← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈ သူဌေးဆိုတာ ဘယ်သူမှ ကောင်းတဲ့သူ မရှိဘူး

ရိုအန် ယခုလုပ်နေသည်မှာ တစ်ဖက်လူနှင့် ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

မိုနာ ပို့ပေးထားသော အချက်အလက်များအရ ဖရေဇာသည် အထက်တန်းကျောင်း မတက်ဖူးချေ။ ထို့ကြောင့် သူ၏ ပညာအရည်အချင်း နိမ့်ကျပြီး စိတ်ပညာကို လေ့လာခဲ့ဖူးရန် အကြောင်းမရှိကြောင်း သိသာထင်ရှားနေသည်။

မိသားစု မရှိခြင်းက သူ့ကို မေတ္တာငတ်မွတ်စေခဲ့သည်။ ထို့ကြောင့် လူသတ်ပြီး အလောင်းဖျောက်သည့် ကိစ္စမျိုးကို မည်သည့် စိတ်ဝန်ထုပ်ဝန်ပိုးမှ မရှိဘဲ ကျူးလွန်ရဲခြင်း ဖြစ်သည်။

အလုပ်ခဏခဏ ပြောင်းရခြင်းက သူသည် အလုပ်မကျွမ်းကျင်၍ အလုပ်ဖြုတ်ခံရခြင်း သို့မဟုတ် အလုပ်အပေါ် မကျေနပ်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ ဥပမာအားဖြင့် အလုပ်တာဝန် ရှုပ်ထွေးခြင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေခြင်း၊ သူဌေးက အပြစ်ရှာခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ဖရေဇာသည် အလုပ်လုပ်ရခြင်းကို လုံးဝ မနှစ်သက်ကြောင်း သိသာလှသည်။

ထို့ကြောင့် အလုပ်နှင့် ပတ်သက်၍ ညည်းညူခြင်းက ဖရေဇာ၏ စိတ်ထဲတွင် ကိုယ်ချင်းစာ တူညီမှုကို သေချာပေါက် ဖြစ်ပေါ်လာစေမည် ဖြစ်သည်။

ထင်သည့်အတိုင်းပင် ရိုအန်က အပေါ်ထပ်သို့ တက်လာပြီး အခန်းကို စစ်ဆေးရခြင်းမှာ တာဝန်အရသာ ဖြစ်ကြောင်းနှင့် အက်ဖ်ဘီအိုင် ဆိုသည်မှာလည်း အလုပ်တစ်ခုမျှသာ ဖြစ်ကြောင်း ပြောလိုက်သောအခါ ဖရေဇာ၏ တင်းမာနေမှုများက ချက်ချင်း လျော့ကျသွားတော့သည်။

"ကောင်းပါပြီ... သတ္တိကြောင်တဲ့ စုံထောက်..."

ဆာဘီနာ၏ ရှေ့တွင် မျက်နှာပန်းလှချင်၍လားတော့ မသိပေ။ ဖရေဇာက သတ္တိကြောင်သူ ဟူသော အခေါ်အဝေါ်ကို ဆက်လက် အသုံးပြုနေဆဲ ဖြစ်သော်လည်း သူ၏ လေသံကမူ အတော်လေး တည်ငြိမ်လာခဲ့သည်။

"အခန်းကို မြန်မြန် ကြည့်လိုက်ပါ... ဒီမှာ မင်းရဲ့ ဦးနှောက်မရှိတဲ့ အထက်လူကြီး စိုးရိမ်နေတဲ့ အံ့ဩစရာတွေ ဘာမှ မရှိဘူး... အခန်းကို ကြည့်ပြီးရင် ငါတို့ မြန်မြန် အပေးအယူ လုပ်ကြမယ်... မင်းတို့ ငါ့ခွေးကို မြန်မြန် လာပို့ပေး..."

ရိုအန်က ပခုံးတွန့်ပြလိုက်ပြီး အခန်းထဲရှိ ပန်းရောင် ကုတင်ကြီးကို လက်ညှိုးထိုးပြကာ မေးမြန်းလိုက်သည်။

"ဒီအောက်မှာရော... ဒီအောက်မှာ အံ့ဩစရာတွေ မပုန်းနေဘူး ဆိုတာကို ငါ သေချာအောင် လုပ်ရဦးမယ်... မင်းလည်း သိတဲ့အတိုင်းပဲ... ငါ့အထက်လူကြီးတွေက ဦးနှောက် မရှိကြဘူး... သူတို့ အပြစ်ရှာပြီး လစာဖြတ်တာကို ငါ မခံချင်ဘူး... အဲ့ဒီလစာတွေကို ယူပြီး သူတို့ ဘယ်ညကလပ်မှာ သွားပျော်ပါးကြမလဲ ဆိုတာ သရဲတောင် သိမှာ မဟုတ်ဘူး..."

