အခန်း ၃၃
Vol. 4 Ch. 33
အခန်း ၃၃ ကားမောင်းချိန် တစ်နာရီခွဲ
လေစီက သူ့ကို ခြေထောက်လှုပ်ရန် ပြောလိုက်သည်ကို ကြားသောအခါ ရိုအန်က မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ခြေထောက်ကို ရွှေ့ကာ လီဗာကို အဆုံးထိ နင်းချလိုက်သည်။
လမ်းဆုံလမ်းခွသို့ ရောက်လုနီးပါး အချိန်တွင် ရိုအန်က စတီယာရင်ကို အားကုန် ချိုးကွေ့လိုက်သည်။ မြေပြင်ပေါ်မှ လောင်ကျွမ်းနေသော အနံ့ဆိုးများနှင့်အတူ အမည်းရောင် မီးခိုးငွေ့များ ထောင်းခနဲ ထွက်ပေါ်လာပြီး ဒါရင်း၏ စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ အနက်ရောင် အက်စ်ယူဗီကားကြီးက လမ်းဆုံတွင် စောင့်ဆိုင်းနေသော ကားများကို ထူးဆန်းသော မျဉ်းကွေးပုံစံဖြင့် ကွေ့ရှောင်သွားသည်။ ထို့နောက် လမ်းဆုံဗဟိုချက်သို့ ဝင်ရောက်သွားပြီး ဘယ်ဘက်သို့ အရှိန်ပြင်းပြင်း ချိုးကွေ့ ထွက်ပြေးသွားတော့သည်။
ယာဉ်မောင်းဘေးခုံတွင် ထိုင်နေသော လေစီက သွားများကို တင်းတင်းကြိတ်ကာ အသံမထွက်စေရန် မနည်း အောင့်အည်းထားရသည်။ သို့သော် ကားအရှိန်ပြင်းပြင်း ကွေ့လိုက်ချိန်တွင် ဖြစ်ပေါ်လာသော ဗဟိုခွာအားကြောင့် သူမ၏ ခန္ဓာကိုယ်က လွင့်စင်သွားပြီး ရိုအန်၏ ညာဘက်ပေါင်ပေါ်သို့ ဖင်ထိုင်လျက်သား ကျသွားတော့သည်။
ထို့နောက် လေစီတစ်ယောက် အလွန်အမင်း ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ရိုအန်၏ ခြေထောက်က လီဗာပေါ်မှ လုံးဝ ခွာမသွားကြောင်း သူမ တွေ့လိုက်ရသောကြောင့်ပင်။
"ရိုအန်... နင်..."
လေစီ၏ စကားများ မဆုံးမီမှာပင် ရိုအန်က အကောင်းဆုံး လမ်းကြောင်းကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။ လေစီကို ယာဉ်မောင်းဘေးခုံဆီသို့ ပြန်တွန်းပို့လိုက်ပြီး လက်နှစ်ဖက်ဖြင့် စတီယာရင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ အသံကုန် ဟစ်အော်လိုက်သည်။
"ခရီးသည် နှစ်ယောက်စလုံး သတိထားကြပါ... ငါ အရှိန်စတင်တော့မယ်..."
"သောက်ကျိုးနည်းပဲ..."
"ချီးတဲ့မှပဲ... အခုက အမြန်ဆုံး အရှိန် မဟုတ်သေးဘူးလား..."
