အခန်း ၂၆
Vol. 3 Ch. 26
အခန်း ၂၆ အမှု၏ အခြား မျက်နှာစာတစ်ခု
အမှုဖော်ထုတ်သည့် လုပ်ငန်းစဉ်များက ဥပဒေနှင့် ကိုက်ညီမှု ရှိမရှိနှင့် အပြစ်ပေးရန် သက်သေအထောက်အထား လုံလောက်မှု ရှိမရှိ စသည့် အချက်များကို သတင်းမီဒီယာများက မီးမောင်းထိုးပြကာ ဝေဖန်လေ့ရှိကြသည်။ ထိုမျှမက လူအများအပြားက လူသတ်သမားအပေါ် ကိုယ်ချင်းစာစိတ် ဝင်လာတတ်ကြပြီး လူတစ်စုက လူသတ်သမားဘက်မှ အပြိုင်အဆိုင် ကာကွယ်ပြောဆိုပေးတတ်ကြသေးသည်။
လူသတ်သမားက မည်သည့် ပြစ်မှုကျူးလွန်ခဲ့သည်ဖြစ်စေ လူမည်မျှ သတ်ခဲ့သည်ဖြစ်စေ သူတို့ လုံးဝ ဂရုမစိုက်ကြချေ။
ရှေ့နေများက လူသတ်သမားဘက်မှ ကာကွယ်ပြောဆိုပေးခြင်းမှာ နာမည်ကြီးချင်သောကြောင့် ဖြစ်သဖြင့် ဤအချက်ကို နားလည်ပေး၍ ရနိုင်ပေသည်။
သို့သော် သာမန် ပြည်သူလူထုကပါ လူသတ်သမားကို ဘာကြောင့် ကိုယ်ချင်းစာနေကြသနည်း ဆိုသည်ကတော့ အမေရိကန်တွင် ကိုယ်ပိုင် အခြေအနေများ ရှိနေသောကြောင့်ဟုသာ ဆိုရမည် ဖြစ်သည်။
"စိတ်မပူပါနဲ့ မစ္စတာ ဒါရင်း..."
အရေးကြီးသော အချိန်တွင် ရိုအန်က ရှေ့ထွက်လာခဲ့သည်။
ဒါရင်းကို နှစ်သိမ့်၍ အစည်းအဝေးခန်းထဲသို့ ခေါ်သွားပြီး ခေတ္တမျှ စောင့်ဆိုင်းခိုင်းလိုက်သည်။ ထို့နောက် အစည်းအဝေးခန်းထဲမှ ပြန်ထွက်လာသော ရိုအန်က လေးနက်သော မျက်နှာထားဖြင့် သြဂတ်စ်ကို ပြောလိုက်သည်။
"ဒီအမှုကို အပြင်ကို သတင်းပေါက်ကြားအောင် လုပ်တာ သေချာပေါက် ငါတို့အဖွဲ့က လူတွေ မဟုတ်ဘူး..."
ထိုစကားကို ကြားလိုက်ရသောအခါ သြဂတ်စ်၏ မျက်နှာ အနည်းငယ် ကြည့်ကောင်းသွားပြီး ရုံးခန်းနယ်မြေ အတွင်းရှိ စုံထောက်များ အားလုံး၏ မျက်နှာများလည်း တဖြည်းဖြည်း တည်ငြိမ်သွားကြသည်။
"ဒါဆို ဘယ်သူက သတင်းပေါက်ကြားအောင် လုပ်တာလဲ... အခင်းဖြစ်ပွားရာ နေရာမှာ မင်းတို့ရယ် သဲလွန်စ ရှာဖွေရေး အဖွဲ့က စုံထောက်တွေရယ်ပဲ ရှိတာလေ... ဒါမှမဟုတ် သဲလွန်စ ရှာဖွေရေး အဖွဲ့က... မဟုတ်သေးဘူး..."
