← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉ သဲလွန်စအသစ်

ဤသတင်းစာရှင်းလင်းပွဲကို ဂျေးကော့ ဖက်ဒရယ် ရုံးအဆောက်အအုံ၏ မြေညီထပ်ရှိ အစည်းအဝေးခန်း တစ်ခန်း၌ ကျင်းပနေခြင်း ဖြစ်သည်။

မီးရောင်များ လင်းထိန်နေသော အခန်းတွင်း၌ သတင်းထောက် အမြောက်အမြားက စက္ကူနှင့် ဘောပင်များကို ကိုင်ဆောင်ကာ ကင်မရာများကို ထမ်းပိုးထားကြပြီး အစည်းအဝေးခန်း၏ အရှေ့ဘက်တွင် ရပ်နေသော ဗီရိုနီးစ်ကို စူးစိုက်ကြည့်နေကြသည်။

ယနေ့တွင် ဗီရိုနီးစ်က ရုံးသုံး အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ သူမ၏ ဘောင်းဘီရှည်က ခါးကို မြင့်မားသွယ်လျသွားစေပြီး အဖြူရောင် ရှပ်အင်္ကျီက သူမ၏ ခါးသိမ်သိမ်လေးကို ပို၍ ပေါ်လွင်စေသည်။

ထိုမျှမက ဗီရိုနီးစ်က မိတ်ကပ်ပါးပါးလေး လိမ်းချယ်ထားသေးသည်။ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်သော်လည်း ရင့်ကျက်သော အမျိုးသမီးများသာ ပိုင်ဆိုင်နိုင်သည့် ထူးခြားသော ဆွဲဆောင်မှုက အထင်းသား ထွက်ပေါ်နေသည်။

ထိုနေရာရှိ အမျိုးသား သတင်းထောက် အများအပြား၏ မျက်လုံးများက အရောင်လက်သွားကြပြီး ဘေးနားရှိ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်များထက်ပင် လက်ညှိုးထောင်ကာ မေးခွန်းမေးရန် ပို၍ တက်ကြွနေကြသည်။

အမျိုးသမီး သတင်းထောက်များမှာမူ ဘာပြောရမှန်းမသိအောင် ဖြစ်သွားကြသည်။

"အိုကေ... စုံထောက်တို့"

အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးခန်းနယ်မြေအတွင်း၌ သြဂတ်စ်က အသံပြုလိုက်ပြီးနောက် ရုပ်မြင်သံကြားထဲတွင် စကားပြောဆိုနေသော ဗီရိုနီးစ်အပေါ် ရောက်ရှိနေသည့် စုံထောက်များ၏ အာရုံစိုက်မှုကို ပြန်လည် ဆွဲယူလိုက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ဒီညတော့ အားလုံးပဲ နည်းနည်း ပင်ပန်းခံပေးကြပါ... ငါတို့က ဒီလူသတ်သမားကို အမြန်ဆုံး ရှာဖွေပြီး မရရအောင် ဖမ်းရမယ်... စိတ်ချပါ... အချိန်ပိုဆင်းရတဲ့ အခကြေးငွေကို ငါ ပေးပါ့မယ်"

ထို့နောက် သြဂတ်စ်က စုံထောက်များ အားလုံးကို မိမိတို့၏ လုပ်ငန်းတာဝန် အသီးသီးကို ဆက်လက် လုပ်ဆောင်ရန် အမိန့်ပေးလိုက်သည်။ ဗီဒီယို မှတ်တမ်း ကြည့်ရမည့်သူက ကြည့်ပြီး အချက်အလက် ရှာဖွေရမည့်သူက ရှာဖွေနေကြသည်။ နောက်ဆုံးတွင် သြဂတ်စ်က ရိုအန်နှင့် မိုနာတို့ နှစ်ယောက်ဆီသို့ အကြည့်လွှဲလိုက်သည်။

ထိုသူနှစ်ဦးမှာ ခေါင်းငုံ့ကာ တစ်စုံတစ်ခုကို ဆွေးနွေး တိုင်ပင်နေကြသည်။

"ရိုအန်... မင်းမှာ ဘယ်လို အကြံဉာဏ်မျိုး ရှိလဲ"