ဒါရင်းမှာ လည်ချောင်းများ ခြောက်သွေ့လာပြီး အသက်ရှူရပင် ခက်ခဲလာသည်အထိ အော်ဟစ်နေသည်။ လေစီ၏ မျက်နှာမှာလည်း သွေးဆုတ်ဖြူရော်နေလေသည်။ ရိုအန်က ကားအရှိန်ပြဒိုင်ခွက်ကို ခေါင်းငုံ့၍ တစ်ချက် ကြည့်လိုက်သည်။ ဒိုင်ခွက်ပေါ်ရှိ လက်တံက အဆုံးထိ မရောက်သေးသည်မို့ ဤသည်မှာ အမြန်ဆုံး အရှိန် မဟုတ်သေးကြောင်း သူက သတ်မှတ်လိုက်သည်။
နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ ရိုအန်က ညာဘက်လက်ဖြင့် ဂီယာပြောင်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ခြေထောက်ဖြင့် လီဗာကို ဆောင့်နင်းချလိုက်သည်။ အင်ဂျင်၏ ရူးသွပ်စွာ အော်ဟစ်မြည်ဟည်းသံကြီးနှင့်အတူ အက်စ်ယူဗီကားကြီးက လေးကြိုးမှ လွတ်ထွက်သွားသော မြားတစ်စင်းအလား ရှေ့သို့ ဒုံးပျံသဖွယ် ပြေးထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ဂျော့ခ် က ကားထဲတွင် ထိုင်ကာ စတီယာရင်ကို ဆုပ်ကိုင်ထားသည်။ မြေပြင်ပေါ်ရှိ အမည်းရောင် ကားဘီးရာ အရာကြီးများကို ကြည့်လိုက်၊ ရှေ့ရှိ အလွန်အမင်း ပိတ်ဆို့နေသော လမ်းဆုံလမ်းခွကြီးကို ကြည့်လိုက်ဖြင့် သူ၏ မျက်နှာပေါ်တွင် မှင်သက်နေသော အမူအရာများ ပေါ်လွင်နေပြီး ဘဝကိုပင် သံသယ ဝင်လာတော့သည်။
ထိုစဉ် ဂျော့ခ် ၏ ဖုန်းက ရုတ်တရက် မြည်လာသည်။ ဖုန်းကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်မှ အလျင်စလို ပြောလာသော အမျိုးသမီး အသံတစ်သံကို ကြားလိုက်ရသည်။
"စုံထောက် ဂျော့ခ်... ရှင်ပြောတဲ့ အဲ့ဒီ စုံထောက်ရဲ့ ကားနံပါတ်က ဒီဂဏန်းတွေလား..."
"မှန်တယ်..."
ဂျော့ခ် က ခေါင်းညိတ်ပြလိုက်သည်။ တစ်ဖက်လူက မည်သူဖြစ်ကြောင်း သူ မှတ်မိသွားသည်။ နယူးယောက် သတင်းဌာနမှ နာမည်ကြီး ကွင်းဆင်း သတင်းထောက် လင်းနက် ပင် ဖြစ်သည်။
လင်းနက် သည် မက်သရူး ဆက်သွယ်ထားသော အဆင့်မြင့် သတင်းထောက်များထဲမှ တစ်ဦး ဖြစ်လေသည်။
ဂျော့ခ် ၏ အတည်ပြုချက်ကို ကြားလိုက်ရသောအခါ လင်းနက် က အပိုစကားများ မပြောတော့ဘဲ ဖုန်းချလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ သူမ၏ မှတ်စုစာအုပ်ငယ်လေးပေါ်တွင် အက်ဖ်ဘီအိုင် စုံထောက် တစ်ဦးက လူသိရှင်ကြား အရှိန်လွန် မောင်းနှင်ပြီး အခြားသူများ၏ အသက်အန္တရာယ်ကို ဂရုမစိုက်ကြောင်း ရေးမှတ်လိုက်သည်။ ဆက်လက်၍ ကားမောင်းနေသော ကင်မရာမန်းကို ပုတ်လိုက်ပြီး ညာဘက်လက်ဖြင့် ရှေ့တွင် အနက်ရောင် လျှပ်စီးကြောင်း တစ်ခုအလား ပြေးလွှားနေသော အက်စ်ယူဗီကားကို လက်ညှိုးထိုးပြကာ ဆိုသည်။
"အဲ့ဒီကား နောက်ကို လိုက်စမ်း... ဒီညအတွက် ဆုကြေးငွေက သူ့အပေါ်မှာပဲ မူတည်နေပြီ..."
"အိုကေ..."