သြဂတ်စ်က သံသယဖြင့် မေးလိုက်သည်။ ထိုသို့ ပြောနေရင်းမှ သူက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် မျက်နှာ မည်းမှောင်သွားသည်။
"မင်း အရင်က ပြောခဲ့တာ မင်းရယ် လေစီရယ် ပြီးတော့ နယူးယောက် ရဲတပ်ဖွဲ့က ကင်းလှည့်ရဲတွေရယ် အခင်းဖြစ်ပွားရာ နေရာကို အတူတူ သွားခဲ့တယ် ဆို... ဒါဆို နယူးယောက် ရဲတပ်ဖွဲ့ ဘက်ကနေ အမှု အခြေအနေကို သတင်းပေါက်ကြားအောင် လုပ်လိုက်တာပေါ့..."
ထိုစကားကြောင့် လေစီ၏ မျက်နှာက ချက်ချင်းပင် ကြည့်ရဆိုးသွားတော့သည်။
ရိုအန်က ခေါင်းခါလိုက်သည်။
"ကျွန်တော်တို့ အပြင် အဲ့ဒီနေရာမှာ လွတ်လပ်တဲ့ သတင်းထောက် ဂျိုးဆက် ဆိုတဲ့ လူတစ်ယောက်လည်း ရှိနေသေးတယ်..."
"ဘယ်သူ..."
သြဂတ်စ်က မျက်မှောင် တင်းတင်း ကြုတ်လိုက်သည်။
ရိုအန်က မိုနာကို ခေါ်ဆောင်ကာ ကွန်ပျူတာ အနီးသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ အရင်က မြင်တွေ့ခဲ့ရသော ဂျိုးဆက်၏ ယာဉ်မောင်းလိုင်စင် အချက်အလက်များကို ရိုက်ထည့်ခိုင်းလိုက်သည်။ မကြာမီမှာပင် ဂျိုးဆက်၏ ကိုယ်ရေးအချက်အလက်များနှင့် အလုပ်အကိုင် အခြေအနေများက လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။
"ဂျိုးဆက် စမစ်... ဒီနှစ် အသက် သုံးဆယ့်သုံးနှစ်... သူက ညဘက် သွားလာ လှုပ်ရှားတတ်သူ တစ်ယောက်ပဲ... ညတိုင်း ပဋိပက္ခတွေ မီးလောင်မှုတွေ လူသတ်မှုတွေနဲ့ တခြား ရာဇဝတ်မှုတွေကို လိုက်လံ ရိုက်ကူးလေ့ရှိတယ်... ပြီးရင် အဲ့ဒီ ရိုက်ကူးထားတဲ့ မှတ်တမ်းတွေကို သတင်းမီဒီယာတွေဆီ ရောင်းချပြီး အမြတ်ထုတ်နေတာ..."
ဘေးနားရှိ လေစီ၏ မျက်နှာက အလွန်အမင်း ဖြူရော်နေသည်။ ရိုအန် ဖုန်းပြောနေချိန်တွင် သူမက သေချာ နားမထောင်ခဲ့ဘဲ ဂျိုးဆက်ကို တိုက်ရိုက် နှင်ထုတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ ဂျိုးဆက် ဆိုသော လူတစ်ယောက် ရှိနေခြင်းကို သူမ လျစ်လျူရှု ထားခဲ့မိခြင်းပင်။
"သောက်ကျိုးနည်း..."
သြဂတ်စ်က စားပွဲကို အားကုန် ရိုက်ချလိုက်သည်။ ရိုအန်က ဘေးမှနေ၍ ရှင်းပြလိုက်သည်။
"ဒီခွေးကောင်က ကျွန်တော်တို့ဆီကနေ သတင်းကြီး တစ်ခုရဲ့ အနံ့ကို ရသွားတဲ့ ပုံပဲ... ပြီးတော့ သူက ဘယ်လို နည်းလမ်း သုံးလိုက်တယ် မသိဘူး... အမှုရဲ့ အကြမ်းဖျင်း အခြေအနေတွေကို ရအောင် ယူသွားခဲ့တာ..."
