အခန်း ၂၈
Vol. 3 Ch. 28
အခန်း ၂၈ ခရက်ဒစ်ကတ်
"ဘာ... ဗီရိုနီးစ် က နှစ်ဆယ့်လေးနာရီ အတွင်းမှာ လူသတ်သမားကို ဖမ်းရမယ်လို့ အမိန့်ပေးထားတာ ဟုတ်လား..."
အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေ အတွင်း၌ ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ လေစီနှင့် မိုနာတို့ နှစ်ယောက်စလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး မယုံကြည်နိုင်စွာဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်ကြသည်။
"ပြီးတော့ ကျရှုံးခဲ့ရင် အလုပ်ပါ ဖြုတ်ခံရမယ်ပေါ့..."
"အလုပ်ထုတ်ခံရမှာ မဟုတ်ပါဘူး... လစာ ဖြတ်ခံရမှာပါ..."
ရိုအန်က လက်ဝှေ့ယမ်းပြကာ လေစီ၏ လက်ထဲမှ အခင်းဖြစ်ပွားရာ နေရာ နှစ်ခု၏ စုံစမ်းစစ်ဆေးမှု မှတ်တမ်းများကို လှမ်းယူလိုက်သည်။ ထို့နောက် သမ်းဝေလိုက်ပြီး ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့ မိုနာ... အလုပ်ထုတ်ခံရမှာက ငါ တစ်ယောက်တည်းပါ... မင်းတို့ တခြားလူတွေ အနေနဲ့ကတော့ အများဆုံး အလုပ်နားခံရတာ ဒါမှမဟုတ် လစာ လအနည်းငယ်လောက် ဖြတ်ခံရတာလောက်ပဲ ရှိမှာပါ..."
"လစာ ဖြတ်ခံရမယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ မိုနာ တစ်ယောက် နေရာတွင်ပင် ခုန်ပေါက်သွားတော့သည်။ သူမက ရိုအန်နှင့် လေစီတို့ စကားမပြောရသေးမီမှာပင် ရိုအန်၏ ပခုံးကို လှမ်းဆွဲလိုက်ပြီး အလွန်အမင်း စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"ဒါဆို ငါတို့ အရင်က သေနတ်ပစ် လူသတ်မှုရဲ့ တရားခံကို ဖမ်းမိခဲ့တဲ့ ဆုကြေးငွေကရော..."
ရိုအန်က မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်ပြီး နောက်ပြောင်လိုက်သည်။
"အဲ့ဒါလည်း ပေးတော့မယ် မထင်ဘူး..."
ထိုစကားကို ကြားလိုက်ရသောအခါ မိုနာ တစ်ယောက် မျက်လုံးနှစ်လုံး မှိတ်ကျသွားပြီး နောက်သို့ လန်ကျကာ ကုလားထိုင်ပေါ်တွင် ခွေယိုင်သွားတော့သည်။
အားလုံးမှာ ဆွံ့အသွားရသည်။
ရိုအန်က ရယ်မောလုနီးပါး ဖြစ်သွားပြီး မိုနာကို နှိုးရန် လက်လှမ်းလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် မိုနာက သူမဘာသာ မျက်လုံး ပြန်ဖွင့်လာပြီး မျက်နှာပေါ်တွင် ဒေါသအပြည့်ဖြင့် ကုလားထိုင်ကို လှည့်ကာ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် တဖြောက်ဖြောက် ကခုန်နေတော့သည်။
"သောက်ကွင်းဆက် လူသတ်သမား... သေချင်းဆိုး..."
မိုနာ၏ ပါးစပ်မှ ဆဲဆိုသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဘေးတွင် ထိုင်နေသော ရိုအန်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ၎င်းကို မြင်သောအခါ လေစီက မတတ်သာသည့် အမူအရာဖြင့် မိမိ၏ စားပွဲပေါ်မှ စာရွက်တစ်ရွက်ကို ဆွဲထုတ်ကာ ရိုအန်ကို ကမ်းပေးရင်း ရှင်းပြလိုက်သည်။
"မိုနာ က တိုက်ခန်းအသေးလေး တစ်ခန်းကို အရစ်ကျ ဝယ်ထားတယ်... ဒီမနက်မှ စာချုပ် သွားချုပ်ခဲ့တာလေ..."
