← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂ ဒီလောက်မြန်မြန် လူသတ်သမားကို ရှာတွေ့ဖို့ မဖြစ်နိုင်ဘူး

အခြားတစ်ဖက်တွင် အက်ဖ်ဘီအိုင် နယူးယောက် ဌာနခွဲ၏ ကားပါကင်မှ အက်စ်ယူဗီ ကားကြီး ထွက်ခွာသွားချိန်၌ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားပြီး မျက်မှန်တပ်ထားသော လူဖြူ လူငယ်တစ်ဦးက ကားတစ်စီး၏ အနောက်မှ ထွက်လာခဲ့သည်။

"အရာရှိကြီး... ကျွန်တော် ဂျော့ခ် ပါ..."

လူဖြူ လူငယ်က ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။ စက္ကန့်အနည်းငယ်အကြာ တစ်ဖက်မှ ဖုန်းကိုင်လိုက်သည်နှင့် အလျင်အမြန် ပြောလိုက်သည်။

"ကျွန်တော် စောင့်ကြည့်ရမယ့် ရိုအန် က စုံထောက် လေစီ ရယ် မစ္စတာ ဒါရင်း ရယ်ကို ခေါ်ပြီး ဌာနချုပ်ကနေ ထွက်သွားပြီ... ဆက်ပြီး ဘယ်လို လုပ်ရမလဲ..."

ဖုန်းတစ်ဖက်ခြမ်းရှိ လူမှာ မက်သရူး ဖြစ်လေသည်။ ယခုအချိန်တွင် သူက ဘရိုဆန် ကျင်းပနေသော ပါတီပွဲငယ်လေး တစ်ခုသို့ တက်ရောက်နေခြင်း ဖြစ်သည်။ လက်အောက်ငယ်သား ဂျော့ခ် ၏ စကားကို ကြားလိုက်ရသောအခါ လက်ထဲရှိ အရက်ခွက်ကို ချထားလိုက်ပြီး မိန့်ခွန်းပြောနေသော ဘရိုဆန် ကို ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်။

"ရိုအန် နောက်ကို အခုချက်ချင်း လိုက်သွား..."

"ဟုတ်ကဲ့ပါ အရာရှိကြီး..."

ဂျော့ခ် က ခေါင်းညိတ်လိုက်သည်။ သို့သော် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် စက္ကန့်အနည်းငယ်ခန့် တုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်။

"ဒါဆို အရင်က စီစဉ်ထားတဲ့ သတင်းထောက်တွေရော... အရာရှိကြီး... သူတို့ကို အကြောင်းကြားရမလား..."

အချိန် အနည်းငယ်မတိုင်မီက ဘရိုဆန် သည် ကွင်းဆက် လူသတ်မှု၏ အခြေအနေ အချို့ကို ဂျိုးဆက် ထံသို့ တိတ်တဆိတ် သတင်းပေးရန် မက်သရူး ကို စေလွှတ်ခဲ့သည်။ ဂျိုးဆက် မှတစ်ဆင့် ရုပ်မြင်သံကြား စခန်းများထံ သတင်းပို့စေပြီးနောက် ဗီရိုနီးစ် တစ်ယောက် နှစ်ဆယ့်လေးနာရီ အတွင်း အမှုမဖော်ထုတ်နိုင်မည့် အချိန်ကို ထိုင်စောင့်နေရခြင်းက သိပ်ပြီး ခိုင်မာသေချာမှု မရှိလှဟု မက်သရူး ခံစားခဲ့ရသည်။

ထို့ကြောင့် မက်သရူး က သတင်းထောက် အချို့ကို ဆက်သွယ်ခဲ့ပြီး အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ နောက်သို့ လိုက်ပါစေရန် စီစဉ်ခဲ့သည်။ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ အမှုဖော်ထုတ်ရာတွင် ကျရှုံးမည့် လုပ်ငန်းစဉ်များကို ရုပ်မြင်သံကြား ရှေ့ရှိ ပရိသတ်များထံ ချပြရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဤကိစ္စကို မက်သရူး က ဘရိုဆန် အား မပြောပြထားခဲ့ဘဲ ဘရိုဆန် အတွက် မထင်မှတ်ထားသော လက်ဆောင်တစ်ခု ဖန်တီးပေးရန် စိတ်ကူးထားခြင်း ဖြစ်သည်။

လက်အောက်ငယ်သား၏ အမေးကို ကြားလိုက်ရသောအခါ မက်သရူး က ချက်ချင်း ပြန်ဖြေလိုက်သည်။

"အကြောင်းကြားရမှာပေါ့... ဘာလို့ အကြောင်းမကြားဘဲ နေရမှာလဲ... မင်းက ရိုအန် တို့တွေ လူသတ်သမားကို ရှာတွေ့သွားမယ်လို့ ထင်နေလို့လား..."

