← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁ လူသတ်သမားနှင့် ကွင်းဆက်လူသတ်သမား မတူညီပါ

"ဒါဆို မင်းဆိုလိုချင်တာက..."

မိုနာနှင့် လေစီတို့ အနည်းငယ် တွေဝေသွားကြပြီး ရိုအန်စကား၏ ဆိုလိုရင်းကို နားမလည်နိုင် ဖြစ်သွားကြသည်၊၊ ဘေးတွင်ရှိနေသော သြဂတ်စ်က မေးစေ့ကို ထောက်ကာ စဉ်းစားခန်း ဝင်နေလေသည်၊၊

ရိုအန်က မိုနာ၏ ကွန်ပျူတာဘေးရှိ စာရွက်စာတမ်း အချို့ကို စုပုံလိုက်ပြီး တစ်ရွက်ချင်းစီကို လက်ညှိုးထိုးပြကာ ရှင်းပြလိုက်သည်၊၊

"မင်းတို့ သေချာကြည့်ကြည့်... လူသတ်သမားက နစ်နာသူတွေကို ပြန်ပေးဆွဲပြီးတဲ့နောက်မှာ သူတို့ရဲ့ ခရက်ဒစ်ကတ်တွေကို သုံးပြီး ကစားစရာတွေ ဝယ်လေ့ရှိတယ်... ပြီးတော့ နစ်နာသူတွေရဲ့ အိမ်မှာပဲ သူတို့ကို ညှဉ်းပန်းနှိပ်စက်တတ်တယ်... ဒါ့အပြင် အရင်နစ်နာသူရဲ့ ကားကိုသုံးပြီး နောက်ထပ် ပစ်မှတ်ကို စောင့်ကြည့်လေ့ရှိသလို နောက်ဆုံးမှာ ပစ်မှတ်အသစ်ရဲ့ ကားနဲ့ပဲ ပြန်ပေးဆွဲလေ့ ရှိတယ်..."

ရိုအန်၏ လက်ညှိုးညွှန်ပြရာ တစ်လျှောက် စာရွက်စာတမ်းများကို တစ်ရွက်ချင်း လိုက်လံကြည့်ရှုပြီးနောက် လေစီတစ်ယောက် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန် ရှိသည်၊၊ မိုနာ တစ်ယောက်တည်းသာ ချက်ချင်း နားမလည်သေးဘဲ ခေါင်းစောင်းကာ မေးမြန်းလိုက်သည်၊၊

"အဲ့ဒီတော့ ဘာဖြစ်လဲ... ရိုအန် မင်း တကယ် ဘာကို ပြောချင်နေတာလဲ..."

"သူ ပြောချင်တာက လူသတ်သမားဟာ ဆာဘီနာ့ကို ပြန်ပေးဆွဲပြီးတဲ့ နောက်မှာလည်း သူရဲ့ ပုံမှန် အလေ့အထအတိုင်းပဲ ဆက်လုပ်လိမ့်မယ် ဆိုတာကိုပဲ..."

သြဂတ်စ်က ရုတ်တရက် သဘောပေါက်သွားပြီး လေစီကလည်း လက်ခုပ်တစ်ချက် တီးလိုက်သည်၊၊

"လူသတ်သမားက ဆာဘီနာ့ကို ပြန်ပေးဆွဲပြီးရင် သူ ပုံမှန် သွားလေ့ရှိတဲ့ နေရာကို သေချာပေါက် သွားမှာပဲ..."

"မှန်တယ်..."

ရိုအန်က ထိုသူနှစ်ဦးကို မဆိုးဘူးဟု အဓိပ္ပာယ်ရသော အကြည့်တစ်ချက် ပေးလိုက်ပြီး ဆက်လက် ရှင်းပြလေသည်၊၊

"မင်းတို့ ကြည့်ကြည့်... လူသတ်သမားက ပထမဆုံး နစ်နာသူကို ပြန်ပေးဆွဲပြီးတဲ့နောက် အဲ့ဒီလူရဲ့ အိမ်မှာပဲ ညှဉ်းပန်းနှိပ်စက်ခဲ့တယ်... အပြင်ကို ခေါ်မသွားခဲ့ဘူး... ဒုတိယ နစ်နာသူကို ပြန်ပေးဆွဲပြီးတဲ့ အခါမှာလည်း အဲ့ဒီလူရဲ့ အိပ်ခန်းထဲမှာပဲ နှိပ်စက်ခဲ့တယ်... အဲ့ဒီတော့..."