အကြမ်းဖျင်းဟု ပြောရခြင်းမှာ ရုပ်မြင်သံကြားထဲရှိ သတင်း ကြေညာသူက အမှု၏ အကြမ်းဖျင်း အကြောင်းအရာကိုသာ ပြောဆိုသွားပြီး အရေးကြီးသော အဓိက အချက်အလက်များကို ထုတ်ဖော် ပြောဆိုသွားခြင်း မရှိသောကြောင့် ဖြစ်သည်။
"ဒီခွေးကောင့် ကိစ္စကို ငါ ရှင်းလိုက်မယ်..."
ဂျိုးဆက်၏ ယခု လုပ်ရပ်က စည်းကျော်လွန်းနေပြီ ဖြစ်သည်။ ထို့ကြောင့် သြဂတ်စ်က နောက်ပိုင်းတွင် သူ့ကို သင်ခန်းစာ အနည်းငယ် ပေးရန် ဆုံးဖြတ်လိုက်သည်။ ဥပမာအားဖြင့် ပြစ်မှု တစ်ခုခု တပ်ကာ အချိန်ကာလ တစ်ခုအထိ ဖမ်းဆီး အကျဉ်းချထားမည်ဟု စိတ်ကူးလိုက်သည်။
အမှုအခြေအနေ ရုပ်မြင်သံကြား သတင်းထဲ ပါလာခြင်းက အခြေအနေ အရပ်ရပ်သည် သြဂတ်စ်၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားပြီ ဖြစ်ကြောင်း သက်သေပြနေသည်။ ပုံမှန်အားဖြင့် အခြေအနေများက အထက်လူကြီး၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားပြီ ဆိုသည်နှင့် တပြိုင်နက် ပို၍ မြင့်မားသော အထက်လူကြီးများက အပြစ်ရှာ စစ်ဆေးတော့မည် ဖြစ်သည်။
ထင်သည့်အတိုင်းပင် သြဂတ်စ်၏ ဖုန်းက ချက်ချင်း မြည်လာတော့သည်။ ဖုန်းခေါ်ဆိုသူကို ကြည့်လိုက်ရာ ဌာနခွဲမှူး ဗီရိုနီးစ် ဖြစ်နေလေသည်။
တစ်နှစ်ဆိုသည့် အချိန်က တိုတောင်းလွန်းလှသဖြင့် ထိုသတင်းထောက်ကို သုံးနှစ်တိတိ အကျဉ်းချထားရန် သြဂတ်စ် စိတ်ထဲမှ တိတ်ဆိတ် ဆုံးဖြတ်လိုက်သည်။
လက်ဝှေ့ယမ်းကာ စုံထောက်များ အားလုံးကို မိမိတို့ အလုပ်များ ဆက်လုပ်ရန် အချက်ပြလိုက်သည်။ ယနေ့တွင် အမျိုးသမီး သူဌေးကြီး ပြန်ပေးဆွဲခံရမှု အတွက် အဖွဲ့သား အားလုံး အချိန်ပို ဆင်းနေရခြင်းက ရှားပါးသော ကိစ္စတစ်ရပ်ပင် ဖြစ်သည်။
ရိုအန်ကို ခေါ်ဆောင်လျက် အဖွဲ့ခေါင်းဆောင်၏ ရုံးခန်းထဲသို့ ဝင်လာပြီးနောက် သြဂတ်စ်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ဖုန်းကို ကိုင်လိုက်သည်။
"သြဂတ်စ်... သတင်းကို ငါ မြင်ပြီးပြီ..."
ဌာနခွဲမှူး ဗီရိုနီးစ်က အပိုစကားများ လုံးဝ မပြောဘဲ အေးစက် ပြတ်သားသော အသံဖြင့် ဆိုသည်။
"ရှေ့ဆက်ပြီး ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ... ဒီအမှုကို ဖော်ထုတ်နိုင်ဖို့ သေချာရဲ့လား..."
သြဂတ်စ် တစ်ယောက် ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ မိမိတွင် အမှုဖော်ထုတ်နိုင်စွမ်း ရှိမရှိ ဆိုသည်ကို ဗီရိုနီးစ်က မသိဘဲ နေမည်လား။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေတော့ဘဲ ဖုန်းကို ရိုအန်၏ လက်ထဲသို့ အတင်း ထိုးထည့်ပေးလိုက်တော့သည်။
ရိုအန်မှာ လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ လက်ထဲရှိ ဖုန်းကို ကြည့်ရင်း အလွန်အမင်း နားမလည်နိုင် ဖြစ်နေမိသည်။
'ဒါ မင်းရဲ့ အထက်လူကြီး မဟုတ်ဘူးလား...'
