အခန်း ၃၆
Vol. 4 Ch. 36
အခန်း ၃၆ မှင်တံ
"တော်လောက်ပြီ စုံထောက်... ဆာဘီနာ လုံခြုံတယ်ဆိုတာ မင်း အတည်ပြုပြီးပြီမလား..."
ရိုအန်က စံအိမ် ဒုတိယထပ် အပြင်ဘက်ရှိ လသာဆောင်ငယ်လေးကို သေချာစွာ အကဲခတ်နေပြီး မည်သည့် ပုံစံဖြင့် တွယ်တက်ရမည်ကို စဉ်းစားနေစဉ်မှာပင် အိပ်ခန်းထဲမှ ဖရေဇာက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"အခု ငါ့တောင်းဆိုချက်ကို ပြောမယ်... ငါ့ခွေးကို လိုချင်တယ်... နားလည်လား... အခုချက်ချင်း ဒီကို ပို့ပေးရမယ်... ငါက အဲ့ဒီခွေးနဲ့ အတူတူ ငရဲပြည်ကို သွားမှာ... မဟုတ်ရင် ဆာဘီနာ့ကို သတ်ပြီး သူ့ကိုပါ ငရဲပြည် အတူတူ ခေါ်သွားမှာ... ကြားလား..."
'ဘာတွေ ပြောနေတာလဲ...'
ဖရေဇာ၏ တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ ရိုအန်၏ ခေါင်းထဲတွင် နားမလည်နိုင်မှုများ ပြည့်နှက်သွားသည်။
ဤကဲ့သို့သော ကွင်းဆက် လူသတ်သမားများ၏ တွေးခေါ်ပုံများကို သူ တကယ် နားမလည်နိုင်ပေ။ သို့သော် လောလောဆယ်တွင် အကြောင်းရင်းကို မေးမြန်းရန် အဆင်မပြေသဖြင့် ရိုအန်က အသံကျယ်ကျယ်ဖြင့် ပြန်လည် အော်ဟစ်လိုက်သည်။
"ကောင်းပြီ ဖရေဇာ... ပြဿနာ မရှိဘူး... ဒါပေမဲ့ မင်းရဲ့ခွေး အခု ဘယ်မှာလဲဆိုတာ ငါ့ကို ပြောပြရမယ်... ငါ့လုပ်ဖော်ကိုင်ဖက်တွေကို ဆက်သွယ်ပြီး မင်းဆီ အခုချက်ချင်း ပို့ခိုင်းလိုက်မယ်... ဟုတ်ပြီလား..."
"ငါ့ခွေးက အိမ်မှာ ရှိတယ်... လိပ်စာက နယူးယောက် ကွင်းစ်ရပ်ကွက်မှာ..."
မိမိ၏ ခွေးအကြောင်းကို ပြောလိုက်သည်နှင့် ဖရေဇာ တစ်ယောက် မည်သည့် အကြောင်းကြောင့်မှန်း မသိဘဲ ရုတ်တရက် စိတ်လှုပ်ရှားလာပြန်သည်။
"မင်းကို နာရီဝက် အချိန်ပေးမယ်... နာရီဝက်နေလို့ ငါ့ခွေးကို မတွေ့ရရင် အားလုံး အတူတူ ငရဲပြည် သွားကြတာပေါ့..."
"ဟေး... ဟေး... ဟေး... စိတ်မလှုပ်ရှားပါနဲ့..."
ရိုအန်က ဖုန်းကို ထုတ်ယူကာ ဖရေဇာ ပြောသော လိပ်စာကို ရိုက်ထည့်၍ မိုနာ့ထံ ပို့ပေးလိုက်သည်။ ချက်ချင်း လူလွှတ်၍ ခွေးကို သွားရှာခိုင်းရန်နှင့် ဖရေဇာ၏ ကိုယ်ရေးမှတ်တမ်းကို အမြန်ဆုံး ရှာဖွေပေးရန် မှာကြားလိုက်သည်။ ထို့နောက် ဖရေဇာကို နှစ်သိမ့်လိုက်သည်။
"မင်းရဲ့ တောင်းဆိုချက်ကို ငါ့အဖွဲ့သားတွေဆီ အကြောင်းကြားလိုက်ပြီ... သူတို့ မင်းရဲ့ခွေးကို အမြန်ဆုံး သွားရှာပြီး ဒီကို ခေါ်လာပေးလိမ့်မယ်... စိတ်မလောပါနဲ့... ဟုတ်ပြီလား..."