ဤတစ်ကြိမ်တွင်တော့ မိုနာတစ်ယောက် ကောင်းစွာ နားလည်သွားပြီ ဖြစ်ရာ မျက်လုံးများ အရောင်လက်လာပြီး ရိုအန်၏ စကားကို ဆက်၍ ဆိုလိုက်သည်၊၊

"ဒါဆို လူသတ်သမားက ဆာဘီနာ့ကို ပြန်ပေးဆွဲပြီးတဲ့နောက် ဆာဘီနာရဲ့ အိမ်ကို သွားပြီး အိပ်ခန်းထဲမှာပဲ နှိပ်စက်ဖို့ ရာခိုင်နှုန်း အရမ်းများနေတာပေါ့..."

ရိုအန်က ခေါင်းညိတ်လိုက်သည်၊၊ လူတစ်ယောက်၏ အလေ့အကျင့် ဆိုသည်မှာ တမင်တကာ သတိထားပြီး အတင်းအကျပ် ပြုပြင်ပြောင်းလဲခြင်း မရှိပါက ဘဝတစ်လျှောက်လုံး နီးပါး လုံးဝ ပြောင်းလဲသွားမည် မဟုတ်ပေ၊၊

ဥပမာအားဖြင့် လူတစ်ယောက် ထမင်းစားသည့် အခါတွင် အချို့က ဟင်းကို အရင် ခပ်စားတတ်ကြပြီး အချို့ကတော့ ထမင်းကို အရင် စားတတ်ကြသည်၊၊ ဤသည်မှာ မသိစိတ်မှ လာသော အလေ့အထများပင် ဖြစ်သည်၊၊

ယခုအမှုမှ တရားခံမှာ ကွင်းဆက် လူသတ်သမား တစ်ဦး ဖြစ်သည်၊၊ လောကပေါ်ရှိ ကွင်းဆက် လူသတ်သမား အားလုံးတွင် တူညီသော ထူးခြားချက် တစ်ခု ရှိတတ်ကြသည်၊၊ ယင်းမှာ သီးခြား လှုပ်ရှားမှု တစ်ခုကို အကြိမ်ကြိမ် ထပ်ခါတလဲလဲ ပြုလုပ်ရခြင်းကို သဘောကျခြင်းပင် ဖြစ်သည်၊၊

ဥပမာအားဖြင့် သီးခြား ကြိုးထုံးတစ်မျိုးကို အသုံးပြုခြင်း၊ အက္ခရာ အချို့ကို ရေးသားခဲ့ခြင်း၊ ပုံစံ အချို့ကို ရေးဆွဲခဲ့ခြင်း၊ ရုပ်အလောင်းများကို သတ်မှတ်ထားသော နေရာများတွင် မြှုပ်နှံခြင်း စသည်တို့ ဖြစ်သည်၊၊ ဤအရာများ အားလုံးက မသိစိတ်မှ လာသော အလေ့အထများ ဖြစ်ကြသည်၊၊

ရဲတက္ကသိုလ်များရှိ အပြုအမူ ခွဲခြမ်းစိတ်ဖြာရေး သင်ခန်းစာများက ဤအချက်များကို အခြေခံ၍ လူသတ်သမား၏ စိတ်နေစိတ်ထားကို ခွဲခြမ်းစိတ်ဖြာရန်နှင့် တရားခံ၏ စရိုက်လက္ခဏာကို ပုံဖော်ကာ ရှာဖွေ ဖမ်းဆီးနိုင်ရန် ကျောင်းသားများကို သင်ကြားပေးလေ့ ရှိသည်၊၊

ရိုအန်က ထိုသို့သော စံသတ်မှတ်ချက် သင်ခန်းစာများကို လေ့လာသင်ယူခဲ့ဖူးခြင်း မရှိပေ၊၊ ထို့အပြင် အတိတ်ဘဝက လူသတ်သမား တစ်ဦး ဖြစ်ခဲ့ဖူးသော သူသည် စိတ်ဖောက်ပြန်နေသည့် ကွင်းဆက် လူသတ်သမား တစ်ယောက်၏ တွေးခေါ်ပုံများကို လုံးဝ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း မရှိချေ၊၊