"သေချင်းဆိုးပဲ..."

ဆာဘီနာ၏ နောက်ကျောတွင် ခေါင်းကို ဝှက်ထားသော ဖရေဇာက မျက်လုံးတစ်ချက် လှန်လိုက်သည်။ သူ၏ ဘယ်ဘက်လက်က ဆာဘီနာ၏ လည်ပင်းကို ဆုပ်ကိုင်ထားပြီး ညာဘက်လက်ကမူ သေနတ်ဖြင့် သူမ၏ နားထင်ကို ချိန်ရွယ်ထားလျက် အခန်း၏ အခြားတစ်ဖက်သို့ ဖြည်းညင်းစွာ ရွှေ့သွားရင်း ပြောဆိုလိုက်သည်။

"ဒါဆိုလည်း မြန်မြန်ကြည့်... ကုတင်အောက်မှာ ဆာဘီနာ့အတွက် ငါ ပြင်ဆင်ထားတဲ့ အဝတ်အစားတွေနဲ့ ကစားစရာတွေပဲ ရှိတယ်... ဘာအံ့ဩစရာမှ မရှိဘူး..."

"မင်းကို ငါ ယုံပါတယ် ဖရေဇာ..."

ရိုအန်က ပခုံးတွန့်ပြလိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် ထပ်မံ တိုးသွားသည်။ ကုတင်ဘေးရှိ တွဲကျနေသော စောင်ကို လှန်ကာ ဒူးတစ်ဖက်ထောက်လျက် ကုတင်အောက်သို့ အကဲခတ် ကြည့်ရှုရင်း ပြန်လည် တုံ့ပြန်လိုက်သည်။

"ဒါပေမဲ့ မင်းလည်း သိတဲ့အတိုင်းပဲ ဖရေဇာ... တစ်ကမ္ဘာလုံးက အထက်လူကြီးတွေနဲ့ သူဌေးတွေ အကုန်လုံးက အတူတူပဲ... အကြောင်းပြချက် မျိုးစုံရှာပြီး မင်းကို အမြဲတမ်း ဒုက္ခပေးတတ်ကြတယ်... မင်း တစ်နေ့တာလုံး သက်သက်သာသာ နေရတာကို မြင်ရင် သူတို့ တစ်နေ့လုံး နေမထိထိုင်မသာ ဖြစ်နေကြသလိုပဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ ကုမ္ပဏီ သူဌေးတစ်ဦး ဖြစ်သော ဆာဘီနာ တစ်ယောက် မျက်လုံး တစ်ချက် လှန်လိုက်မိသည်။ သို့သော် ဖရေဇာကမူ ခေါင်းကို ဆက်တိုက် ညိတ်ပြလာပြီး အလွန် သဘောတူ ထောက်ခံသည့်ဟန်ဖြင့် ဆိုသည်။

"မင်းပြောတာ လုံးဝ မှန်တယ်... သူဌေးဆိုတာ ဘယ်သူမှ ကောင်းတဲ့သူ မရှိဘူး... အဲ့ဒါကြောင့် အရင်တစ်ခေါက်က ဆေးဆိုးပန်းရိုက် စက်ရုံက သူဌေးက ငါ့ကို အလုပ်လုပ်တာ မတက်ကြွဘူး ဆိုပြီး လစာ တစ်ဝက် ဖြတ်မယ်လို့ ပြောတော့... အဲ့ဒီညမှာတင် သူ့ကို ငါ အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်တာ... သေချင်းဆိုး... ငါ နေ့တိုင်း အလုပ်လာတာ တစ်ခါမှ နောက်မကျဘူး... သူက ဘာအခွင့်အရေးနဲ့ ငါ့ကို အလုပ်လုပ်တာ မတက်ကြွဘူးလို့ လာပြောရတာလဲ..."

ရိုအန် တစ်ယောက် ဆွံ့အသွားရသည်။

'အမလေး... မထင်မှတ်ထားတဲ့ သဲလွန်စတစ်ခု ထပ်ရလိုက်တာပဲ...'