ဆုကြေးငွေ ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ကင်မရာမန်းက ထူးဆန်းသော အသံဖြင့် အော်ဟစ်လိုက်ပြီး ချက်ချင်းပင် လီဗာကို နင်းကာ အက်စ်ယူဗီကား အနောက်သို့ အပြေးအလွှား လိုက်ပါသွားတော့သည်။
မီးပွိုင့် တစ်ခုကို ဖြတ်ကျော်ပြီးနောက် သူတို့သည် အက်စ်ယူဗီကား၏ နောက်မြီးကိုပင် မမြင်ရတော့ချေ။
လင်းနက် မှာ စကားမဆိုနိုင် ဖြစ်သွားရသည်။
ကင်မရာမန်းမှာလည်း ဘာပြောရမှန်းမသိအောင် ဖြစ်သွားတော့သည်။
မိနစ် လေးဆယ် ကြာပြီးနောက်။
ဟက်ဒ်ဆန် မြစ် မြောက်ဘက်ရှိ ဝက်ဝံတောင် ပြည်နယ်ပန်းခြံ၏ လမ်းသွယ်လေး တစ်ခုထက်တွင် ဖြစ်သည်။ လေစီ က ဒူးနှစ်ဖက်ကို လက်ဖြင့် ထောက်ကာ ခါးကိုင်းပြီး ပျို့အန်နေလေသည်။ ဒါရင်း မှာမူ ကားနောက်ခန်း ထိုင်ခုံပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး သတိလစ်မတတ် အန်ချနေတော့သည်။
ရိုအန်က လက်ကောက်ဝတ်ကို လှန်ကာ နာရီပေါ်ရှိ အချိန်ကို တစ်ချက် ကြည့်လိုက်ပြီး အထင်သေးစွာဖြင့် ခေါင်းခါလိုက်သည်။
"နယူးယောက်ကနေ ဒီကိုလာဖို့ တစ်နာရီခွဲ ကြာမယ်လို့ သြဂတ်စ် က ပြောခဲ့တာ... ဘယ်မှာ အဲ့ဒီလောက် ကြာနေလို့လဲ..."
တိတ်ဆိတ်ခြင်းကသာ လွှမ်းမိုးသွားသည်။
ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ အနည်းငယ် သက်သာလာသော လေစီ ၏ မျက်နှာပေါ်တွင် မည်းမှောင်နေသော မျဉ်းကြောင်းများ ပေါ်လာတော့သည်။ သေနတ်ထုတ်ကာ သူ့ကို တစ်ချက်လောက် ပစ်မချမိအောင် မနည်း အောင့်အည်းထားလိုက်ရသည်။ ပါးစပ်ကို သုတ်ကာ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် မေးမြန်းလိုက်သည်။
"ဒီတစ်သက် နင့်ကားကို ငါ ဘယ်တော့မှ ထပ်မစီးတော့ဘူး... ဆက်ပြီး ဘယ်လို လုပ်ကြမလဲ..."
ရိုအန်က ဤနေရာနှင့် သိပ်မဝေးလှသော တောတွင်း သစ်သားအိမ်လေးဆီသို့ ခေါင်းစောင်း၍ တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ဂလော့ခ် ဆယ့်ရှစ် သေနတ်ကို ထုတ်ကာ ဘေးကင်းလုံခြုံရေး ခလုတ်ကို ဖြုတ်လိုက်ပြီး တိုတိုတုတ်တုတ် ပြောလိုက်သည်။
"တိတ်တဆိတ် ချဉ်းကပ်သွားပြီး လူသတ်သမား ဒီမှာ ရှိမရှိ သွားကြည့်ကြမယ်..."
"အိုကေ..."