ငွေကြေးယူကာ အလုပ်လုပ်ပေးရသော လူသတ်သမားနှင့် နေရာအနှံ့ လိုက်လံ သတ်ဖြတ်နေသော ကွင်းဆက် လူသတ်သမား ဆိုသည်မှာ လုံးဝကို ကွဲပြားခြားနားလွန်းလှသည်၊၊

သို့သော် ရိုအန်က လူသတ်သမား၏ အလေ့အထများကို ရှာဖွေဖော်ထုတ် နိုင်စွမ်း ရှိသည်၊၊ ထိုမှတစ်ဆင့် လူသတ်သမား၏ နောက်ဆက်တွဲ လှုပ်ရှားမှုများနှင့် မည်သို့ ဆက်လက် လုပ်ဆောင်မည် ဆိုသည်ကို ခန့်မှန်း တွက်ချက်နိုင်လေသည်၊၊

"ဒီအချက်ကို သုံးပြီး လူသတ်သမားကို ဖမ်းရမယ်..."

ခွဲခြမ်းစိတ်ဖြာမှု ပြီးဆုံးသွားပြီးနောက် လေစီက အစည်းအဝေးခန်းထဲသို့ ဝင်ကာ ဒါရင်းကို ခေါ်ထုတ်လာခဲ့သည်၊၊ သြဂတ်စ်က တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်၊၊

"မစ္စတာ ဒါရင်း... ခင်ဗျားရဲ့ အိမ်ဖုန်းကို အခုချက်ချင်း ဆက်ပြီး ထူးခြားတဲ့ အခြေအနေ ရှိမရှိ မေးကြည့်ပေးပါ..."

ဂရင်းဝစ်ချ် ရပ်ကွက်ရှိ ဆာဘီနာ ပျောက်ဆုံးသွားသော စံအိမ်မှာ ဟန်းနီးမွန်း ထွက်ရန် နေရာလေး တစ်ခုသာ ဖြစ်သည်၊၊ ဒါရင်းနှင့် ဆာဘီနာတို့၏ အိမ်အစစ်မှာ နယူးယောက်မြို့ အထက်ပိုင်း အရှေ့ဘက် ရပ်ကွက်တွင် တည်ရှိသည်၊၊ ထိုနယ်မြေ တစ်ခုလုံးက သူဌေးများသာ နေထိုင်ကြသော နေရာဖြစ်သည်၊၊

"မလုပ်နဲ့..."

ဘာမှန်းမသိ ဖြစ်နေသော ဒါရင်း တစ်ယောက် မေးခွန်းမထုတ်ရသေးမီမှာပင် ရိုအန်က သြဂတ်စ်ကို လှမ်းတားလိုက်ပြီး ပြောလိုက်သည်၊၊

"လူသတ်သမားက အဲ့ဒီမှာ ရှိနေဖို့ လုံးဝ မဖြစ်နိုင်ဘူး..."

သြဂတ်စ်က ခေါင်းကို တစ်ချက် ပုတ်လိုက်မှသာ အခြေအနေကို သဘောပေါက် သွားတော့သည်၊၊ အထက်ပိုင်း အရှေ့ဘက် ရပ်ကွက် ကဲ့သို့သော သူဌေးများ စုဝေးနေသည့် နေရာမျိုးတွင် နယူးယောက် ရဲတပ်ဖွဲ့က တစ်မိနစ်လျှင် တစ်ကြိမ်ခန့် ကင်းလှည့်နေလေ့ ရှိသည်၊၊ အကယ်၍ ထိုနေရာတွင် ထူးခြားသော အခြေအနေ တစ်ခုခုသာ ဖြစ်ပွားခဲ့ပါက ရဲများက စောစောစီးစီးကတည်းက သတိထားမိပြီး သတင်းပို့ပြီးလောက်ပြီ ဖြစ်သည်၊၊

"ဒါဆို လူသတ်သမားက ဘယ်မှာ ရှိနေနိုင်မလဲ..."

မိုနာနှင့် လေစီတို့က ခေါင်းစောင်းကာ မေးမြန်းလိုက်ကြသည်၊၊ ဆာဘီနာတို့ လင်မယား ပိုင်ဆိုင်ထားသော စံအိမ်များ အားလုံးကို လိုက်လံ ရှာဖွေရတော့မည်လား ဟု တွေးတောမိကြသည်၊၊

"မလိုပါဘူး... အဲ့ဒီလောက် အလုပ်ရှုပ်ခံစရာ မလိုဘူး..."