ဖုန်းတစ်ဖက်ခြမ်းမှ ဗီရိုနီးစ်၏ အသံက အနည်းငယ် စိတ်မရှည်တော့သည့် လေသံ ဖြစ်လာမှသာ ရိုအန်က သြဂတ်စ် တစ်ယောက် မျက်နှာမည်းသလို စိတ်ထားပါ မည်းညစ်ကြောင်း စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး အလျင်အမြန် စကားစလိုက်သည်။
"မင်္ဂလာပါ အရာရှိကြီး... ကျွန်တော် ရိုအန် ဂရင်းဝုဒ် ပါ..."
ဖုန်းတစ်ဖက်ခြမ်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။ အတန်ကြာမှသာ ဗီရိုနီးစ်၏ အသံက ပြန်လည် ထွက်ပေါ်လာပြီး ခံစားချက် ကင်းမဲ့ကာ အေးစက်နေလေသည်။
"ဘာဖြစ်လို့ မင်းက ဖုန်းကိုင်ရတာလဲ... သြဂတ်စ် ရော ဘယ်ရောက်နေလဲ..."
"သူက..."
ရုံးစားပွဲ အနောက်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ကို ဆက်တိုက် ဝှေ့ယမ်းပြနေသော သြဂတ်စ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရိုအန်က ချက်ချင်း ဖြေကြားလိုက်သည်။
"သူက ကျွန်တော့်ကို လက်ဝှေ့ယမ်းပြနေတယ်... ဖုန်းကို သူ့ဆီ မပေးဖို့ ပြောနေတာပါ..."
သြဂတ်စ် တစ်ယောက် ဆွံ့အသွားရတော့သည်။
"ဟွန့်..."
ဖုန်းတစ်ဖက်ခြမ်းရှိ ဗီရိုနီးစ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သြဂတ်စ်၏ စရိုက်ကို ကောင်းစွာ သိရှိထားသော သူမက အပိုစကားများ ဆက်မပြောတော့ဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
"ဒီအမှုက သတင်းထဲ ပါသွားပြီ... အထက်လူကြီးတွေက မနက်ဖြန် မနက်ကျရင် သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ငါ့ကို အမိန့်ပေးထားတယ်... သတင်းစာ ရှင်းလင်းပွဲ လုပ်လိုက်ပြီ ဆိုတာနဲ့ အမှုကို ဖော်ထုတ်ရမယ့် အချိန်က နှစ်ဆယ့်လေးနာရီပဲ ရှိတော့မယ်... ဒါကြောင့် နောက်ထပ် နှစ်ဆယ့်လေးနာရီ အတွင်းမှာ ဒီအမှုကို သေချာပေါက် ဖော်ထုတ်ရမယ်... လူသတ်သမားကို မရရအောင် ဖမ်းရမယ်... မင်း လုပ်နိုင်မလား..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရိုအန်က မေးလိုက်သည်။
"အကယ်၍ ကျွန်တော် နှစ်ဆယ့်လေးနာရီ အတွင်းမှာ အမှုကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ရင်... ဆုကြေး တစ်ခုခု ရနိုင်မလား..."
ဖုန်းတစ်ဖက်ခြမ်းရှိ ဗီရိုနီးစ်၏ လေသံက သိပ်မကောင်းတော့ပေ။
"ဒီအမှုက မူလကတည်းက မင်းတို့ တာဝန်ယူထားတဲ့ အမှုပဲလေ... အမှုနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို သေချာ မထိန်းသိမ်းနိုင်လို့ အပြင်ကို သတင်းပေါက်ကြားသွားတာ... ငါက မင်းတို့ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အပြစ်မပေးတဲ့ အပြင်... မင်းတို့က ဆုကြေးတောင် တောင်းချင်နေသေးတာလား..."