"သေချာပေါက် မဖြစ်နိုင်ဘူးလေ အရာရှိကြီး..."

ဂျော့ခ် က ကားတံခါးကို ဖွင့်ကာ ယာဉ်မောင်းခုံတွင် ဝင်ထိုင်လိုက်ပြီး ရယ်မောလျက် ဆိုသည်။

"ဒါက ကွင်းဆက် လူသတ်မှုကြီးလေ... သတင်းစာ ရှင်းလင်းပွဲ ပြီးတာတောင် တစ်နာရီ မပြည့်သေးဘူး... ရိုအန် တို့ကို ဘုရားသခင်က ကူညီနေတာမှ မဟုတ်တာ... ဒီလောက် မြန်မြန် လူသတ်သမားကို ရှာတွေ့ဖို့ ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"မင်းပြောတာ မှန်တယ်..."

မက်သရူး က ခေါင်းညိတ်လိုက်ပြီး ခွက်ထဲရှိ အရက်များကို တစ်ကျိုက်တည်း မော့သောက်လိုက်ကာ ပြောလိုက်သည်။

"ဒါပဲ... ထူးခြားတာရှိရင် အချိန်မရွေး သတင်းပို့..."

ဖုန်းကျသွားပြီးနောက် ဂျော့ခ် က နောက်ထပ် နံပါတ်တစ်ခုကို နှိပ်လိုက်ပြီး အရင်ကတည်းက အဆက်အသွယ် လုပ်ထားသော သတင်းထောက်ထံ ဖုန်းဆက်လိုက်သည်။ အခြေအနေကို အကြမ်းဖျင်း ရှင်းပြပြီးနောက် စတီယာရင်ကို လှည့်ကာ ရိုအန် ခုလေးတင် ထွက်ခွာသွားသော လမ်းကြောင်းအတိုင်း ကားကို မောင်းနှင်သွားလေသည်။ သူသည် အစောပိုင်းက ရိုအန် ၏ အက်စ်ယူဗီကား အောက်ခြေတွင် ခြေရာခံ ကိရိယာလေး တစ်ခုကို တပ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

ပါတီပွဲငယ်လေး အတွင်း၌ မိန့်ခွန်းပြောကြား အပြီးတွင် ဘရိုဆန် က အရက်ခွက် တစ်ခွက်ကို ကိုင်ဆောင်လျက် ငွေရောင် ဆံပင်များ အပြည့်ရှိသော သက်ကြီးပိုင်း လူဖြူ အမျိုးသားကြီး တစ်ဦးနှင့် စကားပြောဆိုနေသည်။ မိမိ၏ ပါတီပွဲသို့ လာရောက်ပေးသည့် အတွက် ထိုသူအား အကြမ်းဖျင်း ကျေးဇူးတင်စကား ပြောကြားပြီးနောက် ဘရိုဆန် က အခြား တစ်ယောက်ဆီသို့ လှည့်ထွက်သွားသည်။ ဘေးဘက်ရှိ မက်သရူး ကို မြင်သောအခါ အနီးသို့ လာရန် လက်ယပ်ခေါ်လိုက်သည်။

"ဘာဖြစ်လို့လဲ အရာရှိကြီး..."

ဘရိုဆန် ၏ အပြုအမူကို မြင်လိုက်ရသောအခါ မက်သရူး က သူ၏ ရှေ့ရှိ လှပသော မိန်းကလေးအား ခွင့်လွှတ်ရန် အလျင်အမြန် ပြောဆိုလိုက်ပြီး ဘရိုဆန် အနီးသို့ လျှောက်သွားကာ တီးတိုး မေးမြန်းလိုက်သည်။

"ဘာအစီအစဉ်များ ရှိလို့လဲ..."

ဘရိုဆန် က မက်သရူး ၏ ပခုံးကို ပြုံးလျက် ပုတ်လိုက်ပြီး ဆိုသည်။

"စိတ်မလှုပ်ရှားပါနဲ့... မင်း စောစောက ဖုန်းပြောနေတာ တွေ့လိုက်လို့ ဘာပြဿနာများ ရှိနေလဲ ဆိုပြီး မေးမလို့ပါ..."