ရိုအန်က ခေါင်းခါလိုက်ပြီး ဒါရင်း ဘက်သို့ အကြည့်လွှဲလိုက်သည်၊၊ ဘာတွေ ဖြစ်ပျက်နေမှန်း လုံးဝ နားမလည် ဖြစ်နေသော ဒါရင်းကို စောစောက မိမိတို့၏ ခွဲခြမ်းစိတ်ဖြာချက်များကို အကြမ်းဖျင်း ရှင်းပြလိုက်ပြီးနောက် မေးမြန်းလိုက်သည်၊၊

"မစ္စတာ ဒါရင်း... ဂရင်းဝစ်ချ် ရပ်ကွက်က ဟန်းနီးမွန်း ထွက်ဖို့ စီစဉ်ထားတဲ့ စံအိမ် အပြင်... တခြား ဘယ်အိမ်က ဆာဘီနာ့ အတွက် အထူးတလည် အဓိပ္ပာယ် ရှိနေသေးလဲ... တခြားနည်းနဲ့ ပြောရရင် ခင်ဗျားတို့ လင်မယား မကြာခဏ သွားမနေဖြစ်ပေမဲ့ ပုံမှန် စကားပြောတဲ့ အခါတိုင်း မသိစိတ်ကနေ သတိရမိနေတတ်တဲ့ အိမ်မျိုးပေါ့..."

ဇနီးဖြစ်သူမှာ လောလောဆယ် အသက်အန္တရာယ် မရှိနိုင်သေးကြောင်း ကြားလိုက်ရသောအခါ ဒါရင်း တစ်ယောက် အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီး မျက်နှာပေါ်ရှိ အမူအရာများလည်း အနည်းငယ် ပေါ့ပါးသွားသည်၊၊ ထို့နောက် ရိုအန် မေးမြန်းသော မေးခွန်းကို အလျင်အမြန် စဉ်းစားခန်း ဝင်လေသည်၊၊

"ဟက်ဒ်ဆန် မြစ်ရဲ့ မြောက်ဘက်က ဝက်ဝံတောင် ပြည်နယ် ပန်းခြံပဲ..."

ခေတ္တအကြာတွင် ဒါရင်းက လက်ခုပ် တစ်ချက် တီးလိုက်ပြီး ယုံကြည်ချက် အပြည့်ဖြင့် ဆိုသည်၊၊

"ပန်းခြံနဲ့ သိပ်မဝေးတဲ့ နေရာမှာ တောတွင်း သစ်သားအိမ်လေး တစ်လုံး ရှိတယ်... အဲ့ဒီနေရာက ကျွန်တော်နဲ့ ဆာဘီနာ တို့ ပထမဆုံး အတူတူ နေခဲ့ကြတဲ့ နေရာပဲ... ပြီးတော့ ကျွန်တော်တို့ တရားဝင် ချစ်သူတွေ ဖြစ်ခဲ့သလို ကျွန်တော် ကိုယ်တိုင် ဆာဘီနာ့ ကို လက်ထပ်ခွင့် တောင်းခဲ့တဲ့ နေရာလေးပေါ့..."

တောတွင်း သစ်သားအိမ်လေး ဟူသော နာမည်ကို ကြားလိုက်ရုံဖြင့်ပင် ကျက်သရေ မရှိမှန်း သိသာနေသည်၊၊ ရိုအန် တစ်ယောက် ဘာပြောရမှန်းမသိ ဖြစ်သွားရသော်လည်း လောလောဆယ်တွင် ဝေဖန် အပြစ်တင်နေရမည့် အချိန် မဟုတ်သဖြင့် သြဂတ်စ် ဘက်သို့ ချက်ချင်း လှည့်ကာ ပြောလိုက်သည်၊၊

"အရာရှိကြီး... ကျွန်တော် အဲ့ဒီ သစ်သားအိမ်ဆီ အခုချက်ချင်း သွားလိုက်မယ်..."