အိပ်ခန်းထဲမှ ဖရေဇာ သဘောတူလိုက်သည့် အသံကို ကြားလိုက်ရသောအခါ ရိုအန် တစ်ယောက် သက်ပြင်းချနိုင်သွားသည်။
အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးခန်းနယ်မြေ။
ရိုအန် ပို့လိုက်သော သတင်းကို ရရှိပြီးနောက် မိုနာက သြဂတ်စ်ကို ချက်ချင်း အကြောင်းကြားလိုက်သည်။ ထို့နောက် ဖရေဇာ၏ ကိုယ်ရေးမှတ်တမ်းများကို သူမ၏ အမြန်ဆုံး နှုန်းထားဖြင့် စတင် ရှာဖွေလေသည်။
"ရက်ဒ်... မင်း ကွင်းစ်ရပ်ကွက်ကို သွားပြီး ဖရေဇာ ပြောတဲ့ ခွေးကို သွားရှာချေ... ပြီးတာနဲ့ တောတွင်း သစ်သားအိမ်လေးဆီကို အမြန်ဆုံး သွားလိုက်..."
"ပြဿနာ မရှိပါဘူး အရာရှိကြီး..."
ခန္ဓာကိုယ် အနှံ့ ကြွက်သားများ အပြည့်ရှိသော ရက်ဒ်က သြဂတ်စ်၏ အမိန့်ကို ကြားသည်နှင့် ချက်ချင်း လှည့်ထွက်သွားလေသည်။ သြဂတ်စ်က မိုနာ့ဘက်သို့ လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။
"ဘယ်လိုလဲ... ဖရေဇာရဲ့ မှတ်တမ်းကို ရှာတွေ့ပြီလား..."
"ရှာတွေ့ပါပြီ..."
မိုနာ၏ လက်ချောင်း ဆယ်ချောင်းက ကီးဘုတ်ပေါ်တွင် အလွန် မြန်ဆန်စွာ ကခုန်နေသည်။ သြဂတ်စ်၏ အမေးကို ကြားလိုက်ရသည်နှင့် စပေ့စ်ဘားကို ချက်ချင်း နှိပ်လိုက်ပြီး ကွန်ပျူတာ မျက်နှာပြင်ပေါ်ရှိ စာသားများကို လက်ညှိုးထိုးပြကာ ဆိုသည်။
"အန်ဒရီ ဖရေဇာ... အသက် သုံးဆယ့်ငါးနှစ်... အထက်တန်းကျောင်း မတက်ဖူးဘူး... မိသားစု မရှိဘူး... အိမ်ခဏခဏ ပြောင်းလေ့ရှိတယ်... ကွင်းစ်ရပ်ကွက်က အိမ်ကို လွန်ခဲ့တဲ့ နှစ်နှစ်က သူ ငှားခဲ့တာ..."
"လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဖရေဇာ တစ်ယောက် အောက်ပိုင်း ဒဏ်ရာရလို့ ဆေးရုံမှာ ခွဲစိတ်မှု သွားလုပ်ခဲ့တယ်... ဆရာဝန်က သူ့အောက်ပိုင်းကို နဂိုအတိုင်း ပြန်ချုပ်ပေးချင်ပေမဲ့ ဖရေဇာက ပြတ်ထွက်သွားတဲ့ အစိတ်အပိုင်း ပျောက်သွားပြီလို့ ပြောတာကြောင့် ဆရာဝန်လည်း ဒဏ်ရာကိုပဲ ချုပ်ပေးခဲ့ရတယ်..."
"နောက်ပိုင်း ရဲတွေ စစ်ဆေးမေးမြန်းတဲ့ အချိန်မှာတော့ ဖရေဇာက ထမင်းဟင်း ချက်ရင်း မတော်တဆ ဒဏ်ရာရသွားတာလို့ ထွက်ဆိုခဲ့တယ်... ဒါပေမဲ့ ဆရာဝန်ရဲ့ မှတ်တမ်းထဲမှာတော့ အောက်ပိုင်း ဒဏ်ရာမှာ အကောင်ကြီးကြီး တစ်ကောင်ရဲ့ သွားရာတွေ တွေ့ရတယ်လို့ ရေးထားတယ်... ဖရေဇာရဲ့ အောက်ပိုင်းက အိမ်ကခွေး ကိုက်ဖြတ်တာ ခံလိုက်ရတယ်လို့ သံသယရှိရတယ်..."