ထိုစကားကို ကြားလိုက်ရသောအခါ မက်သရူး တစ်ယောက် သက်ပြင်းချနိုင်သွားပြီး ရယ်မောကာ ပြန်ဖြေလိုက်သည်။

"ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး... အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့က ရိုအန် ဂရင်းဝုဒ် သဲလွန်စ သွားရှာတယ်လို့ ကျွန်တော့် လက်အောက်ငယ်သားက ခုလေးတင် သတင်းပို့လာတာပါ... သူက အဲ့ဒီကောင် နောက်ကို လိုက်သွားဖို့ ပြင်နေတာပါ..."

"ဒီကိစ္စကို မင်းကိုပဲ အပ်လိုက်ပြီ..."

ဘရိုဆန် ၏ မျက်နှာပေါ်တွင် နားလည်သွားသည့် အမူအရာ ပေါ်လာသော်လည်း ဤကိစ္စကို သူ သိပ်ပြီး အရေးမစိုက်ပေ။ အကြောင်းရင်းမှာ အလွန် ရိုးရှင်းလှသည်။ သတင်းစာ ရှင်းလင်းပွဲ ပြီးဆုံးသွားသည်မှာ သိပ်မကြာသေးရာ ရိုအန် တစ်ယောက် ဤမျှ မြန်ဆန်စွာဖြင့် လူသတ်သမားကို ရှာတွေ့လိမ့်မည်ဟု သူ လုံးဝ မယုံကြည်ပေ။ ယခု အပြင်ထွက်သွားခြင်းမှာ သဲလွန်စ တစ်ခုခုကို တွေ့ရှိ၍ သွားရောက် စုံစမ်းခြင်း သက်သက်သာ ဖြစ်မည်ဟု တွေးလိုက်မိသည်။

မက်သရူး ၏ ပခုံးကို ပုတ်ကာ ဤကိစ္စကို သူ အပြည့်အဝ တာဝန်ယူ ကိုင်တွယ်ရန် အချက်ပြလိုက်သည်။ ထို့နောက် မက်သရူး ၏ ဝမ်းသာအံ့ဩနေသော အကြည့်များအောက်တွင် ဘရိုဆန် က သူ့ကို ခေါ်ဆောင်လျက် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ကြည်သော မျက်နှာထားနှင့် ခေါင်းပြောင်ပြောင် သက်ကြီးပိုင်း လူဖြူ အမျိုးသားကြီး တစ်ဦးရှေ့သို့ လျှောက်သွားလိုက်သည်။

"မင်္ဂလာ ညချမ်းပါ လွှတ်တော်အမတ် မာတေး... ဒီည ကျွန်တော့်ရဲ့ ပါတီပွဲကို တက်ရောက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်... ဒီလူက မက်သရူး လို့ ခေါ်ပါတယ်... ကျွန်တော့်ရဲ့ အားထားရဆုံး လက်အောက်ငယ်သား တစ်ယောက်ပါ..."

"မင်္ဂလာပါ လွှတ်တော်အမတ်..."

မက်သရူး တစ်ယောက် အလွန် ဝမ်းသာအံ့ဩ ဖြစ်သွားသည်။ လွှတ်တော်အမတ် မာတေး သည် နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာအတွက် အင်အားကြီးမားသော ပြိုင်ဘက် တစ်ဦး ဖြစ်သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ဘရိုဆန် ၏ ပါတီပွဲသို့ ရောက်ရှိလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ပေ။ ထို့အပြင် ဘရိုဆန် က သူ့ကို ထိုပုဂ္ဂိုလ်နှင့် မိတ်ဆက်ပေးနေခြင်းပင် ဖြစ်သည်။

ဘရိုဆန် ၏ မိတ်ဆက်စကားကို ကြားလိုက်ရသောအခါ လွှတ်တော်အမတ် မာတေး က ခေါင်းစောင်းကာ ဘရိုဆန် ကို တစ်ချက် ကြည့်လိုက်သည်။ ဘရိုဆန် ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်နေသည်ကို မြင်သောအခါ လွှတ်တော်အမတ် မာတေး ၏ နှုတ်ခမ်းထောင့်များလည်း ဖြည်းညင်းစွာ ကွေးတက်သွားသည်။ သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင် တစ်ချက် တောက်ပသွားပြီး မက်သရူး ထံ လက်ကမ်းပေးကာ သိမ်မွေ့သော လေသံဖြင့် နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ မက်သရူး..."