လေစီ က ခေါင်းညိတ်လိုက်ပြီး သေနတ်ကို ထုတ်ယူကာ ရိုအန်၏ နောက်သို့ လိုက်ပါသွားသည်။ ဤနေရာမှ မထွက်ခွာမီ အက်စ်ယူဗီကား၏ တံခါးကို သေချာစွာ ပိတ်ခဲ့ရန် မမေ့လျော့ခဲ့ပေ။ သို့သော် တစ်ချိန်တည်းမှာပင် ဒါရင်း တစ်ယောက် ကားထဲတွင် အသက်ရှူကြပ်၍ သေဆုံးသွားမည်ကို စိုးရိမ်သဖြင့် ကားနောက်မှန်ကို အနည်းငယ် ဟထားပေးခဲ့သည်။
ဒါရင်း ပြောခဲ့သော တောတွင်း သစ်သားအိမ်လေး ဆိုသည်မှာ တကယ်တမ်းတွင် သစ်သားဖြင့် တည်ဆောက်ထားသော နှစ်ထပ် စံအိမ်ငယ်လေး တစ်လုံး ဖြစ်သည်။ အပြင်ပန်း အသွင်အပြင်က အနည်းငယ် ဟောင်းနွမ်းနေပုံ ပေါက်သော်လည်း ခြံဝင်း၏ အကျယ်အဝန်းမှာ အလွန် ကြီးမား ကျယ်ဝန်းလှသည်။ ခြံဝင်း၏ အနောက်တောင်ဘက် ထောင့်တွင် ရေများ ပြည့်နေသော ရေကူးကန်ငယ်လေး တစ်ခုလည်း ရှိနေသေးသည်။
ရိုအန်က ပတ်ဝန်းကျင်ကို အကြမ်းဖျင်း ဝေ့ကြည့်လိုက်ရာ လုံခြုံရေး ကင်မရာများကို မတွေ့ရပေ။ ထို့ကြောင့် လေစီ ကို လက်ဟန်ဖြင့် အချက်ပြလိုက်ပြီး သူတို့နှစ်ဦးသား ခြံဝင်းထဲသို့ အသံမထွက်စေဘဲ ခုန်ကျော် ဝင်ရောက်သွားကြသည်။
ခြံဝင်းထဲသို့ ဝင်ရောက်သွားပြီးနောက် နယူးယောက် လမ်းမများထက်တွင် နေရာတိုင်း၌ တွေ့မြင်နိုင်သော အငှားယာဉ် တစ်စီးက စံအိမ်၏ ကားဂိုဒေါင်ထဲတွင် ရပ်တန့်နေသည်ကို တွေ့လိုက်ရသည်။ အငှားယာဉ်၏ တံခါးက ပွင့်နေပြီး အနီရောင် အမျိုးသမီး လက်ဆွဲအိတ် တစ်လုံးက ကားနောက်ခန်း ထိုင်ခုံပေါ်တွင် တိမ်းစောင်းလျက်သား ရှိနေသည်။ ၎င်းကို မြင်လိုက်ရသောအခါ လေစီ ၏ မျက်လုံးများက အရောင်လက်သွားပြီး ရိုအန် ကို တီးတိုး ပြောလိုက်သည်။
"ဒါက ဆာဘီနာ ရဲ့ အိတ်ပဲ..."
ဆာဘီနာ ၏ အချက်အလက်များကို ဖတ်ရှုနေစဉ်က မိုနာ က သူမကို ဆွဲကာ ထိုလက်ဆွဲအိတ်၏ ပုံစံအကြောင်း အချိန်အတော်ကြာအောင် ဆွေးနွေးခဲ့ဖူးသဖြင့် လေစီ အနေဖြင့် ဤလက်ဆွဲအိတ် အပေါ် အလွန် မှတ်မိနေခြင်း ဖြစ်သည်။
ရိုအန်က လေစီ ကို တီးတိုး ပြောလိုက်သည်။
"ကြည့်ရတာ ငါတို့ နေရာရှာတာ မမှားဘူးပဲ... လူသတ်သမားက ဒီနေရာမှာ သေချာပေါက် ရှိနေလောက်တယ်..."