ရိုအန်၏ မျက်ခွံများ တစ်ချက် တုန်ရီသွားသည်။ မျက်လုံးထောင့်မှ တစ်ဆင့် မိမိနှင့် ဖရေဇာ ကြားရှိ အကွာအဝေးမှာ အတော်လေး နီးကပ်နေပြီ ဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။ ဘေးတိုက် အနေအထားမှ ကြည့်လျှင် ဆာဘီနာ၏ နောက်ကျောတွင် ဝှက်ထားသော ဖရေဇာ၏ ခေါင်းကို မဝေမခွဲ မြင်နေရပြီ ဖြစ်သည်။ ထို့ကြောင့် သူက အိတ်ကပ်ထဲမှ မှင်တံကို အသံမထွက်စေဘဲ တိတ်ဆိတ်စွာ ထုတ်ယူကာ လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။ နေရာမှ ထရန် ပြင်လိုက်စဉ်မှာပင် ဖရေဇာက ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လာသည်။

"မလှုပ်နဲ့... သတ္တိကြောင်တဲ့ စုံထောက်..."

ရိုအန်၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ သို့သော် ဆက်လက်၍ ဖရေဇာ၏ အော်ဟစ်သံကို ထပ်မံ ကြားလိုက်ရပြန်သည်။

"စံအိမ် အပြင်ဘက်က ဟာက ဘာကြီးလဲ... မင်းတို့ အက်ဖ်ဘီအိုင်တွေရဲ့ လက်နက်သစ်လား... မင်း ငါ့ကို လိမ်တယ်ပေါ့..."

'စနိုက်ပါ သေနတ်က ဘယ်ကနေ ရောက်လာတာလဲ... အထူး လက်နက်နဲ့ နည်းဗျူဟာ အဖွဲ့ က ဒီလောက် မြန်မြန် ရောက်လာဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး...'

ရိုအန်၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားသော်လည်း မျက်မှောင်များကမူ တင်းတင်း ကြုတ်ထားဆဲ ဖြစ်သည်။ မှင်တံကို လက်ဖမိုး အနောက်တွင် မသိမသာ ဝှက်ထားလိုက်ပြီးနောက် နေရာမှ ထကာ အိပ်ခန်း၏ မှန်ပြတင်းပေါက်မှ တစ်ဆင့် စံအိမ် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ စံအိမ်၏ နံရံပေါ်တွင် တပ်ဆင်ထားသော အမည်းရောင် ကင်မရာကြီး တစ်လုံးကို သူ တွေ့လိုက်ရသည်။ ထိုကင်မရာက အိပ်ခန်းအတွင်း ဖြစ်ပျက်နေသမျှကို တိုက်ရိုက် ထုတ်လွှင့်နေခြင်း ဖြစ်လေသည်။

'သောက်ကျိုးနည်းပဲ...'

အစောပိုင်းက ဖရေဇာ သည် ဆာဘီနာကို ခေါ်ဆောင်ကာ အိပ်ခန်း၏ ကွယ်ရာ ထောင့်တစ်နေရာတွင် ပုန်းအောင်းနေခဲ့သည်။ အပြင်ဘက်မှ သူ့ကို မမြင်နိုင်သကဲ့သို့ သူကလည်း အိပ်ခန်း အပြင်ဘက်ကို မမြင်နိုင်ခဲ့ချေ။ သို့သော် ခုလေးတင် ဖရေဇာက ဆာဘီနာကို ခေါ်ဆောင်၍ နေရာ ရွှေ့ပြောင်းလိုက်သဖြင့် မျက်လုံးထောင့်မှ တစ်ဆင့် အိပ်ခန်း၏ မျက်နှာကြက်အထိ ရှည်လျားသော ပြတင်းပေါက် အပြင်ဘက်ရှိ ကင်မရာကို ချက်ချင်း သတိထားမိသွားခြင်း ဖြစ်သည်။

"ငါ့ကို ယုံပါ ဖရေဇာ... အဲ့ဒါက အက်ဖ်ဘီအိုင်ရဲ့ လက်နက်သစ် မဟုတ်ရပါဘူး..."

