မှတ်တမ်း တင်ထားခြင်း မရှိခဲ့ပါက အက်ဖ်ဘီအိုင် ၏ လက်ဗွေရာ မှတ်တမ်းထဲတွင် လူသတ်သမား၏ ကိုယ်ရေးအချက်အလက်များကို လုံးဝ ရှာတွေ့နိုင်မည် မဟုတ်ပေ။

လူသတ်သမားက မည်သူဖြစ်ကြောင်း မသိရပါက လူသတ်သမား၏ နေရပ်လိပ်စာကို ရှာဖွေရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။

"အခု လက်ရှိ စဉ်းစားစရာ တစ်ခုပဲ ရှိတော့တယ်... လူသတ်သမားက ဆာဘီနာ့ ကို ပြန်ပေးဆွဲသွားပြီးတဲ့နောက် ဘယ်နေရာမှာ သွားပုန်းနေတာလဲ ဆိုတာပဲ..."

ရိုအန်က မျက်လုံးများကို တင်းတင်း မှိတ်ထားလိုက်ပြီး သူ၏ ဦးနှောက်က အရှိန်အဟုန်ပြင်းစွာ အလုပ်လုပ်နေသည်။ ယနေ့ ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ် အားလုံးကို အပြင်းအထန် စဉ်းစား တွေးတောနေပြီး လူသတ်သမား၏ ပြစ်မှုကျူးလွန်သည့် ပုံစံများကို ခွဲခြမ်းစိတ်ဖြာကာ လက်ရှိ ပုန်းအောင်းနေမည့် နေရာကို ရှာဖွေနိုင်ရန် ကြိုးပမ်းနေလေသည်။

သို့သော် ကွင်းဆက် လူသတ်သမား ဆိုသည်မှာ တကယ့် ကြေးစား လူသတ်သမားများနှင့် လုံးဝကို ကွဲပြား ခြားနားလွန်းလှသည်။ ရိုအန် တစ်ယောက် အချိန်အတော်ကြာအောင် စဉ်းစားနေသည့်တိုင် စိတ်ရောဂါသည် တစ်ယောက်၏ တွေးခေါ်ပုံများက မည်သို့ ရှိနေမည်ကို လုံးဝ ခွဲခြမ်းစိတ်ဖြာ၍ မရနိုင်သေးချေ။

ရိုအန် တစ်ယောက် အရှုံးပေးရန် ပြင်ဆင်လိုက်ချိန်မှာပင် သူ၏ မျက်လုံးများက ရုတ်တရက် အရောင်လက်သွားပြီး ကိစ္စတစ်ခုကို ဖြတ်ခနဲ သတိရသွားတော့သည်။

'လူသတ်သမား ကများ...'

ရိုအန် ခေါင်းငုံ့ကာ စဉ်းစားခန်း ဝင်နေသည့် အမူအရာကို မြင်လိုက်ရသောအခါ သြဂတ်စ် က တစ်ဖက်လူ သဲလွန်စများကို ခွဲခြမ်းစိတ်ဖြာ နေကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူ့ကို အလျင်စလို မလုပ်စေဘဲ ကော်ဖီခွက်ကို ကောက်ကိုင်ကာ နောက်ထပ် တစ်ငုံ သောက်ရန် ပြင်ဆင်လိုက်သည်။

“ဗုန်း…”

အဖွဲ့ခေါင်းဆောင်၏ ရုံးခန်း တံခါးမကြီးက ရုတ်တရက် အားကုန် တွန်းဖွင့်ခံလိုက်ရသည်။ သြဂတ်စ် တစ်ယောက် ထိုရုတ်တရက် ထွက်ပေါ်လာသော အသံကျယ်ကြီးကြောင့် အလွန်အမင်း ထိတ်လန့်သွားပြီး လက်ထဲရှိ ကော်ဖီများက သူ၏ ဗိုက်ရွှဲကြီးပေါ်သို့ တိုက်ရိုက် ဖိတ်စင်သွားတော့သည်။

"သောက်ကျိုးနည်း... ငါ့ကို အပူလောင်အောင် လုပ်နေတာလား..."