သြဂတ်စ်က မေးမြန်းလိုက်သည်။

ရိုအန်က မိုနာ၏ ကွန်ပျူတာပေါ်မှ အကြည့်ကို ဖယ်ခွာလိုက်ပြီး အစည်းအဝေးခန်းဆီသို့ လက်ညှိုးထိုးပြကာ ရှင်းပြလိုက်သည်။

"လူသတ်သမားက ဆာဘီနာရဲ့ လျှို့ဝှက် ခရက်ဒစ်ကတ်ကို အသုံးပြုသွားတယ်လို့ ငါ သံသယရှိတယ်... အဲ့ဒါကြောင့် မစ္စတာ ဒါရင်းက အဲ့ဒီကတ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဖုန်းဆက်ပြီး မေးနေတာ"

သြဂတ်စ်က တစ်စုံတစ်ခုကို စဉ်းစားတွေးတော နေပုံရသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဖုန်းက ရုတ်တရက် မြည်လာတော့သည်။

"မင်္ဂလာပါ... ငါ သြဂတ်စ် ပါ"

ဖုန်းချလိုက်ပြီးနောက် သြဂတ်စ်၏ မျက်နှာမည်းမည်းကြီးက ပို၍ပင် ကြည့်ရဆိုးသွားပြီး ရိုအန်တို့ကို ပြောလိုက်သည်။

"လက်ဗွေရာ မှတ်တမ်းဌာန ဘက်က ဆက်တာ... အခင်းဖြစ်ပွားရာ နေရာက ရေချိုးခန်းထဲမှာ တွေ့ခဲ့တဲ့ လက်ဗွေရာကို တိုက်ဆိုင် စစ်ဆေးကြည့်တာ မအောင်မြင်ဘူးတဲ့... လက်ဗွေရာ မှတ်တမ်းထဲမှာ အဲ့ဒီ လက်ဗွေရာရဲ့ ပိုင်ရှင်ကို လုံးဝ ရှာမတွေ့ခဲ့ဘူး"

မိုနာ၏ မျက်နှာက ချက်ချင်းဆိုသလို ညှိုးနွမ်းသွားပြီး လေစီ၏ မျက်နှာထားကလည်း သိပ်မကောင်းတော့ပေ။

ဤကဲ့သို့သော အခြေအနေမျိုးက အလွန် ပုံမှန် ဖြစ်နေကျ ကိစ္စဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြစ်မှုကျူးလွန်ဖူးသူများကိုသာ လက်ဗွေရာ မှတ်တမ်း ယူထားလေ့ရှိပြီး သာမန် ပြည်သူများ၏ လက်ဗွေရာများကို မှတ်တမ်းထဲတွင် ရှာတွေ့နိုင်ရန် လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။

သြဂတ်စ်နှင့် မိုနာတို့ကလည်း ဤအချက်ကို ကောင်းစွာ သိရှိထားကြသည်။ သို့သော် နောက်ဆုံး ရလဒ် ထွက်မလာသေးမီ အချိန်အထိတော့ လူတိုင်းက မျှော်လင့်ချက် အနည်းငယ်စီ ထားရှိတတ်ကြစမြဲ ဖြစ်သည်။

"စိတ်မပူပါနဲ့"

ရိုအန်က အခင်းဖြစ်ပွားရာ နေရာ၏ စစ်ဆေးချက် အစီရင်ခံစာကို ကောက်ယူ ကြည့်ရှုလိုက်ပြီး အားလုံးကို နှစ်သိမ့်လိုက်သည်။

"ငါတို့ဆီမှာ ခရက်ဒစ်ကတ် သဲလွန်စ ဆိုတာ ရှိနေသေးတယ်လေ"

"မှန်တယ်"

မိုနာ၏ မျက်လုံးများက အရောင်လက်သွားသည်။

"တစ်ဖက်လူက ခရက်ဒစ်ကတ်ကိုသာ အသုံးပြုခဲ့မယ် ဆိုရင်... အဲ့ဒီ အချက်အလက် မှတ်တမ်းတွေကို ငါ သေချာပေါက် ဆွဲထုတ်နိုင်မှာပဲ"