တိုက်ခန်း၏ အချက်အလက်များကို ကြည့်လိုက်ရသောအခါ ရိုအန် တစ်ယောက် ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။
ယနေ့မနက်ပိုင်းက မိုနာ တစ်ယောက် ကွန်ပျူတာရှေ့တွင် ထိုင်ကာ ကီးဘုတ်ကို တဖြောက်ဖြောက် ရိုက်နှိပ်နေသည်ကို မြင်သောအခါ ပရိုဂရမ် တစ်ခုခုကို ထိုးဖောက် ဝင်ရောက်နေသည်ဟု သူ ထင်ခဲ့မိသည်။ တကယ်တမ်းကျတော့ တိုက်ခန်း အချက်အလက်များကို ရှာဖွေနေခဲ့ခြင်း ဖြစ်လေသည်။
ခေါင်းကို ခါယမ်းလိုက်ပြီးနောက် စာရွက်ကို ဘေးသို့ ပစ်ချလိုက်သည်။ ရိုအန်နှင့် လေစီတို့က အလောင်း တွေ့ရှိခဲ့သည့် နေရာ နှစ်ခု၏ အခင်းဖြစ်ပွားရာ နေရာ စစ်ဆေးချက် မှတ်တမ်းများကို သေချာစွာ စတင် ဖတ်ရှုနေကြသည်။
သဲလွန်စ ရှာဖွေရေး အဖွဲ့မှ စုံထောက် နိုင်းလ် က မှတ်တမ်းထဲတွင် ရေးသားထားသည်မှာ အလောင်း အပိုင်းအစများ၏ အေးခဲနေမှု အတိုင်းအတာကို အကြမ်းဖျင်း ကြည့်ခြင်းအားဖြင့် ရိုအန် တွေ့ရှိခဲ့သော နစ်နာသူမှာ နံပါတ် နှစ် နစ်နာသူ ဖြစ်ပြီး သေဆုံးချိန်မှာ နှစ်ရက်မှ သုံးရက် အတွင်း ရှိနိုင်ကြောင်း ဖော်ပြထားသည်။
ရက်ဒ် တွေ့ရှိခဲ့သော နစ်နာသူကိုတော့ နံပါတ် တစ် နစ်နာသူဟု အမည်ပေးထားပြီး သေဆုံးချိန်မှာ တစ်လ အထက် ရှိနိုင်ကြောင်း ယူဆရသည်။
အခင်းဖြစ်ပွားရာ နေရာ နှစ်ခုစလုံးတွင် လူသတ်သမားက မီးဖိုချောင် အတွင်း၌ ရုပ်အလောင်းကို အပိုင်းပိုင်း ခုတ်ထစ်ခဲ့ခြင်း ဖြစ်သည်။ သွေးစွန်းနေသော နေရာများကို ရေဖြင့် ရိုးရှင်းစွာ ဆေးကြော ရှင်းလင်းပြီးနောက် သွေးညှီနံ့များ ပျောက်ကွယ်သွားစေရန် မီးဖိုချောင် ကြမ်းပြင်ပေါ်တွင် နစ်နာသူ၏ ရေမွှေးပုလင်းကို ရိုက်ခွဲခဲ့သည်။
ထို့အပြင် နိုင်းလ် ၏ လုပ်ဖော်ကိုင်ဖက်များက နစ်နာသူ နှစ်ဦး၏ အိပ်ခန်းများထဲတွင် ကစားစရာ များစွာ၊ အဝတ်အစားများနှင့် ချည်နှောင်ရာတွင် အသုံးပြုသော ကြိုး အစရှိသည့် ပစ္စည်းများကိုပါ တွေ့ရှိခဲ့ကြသည်။
ကနဦး ကောက်ချက်ချချက်များအရ နစ်နာသူ နှစ်ဦးစလုံး သေဆုံးခြင်း မတိုင်မီ လူသတ်သမား၏ ထိုပစ္စည်းများဖြင့် ညှဉ်းပန်း နှိပ်စက်မှုကို အချိန် အတော်ကြာ ခံစားခဲ့ရကြောင်း သိရှိရသည်။