ရိုအန်က ရုပ်သံလိုင်းများမှာ လူအလုပ် မလုပ်ကြကြောင်း စိတ်ထဲမှ တိတ်ဆိတ်စွာ ကျိန်ဆဲလိုက်သည်။ ဤကိစ္စ ပြီးဆုံးသွားပါက သူတို့ထံမှ စိတ်ပိုင်းဆိုင်ရာ နစ်နာကြေး အနည်းငယ် တောင်းယူရမည်ဟု ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ ထို့နောက် အလျင်အမြန် လှည့်ကာ ဖရေဇာကို နှစ်သိမ့်လိုက်သည်။

"အဲ့ဒါက အက်ဖ်ဘီအိုင်ရဲ့ တရားဥပဒေ စိုးမိုးရေး မှတ်တမ်းတင် ကင်မရာပါ... အရင်ကလည်း ငါ မင်းကို ပြောခဲ့တယ်လေ... ငါ့အထက်လူကြီးတွေက ဦးနှောက် မရှိကြဘူးလို့... တာဝန် ထမ်းဆောင်နေတဲ့ အချိန်မှာ ငါက စည်းကမ်းနဲ့ မညီတဲ့ ကိစ္စတွေ လုပ်မိမှာကို သူတို့က ကြောက်နေကြတာ... အဲ့ဒါကြောင့် မှတ်တမ်းတင် ကင်မရာကို သုံးပြီး ငါ့ကို စောင့်ကြည့်နေတာပါ... ငါ့ကို ယုံကြည်လိုက်ပါ... ဟုတ်ပြီလား..."

စကား ဆုံးသွားသည်နှင့် တပြိုင်နက် ရိုအန်၏ မျက်နှာက တောင့်တင်းသွားသည်။ ဤစကားကို သူကိုယ်တိုင်ပင် လုံးဝ မယုံကြည်ပေ။

ထင်သည့်အတိုင်းပင် ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ ဖရေဇာ၏ မျက်နှာက ချက်ချင်းဆိုသလို နီရဲလာတော့သည်။ သူ၏ တစ်ကိုယ်လုံးက စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ် တုန်ရီနေပြီး ခန္ဓာကိုယ် တစ်ဝက်ကျော်ခန့်က ဆာဘီနာ၏ နောက်ကျော အကာအကွယ်မှ လွတ်ထွက်လာခဲ့သည်။ သူ၏ ခေါင်းကြီးကလည်း ဆာဘီနာ၏ နောက်ကျောမှနေ၍ အထင်းသား ထွက်ပေါ်လာတော့သည်။

ညာဘက်လက်ရှိ သေနတ်က ဆာဘီနာ၏ နားထင်ကို ချိန်ရွယ်မထားတော့ဘဲ ရိုအန် ရှိရာဘက်သို့ လှည့်လာခဲ့သည်။

"မင်းက ငါ့ကို အရူးလို့ ထင်နေတာလား... မင်းတို့ အက်ဖ်ဘီအိုင်တွေ တာဝန် ထမ်းဆောင်တဲ့ အချိန်မှာ ဘယ်တုန်းကများ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းကမ်းတွေကို ဂရုစိုက်ဖူးလို့လဲ... အဲ့ဒါက မင်းတို့ရဲ့ လက်နက်သစ်ပဲ..."

ရိုအန် တစ်ယောက် ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။

ဖရေဇာ၏ စကားက ယုတ္တိတန်လွန်းနေသဖြင့် မည်သူမဆို ယုံကြည်လက်ခံသွားနိုင်လောက်ပေသည်။

အိပ်ခန်း အတွင်းရှိ မြင်ကွင်းများက ကင်မရာမှ တစ်ဆင့် အိမ်ထောင်စု ထောင်ပေါင်းများစွာထံသို့ ရောက်ရှိသွားသည်။ ဖရေဇာက စိတ်လှုပ်ရှားစွာဖြင့် အနီးကပ် ရှိနေသော ရိုအန်ကို သေနတ်ဖြင့် ချိန်ရွယ်လိုက်သည်ကို မြင်သောအခါ မိုနာ တစ်ယောက် အလန့်တကြား အော်ဟစ်လိုက်မိသည်။ သြဂတ်စ် မှာလည်း စိုးရိမ်လွန်းသဖြင့် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်နေသည်။ ဗီရိုနီးစ် ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများက တင်းမာသွားပြီး ခြေချိတ်ထိုင်နေသော ခြေထောက်များကိုလည်း အလွန်အမင်း တင်းကျပ်စွာ ပူးကပ်ထားလိုက်သည်။