အခြား တစ်ဖက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြီးဆုံးသွားပြီးနောက် ဗီရိုနီးစ် က အထူး ကိုယ်စားလှယ် အရာရှိချုပ် ၏ ရုံးခန်းအတွင်း အချိန် အတော်ကြာ နေထိုင်ခဲ့သည်။ ထို့နောက်မှသာ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေဆီသို့ လှည့်ထွက်လာခဲ့သည်။

ရုံးခန်းနယ်မြေ၏ တံခါးမကြီးကို တွန်းဖွင့်လိုက်ရာ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းအတွင်းရှိ စုံထောက်များ အားလုံး အလုပ်များနေကြသည်ကို တွေ့လိုက်ရသဖြင့် ဗီရိုနီးစ် က မသိမသာ ခေါင်းညိတ်လိုက်သည်။ အမှုကို ဖော်ထုတ်နိုင်ခြင်း ရှိမရှိ ဆိုသည်ကို ဘေးဖယ်ထားလိုက်လျှင် အနည်းဆုံးတော့ အလုပ်အပေါ် ထားရှိသော စိတ်နေသဘောထားက လက်ခံနိုင်ဖွယ် ရှိနေသေးသည်။

"အရာရှိကြီး..."

ရိုအန် ၏ နေရာတွင် ထိုင်ကာ ဖိုင်တွဲများကို ခွဲခြမ်းစိတ်ဖြာနေသော သြဂတ်စ် က ဗီရိုနီးစ် ကို မြင်လိုက်ရသည်နှင့် အလျင်အမြန် မတ်တပ်ရပ်ကာ သွားရောက် ကြိုဆိုလိုက်သည်။ ဗီရိုနီးစ် က တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

"အမှု အခြေအနေ ဘယ်လို ရှိနေပြီလဲ..."

စကားကို ထိုသို့ မေးလိုက်သော်လည်း ဗီရိုနီးစ် အနေဖြင့် သြဂတ်စ် တို့ထံမှ အသုံးဝင်မည့် သဲလွန်စများ ထွက်လာလိမ့်မည်ဟု လုံးဝ မျှော်လင့် မထားခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သတင်းစာ ရှင်းလင်းပွဲ ပြီးဆုံးသွားသည်မှာ သိပ်မကြာသေးရာ ယခုချက်ချင်း လူသတ်သမားကို ရှာတွေ့ရန် ဆိုသည်မှာ တကယ်ကို မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

"ရိုအန် တစ်ယောက် လူသတ်သမားကို သွားဖမ်းနေပါပြီ အရာရှိကြီး..."

သြဂတ်စ် ၏ စကားကို ကြားလိုက်ရသောအခါ ဗီရိုနီးစ် ၏ မျက်နှာပေါ်တွင် တမင်တကာ ထိန်းသိမ်းထားသော အေးစက်သည့် အမူအရာများပင် ပျက်ယွင်းလုနီးပါး ဖြစ်သွားရသည်။ အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းလိုက်ပြီးနောက် သူမ၏ စိတ်အခြေအနေက လုံးဝ အေးစက်သွားပြီး မကျေမနပ် ဖြစ်နေသော လေသံဖြင့် မေးမြန်းလိုက်သည်။

"ရှင် ကျွန်မကို နောက်နေတာလား..."

"မဟုတ်ရပါဘူး အရာရှိကြီး..."

သြဂတ်စ် ၏ မည်းနက်နေသော မျက်နှာကြီးပေါ်တွင် အလွန် လေးနက်သော အမူအရာများ ပြည့်နှက်နေသဖြင့် ဗီရိုနီးစ် ပင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ သူမ ဆက်လက် မေးခွန်းမထုတ်ရသေးမီ သြဂတ်စ် က ရိုအန် ၏ စားပွဲပေါ်ရှိ ဖိုင်တွဲကို ကောက်ကိုင်လိုက်ပြီး ဗီရိုနီးစ် အား ရှင်းပြလေသည်။

"ကိစ္စက ဒီလိုပါ... လူသတ်သမားက..."

သြဂတ်စ် ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဗီရိုနီးစ် မှာ အနည်းငယ် မိန်းမူးသွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ခေါင်းစောင်းကာ မေးလိုက်သည်။

"ရှင်တို့က ရိုအန် ဂရင်းဝုဒ် ရဲ့ ကောက်ချက်ကို ဒီလောက်တောင် ယုံကြည်နေကြတာလား..."

သြဂတ်စ် က လက်နှစ်ဖက်ကို ဖြန့်ကားပြလိုက်သည်။ သူက ဘယ်လို လုပ်ရမည်နည်း။ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ထဲတွင် လူတိုင်းက ကိုယ့်ကျွမ်းကျင်မှုနှင့်ကိုယ် အရည်အချင်း ရှိသူများချည်း ဖြစ်သော်လည်း အမှုကို တကယ်တမ်း ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ဖော်ထုတ်နိုင်စွမ်း ရှိသူမှာ ရိုအန် တစ်ယောက်တည်းသာ ရှိလေသည်။ သူ့ကို မယုံလျှင် ဘယ်သူ့ကို ယုံရမည်နည်း။

"ပြီးတော့ ကျွန်တော်တို့က ရိုအန် ဆီက သတင်းကို ထိုင်စောင့်နေတာမျိုး မဟုတ်ဘဲ ဘာစုံစမ်းမှုမှ မလုပ်ဘဲ နေနေတာလည်း မဟုတ်ပါဘူး..."