ထို့အပြင် နိုင်းလ် ၏ လုပ်ဖော်ကိုင်ဖက်က နံပါတ် နှစ် နစ်နာသူ အိမ်၏ ရေချိုးခန်းထဲတွင် လက်ဗွေရာ တစ်ဝက်ကို တွေ့ရှိခဲ့ပြီး လောလောဆယ်တွင် လက်ဗွေရာ မှတ်တမ်းထဲ၌ တိုက်ဆိုင် စစ်ဆေးနေပြီ ဖြစ်သည်။
မှတ်တမ်းကို ဖတ်ရှုပြီးနောက် ရိုအန်က ဘေးသို့ ပစ်ချလိုက်ပြီး မျက်လုံးများကို မှိတ်ကာ စဉ်းစားခန်း ဝင်နေလိုက်သည်။
"နစ်နာသူ နှစ်ယောက်ရဲ့ အိမ်နား ပတ်ဝန်းကျင်က လုံခြုံရေး ကင်မရာတွေကို ငါ ရှာကြည့်ပြီးပြီ..."
ကီးဘုတ် ရိုက်ခတ်သံများ ထွက်ပေါ်လာပြီး မိုနာ၏ လေသံက အလွန် မကျေမနပ် ဖြစ်နေသည်။
"ဘာမှကို ရှာမတွေ့ခဲ့ဘူး... အင်တာနက် ချိတ်ထားတာ လုံးဝ မရှိဘူး... တစ်ယောက်ယောက်ကို အဲ့ဒီ ပတ်ဝန်းကျင်မှာ လုံခြုံရေး ကင်မရာ ရှိမရှိ သွားစစ်ခိုင်းပြီး ရှိရင် ဗီဒီယို မှတ်တမ်း သွားယူခိုင်းတာက ပိုကောင်းလိမ့်မယ်..."
လေစီက ခေါင်းညိတ်လိုက်ပြီး ဖုန်းကို ထုတ်ယူရန် ပြင်လိုက်သည်။ သို့သော် ရိုအန်က လက်ဝှေ့ယမ်း တားဆီးလိုက်ပြီး မျက်လုံးဖွင့်ကာ မိုနာကို ပြောလိုက်သည်။
"မိုနာ... နစ်နာသူ နှစ်ယောက်ရဲ့ ခရက်ဒစ်ကတ် အသုံးပြုမှု မှတ်တမ်းတွေကို အခုချက်ချင်း ရှာကြည့်ပေး..."
"ကောင်းပြီ..."
မိုနာက လှည့်ကာ ကီးဘုတ်ကို ဆက်လက် ရိုက်နှိပ်နေသည်။ လေစီ ကလည်း တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ခေါင်းစောင်းကာ မေးလိုက်သည်။
"မင်း ထင်တာက လူသတ်သမားဟာ နစ်နာသူ နှစ်ယောက်ရဲ့ ခရက်ဒစ်ကတ်ကို သုံးပြီး ပစ္စည်းတစ်ခုခု ဝယ်ခဲ့တယ်လို့ ထင်နေတာလား..."
ရိုအန်က ခေါင်းညိတ်လိုက်ပြီး ရှင်းပြသည်။
"အဲ့ဒီလို ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်လေး များတယ်... အခင်းဖြစ်ပွားရာ နေရာ စစ်ဆေးချက် မှတ်တမ်းထဲမှာ နစ်နာသူ နှစ်ယောက်ရဲ့ အိပ်ခန်းထဲမှာ ကစားစရာတွေ အများကြီး တွေ့ခဲ့ရတယ်လို့ ရေးထားတယ်မလား... အဲ့ဒီ ပစ္စည်းတွေက နစ်နာသူ ကိုယ်တိုင် ဝယ်ထားတာ မဖြစ်နိုင်ဘူး..."
"ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ..."
လေစီက အနည်းငယ် တွေဝေသွားသည်။
"ဆာဘီနာ ရဲ့ တိုက်ခန်းထဲက ကုတင်အောက်မှာလည်း ကစားစရာတွေ အများကြီး ရှိနေတာပဲ မဟုတ်လား... လူသတ်သမားက အဲ့ဒီကို သွားပြီး ယူလာတာလည်း ဖြစ်နိုင်တာပဲလေ..."
"အဲ့ဒါက ဆာဘီနာ က ပိုက်ဆံ ချမ်းသာလို့လေ လေစီ..."
ရိုအန်က စုံစမ်းစစ်ဆေးမှု မှတ်တမ်းကို လှမ်းယူလိုက်ပြီး အထဲရှိ အချက်အလက်များကို လက်ညှိုးထိုးပြကာ ရှင်းပြလိုက်သည်။
"နစ်နာသူ နှစ်ယောက်ရဲ့ စီးပွားရေး အခြေအနေက သာမန်ပါပဲ... ဒါပေမဲ့ အဲ့ဒီ ကစားစရာတွေက နာမည်ကြီး တံဆိပ်တွေချည်းပဲ... ဈေးနှုန်းတွေကလည်း မသေးဘူး..."
"ဒါက..."
လေစီ တစ်ယောက် စကားမဆိုနိုင် ဖြစ်သွားရသည်။ အမျိုးသမီးများ အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမွန်မွန် ထားရှိခြင်းက သဘာဝ ကျသည်ဟု ပြောချင်သော်လည်း ဓာတ်ပုံထဲရှိ အချို့သော ကစားစရာများ၏ ဈေးနှုန်းများက ဂဏန်း လေးလုံး နီးပါးခန့် ရှိနေသည်ကို မြင်သောအခါ ပါးစပ် ဟသွားသော်လည်း စကားလုံးများက ထွက်မလာတော့ချေ။
"ရှာတွေ့ပြီ..."
ကီးဘုတ် ရိုက်ခတ်သံများ ရုတ်တရက် ရပ်တန့်သွားပြီး မိုနာက ကွန်ပျူတာပေါ်ရှိ အချက်အလက်များကို လက်ညှိုးထိုးပြကာ စိတ်လှုပ်ရှားစွာဖြင့် ဆိုသည်။
"စုံစမ်းစစ်ဆေးမှု မှတ်တမ်းထဲမှာ ပြောထားတဲ့ နစ်နာသူတွေ အကျဉ်းချ ခံထားရတဲ့ အချိန်ကာလ အတွင်းမှာ သူတို့ရဲ့ ခရက်ဒစ်ကတ် ကို သုံးပြီး ကစားစရာ အများကြီး ဝယ်ခဲ့တဲ့ မှတ်တမ်း ရှိနေတယ်..."
ကွန်ပျူတာ အနီးသို့ တိုးကပ်သွားသော လေစီက ခရက်ဒစ်ကတ် ဖြင့် ကစားစရာ ဝယ်ယူခဲ့သည့် မှတ်တမ်းများကို တကယ်ပင် တွေ့ရှိလိုက်ရသည်။ ရိုအန်၏ ဦးနှောက်က တကယ်ကို လျင်မြန်လှပါလားဟု ချီးကျူးလိုက်မိသည်။ လှည့်ကြည့်လိုက်ရာ ရိုအန် တစ်ယောက် အစည်းအဝေးခန်း ဘက်သို့ လျှောက်သွားနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
အစည်းအဝေးခန်း အတွင်း၌ သြဂတ်စ် က စိတ်လှုပ်ရှားနေသော ဒါရင်း ကို နှစ်သိမ့်ပေးနေသည်။
တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ရိုအန်က အပိုစကားများ မပြောတော့ဘဲ မျက်နှာ နီရဲနေသော ဒါရင်း ကို တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
"မစ္စတာ ဒါရင်း... ခင်ဗျား မိန်းမနဲ့ ပတ်သက်တဲ့ သဲလွန်စကို ကျွန်တော် ရှာတွေ့ထားပြီ... ခင်ဗျား ဘက်က ပူးပေါင်း ပါဝင်ပေးဖို့ မျှော်လင့်ပါတယ်..."