ထိုစကားများ ကြားလိုက်ရသောအခါ ဗီရိုနီးစ်နှင့် သြဂတ်စ်တို့ နှစ်ယောက်စလုံး ဆွံ့အသွားရတော့သည်။
စံအိမ် အပြင်ဘက်တွင် မိုနာ ပို့ပေးလာသော သတင်း အချက်အလက်များကို ကြည့်ရင်း ရိုအန် တစ်ယောက် ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။
သို့သော် ချက်ချင်းပင် ဖရေဇာက သူ၏ ခွေးကို ဘာကြောင့် လိုချင်နေသနည်း ဆိုသည့် အကြောင်းရင်းကို ရိုအန် နားလည်သွားသည်။ သူက ထိုခွေးနှင့်အတူ အသေခံချင်နေခြင်း ဖြစ်သည်။ အရှေ့တိုင်း ရှေးခေတ်က မိန်းမလျာများ သေဆုံးပြီးနောက် ခန္ဓာကိုယ် အပြည့်အစုံဖြင့် မြေမြှုပ်ခံလိုသကဲ့သို့ပင် ဖြစ်လေသည်။
"အချိန် ဒီလောက် ကြာနေပြီဆိုတော့ အဲ့ဒီအရာက ခွေးချေးထဲတောင် ရောက်နေလောက်ပြီ..."
ရိုအန်က ခေါင်းကို ဆက်တိုက် ခါယမ်းလိုက်ပြီး ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။ ဖရေဇာကို နှစ်သိမ့်ရန် စကားဆက်ပြောနေရင်း တစ်ချိန်တည်းမှာပင် ဒုတိယထပ် လသာဆောင်သို့ တွယ်တက်နိုင်မည့် အခွင့်အရေးကို ရှာဖွေရန် ပတ်ဝန်းကျင်ကို အကဲခတ်နေလိုက်သည်။
ဖရေဇာနှင့် ဆက်လက်၍ အချိန်ဆွဲနေရန် မဖြစ်နိုင်တော့ချေ။ အချိန် ကြာလာသည်နှင့်အမျှ လူသတ်သမား၏ တွေးခေါ်မှုများက ပို၍ စိုးရိမ် ထိတ်လန့်လာမည် ဖြစ်ပြီး ဆာဘီနာ အနာတရ ဖြစ်နိုင်ချေမှာလည်း ပို၍ မြင့်မားလာမည် ဖြစ်သည်။ ရိုအန် ကိုယ်တိုင် မျှော်လင့်ထားသော ကျေးဇူးတင် ဆုငွေ တစ်သန်း ရရှိနိုင်မည့် အခွင့်အရေး ကလည်း တဖြည်းဖြည်း မှေးမှိန်လာတော့မည် ဖြစ်သည်။
အခြား တစ်ဖက်တွင် ရုပ်မြင်သံကြားထဲ၌ ရိုအန် က စကားပြောနေရင်း လှုပ်ရှားရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသောအခါ ပါတီပွဲထဲရှိ ဘရိုဆန် ၏ မျက်လုံးများက တဖြည်းဖြည်း ကျဉ်းမြောင်းသွားတော့သည်။
ဘေးတွင် ရပ်နေသော လွှတ်တော်အမတ် မာတေး က ဘရိုဆန် ၏ အမူအရာကို မြင်တွေ့လိုက်ရသောအခါ အရက်ခွက်ကို မြှောက်ကာ သူ့ကို ခွက်ချင်းတိုက်လိုက်ပြီး ပြုံးလျက် မေးမြန်းလိုက်သည်။
"မင်းရဲ့ အတွေ့အကြုံ အရ ပြောရရင်... ရုပ်မြင်သံကြားထဲက စုံထောက် အနေနဲ့ ဓားစာခံကို ကယ်တင်နိုင်မယ်လို့ ထင်လား..."
"လုံးဝ မဖြစ်နိုင်ပါဘူး လွှတ်တော်အမတ်..."
ဘရိုဆန် ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးများ ပြည့်နှက်နေပြီး ပြန်လည် ဖြေကြားလိုက်သည်။
"စံအိမ် အပြင်ဘက်မှာ တွယ်တက်စရာ နေရာ လုံးဝ မရှိဘူး... လူသတ်သမားက စုံထောက်ကို အပေါ်တက်ခွင့် မပြုတဲ့အပြင် ဒုတိယထပ် အိပ်ခန်းထဲမှာလည်း ဓာတ်ဆီတွေ အပြည့် လောင်းထားသေးတယ်... ဒီလို အခြေအနေမျိုးမှာ စုံထောက် အနေနဲ့ လူသတ်သမားကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာက ပထမဆုံး အခက်အခဲပဲ..."