ရိုအန် ပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ ဗီရိုနီးစ်က ဆက်ပြောသည်။
"အမှုကို မဖော်ထုတ်နိုင်ဘူး ဆိုရင် အခုချက်ချင်း ပြော... ငါ ဒီအမှုကို တခြားလူကို အခုချက်ချင်း လွှဲပေးမယ်... တကယ်လို့ ကိုယ့်ဘာသာ ဖော်ထုတ်နိုင်မယ်လို့ ထင်ထားပေမဲ့ နှစ်ဆယ့်လေးနာရီ အတွင်းမှာ အောင်မြင်အောင် မဖော်ထုတ်နိုင်ခဲ့ဘူး ဆိုရင်တော့... အချိန်ပြည့်တာနဲ့ မင်း အလုပ်ကနေ တိုက်ရိုက် ထွက်လိုက်တော့..."
အမျိုးသမီး သူဌေးကြီးကို ကယ်တင်ပြီးပါက ရရှိမည့် ကျေးဇူးတင် ဆုငွေအတွက် ဆိုလျှင်တောင် ရိုအန် အနေဖြင့် နောက်ဆုတ်ရန် လုံးဝ မဖြစ်နိုင်ပေ။
အရင်က ခန့်မှန်းချက်များကို တွေးတောမိပြီး သဲလွန်စ အနည်းငယ် ရရှိထားပြီ ဖြစ်ရာ ရိုအန်က လက်ခံလိုက်ရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်မှာပင် သြဂတ်စ်က ရုတ်တရက် လျှောက်လာပြီး သူ၏ လက်ထဲမှ ဖုန်းကို ဆွဲလုသွားတော့သည်။
ရိုအန်မှာ လုံးဝ နားမလည်နိုင် ဖြစ်သွားရသည်။
ဖုန်းကို လုယူပြီးနောက် သြဂတ်စ်၏ မျက်နှာပေါ်တွင် အလွန် လေးနက် တည်ကြည်သော အမူအရာများ ပေါ်လွင်နေသည်။
"အရာရှိကြီး... ဘရိုဆန် တစ်ယောက် ဝါရှင်တန် ဌာနချုပ်ကနေ ပြန်ရောက်လာပြီမလား..."
သြဂတ်စ်၏ အသံကို ကြားလိုက်ရသောအခါ ဗီရိုနီးစ်က သူ့ကို လှောင်ပြောင် ပြောဆိုရန် ပြင်လိုက်သည်။ သို့သော် သူ၏ စကားထဲမှ ဆိုလိုရင်းကို ကြားလိုက်ရချိန်တွင် ဖုန်းတစ်ဖက်ခြမ်းက ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ သူမက သြဂတ်စ် စကား၏ ဆိုလိုရင်းကို နားလည်သွားခြင်း ဖြစ်သည်။
ဖုန်းက ချက်ချင်း ကျသွားလေသည်။
ရိုအန်က သြဂတ်စ်ကို သံသယဖြင့် ကြည့်လိုက်သည်။ သြဂတ်စ်၏ မျက်နှာထားက သကြားမပါသော ကော်ဖီမည်း တစ်ခွက်အလား အလွန်အမင်း ကြည့်ရဆိုးနေသည်ကို တွေ့လိုက်ရသည်။ တစ်ဖက်လူ စောစောက ပြောခဲ့သော စကားများနှင့် ဆက်စပ် စဉ်းစားကြည့်လိုက်ရာ ရိုအန် တစ်ယောက် တစ်စုံတစ်ခုကို သဘောပေါက်သွားတော့သည်။
ခေတ္တကြာပြီးနောက် သြဂတ်စ်၏ ဖုန်းက ထပ်မံ မြည်လာသည်။ ဖုန်းကို ကိုင်လိုက်သည်နှင့် တပြိုင်နက် ဖုန်းတစ်ဖက်ခြမ်းမှ ဗီရိုနီးစ်၏ အသံ ထွက်ပေါ်လာသည်။
"ရုပ်မြင်သံကြား သတင်းတွေ မထွက်လာခင် တစ်နာရီ အလိုမှာ ဘရိုဆန် တစ်ယောက် ဌာနချုပ်ကနေ ဌာနခွဲမှူး အဖြစ် ရာထူးတိုး ခံလိုက်ရတယ်... နောက် နှစ်ဆယ့်လေးနာရီ နေရင် ဘရိုဆန် က တရားဝင် ရာထူး လာယူတော့မယ်..."