ပါတီပွဲ အတွင်း၌ ဘရိုဆန် ၏ နှုတ်ခမ်းထောင့်များက မသိစိတ်၏ စေ့ဆော်မှုအရ အပေါ်သို့ မြင့်တက်သွားသည်။ မက်သရူး က လက်သီးများကို တင်းတင်းဆုပ်ကာ လူသတ်သမားကို အမြန်ဆုံး သေနတ်ပစ်ရန် ပါးစပ်မှ တီးတိုး ရေရွတ်နေသည်။ လွှတ်တော်အမတ် အချို့က မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကြပြီး အမျိုးသမီး ဧည့်သည် အများအပြားကမူ ပါးစပ်ကို လက်ဖြင့် အုပ်ကာ အော်ဟစ်လိုက်ကြသည်။ ဆက်လက် ဖြစ်ပေါ်လာမည့် သွေးထွက်သံယို မြင်ကွင်းများကို မကြည့်ရဲတော့သဖြင့် ခေါင်းများကို တစ်ဖက်သို့ လှည့်သွားကြသည်။

စံအိမ် အပြင်ဘက်ရှိ လေစီ ကတော့ အသံကုန် ဟစ်အော် ကျိန်ဆဲလိုက်သည်။ ရိုအန် ကို ဆဲဆိုလိုက်ခြင်းလား သို့မဟုတ် လူသတ်သမားကို ဆဲဆိုလိုက်ခြင်းလား ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ချေ။ သူမက သေနတ်ကို ကိုင်ဆောင်ကာ စံအိမ် အတွင်းသို့ အလျင်အမြန် ပြေးဝင်သွားတော့သည်။

ဝိုင်နီရောင် ဆံပင်အရှည်နှင့် သတင်းထောက် လင်းနက် ၏ နှလုံးခုန်သံများက ဒိတ်ဒိတ်ကြဲ မြန်ဆန်နေပြီး ဦးနှောက် တစ်ခုလုံး အလွန်အမင်း ရှုပ်ထွေးနေသည်။ လူတစ်ယောက်က အခြား လူတစ်ယောက်ကို သေနတ်ဖြင့် ပစ်သတ်မည့် မြင်ကွင်းကို ဤမျှ အနီးကပ် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်လေသည်။

"သတ္တိကြောင်တဲ့ စုံထောက်... မင်းက ငါ့ကို လိမ်ရဲလိမ့်မယ်လို့ ထင်မထားခဲ့ဘူး..."

အိပ်ခန်း အတွင်း၌ ဖရေဇာ က ဒေါသတကြီး အော်ဟစ် ဆဲဆိုလိုက်သည်။

"သွားသေလိုက်တော့..."

စကားသံ မဆုံးသေးမီမှာပင် ဖရေဇာ က လက်ညှိုးကို ကွေးကာ ခလုတ်ဆွဲရန် ပြင်လိုက်သည်။ သူ၏ ရှေ့ရှိ ဆာဘီနာ က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အမင်း ကြောက်ရွံ့သွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။

သို့သော် ရိုအန်၏ လှုပ်ရှားမှုက သူ့ထက် အဆပေါင်းများစွာ ပို၍ မြန်ဆန်နေသည်။ ဖရေဇာ ၏ အော်ဟစ်သံ ထွက်ပေါ်လာသည့် တစ်ခဏမှာပင် ရိုအန် က ညာဘက်လက်ကို မြှောက်လိုက်သည်။ အသင့် ပြင်ဆင်ထားပြီး ဖြစ်သော မှင်တံလေးက ငွေရောင် ဓားမြှောင် တစ်လက်အလား လေထုထဲတွင် ဖြတ်သန်း ပြေးထွက်သွားတော့သည်။

“ဒိုင်း…”

“ဖောက်..”

မတူညီသော အသံနှစ်ခုက အိပ်ခန်း အတွင်း၌ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ကျည်ဆန် က ရိုအန်၏ ညာဘက် ပါးပြင်ဘေးမှ လေခွင်းသံ ပေးလျက် ဖြတ်သန်းသွားသည်။ ဖြတ်တိုက်သွားသော လေနုအေးက အနည်းငယ် ပူနွေးနေသော်လည်း ရိုအန် ၏ ခန္ဓာကိုယ်တွင် မည်သည့် ဒဏ်ရာမျှ မရရှိခဲ့ပေ။ သူ၏ မျက်နှာထား ကလည်း အလွန် တည်ငြိမ်နေဆဲ ဖြစ်သည်။

