← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉ ရေက အရမ်းနက်လွန်းတော့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး

"လုံခြုံသွားပါပြီ ဆာဘီနာ..."

စံအိမ် အတွင်း၌ ဖရေဇာ မြေပြင်ပေါ်သို့ ပုံကျသွားသည့် တစ်ခဏမှာပင် ဇာပန်းဖောက် ဂါဝန်ကို ဝတ်ဆင်ထားသော ဆာဘီနာ၏ ခန္ဓာကိုယ်က အားပျော့သွားပြီး ရိုအန်၏ ရင်ခွင်ထဲသို့ ရှေ့သို့ ယိုင်ကျလာသည်။

ရိုအန်က မသိစိတ်၏ စေ့ဆော်မှုအရ လက်ဆန့်ထုတ်ကာ သူမကို ဖမ်းထိန်းလိုက်သည်။ ဆာဘီနာ၏ လက်နှစ်ဖက်က အနောက်သို့ ချည်နှောင်ခံထားရဆဲ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသောအခါ အိတ်ကပ်ထဲမှ နောက်ထပ် မှင်တံ တစ်ချောင်းကို အလျင်အမြန် ထုတ်ယူ၍ ကြိုးကို ဖြတ်တောက်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် လေးနက်သော မျက်နှာထားဖြင့် ခေါင်းငုံ့ကာ မေးမြန်းလိုက်သည်။

"ဆာဘီနာ... ခင်ဗျား ဒဏ်ရာ မရဘူးမလား..."

"မရပါဘူး... ကျွန်မ အဆင်ပြေပါတယ်..."

ဆာဘီနာက ခေါင်းခါပြလိုက်ပြီး ရိုအန်၏ မျက်နှာကို မော့ကြည့်လာသည်။ သူမ၏ လက်နှစ်ဖက် လွတ်လပ်သွားသည်နှင့် တပြိုင်နက် ရိုအန်၏ ပါးပြင်ကို လှမ်းကိုင်လိုက်ပြီး အနည်းငယ် တွေဝေ မိန်းမူးနေသော မျက်ဝန်းများဖြင့် ပြန်လည် မေးမြန်းလာသည်။

"စုံထောက်ကြီးကရော... ဒဏ်ရာရသွားသေးလား..."

ရိုအန်၏ မျက်နှာ အမူအရာက အနည်းငယ် တောင့်တင်းသွားသည်။

သို့သော် လျှို့ဝှက်ကလပ် အတွင်း၌ ဆာဘီနာ့ အတွက် ဝန်ဆောင်မှု ပေးခဲ့ကြသော အမျိုးသား အမျိုးသမီးများကို ပြန်လည် တွေးမိသွားသောအခါ ရိုအန် တစ်ယောက် ချက်ချင်း သဘောပေါက် နားလည်သွားသည်။ ဤသည်မှာလည်း ဆာဘီနာ၏ အလုပ်လုပ်ပုံ စတိုင်လ် တစ်ခုပင် ဖြစ်လေသည်။

ဆာဘီနာ့ အတွက် ဝန်ဆောင်မှု ပေးခဲ့သူများထဲတွင် ရုပ်ရည် ဆိုးဝါးသူဟူ၍ တစ်ယောက်မျှ မရှိခဲ့ပေ။ လူမည်း လူငယ် ကရိတ် ဆိုလျှင်ပင် လူမည်းများထဲတွင် လူဖြူများ၏ အလှအပ စံနှုန်းနှင့် ကိုက်ညီသော ရှားပါး ရုပ်ဖြောင့် လူငယ်လေး တစ်ဦး ဖြစ်လေသည်။

ထို့အပြင် စောစောက ရိုအန် အခန်းထဲသို့ ဝင်လာစဉ်ကတည်းက ဆာဘီနာက သူ့ကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့သေးသည်။ လူသတ်သမား ဖရေဇာ ကိုပင် အနည်းငယ် သဝန်တိုသွားစေခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ယခု ဆာဘီနာက ရိုအန်၏ ပါးပြင်ကို လှမ်းကိုင်လိုက်သည့် အပြုအမူက အတော်လေး ထိန်းသိမ်းထားသေးသည်ဟုသာ ဆိုရမည် ဖြစ်သည်။

"အက်ဖ်ဘီအိုင်..."