ရိုအန်နှင့် မိုနာတို့၏ စကားကို ကြားလိုက်ရသောအခါ လေစီနှင့် သြဂတ်စ်တို့၏ စိတ်အခြေအနေကလည်း လက်ဗွေရာ စစ်ဆေးမှု ကျရှုံးသွားသည့် စိတ်ပျက်စရာ အခြေအနေထဲမှ ပြန်လည် ရုန်းထွက်လာနိုင်ခဲ့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ဒါရင်းက အစည်းအဝေးခန်း တံခါးကို တွန်းဖွင့်ကာ ထွက်လာခဲ့သည်။ လူတိုင်း၏ မျှော်လင့်ချက်ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘဲ သူက တိုက်ရိုက်ပင် ပြောလိုက်သည်။

"ဆာဘီနာရဲ့ အတွင်းရေးမှူး ဆီကနေ ခရက်ဒစ်ကတ် တစ်ကတ်ရဲ့ အချက်အလက်ကို ကျွန်တော် စုံစမ်းလို့ ရခဲ့ပြီ"

"အရမ်း ကောင်းတာပေါ့"

မိုနာက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး သူမ၏ လက်ချောင်း ဆယ်ချောင်းက ကီးဘုတ်ပေါ်တွင် ကခုန်သွားတော့သည်။ ဒါရင်း ပြောပြသော အချက်အလက်များ အပေါ် အခြေခံ၍ ခရက်ဒစ်ကတ် အသုံးပြုမှု မှတ်တမ်းများကို ချက်ချင်း စတင် ရှာဖွေလေသည်။

"စုံထောက်ကြီး ရိုအန်"

မိုနာ ကီးဘုတ် ရိုက်နှိပ်နေချိန်တွင် လူတိုင်းက စောင့်ဆိုင်းနေရုံသာ တတ်နိုင်လေသည်။ ဒါရင်းက အချက်အလက်များကို ခေါင်းငုံ့ကာ ခွဲခြမ်းစိတ်ဖြာနေသော ရိုအန်ဆီသို့ အာရုံ ပြန်လွှဲလိုက်ပြီး အလွန်အမင်း စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

"ဆာဘီနာ အခု ဘယ်လို အခြေအနေမျိုး ရှိနေလောက်ပြီလဲ... သူ့ရဲ့ အသက်အန္တရာယ် အတွက် စိုးရိမ်ရနိုင်မလား"

'ဒီကိစ္စကို ငါက ဘယ်လိုလုပ် သိနိုင်မှာလဲ...'

ရိုအန်မှာ အနည်းငယ် ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ သူက လူသတ်သမားမှ မဟုတ်ပေ။ ထို့ကြောင့် ဒါရင်းကို စကား အနည်းငယ်ဖြင့်သာ နှစ်သိမ့်ပေးလိုက်ရသည်။ ထိုအချိန်မှာပင် မိုနာ၏ အနည်းငယ် စိတ်လှုပ်ရှားနေသော အသံက ထွက်ပေါ်လာတော့သည်။

"အားလုံးပဲ နားထောင်ကြဦး... လွန်ခဲ့တဲ့ ဆယ့်ခြောက်နာရီတုန်းက ဒီခရက်ဒစ်ကတ်ကို တစ်ယောက်ယောက် အသုံးပြုသွားခဲ့တယ်"

"ဘာဖြစ်တယ်"

"ဘယ်နေရာမှာလဲ"

အခန်းတွင်းရှိ လူအားလုံးက မိုနာ၏ ကွန်ပျူတာဆီသို့ အလျင်အမြန် အကြည့်လွှဲလိုက်ကြသည်။ မိုနာက ကီးဘုတ်ကို တဖြောက်ဖြောက် ရိုက်နှိပ်ရင်း ရှင်းပြနေသည်ကို ကြားလိုက်ရသည်။

"လွန်ခဲ့တဲ့ ဆယ့်ခြောက်နာရီက ဒီခရက်ဒစ်ကတ်ကို တတိယမြောက် အမျိုးသား အဝေးပြေးလမ်းမကြီးရဲ့ အမှတ် ဆယ့်ကိုး နယ်မြေမှာ ရှိတဲ့ ဓာတ်ဆီဆိုင် တစ်ဆိုင်မှာ ကားဆီဖြည့်ဖို့ အသုံးပြုသွားခဲ့တာ"

"ဆယ့်ခြောက်နာရီ ဆိုတာက ဆာဘီနာ ပျောက်ဆုံးသွားတဲ့ အချိန်နဲ့ ကွက်တိပဲ"