သြဂတ်စ် က အပူလောင်သွားသဖြင့် ကုလားထိုင်ပေါ်မှ ချက်ချင်း ခုန်ထလိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ ဖိုင်တွဲကို ကောက်ဆွဲလိုက်ပြီး တံခါးမခေါက်ဘဲ ရုံးခန်းထဲသို့ ဝင်ရောက်လာသူကို မသိစိတ်၏ စေ့ဆော်မှုအရ ပစ်ပေါက်ရန် ပြင်လိုက်သည်။

သို့သော် ရုံးခန်းထဲသို့ ဝင်ရောက်လာသူမှာ အမျိုးသမီး သူဌေးကြီး ဆာဘီနာ ၏ ခင်ပွန်း ဒါရင်း ဖြစ်နေကြောင်း မြင်လိုက်ရသောအခါ သြဂတ်စ် က သူ၏ လှုပ်ရှားမှုကို အလျင်အမြန် ရပ်တန့်လိုက်သည်။ ဗိုက်ပေါ်ရှိ ရှပ်အင်္ကျီကို သုတ်ရန်ပင် မေ့လျော့သွားတော့သည်။

"စုံထောက်ကြီး ရိုအန်... ဆာဘီနာ တစ်ယောက် စိတ်ရောဂါသည် ကွင်းဆက် လူသတ်သမား တစ်ယောက်ရဲ့ ပြန်ပေးဆွဲတာ ခံလိုက်ရတယ် ဆိုတာ ဟုတ်လား..."

ရိုအန် ကိုယ်တိုင်လည်း ရုတ်တရက် ပွင့်လာသော တံခါးမကြီးကြောင့် လန့်ဖျပ်သွားခဲ့သည်။ မိမိ၏ အတွေးလမ်းကြောင်းကို နှောင့်ယှက်သူအား လက်သီးဖြင့် ထိုးချရန် ပြင်လိုက်စဉ်မှာပင် ဒါရင်း ၏ မေးခွန်းက သူ၏ နားထဲသို့ ဝင်ရောက်လာတော့သည်။ ထို့ကြောင့် ရိုအန်က ချက်ချင်း မေးမြန်းလိုက်သည်။

"ခင်ဗျား ဒါကို ဘယ်ကနေ ကြားလာတာလဲ..."

'ဒီကိစ္စကို သူက သြဂတ်စ်၊ လေစီ နဲ့ မိုနာ တို့ သုံးယောက်ကိုပဲ ပြောပြထားခဲ့တာလေ... လေစီ နဲ့ မိုနာ တို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်များ စကားလွန်သွားလို့လား...'

ဒါရင်း ၏ မျက်နှာပေါ်တွင် အလွန်အမင်း စိုးရိမ်ပူပန်နေသော အမူအရာများ ပေါ်လွင်နေပြီး အလျင်အမြန် ဖြေလိုက်သည်။ "ရုပ်မြင်သံကြား ထဲမှာ ပြောနေတာ..."

"ဘာ..."

ဒါရင်း ၏ စကားကို ကြားလိုက်ရသောအခါ သြဂတ်စ် ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး အဖွဲ့ခေါင်းဆောင် ရုံးခန်းထဲမှ အလျင်အမြန် ထွက်ခွာကာ ရုံးခန်းနယ်မြေ၏ အရှေ့ဆုံးသို့ ပြေးသွားလေသည်။

ထိုနေရာတွင် တစ်နေ့လျှင် နှစ်ဆယ့်လေးနာရီ ပတ်လုံး သတင်းများကို အဆက်မပြတ် ကြေညာနေသည့် အနောက်ပိုင်း ကြီးမားလှသော ရုပ်မြင်သံကြား စက်ကြီး တစ်လုံးကို ချိတ်ဆွဲထားလေသည်။

ရုံးခန်းနယ်မြေ အတွင်း၌ စုံထောက်များ အားလုံးက ရုပ်မြင်သံကြားထဲရှိ သတင်းအစီအစဉ်မှ ရွှေဝါရောင် ဆံပင်နှင့် အမျိုးသမီး ကြေညာသူကို စူးစိုက်ကြည့်နေကြသည်။