"အိုကေ..."
သြဂတ်စ် ၏ မျက်နှာမည်းကြီးကို ကြည့်ရသည်ထက် ရိုအန်၏ ရုပ်ရည် သာမန် ခပ်ချောချောလေးကို ကြည့်ရသည်က ပို၍ သက်သောင့်သက်သာ ရှိလှသည်။ ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ ဒါရင်းက တုံ့ဆိုင်းမနေဘဲ အခန်းထဲမှ အလျင်အမြန် ထွက်လာပြီး မေးလိုက်သည်။
"ကျွန်တော် ဘာလုပ်ပေးရမလဲ... ဆာဘီနာ ပျောက်သွားတာ ဆယ့်သုံးနာရီတောင် ရှိနေပြီ... ကျွန်တော် ဆက်မစောင့်နိုင်တော့ဘူး..."
ရိုအန်က ဒါရင်း ကို အနည်းငယ် နှစ်သိမ့်ပေးလိုက်ပြီး သူ၏ ခံစားချက်ကို နားလည်ကြောင်း ပြောဆိုလိုက်သည်။ ထို့နောက် ဆာဘီနာ ၏ ခရက်ဒစ်ကတ် ဘဏ်အကောင့်ကို မေးမြန်းလိုက်ရာ ဆာဘီနာ ၏ ခရက်ဒစ်ကတ် အသုံးပြုမှု မှတ်တမ်းများကို ရရှိသွားသည်။
ဘာမှ ထူးထူးခြားခြား မတွေ့ရချေ။
"နောက်ဆုံး အကြိမ် အသုံးပြုထားတဲ့ မှတ်တမ်းက လွန်ခဲ့တဲ့ သုံးရက်ကပဲ..."
မိုနာက ကွန်ပျူတာပေါ်ရှိ အချက်အလက်များကို လက်ညှိုးထိုးပြကာ ရှင်းပြသည်။
"ဆာဘီနာ က ဂါဝန်တစ်ထည် ဝယ်ခဲ့တယ်လို့ ပြနေတယ်... အဲ့ဒီနောက်ပိုင်း လုံးဝ အသုံးပြုထားတဲ့ မှတ်တမ်း မရှိတော့ဘူး..."
ဂါဝန်၏ ဂဏန်း ငါးလုံးပါ ဈေးနှုန်းကို ကြည့်ရင်း မိုနာ တစ်ယောက် သွားများကို ကြိတ်ထားမိသည်။
လေစီ ၏ ပါးစပ်မှတစ်ဆင့် အကြောင်းစုံကို သိရှိထားပြီးဖြစ်သော သြဂတ်စ် နှင့် ဒါရင်း တို့က မိုနာ ၏ စကားကို ကြားလိုက်ရသောအခါ မျက်နှာများ ကြည့်ရဆိုးသွားကြသည်။
ရိုအန် ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ငါထင်တဲ့အတိုင်းပဲ ဆိုသော အမူအရာ ပေါ်လွင်နေသည်ကို တွေ့လိုက်ရသောအခါမှ သူတို့နှစ်ဦးလည်း စိတ်အေးသွားကြတော့သည်။
သြဂတ်စ် စိတ်အေးသွားရသည့် အကြောင်းရင်းကို အထူးတလည် ပြောနေရန် မလိုပေ။ ရိုအန်၏ အရည်အချင်းကို သူ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။
သို့သော် ဒါရင်း စိတ်အေးသွားရသည့် အကြောင်းရင်းကတော့ အနည်းငယ် ရှုပ်ထွေးလှသည်။