လေစီ တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူတို့အနေဖြင့် ဤမျှ မြန်ဆန်စွာ လူသတ်သမားကို ရှာတွေ့လိမ့်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့ပေ။ ခါးကိုင်းကာ ကားဂိုဒေါင်မှ တစ်ဆင့် စံအိမ်ထဲသို့ ဝင်ရောက်ရန် ပြင်လိုက်စဉ်မှာပင် ရိုအန်က ရုတ်တရက် လက်ဆန့်ထုတ်ကာ သူမကို တားဆီးလိုက်သည်။
လေစီ တစ်ယောက် နားမလည်နိုင် ဖြစ်သွားရသည်။ ရိုအန်၏ နှာခေါင်းက အနည်းငယ် လှုပ်ရှားသွားပြီး နေရာတွင်ပင် ရပ်ကာ အငှားယာဉ်ကို သေချာစွာ အကဲခတ် ကြည့်လိုက်သည်။ ထိုအခါ အငှားယာဉ်၏ ဆီတိုင်ကီ အဖုံး ပျောက်ဆုံးနေကြောင်း သူ တွေ့လိုက်ရသည်။
ရိုအန်၏ ညွှန်ပြမှု တစ်လျှောက် လေစီ ကလည်း ပျောက်ဆုံးနေသော ဆီတိုင်ကီ အဖုံးကို မြင်တွေ့လိုက်ရသည်။ သူမက မေးခွန်းထုတ်ရန် ပါးစပ် ဟလိုက်စဉ်မှာပင် ရိုအန်က နေရာမှ ရုတ်တရက် ခုန်ထွက်လာပြီး သူမကို မြေပြင်ပေါ်သို့ ဖိချလိုက်တော့သည်။
ကျည်ဆန်များ ပစ်ခတ်သံ ထွက်ပေါ်လာသည်။ အငှားယာဉ်က ရိုအန်နှင့် လေစီ တို့အတွက် ထိုကျည်ဆန်များကို ကာကွယ်ပေးလိုက်သည်။ သူတို့နှစ်ဦး စကားပြောရန် အချိန်ပင် မရလိုက်ဘဲ ကားဂိုဒေါင်နှင့် စံအိမ်ကြားရှိ တံခါးပေါက်ဆီမှ နောက်ထပ် ကျည်ဆန် အချို့ ထပ်မံ ပစ်ခတ်လာပြန်သည်။ ရိုအန်က တုံ့ဆိုင်းမနေဘဲ ခါးကြားမှ အသံဖမ်းဗုံး တစ်လုံးကို ထုတ်ယူကာ သေနတ်သံ ထွက်ပေါ်လာရာ ဘက်သို့ တိုက်ရိုက် လှမ်းပစ်လိုက်တော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်နှင့် နားကွဲမတတ် ဆူညံသံကြီးတို့က တပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။ အကာအကွယ် အသင့် ပြင်ဆင်ထားသော ရိုအန်က အသံများ ပြီးဆုံးသွားသည့် တစ်ခဏမှာပင် နေရာမှ ထလိုက်ပြီး ကားဂိုဒေါင်နှင့် စံအိမ်ကြား ဆက်သွယ်ထားသော တံခါးပေါက်ဆီသို့ အရှိန်ပြင်းပြင်း ပြေးဝင်သွားသည်။ သို့သော် ရန်သူကို လုံးဝ မတွေ့ရချေ။
"အက်ဖ်ဘီအိုင်..."
ရိုအန်က အခန်းများကို မရှာဖွေရသေးမီမှာပင် စံအိမ်၏ ဒုတိယထပ် လသာဆောင်ဆီမှ အမျိုးသား တစ်ဦး၏ အော်ဟစ်သံနှင့် အမျိုးသမီး တစ်ဦး၏ ရုန်းကန်နေသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ရိုအန်နှင့် လေစီတို့က တစ်ဖက်လူ၏ သေနတ်ကျည်ဆန် မှန်မည်ကို ကာကွယ်ရန် သေနတ်များကို ကိုင်ဆောင်လျက် ကွယ်ရာ ထောင့်တစ်နေရာဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ကြသည်။ ထိုစဉ် တစ်ဖက်လူ၏ အသံကျယ်ကြီးကို ကြားလိုက်ရသည်။
"ငါ့ကို လာဖမ်းဖို့ လုံးဝ မစဉ်းစားနဲ့... မင်းတို့ကို ပြောထားမယ်... ငါက အိပ်ခန်းနဲ့ လသာဆောင် တစ်ခုလုံးမှာ ဓာတ်ဆီတွေ အပြည့် လောင်းထားတာ... မင်းတို့သာ အခန်းထဲကို အတင်း ဝင်လာမယ် ဆိုရင် ငါ အခုချက်ချင်း ဒီမိန်းမနဲ့ အတူတူ ငရဲပြည်ကို သွားလိုက်မယ်..."
"ဝူး... ဝူး... ဝူး..."