"ဒီကနေ့ ည ခုနစ်နာရီခွဲ ဝန်းကျင်လောက်မှာ ကွင်းစ်ရပ်ကွက် လမ်းတစ်ခုက တိုက်ခန်း တစ်ခုထဲမှာ အရမ်းကို ကြောက်မက်ဖွယ် ကောင်းတဲ့ လူသတ်မှုကြီး တစ်ခု ဖြစ်ပွားခဲ့ပါတယ်... လူသတ်သမားက နစ်နာသူရဲ့ ရုပ်အလောင်းကို အပိုင်းပိုင်း ခုတ်ထစ်ခဲ့ရုံသာမက အလောင်း အပိုင်းအစတွေကို ရေခဲသေတ္တာထဲ ထည့်ပြီး အေးခဲထားခဲ့ပါတယ်..."

"ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဒီအမှုက ကွင်းဆက် လူသတ်မှုကြီး တစ်ခု ဖြစ်ပြီး အဲ့ဒီ တိုက်ခန်းထဲက အလောင်းဟာ နစ်နာသူတွေထဲက တစ်ယောက်သာ ဖြစ်ပါတယ်... အက်ဖ်ဘီအိုင် တွေက ဝင်ရောက် စုံစမ်းစစ်ဆေး နေပြီ ဖြစ်ပေမဲ့ အခု လက်ရှိ အချိန်အထိ အက်ဖ်ဘီအိုင် တွေဘက်က ခိုင်လုံတဲ့ သဲလွန်စ လုံးဝ မရရှိသေးဘူးလို့ သိရပါတယ်... ဒါကြောင့် ပြည်သူတွေ အနေနဲ့ လုံခြုံရေးကို အထူး ဂရုပြုကြဖို့ သတိပေး နှိုးဆော်အပ်ပါတယ်..."

"သောက်ကျိုးနည်း... ချီးတဲ့မှပဲ... သောက်ရူးတွေ..."

ရုပ်မြင်သံကြား ထဲမှ သတင်း ကြေညာမှုကို ကြည့်ရှုပြီးနောက် သြဂတ်စ် ၏ မူလကတည်းက မည်းနက်နေသော မျက်နှာကြီးက မှင်ရည်ထက်ပင် ပို၍ မည်းမှောင်သွားတော့သည်။ သူက လှည့်ကာ ရုံးခန်းနယ်မြေ အတွင်းရှိ လူများကို ကြည့်ရင်း ဒေါသတကြီး မေးလိုက်သည်။

"ဘယ်သူက ဒီအမှုကို အပြင်ကို သတင်းပေါက်ကြားအောင် လုပ်လိုက်တာလဲ..."

ဘေးနားရှိ ဒါရင်း ၏ မျက်နှာကလည်း အလွန်အမင်း ကြည့်ရဆိုးနေပြီး သြဂတ်စ် ကို အသံကုန် ဟစ်အော်လိုက်သည်။

"ကျွန်တော့် မိန်းမ ဆာဘီနာ တကယ်ပဲ ဒီစိတ်ရောဂါသည် လူသတ်သမားရဲ့ ပြန်ပေးဆွဲတာ ခံလိုက်ရတာလား... အခု သူ ဘယ်လို အခြေအနေ ရှိနေပြီလဲ..."

ရုံးခန်းနယ်မြေ အတွင်းရှိ စုံထောက်များ အားလုံးက ဘယ်ညာ အချင်းချင်း အကဲခတ် ကြည့်လိုက်ကြပြီး ဘာတွေ ဖြစ်ပျက်နေမှန်း လုံးဝ နားမလည်နိုင် ဖြစ်နေကြသည်။

အတွင်းရေးကို သိရှိထားသော မိုနာ နှင့် လေစီ တို့က အချင်းချင်း ခေါင်းစောင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် သံသယ ဖြစ်နေသည့် အမူအရာများ ပေါ်လွင်နေသည်။

အမေရိကန်၏ ဓလေ့စရိုက်များနှင့် လူနေမှု ပုံစံများအရ ပုံမှန် အခြေအနေမျိုးတွင် အမှုတစ်ခုကို သတင်းမီဒီယာများက သိရှိသွားပါက အမှု၏ နောက်ဆက်တွဲ ဖော်ထုတ်မှု လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် များစွာသော သက်ရောက်မှုများ ရှိလာတော့မည် ဖြစ်လေသည်။

All Chapters