ရိုအန်နှင့် သြဂတ်စ်တို့က ဒါရင်း ရှိရာဘက်သို့ တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ ဒါရင်းက အလျင်အမြန် ရှင်းပြလေသည်။

"ကျွန်တော်နဲ့ ဆာဘီနာ က အဲ့ဒီဘက်ကို တစ်ခါမှ မသွားခဲ့ဖူးဘူး... ပြီးတော့ ကျွန်တော်တို့ လင်မယားက ကားဆီဖြည့်တဲ့ အလုပ်ကို ကိုယ်တိုင် တစ်ခါမှ မလုပ်ဖူးဘူး... အဲ့ဒီအလုပ်တွေ အကုန်လုံးက အတွင်းရေးမှူးရဲ့ တာဝန်ချည်းပဲ"

ရိုအန်မှာ စကားမဆိုနိုင် ဖြစ်သွားရသည်။

သြဂတ်စ်က လှည့်ကာ မိုနာ့ကို အလျင်စလို ညွှန်ကြားလိုက်သည်။

"အဲ့ဒီ ဓာတ်ဆီဆိုင်ရဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို အခုချက်ချင်း ဆွဲထုတ်လိုက်စမ်း"

"အခု ဆွဲထုတ်နေပြီ"

မိုနာ၏ ကီးဘုတ် ရိုက်နှိပ်သံက လုံးဝ ရပ်တန့်မသွားခဲ့ပေ။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမက ဖာ့ခ် ဟူသော စကားလုံးဖြင့် ကျိန်ဆဲလိုက်ပြီး သြဂတ်စ် ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဓာတ်ဆီဆိုင်ရဲ့ ကင်မရာက ပျက်နေတာ တစ်လတောင် ရှိနေပြီ... အဲ့ဒီအချိန်တုန်းက အခြေအနေကို လုံးဝ ကြည့်လို့ မရဘူး"

"ဒါဆို အဝေးပြေး လမ်းမကြီးရဲ့ ကင်မရာတွေကရော"

ဘေးနားရှိ လေစီက ကွန်ပျူတာ အနီးသို့ တိုးကပ်သွားပြီး မေးမြန်းလိုက်သည်။

"အဝေးပြေး လမ်းမကြီးရဲ့ အဝင်အထွက် ဂိတ်တိုင်းမှာ လုံခြုံရေး ကင်မရာတွေ ရှိတယ်လေ"

"နင်ပြောတဲ့ ဟာတွေကို ငါ ရှာကြည့်ပြီးပြီ"

မိုနာက ကုလားထိုင်ပေါ်တွင် နောက်သို့ မှီချလိုက်ပြီး ကွန်ပျူတာ မျက်နှာပြင်ကို လက်ညှိုးထိုးပြကာ ဘာပြောရမှန်းမသိသော လေသံဖြင့် ဆိုသည်။

"ဒီလထဲမှာ တတိယမြောက် အမျိုးသား အဝေးပြေး လမ်းမကြီးရဲ့ အမှတ် ဆယ့်ကိုး နယ်မြေကို အကြီးအကျယ် ပြုပြင်နေလို့ ကင်မရာတွေ အကုန်လုံးကို ဖြုတ်ချထားတယ်တဲ့"

"သောက်ကျိုးနည်းပဲ"

ဤသတင်းကို ကြားလိုက်ရသောအခါ သြဂတ်စ်နှင့် လေစီတို့က တပြိုင်နက်တည်း ကျိန်ဆဲလိုက်ကြသည်။ သြဂတ်စ်က လှည့်ကာ ဘေးနားရှိ စုံထောက် တစ်ဦးကို လက်ညှိုးထိုးပြရင်း အမိန့်ပေးလိုက်သည်။

"မင်း အခုချက်ချင်း ဓာတ်ဆီဆိုင်ကို ကားမောင်းသွားပြီး ဆိုင်ရှင်ကို ဒီမနက်က အခြေအနေ အသေးစိတ် သွားမေးကြည့်စမ်း"

"ဟုတ်ကဲ့ပါ အရာရှိကြီး"