ရိုအန်က ကွယ်ရာ ထောင့်မှနေ၍ လသာဆောင် ဘက်သို့ သတိတကြီး လှမ်းကြည့်လိုက်သည်။ ဇာပန်းဖောက် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးက ပါးစပ်ကို တိပ်ဖြင့် အပိတ်ခံထားရပြီး လက်နှစ်ဖက်ကိုလည်း အနောက်သို့ တင်းကျပ်စွာ ချည်နှောင်ခံထားရကာ အဆက်မပြတ် ဝူးဝူးဝါးဝါး အသံပြုရင်း ခေါင်းခါပြနေသည်ကို တွေ့လိုက်ရသည်။ အမျိုးသား တစ်ဦးက ညာဘက်လက်ဖြင့် သေနတ်ကို ကိုင်ကာ အမျိုးသမီး၏ ခေါင်းကို ချိန်ရွယ်ထားပြီး သူကိုယ်တိုင်ကမူ ခေါင်းငုံ့ကာ အမျိုးသမီး၏ နောက်ကျောတွင် ခေါင်းကို တင်းကျပ်စွာ ပုန်းကွယ်ထားလေသည်။
ရိုအန်၏ မျက်နှာက အလွန် ကြည့်ရဆိုးနေသည်။ ဤနေရာမှနေ၍ တစ်ဖက်လူကို ပစ်ခတ်ရန် ထောင့်ချိုး လုံးဝ ရှာမတွေ့သဖြင့် ရန်သူကို ပစ်သတ်ရန် မဖြစ်နိုင်ပေ။
ထို့အပြင် တစ်ဖက်လူက လသာဆောင်တွင် ဓာတ်ဆီများ ရှိသည်ဟု ပြောထားသဖြင့် သူက လောလောဆယ် အသံဖမ်းဗုံးကို အသုံးပြုရန် မဝံ့ရဲချေ။ အသံဖမ်းဗုံး ပေါက်ကွဲချိန်တွင် ထွက်ပေါ်လာမည့် ပြင်းထန်သော အလင်းရောင်က အခန်းတွင်းရှိ ဓာတ်ဆီများကို မီးလောင်ကျွမ်းသွားစေရန် ရာခိုင်နှုန်း အလွန် များပြားနေသောကြောင့် ဖြစ်သည်။
ဤစံအိမ်က သစ်သားဖြင့် တည်ဆောက်ထားခြင်း ဖြစ်ရာ တကယ်တမ်း မီးလောင်သွားပါက အလွန် ဒုက္ခရောက်ပေလိမ့်မည်။
လေစီ နှင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ပြီး အကူအညီ တောင်းရန် ဖုန်းဆက်ဖို့ အလျင်အမြန် အချက်ပြလိုက်သည်။ ထို့နောက် ရိုအန်က လူသတ်သမား၏ စကားနောက်သို့ လိုက်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ် ပြောဆိုလိုက်သည်။
"စိတ်လျှော့ပါ သူငယ်ချင်း... မင်းရဲ့ အိပ်ခန်းထဲကို အတင်း မဝင်ဘူးလို့ ငါ ကတိပေးတယ်... မင်းမှာ ဘာတောင်းဆိုချက်တွေ ရှိလဲ ပြောလို့ ရတယ်... ဓားစာခံကို ဒဏ်ရာ မရစေဘူး ဆိုရင် အကုန်လုံးက အေးအေးဆေးဆေး ဆွေးနွေးလို့ ရပါတယ်..."
အခြား တစ်ဖက်တွင် လေစီ က စံအိမ်၏ ဘေးဘက်သို့ အလျင်အမြန် ပြေးသွားပြီး ဖုန်းကို ထုတ်ယူကာ ဌာနချုပ်သို့ ဆက်သွယ်လိုက်သည်။
"သြဂတ်စ် ပါ..."
အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေ အတွင်း၌ သြဂတ်စ် က ဖုန်းကို ကိုင်လိုက်ပြီး လက်ပတ်နာရီကို ခေါင်းငုံ့ကာ တစ်ချက် ကြည့်လိုက်သည်။ ရိုအန်တို့ ထွက်သွားသည်မှာ မိနစ် လေးဆယ်ကျော်ခန့်သာ ရှိသေးသည်။
တစ်နာရီခွဲ ကားမောင်းရမည့် ခရီးစဉ်အရ တွက်ကြည့်မည် ဆိုပါက သူတို့သည် ခရီးစဉ်၏ သုံးပုံတစ်ပုံခန့်သာ ရောက်ရှိသေးမည် ဖြစ်သည်။ ဤအချိန်တွင် ဖုန်းဆက်လာသည် ဆိုတော့ ကားများ ပျက်သွား၍လားဟု သူ တွေးတောမိလိုက်သည်။