လေသံက ကြားလိုက်ရုံဖြင့်ပင် ကြက်သီးမွေးညင်း ထသွားစေလောက်အောင် အေးစက်လွန်းလှသည်။ သြဂတ်စ်၏ မျက်နှာပေါ်တွင် ငါထင်တဲ့အတိုင်းပဲ ဆိုသော အမူအရာ ပေါ်လာသည်။
ဘေးတွင် ရပ်နေသော ရိုအန်ကလည်း အတွေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
နယူးယောက် ဌာနခွဲရှိ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဆယ့်သုံးဖွဲ့ကို ဗီရိုနီးစ် အပါအဝင် ဌာနခွဲမှူး လေးဦးက ခွဲဝေ ယူထားပြီး ဖြစ်သည်။ ရာထူးတိုးလာသော ဌာနခွဲမှူးသစ် ဘရိုဆန် အတွက် ခွဲဝေပေးရန် မည်သည့် အဖွဲ့မှ မကျန်ရှိတော့ချေ။
ဘရိုဆန် က သူ နောင်တွင် ရင်ဆိုင်ရမည့် အခြေအနေကို ကောင်းစွာ သိရှိထားသည်မှာ ထင်ရှားလှသည်။ မိမိကိုယ်တိုင် အာဏာမရှိသော အခွံချည်း သက်သက် မဖြစ်စေရန်နှင့် မိမိ၏ လက်အောက်တွင် ခိုင်းစေစရာ လူရှိနေစေရန် ရည်ရွယ်၍ သူက ပြတ်သားစွာပင် ဦးရာလူ စနစ်ကို ရွေးချယ်လိုက်သည်။ သူ၏ ပစ်မှတ်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ငါးဖွဲ့တိတိကို ကိုင်တွယ်ထားသော ဌာနခွဲမှူး ဗီရိုနီးစ် ဆီသို့ တိုက်ရိုက် ဦးတည်နေခြင်းပင် ဖြစ်သည်။
ဤပြန်ပေးဆွဲမှုမှ ကွင်းဆက် လူသတ်မှု အဖြစ်သို့ အဆင့်မြှင့်တင်သွားသော အမှုကို ယခုအချိန်တွင် ကြည့်မည်ဆိုပါက ဘရိုဆန် က သတင်းမီဒီယာများထံ ပေါက်ကြားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ရန် ရာခိုင်နှုန်း အလွန် များပြားနေပေသည်။ ညဘက် သွားလာ လှုပ်ရှားတတ်သူ သတင်းထောက် ဂျိုးဆက် မှာ အသုံးချခံရသော ကိရိယာလေး တစ်ခုမျှသာ ဖြစ်လေသည်။
ရိုအန် အနေဖြင့် ယခင်က သံသယ အနည်းငယ် ရှိခဲ့သည်။ လမ်းဘေး သတင်းထောက် တစ်ယောက် ဖြစ်သော ဂျိုးဆက် အနေဖြင့် အက်ဖ်ဘီအိုင် များကို ရန်စမိပါက မည်သို့သော အကျိုးဆက်မျိုး ရရှိမည်ကို မသိဘဲ မနေနိုင်ပေ။ ဤအမှုကို သတင်းမီဒီယာများထံ ပေါက်ကြားအောင် လုပ်လိုက်ခြင်းက ပိုက်ဆံအတွက်နှင့် ကိုယ့်အသက်ကိုတောင် ဂရုမစိုက်တော့ဘူးလားဟု သူ တွေးခဲ့မိသည်။
ယခုအခါတွင် နောက်ကွယ်မှ ပုန်းကွယ်နေသော ဘရိုဆန်ကို မြင်လိုက်ရသောအခါ ဤကိစ္စရပ်များ အားလုံးက နောက်ဆုံးတွင် ရှင်းလင်းသွားတော့သည်။