ထိုစုံထောက်က ပြန်ဖြေလိုက်ပြီးနောက် ချက်ချင်း လှည့်ထွက်သွားလေသည်။

ထိုစုံထောက် ရုံးခန်းနယ်မြေထဲမှ ထွက်ခွာသွားချိန်မှာပင် အပြင်ဘက်၌ သဲလွန်စများကို အချိန်ပြည့် လိုက်လံ စုံစမ်းနေခဲ့သော ရက်ဒ် တစ်ယောက် နောက်ဆုံးတွင် ပြန်ရောက်လာခဲ့သည်။ သြဂတ်စ် အနီးသို့ လျှောက်လာပြီး ပြောလိုက်သည်။

"အရာရှိကြီး... ကွင်းဆက် လူသတ်မှု အသစ်ရဲ့ နစ်နာသူ မိသားစုဝင်တွေ ရောက်လာပါပြီ... ကျွန်တော်တို့ ဘယ်အချိန် သွားပြီး ထွက်ဆိုချက် ယူကြမလဲ"

နစ်နာသူ၏ မိသားစုဝင်များကို ခေါ်ယူရခြင်းမှာ ရုပ်အလောင်း လာရောက် အတည်ပြုခိုင်းခြင်း အပြင် သူတို့ကို အကြမ်းဖျင်း မေးမြန်းစစ်ဆေးရန်လည်း လိုအပ်သောကြောင့် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် အသုံးဝင်မည့် သဲလွန်စ အချို့ကို ရရှိနိုင်ပြီး လူသတ်သမားကို ဖမ်းဆီးနိုင်ရန် အထောက်အကူ ဖြစ်စေနိုင်ပေသည်။

"အခုပဲ သွားကြမယ်"

အချိန်က အလွန် ကပ်သီးကပ်သတ် ဖြစ်နေသဖြင့် သြဂတ်စ်က နေရာမှ ထလိုက်ပြီး ရိုအန်ကိုပါ အတူတူ ဆွဲခေါ်သွားရန် ပြင်လိုက်သည်။ သို့သော် ရိုအန်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ထဲရှိ ဖိုင်တွဲကို စူးစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်နေသည်ကို တွေ့လိုက်ရသည်။

"ကျွန်မ သွားလိုက်ပါ့မယ် အရာရှိကြီး"

ရိုအန်၏ အခြေအနေကို မြင်လိုက်ရသောအခါ လေစီက အလျင်အမြန် မတ်တပ်ရပ်ကာ မိမိကိုယ်တိုင် ထွက်ဆိုချက် သွားယူပေးနိုင်ကြောင်း ပြောဆိုလိုက်သည်။ သို့သော် သြဂတ်စ်က လက်ဝှေ့ယမ်းကာ သူမ၏ လှုပ်ရှားမှုကို တားဆီးလိုက်သည်။ ရက်ဒ် ကိုသာ နစ်နာသူ၏ မိသားစုဝင်များကို အရင်သွားရောက် တွေ့ဆုံစေပြီး သူကိုယ်တိုင်ကမူ ဤနေရာတွင် ကျန်ရစ်ကာ ရိုအန်ကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ နစ်နာသူ၏ မိသားစုဝင်များ အနေဖြင့် ရုပ်အလောင်းကို အရင်ဆုံး သွားရောက် အတည်ပြုရဦးမည် ဖြစ်ရာ ဤမျှလောက် အချိန်လေးကို စောင့်ဆိုင်းပေးနိုင်ပါသေးသည်။ ရက်ဒ် မှာ ရုံးခန်းထဲသို့ ပြန်ရောက်သည်မှာ တစ်မိနစ်ပင် မပြည့်သေးဘဲ အပြင်သို့ ထပ်မံ နှင်ထုတ်ခံလိုက်ရပြန်သည်။

သြဂတ်စ် တို့၏ စောစောက လှုပ်ရှားမှုများကို ရိုအန် လုံးဝ သတိမထားမိလိုက်ချေ။ လူသတ်သမားသည် ဆာဘီနာ၏ ခရက်ဒစ်ကတ်ကို အသုံးပြုသွားကြောင်း သေချာသွားသည့် အချိန်မှစ၍ ရိုအန် တစ်ယောက် မေးခွန်းတစ်ခုကိုသာ အဆက်မပြတ် တွေးတောနေခဲ့သည်။