သြဂတ်စ်က ငြင်းဆိုခြင်း မရှိဘဲ ချက်ချင်း အမိန့်ပေးလိုက်သည်၊၊

"လေစီ... မင်း သူနဲ့ အတူတူ လိုက်သွားလိုက်... ထူးခြားတဲ့ အခြေအနေ တွေ့တာနဲ့ ငါ့ဆီကို ချက်ချင်း ဖုန်းဆက်... အထူး လက်နက်နဲ့ နည်းဗျူဟာ အဖွဲ့ ကို အကူအညီ လွှတ်ပေးမယ်..."

လောလောဆယ်တွင် လူသတ်သမားက တောတွင်း သစ်သားအိမ်လေးတွင် ပုန်းအောင်းနေခြင်း ရှိမရှိ ဆိုသည်ကို ရာခိုင်နှုန်းပြည့် အတည်မပြုနိုင်သေးပေ၊၊ အထူး လက်နက်နှင့် နည်းဗျူဟာ အဖွဲ့ ဆိုသည်မှာ တိကျ သေချာသော သတင်း ရရှိပြီးမှသာ လှုပ်ရှားလေ့ ရှိကြသည်၊၊

"ဟုတ်ကဲ့ပါ အရာရှိကြီး..."

လေစီက မတ်တပ်ရပ်ကာ ရိုအန်၏ နောက်သို့ လိုက်ရန် ပြင်လိုက်သည်၊၊ ထိုအချိန်မှာပင် ဒါရင်း က ရုတ်တရက် နောက်မှ လိုက်ပါလာပြီး ဆိုသည်၊၊

"ကျွန်တော်လည်း ခင်ဗျားတို့နဲ့ အတူတူ လိုက်ခဲ့မယ်..."

လေစီ၏ နောက်မှ ကပ်လျက် ပါလာပြီး အက်စ်ယူဗီ ကားပေါ်သို့ အတူတူ တက်လာသော ဒါရင်း ကို ကြည့်ရင်း ရိုအန် တစ်ယောက် ဤလူ မည်သို့ ဖြစ်နေမှန်း လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်၊၊

ဆာဘီနာ့ ကို အရမ်း ချစ်လွန်းလှသဖြင့် သတင်း ကြားလိုက်ရသည်နှင့် သူမကို စောစောစီးစီး တွေ့ချင်၍ လိုက်လာခြင်းလား၊၊ သို့မဟုတ် ဆာဘီနာ သေဆုံးသွားပါက အမွေအဖြစ် ဒေါ်လာ သုံးသိန်းသာ ရရှိမည် ဖြစ်ရာ သူမ သေဆုံးသွားမည့် သတင်းကို မကြားချင်၍ လိုက်လာခြင်းလား ဆိုသည်ကိုတော့ သရဲတောင် သိမည် မဟုတ်ချေ၊၊

"ထားလိုက်ပါတော့..."

စစ်ဆင်ရေး ဝတ်စုံ၊ နည်းဗျူဟာသုံး ဦးထုပ် နှင့် ကျည်ကာအင်္ကျီ တို့ကို သေသပ်စွာ ဝတ်ဆင်လိုက်သည်၊၊ ထို့နောက် မီးခိုးဗုံး၊ အသံဖမ်းဗုံး၊ ဂလော့ခ် ဆယ့်ရှစ် အော်တိုပစ် လက်နက်ငယ် နှစ်လက်နှင့် ကျည်ပိုဆံ့သော ကျည်အိမ်အရှည် အနည်းငယ်တို့ကို အသင့် ပြင်ဆင်လိုက်သည်၊၊ ရိုအန်က အက်စ်ယူဗီ ကား၏ ယာဉ်မောင်းခုံတွင် ဝင်ထိုင်လိုက်ပြီး ကားနောက်ကြည့်မှန်မှ တစ်ဆင့် ဒါရင်းကို လေးနက်စွာ ကြည့်ရင်း ဆိုသည်၊၊

"မစ္စတာ ဒါရင်း... တောတွင်း သစ်သားအိမ်ဆီ ရောက်တဲ့ အခါကျရင် ကျွန်တော်နဲ့ လေစီ က ကားပေါ်က ဆင်းပြီး အခြေအနေကို သွားစစ်ဆေးမယ်... ခင်ဗျားကတော့ ကားပေါ်ကနေ လုံးဝ မဆင်းရဘူး... နားလည်လား..."

"ကျွန်တော် နားလည်ပါတယ်..."