အနောက်ဘက်ရှိ စုံထောက် တစ်ဦးအား လက်ယပ်ခေါ်ကာ ဗီရိုနီးစ် အတွက် ကုလားထိုင် တစ်လုံး ယူလာပေးရန် အချက်ပြလိုက်သည်။ ထို့နောက် သြဂတ်စ် က မိုနာ တို့ကို လက်ညှိုးထိုးပြရင်း ဆိုသည်။

"သူတို့တွေက နစ်နာသူတွေ ပျောက်ဆုံးမသွားခင် လှုပ်ရှားခဲ့တဲ့ လမ်းကြောင်းတွေနဲ့ လုံခြုံရေး ကင်မရာတွေကို ရှာဖွေနေကြတယ်... နစ်နာသူ နှစ်ယောက်ရဲ့ လူမှုဆက်ဆံရေးတွေကိုလည်း စစ်ဆေးနေကြတယ်... ရက်ဒ် ကတော့ နစ်နာသူ နှစ်ယောက်ရဲ့ မိသားစုဝင်တွေကို မေးမြန်း စစ်ဆေးနေပါတယ်..."

အမှုဖော်ထုတ်ရာတွင် စုံစမ်းရမည့် လမ်းကြောင်း အသီးသီးကို အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ စုံထောက် အားလုံးက လုပ်ဆောင်နေကြပြီ ဖြစ်သည်။ ဗီရိုနီးစ် က ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် နေရာမှ ထကာ သြဂတ်စ် ၏ အဖွဲ့ခေါင်းဆောင် ရုံးခန်းဆီသို့ လျှောက်သွားလိုက်သည်။

"ရိုအန် ဆီက သတင်းရတာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြားပါ..."

"ကောင်းပါပြီ..."

ရုံးခန်းထဲသို့ ဝင်သွားပြီးနောက် ဗီရိုနီးစ် က တံခါးကို အတွင်းမှ သော့ခတ်လိုက်ပြီး ဖုန်းကို ထုတ်ယူကာ ဖုန်းခေါ်ဆိုမှု အနည်းငယ် ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။ ဤတစ်ကြိမ်တွင် ဘရိုဆန် က အသေအချာ ပြင်ဆင်လာခဲ့သည်မှာ ထင်ရှားလှသည်။ သို့သော် ဗီရိုနီးစ် အနေဖြင့် အက်ဖ်ဘီအိုင် ဌာနအတွင်း နှစ်ပေါင်းများစွာ ကြိုးစား ရုန်းကန်ခဲ့ရပြီးမှသာ အမျိုးသမီး တစ်ဦး အနေဖြင့် ဌာနခွဲမှူး ရာထူးသို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင် မည်သို့ပင် ဖြစ်စေကာမူ ဘရိုဆန် ၏ အနိုင်ယူခြင်းကို သူမ လုံးဝ အခံမည် မဟုတ်ချေ။

"မင်္ဂလာ ညချမ်းပါ... ကျွန်မ ဗီရိုနီးစ် ပါ..."

အခြား တစ်ဖက်တွင် ရှေ့ရှိ လမ်းဆုံလမ်းခွ၌ ကားများစွာဖြင့် ပိတ်ဆို့နေသည်ကို မြင်တွေ့နေရသော်လည်း အက်စ်ယူဗီ ကားကြီးမှာ အရှိန်လုံးဝ မလျှော့ဘဲ ရူးသွပ်စွာ ဆက်လက် အရှိန်တင်နေဆဲ ဖြစ်သည်။ ၎င်းကို မြင်လိုက်ရသောအခါ လေစီ နှင့် ဒါရင်း တို့ နှစ်ယောက်စလုံး၏ မျက်နှာများမှာ ဖြူရော်သွားကြတော့သည်။

"သောက်ကျိုးနည်း... ကားတိုက်တော့မယ်..."

"ရိုအန် မင်း ရူးနေပြီလား... ဘရိတ်ကို မြန်မြန် နင်းလေ... မင်းရဲ့ ခြေထောက်ကို နည်းနည်းလောက် လှုပ်လိုက်စမ်းပါ…”

All Chapters