လူသတ်သမား၏ ပြစ်မှုကျူးလွန်သည့် ပုံစံများက ဘာတွေလဲ ဆိုသည်ပင်။

လူတစ်ယောက်၏ လုပ်ဆောင်မှု ပုံစံများကို ခွဲခြမ်းစိတ်ဖြာခြင်း ဆိုသည်မှာ ရိုအန်၏ ယခင်ဘဝက ဝါရင့် လူသတ်သမားကြီး သူ့ကို လေ့ကျင့်ပေးစဉ်က အထူးတလည် သင်ကြားပေးခဲ့သော ဘာသာရပ် တစ်ခု ဖြစ်သည်။ ဤဘာသာရပ်သည် ရဲတက္ကသိုလ်များတွင် သင်ကြားပေးသော အပြုအမူ ခွဲခြမ်းစိတ်ဖြာရေး ဌာန၏ ဘာသာရပ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

ကွာခြားချက်မှာ ရဲတက္ကသိုလ်များရှိ အပြုအမူ ခွဲခြမ်းစိတ်ဖြာရေး ဘာသာရပ်သည် လူသတ်သမား၏ လုပ်ဆောင်ချက်များကို လေ့လာခြင်းဖြင့် သူ၏ စိတ်နေသဘောထားကို အဓိကထား ခွဲခြမ်းစိတ်ဖြာခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် လူသတ်သမား၏ အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ စရိုက်လက္ခဏာ၊ ဝါသနာ စသည့် အကြမ်းဖျင်း အသွင်အပြင်များကို အတည်ပြုကာ နောက်ဆုံးတွင် ထိုသဲလွန်စများ အပေါ် အခြေခံ၍ လူသတ်သမား၏ ပုန်းအောင်းနိုင်သည့် နယ်ပယ်ကို ကျဉ်းမြောင်းစေပြီး ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။

သို့သော် ဝါရင့် လူသတ်သမားကြီးက ရိုအန်အား အခြားသူများ၏ လုပ်ဆောင်မှု ပုံစံများကို ခွဲခြမ်းစိတ်ဖြာရန် သင်ကြားပေးခဲ့ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပစ်မှတ်ထားသူ၏ အကျင့်စရိုက်များ၊ ပုံသေ တွေးခေါ်မှုများ၊ အသေးအမွှား လှုပ်ရှားမှုများနှင့် မသိစိတ်၏ စေ့ဆော်မှုများကို ခွဲခြမ်းစိတ်ဖြာနိုင်ရန် အတွက် ဖြစ်သည်။ ထိုမှတစ်ဆင့် ပစ်မှတ်ထားသူ အလွန်အမင်း သတိလက်လွတ် ဖြစ်နေမည့် အချိန် သို့မဟုတ် လုပ်ကြံရန် အသင့်တော်ဆုံး နေရာကို ရှာဖွေပြီး တစ်ချက်တည်းဖြင့် ပြတ်သားစွာ အဆုံးသတ်နိုင်ရန် ဖြစ်လေသည်။

လောကကြီးတွင် အကြောင်းအရာ များစွာက တစ်ခုနှင့်တစ်ခု ဆက်စပ်နေတတ်သည်။ ပစ်မှတ်ထားသူအား လုပ်ကြံရန် အချိန်အခါကောင်းကို ရှာဖွေရာတွင် အသုံးပြုသော အပြုအမူ ခွဲခြမ်းစိတ်ဖြာခြင်းကို အခြား ရှုထောင့် တစ်ခုမှနေ၍ စဉ်းစားကြည့်မည် ဆိုပါက တကယ်တမ်းတွင် လူသတ်သမား၏ ပြစ်မှုကျူးလွန်သည့် အလေ့အထများကိုလည်း ခွဲခြမ်းစိတ်ဖြာ၍ ရနိုင်ပေသည်။

လူတစ်ယောက်၏ အလေ့အထ ဆိုသည်မှာ များသောအားဖြင့် မသိစိတ်၏ စေ့ဆော်မှုမှ လာသော အပြုအမူများ ဖြစ်ပြီး ထိုမသိစိတ်မှ လာသော အပြုအမူများကို ပြောင်းလဲပစ်ရန် ဆိုသည်မှာ အလွန် ခက်ခဲလှပေသည်။

All Chapters