ဒါရင်း က မတ်မတ် ထိုင်လိုက်ပြီး ထိုအရာများ၏ နောက်ကွယ်မှ အန္တရာယ်များကို ကောင်းစွာ နားလည်ထားကြောင်း ပြသလိုက်သည်၊၊

"စိတ်ချပါ... ကျွန်တော် ကားထဲမှာပဲ နေပြီး အပြင်ထွက်မှာ မဟုတ်ပါဘူး... လူသတ်သမား လက်ထဲက ဓားစာခံ လုံးဝ အဖြစ်ခံမှာ မဟုတ်ဘူး..."

ဒါရင်း၏ စကားကို ကြားလိုက်ရသောအခါ ရိုအန်က မျက်လုံး တစ်ချက် လှန်လိုက်သည်၊၊ သို့သော် ဤအရာများက အရေးမကြီးပေ၊၊ ဒါရင်းကို နေရာတွင် ငြိမ်ငြိမ်လေး နေစေရန် သူ၌ နည်းလမ်း အများအပြား ရှိနေသည် မဟုတ်ပါလား၊၊

တောတွင်း သစ်သားအိမ်လေးက ဤနေရာရှိ အက်ဖ်ဘီအိုင် နယူးယောက် ရုံးချုပ်နှင့် အတော်လေး ဝေးကွာလှသည်၊၊ ကားမောင်းသွားမည် ဆိုပါက တစ်နာရီခွဲခန့် အချိန်ယူရမည် ဖြစ်ရာ ရိုအန်က တုံ့ဆိုင်းမနေတော့ဘဲ လီဗာကို နင်းချလိုက်ရာ အက်စ်ယူဗီ ကားကြီးက အရှိန်ပြင်းပြင်း ပြေးထွက်သွားတော့သည်၊၊

အရင်က ရုံးခန်းထဲတွင် မိုနာ သတိပေးခဲ့သော စကားများကို ယာဉ်မောင်း ဘေးခုံတွင် ထိုင်နေသည့် လေစီ က သိပ်ပြီး အရေးတယူ မရှိခဲ့ပေ၊၊ ရိုအန် မောင်းသောကားကို သူမ မစီးဖူးသည် မဟုတ်ချေ၊၊ မောင်းနှင်မှု စွမ်းရည်က သာမန်မျှသာ ဖြစ်ပြီး မိုနာ ပြောသလောက် ကြောက်မက်ဖွယ် မကောင်းဟု တွေးခဲ့မိသည်၊၊

သို့သော် ယခုအခါ ကားလမ်းမ ဘေးတစ်ဖက်တစ်ချက်စီမှ လမ်းမီးတိုင်များက မျက်စိတစ်မှိတ် အတွင်း နောက်သို့ ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသောအခါ လေစီ တစ်ယောက် လေအေး တစ်ချက်ကို ရှိုက်သွင်းလိုက်မိသည်၊၊ တိတ်တဆိတ် ထိုင်ခုံခါးပတ်ကို သေချာစွာ ပတ်လိုက်ပြီးနောက် ဖြူရော်နေသော ဒါရင်း၏ မျက်နှာကို ကြည့်ကာ ခေတ္တမျှ တွန့်ဆုတ်သွားပြီးနောက် ခေါင်းစောင်း၍ မေးမြန်းလိုက်သည်၊၊

"ရိုအန်... ငါတို့ဆီမှာ အချိန် ရပါသေးတယ်... နည်းနည်းလောက် နှေးနှေး မောင်းရင်ရော..."

ရိုအန်က သူမကို အဓိပ္ပာယ် ပြည့်ဝသော အကြည့်တစ်ချက်ဖြင့် ပြန်ကြည့်ကာ ဆိုသည်၊၊

"စိတ်ချပါ... ငါ ကားမောင်းတာ မြန်တယ်လို့ပဲ မထင်လိုက်နဲ့... အရမ်းလည်း ငြိမ်တယ်..."

နောက်တစ်စက္ကန့်တွင် အနက်ရောင် အက်စ်ယူဗီ ကားကြီးက မှင်ရည်ကဲ့သို့ နက်မှောင်နေသော လျှပ်စီးကြောင်း တစ်ခုအလား မော်တော်ယာဉ်များ အပြည့် ရပ်တန့်ကာ မီးပွိုင့် စောင့်ဆိုင်းနေသော လမ်းဆုံလမ်းခွဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်၊၊

All Chapters