အခြား တစ်ဖက်တွင်မူ ဖရေဇာ ၏ မျက်လုံးများက ပြူးကျယ်နေပြီး တစ်ကိုယ်လုံးက မြေပြင်ပေါ်သို့ ပုံကျသွားတော့သည်။ သူ၏ နဖူးတည့်တည့် အလယ်ဗဟိုတွင် မှင်တံ တစ်ချောင်းက စိုက်ဝင်နေသည်။ သေသည့်တိုင်အောင် မျက်စိမမှိတ်နိုင်သော သူ၏ မျက်နှာကြီးက အိပ်ခန်း၏ မှန်ပြတင်းပေါက်ဆီသို့ တည့်မတ်စွာ မျက်နှာမူလျက်သား ဖြစ်နေလေသည်။

မှန်ပြတင်းပေါက်မှ တစ်ဆင့် ရုပ်မြင်သံကြားရှေ့ရှိ ပရိသတ်များ အားလုံးက မှင်တံ စိုက်ဝင်နေမှုမှာ အလွန် နက်ရှိုင်းလှကြောင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ မှင်တံ၏ အဖျားပိုင်း အနည်းငယ်မျှသာ အပြင်ဘက်တွင် ကျန်ရှိနေတော့သည်။

"ဘုရားရေ..."

"ယေရှုသခင်..."

"သောက်ကျိုးနည်းပဲ..."

"ချီးတဲ့မှပဲ..."

ရုပ်မြင်သံကြားရှေ့ရှိ ပရိသတ် အများအပြားမှာ ဖရေဇာ ၏ သေသည့်တိုင် မျက်စိမမှိတ်နိုင်သော မျက်နှာကြီးကြောင့် အလွန်အမင်း ထိတ်လန့်သွားကြသည်။ သို့သော် ချက်ချင်း ဆိုသလိုပင် အားလုံးက အသံတိတ်သွားကြပြီး ဆာဘီနာ ကို နှစ်သိမ့်ပေးနေသော ရိုအန် ကိုသာ သရဲ တစ်ကောင်ကို မြင်လိုက်ရသည့်အလား အံ့ဩမှင်သက်စွာ ကြည့်နေကြတော့သည်။

အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေ အတွင်း၌ မိုနာ၊ သြဂတ်စ် နှင့် အခြား စုံထောက်များ၏ မျက်နှာများ ပေါ်တွင် လုံးဝ မယုံကြည်နိုင်သော အံ့ဩမှုများ ပြည့်နှက်နေသည်။ ဗီရိုနီးစ် ၏ တစ်ကိုယ်လုံးရှိ တင်းမာနေသော ကြွက်သားများက တဆတ်ဆတ် တုန်ရီသွားပြီးနောက် ရုတ်တရက် ပြေလျော့သွားတော့သည်။ သူမ၏ ခြေချိတ်ထိုင်နေသော ခြေထောက်များကို ပြန်ချလိုက်ပြီး ရိုအန် ကို ကြည့်နေသော သူမ၏ အကြည့်များက အလွန်အမင်း ရှုပ်ထွေးနေလေသည်။

ပါတီပွဲ အတွင်း၌ လွှတ်တော်အမတ်များနှင့် မျက်နှာလွှဲ မသွားခဲ့သော အမျိုးသမီး ဧည့်သည် အချို့မှာ လေအေး တစ်ချက်ကို ရှိုက်သွင်းလိုက်ကြသည်။ ဘရိုဆန် နှင့် မက်သရူး တို့ နှစ်ယောက်စလုံးမှာ မျက်လုံးပြူး ပါးစပ်ဟ ဖြစ်သွားကြသည်။ ထို့နောက် အခြားသူများ၏ တီးတိုး ဝေဖန် ပြောဆိုသံများကို ကြားလိုက်ရသောအခါ ထိုသူနှစ်ဦး၏ မျက်နှာများမှာ အလွန်အမင်း ကြည့်ရဆိုးသွားတော့သည်။

"မင်းတို့ မြင်လိုက်ကြလား..."

"အဲ့ဒါက မှင်တံလား... မှင်တံ အစစ်ကြီးပါပဲ..."

"အက်ဖ်ဘီအိုင် စုံထောက်တွေက အခုချိန်မှာ ဒီလောက်တောင် စွမ်းနေကြပြီလား..."

"ရုပ်မြင်သံကြား ထဲက ဒီစုံထောက်ကို သိတဲ့သူများ ရှိလား... သူ့နာမည် ဘယ်လို ခေါ်လဲ..."

"သေချင်းဆိုး... ငါတော့ ရင်တွေ အရမ်း ခုန်နေပြီ…”

All Chapters