"ဒုတိယ အချက် အနေနဲ့ လူသတ်သမားနဲ့ ထိပ်တိုက် ရင်ဆိုင်ရရင်တောင်မှ ဓားစာခံရဲ့ လုံခြုံရေး အတွက် စုံထောက်က သေနတ်ပစ်ဖို့ ဝံ့ရဲမှာ မဟုတ်ဘူး... ဒါပေမဲ့ လူသတ်သမား လက်ထဲမှာတော့ သေနတ် ရှိနေသေးတယ်... ဓားစာခံကို အောင်မြင်အောင် ကယ်တင်ဖို့ ဆိုတာ ဗီဒီယိုထဲက စုံထောက် တစ်ယောက်တည်းနဲ့ လုံးဝကို မဖြစ်နိုင်ဘူး..."
ပါးစပ်မှ ထိုသို့ ပြောနေသော်လည်း ဘရိုဆန် ၏ စိတ်ထဲတွင်တော့ ရိုအန် ကို အမြန်ဆုံး လှုပ်ရှားစေချင်နေသည်။ ရိုအန် ၏ အစီအစဉ် ကျရှုံးသွားပြီး ဓားစာခံ သေဆုံးသွားပါက မိမိ အနေဖြင့် မည်သည့် အဆင့်အတန်းမျိုးဖြင့် ဗီရိုနီးစ် ၏ ပြဿနာများကို ဝင်ရောက် ရှင်းလင်းပေးရမည် ဆိုသည်ကို သူ၏ ဦးနှောက်ထဲတွင် စတင် စဉ်းစားနေပြီ ဖြစ်သည်။
"အရာရှိကြီး..."
ဖုန်းချလိုက်ပြီးနောက် မက်သရူး က ဘရိုဆန် အနီးသို့ လျှောက်လာသည်။ ဘရိုဆန် က သူ့ကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဘာမှ မပြောချေ။
မက်သရူး တစ်ယောက် ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားရသည်။
အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေ အတွင်း၌ ရိုအန် စတင် လှုပ်ရှားလာပြီ ဖြစ်ကြောင်း မြင်လိုက်ရသောအခါ သြဂတ်စ် ၏ မျက်မှောင်များ တင်းတင်း ကြုတ်သွားသည်။ မိုနာ ကလည်း လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ထားပြီး အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။ ဗီရိုနီးစ် က လေးနက်သော မျက်နှာထားဖြင့် ခေါင်းစောင်းကာ မေးလိုက်သည်။
"သြဂတ်စ်... အထူး လက်နက်နဲ့ နည်းဗျူဟာ အဖွဲ့ ရောက်ဖို့ ဘယ်လောက် လိုသေးလဲ..."
သြဂတ်စ် က ခေါင်းမော့ကာ နာရီကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာ မကောင်းစွာဖြင့် ဖြေလိုက်သည်။
"အမြန်ဆုံး ဆိုရင်တောင် နှစ်ဆယ့်ငါးမိနစ် ကြာဦးမယ်... ရိုအန်ကို အကြောင်းကြားလိုက်ရမလား..."
"မလိုဘူး..."
ဗီရိုနီးစ် က လက်ဆန့်ထုတ်ကာ သြဂတ်စ် ၏ စကားကို ဖြတ်ပြောလိုက်သည်။ ခြေချိတ်ထိုင်နေသော ခြေထောက်ကို ပုံစံ ပြောင်းလိုက်ပြီး ရုပ်မြင်သံကြားထဲရှိ ရိုအန် ကို စူးစိုက်ကြည့်ကာ လေးနက်သော လေသံဖြင့် ဆိုသည်။
"ရိုအန် ဂရင်းဝုဒ် ကို ယုံကြည်လိုက်ပါ..."
"ကောင်းပါပြီလေ..."
ခဏတာမျှ ရုပ်မြင်သံကြား အပြင်ဘက်ရှိ ပရိသတ်များ အားလုံး၏ စိတ်ထဲတွင် အတွေးမျိုးစုံ ဝင်ရောက်နေကြသည်။ သို့သော် သူတို့ အားလုံး၏ တူညီသော အချက် တစ်ချက်ကတော့ ရုပ်မြင်သံကြား မြင်ကွင်းကို မျက်တောင် မခတ်တမ်း စူးစိုက် ကြည့်နေကြခြင်းပင် ဖြစ်သည်။
အပြင်လူများ၏ အတွေးများကို ရိုအန် မသိနိုင်ချေ။ လောလောဆယ်တွင် သူက ဖရေဇာ နှင့် ညှိနှိုင်းနေပြီး စံအိမ် အပြင်ဘက်မှ ဒုတိယထပ် အိပ်ခန်းထဲသို့ ဝင်ရောက်နိုင်ရန် ကြိုးစားနေလေသည်။
"ဖရေဇာ... ငါ့အဖွဲ့သားတွေဆီက သတင်း အခုလေးတင် ရလိုက်ပြီ... မင်းရဲ့ခွေးက လာနေတဲ့ လမ်းမှာ ရောက်နေပြီ..."