အစပိုင်းတွင် ရိုအန်၏ မေးခွန်းထုတ်ခြင်း ခံရသည်၊ ရိုအန်၏ ဖမ်းဆီးခြင်း ခံရပြီး စစ်ကြောရေးခန်းထဲသို့ အပို့ခံရသည်။ ထို့နောက် ရိုအန်၏ ပါးစပ်မှတစ်ဆင့် ဇနီးဖြစ်သူ ဆာဘီနာ ၏ စိတ်ဝင်စားဖွယ်ရာ ကိုယ်ပိုင်ဘဝ အကြောင်းကို သိရှိလိုက်ရသည်။ နောက်ဆုံးတွင် ရိုအန်အား မိမိ၏ ဇနီးကို ရှာဖွေပေးရန် တောင်းဆိုရပြန်သည်... ဤအရာ အားလုံးကို ကြည့်ခြင်းအားဖြင့် ဒါက ဦးနှောက်ဆေးခံလိုက်ရခြင်းများလားဟု တွေးမိစရာပင်။
ပတ်ဝန်းကျင်မှ လူများ အားလုံးက မိမိကို ကြည့်နေကြသည်ကို မြင်လိုက်ရသောအခါ ရိုအန်၏ နှုတ်ခမ်းထောင့်များ လှုပ်ခတ်သွားသည်။ သူက ဒါရင်း ကို ဆွဲကာ အစည်းအဝေးခန်းထဲသို့ ဝင်သွားပြီး တီးတိုး ပြောလိုက်သည်။
"မစ္စတာ ဒါရင်း... အခု ကျွန်တော် သံသယရှိတာက ခင်ဗျား မိန်းမဆီမှာ ခင်ဗျား မသိတဲ့ ခရက်ဒစ်ကတ် တစ်ကတ် ရှိနေနိုင်တယ် ဆိုတာကိုပဲ... အဲ့ဒါကြောင့် ခင်ဗျား သံသယရှိတဲ့ ဘဏ်တွေကို အခုချက်ချင်း ဖုန်းဆက်ပြီး အဲ့ဒီ ခရက်ဒစ်ကတ် ရဲ့ အချက်အလက်တွေကို မေးမြန်းပေးဖို့ မျှော်လင့်ပါတယ်..."
ဒါရင်း တစ်ယောက် ဆွံ့အသွားရသည်။
'ဘယ်နှစ်ကြိမ် ရှိပြီလဲ... မိမိ၏ ဇနီး ဆာဘီနာ က မိမိကို ဘယ်နှစ်ကြိမ်လောက်များ လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားခဲ့တာလဲ…’
သို့သော် အတွေးတစ်ချက် ပြောင်းသွားသည်။ မိမိကိုယ်တိုင်လည်း ဖုံးကွယ်ထားသည့် ကိစ္စများ ရှိနေသည် မဟုတ်ပါလား။ ဤသို့ တွေးမိမှသာ ဒါရင်း က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ရင်ထဲမှ မငြိမ်မသက်မှုများကို ဖိနှိပ်ထားလိုက်ကာ အနည်းငယ် တောင့်တင်းနေသော လေသံဖြင့် ပြန်ပြောလိုက်သည်။
"ကျွန်တော့်ကို မိနစ် အနည်းငယ်လောက် အချိန်ပေးပါ... ကျေးဇူးပြုပြီး..."
"ကောင်းပါပြီ..."
ရိုအန်က ခေါင်းညိတ်လိုက်ပြီး အစည်းအဝေးခန်းထဲမှ ထွက်လာခဲ့သည်။ ထိုအခါ သြဂတ်စ် အပါအဝင် လူတိုင်းက အစည်းအဝေးခန်း အရှေ့ဆုံးရှိ ရုပ်မြင်သံကြားကို မော့ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
ဌာနခွဲမှူး ဗီရိုနီးစ် ၏ သတင်းစာ ရှင်းလင်းပွဲက တရားဝင် စတင်နေပြီ ဖြစ်လေသည်။