ရိုအန် က စနစ်၏ အပြာနုရောင် မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းကာ ပြန်ပိတ်လိုက်သည်။ ထို့နောက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"မင်းနဲ့ သဘောတူညီချက် လုပ်ဖို့ ငါ့ကို အာဏာပေးထားတယ်... ဒါပေမဲ့ တခြား ဓားစာခံတွေ မရှိဘူး ဆိုတာကို သေချာအောင် အရင်ဆုံး စံအိမ်ထဲ ဝင်ပြီး အတည်ပြုဖို့ လိုတယ်... တစ်ချိန်တည်းမှာပဲ ဒီစံအိမ်ထဲမှာ တခြား အံ့ဩစရာတွေ ဖုံးကွယ် မထားဘူး ဆိုတာကိုလည်း သေချာအောင် လုပ်ရမယ်... ဟုတ်ပြီလား..."
"သောက်ခွေးမသား..."
ရိုအန် ၏ စကားကို ကြားလိုက်ရသောအခါ အိပ်ခန်းထဲရှိ ဖရေဇာ က ချက်ချင်း အသံကျယ်ကျယ်ဖြင့် ပြန်လည် အော်ဟစ်လိုက်သည်။
"မရဘူး... ငါ့ကို လာမလိမ်နဲ့... ငါ့ခွေးကို အရင်ဆုံး တွေ့ရမယ်... အဲ့ဒါမှ မင်းကို အိမ်ထဲ ပေးဝင်မယ်..."
"ဖရေဇာ... ငါ အရင်ဆုံး ဝင်လာဖို့ လိုတယ်..."
ရိုအန် ၏ လေသံက အလွန် ညင်သာနေပြီး ချိုသာသော အသံဖြင့် ညှိနှိုင်းလိုက်သည်။
"အခန်းထဲမှာ လုံခြုံတယ် ဆိုတာကို အတည်ပြုပြီးမှ မင်းရဲ့ခွေးကို အိမ်ထဲ ခေါ်လာလို့ ရမှာလေ... ဟုတ်ပြီလား..."
"ချီးတဲ့မှပဲ..."
ဖရေဇာ က ရိုအန် ကို လုံးဝ သဘောမတူသေးဘဲ အသံကျယ်ကျယ်ဖြင့် ဆက်လက် မေးခွန်းထုတ်နေသည်။
"မင်း ငါ့ကို လိမ်နေသလား ဆိုတာကို ငါက ဘယ်လိုလုပ် သိနိုင်မှာလဲ... တကယ်လို့ မင်း အိမ်ထဲဝင်လာပြီး တိုက်ရိုက် သေနတ်ပစ်လိုက်ရင် ဘယ်လို လုပ်မလဲ..."
"ဒါဆိုရင်ကော ဘယ်လိုလဲ..."
ရိုအန် က စံအိမ် မြေညီထပ်ရှိ မှန်ပြတင်းပေါက်မှ တစ်ဆင့် ဧည့်ခန်းထဲရှိ မှင်တံ အချို့ကို မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် သူက ပြုံးလျက် ပြောလိုက်သည်။
"ငါ့ရဲ့ လက်နက် ကိရိယာတွေ အကုန်လုံးကို အပြင်မှာ ထားခဲ့မယ်... ဘာမှ ယူမလာဘူးလေ... အဆင်ပြေလား..."
"မင်း သေချာလို့လား..."
"သေချာပေါက်ပေါ့..."
ရိုအန် ၏ ပြတ်သားသော အဖြေကို ကြားလိုက်ရသောအခါ ဖရေဇာ က ရယ်မောလိုက်သည်။
"ကောင်းပြီ... ဒါဆိုလည်း အခုချက်ချင်း လက်နက်တွေ ချွတ်ပြီး ဝင်လာခဲ့တော့..."
"ပြဿနာ မရှိပါဘူး..."
ရိုအန် ကလည်း ပြုံးလိုက်တော့သည်။