ရိုအန်က မိမိ၏ ပါးပြင်ပေါ်မှ ဆာဘီနာ၏ လက်ကို ဖယ်ရှားလိုက်ချိန်မှာပင် ဂလော့ခ် ဆယ့်ကိုး သေနတ်ကို ကိုင်ဆောင်ထားသော လေစီက လှေကားပေါ်သို့ အလျင်အမြန် ပြေးတက်လာပြီး အိပ်ခန်းထဲသို့ ဝင်ရောက်လာသည်။ ကြွေးကြော်သံ အော်ဟစ်ပြီးမှသာ လူသတ်သမားက သူမကို ကျောပေးကာ မြေပြင်ပေါ်တွင် လဲကျနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ရိုအန် ကမူ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဆာဘီနာကို ပွေ့ဖက်ထားလေသည်။

"ဟူး..."

ရိုအန် တစ်ယောက် ဒဏ်ရာ တစ်စုံတစ်ရာ မရရှိထားကြောင်း တွေ့လိုက်ရသောအခါ လေစီက သေနတ်ကို ပြန်သိမ်းလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ ထို့နောက် ရိုအန်၏ ပခုံးကို အားကုန် ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"သောက်ကျိုးနည်း ရိုအန် ဂရင်းဝုဒ်... နင့်အသည်းက ဘယ်လောက်တောင် ကြီးနေရတာလဲ... ကျည်ကာအင်္ကျီ တစ်ထည်တည်း ဝတ်ပြီး သေနတ်ကိုင်ထားတဲ့ လူသတ်သမားကို ရင်ဆိုင်ရဲတယ်ပေါ့... နင် အသက်မရှင်ချင်တော့ဘူးလား... ကျည်ကာအင်္ကျီက ခန္ဓာကိုယ်ကိုပဲ ကာကွယ်ပေးနိုင်တာ... နင့်ရဲ့ ဦးနှောက်ကို ကာကွယ်မပေးနိုင်ဘူး..."

"ငါ ဘာမှမဖြစ်ပါဘူး..."

ရိုအန်က မြေပြင်ပေါ်မှ မတ်တပ်ရပ်လိုက်ပြီး ဆာဘီနာကို ပွေ့ချီကာ အိပ်ခန်းထဲမှ ထွက်ခွာ၍ စံအိမ် အပြင်ဘက်သို့ လျှောက်သွားရင်း ရယ်မောလျက် ဆိုသည်။

"ငါ့ကို ယုံပါ... ငါက အသက်ကို အရမ်း နှမြောတဲ့သူပါ..."

"ချီးတဲ့မှပဲ... နင့်စကားကို ငါက ယုံမယ် ထင်နေလား..."

ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ လေစီက သူ၏ ကျောပြင်ကို ကြည့်ကာ လက်ခလယ် ထောင်ပြလိုက်သည်။ သို့သော် ရိုအန်၏ ခန္ဓာကိုယ်ကို သေချာစွာ အကဲခတ် ကြည့်ရှုလိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

"ရိုအန်... နင့်သေနတ်ကို ဘယ်မှာ ဝှက်ထားတာလဲ... ငါ ဘာလို့ မတွေ့ရတာလဲ..."

"သေနတ် ဝှက်ထားတယ်..."

ရိုအန်က ခေါင်းလှည့်ကာ နားမလည်နိုင်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ လေစီ၏ စကားကို သူ သေချာ နားမလည်ခဲ့ပေ။ သို့မဟုတ် သူမ၏ ဆိုလိုရင်းမှာ မိမိ ထင်နေသည့် အဓိပ္ပာယ်မျိုးများလား ဟု သံသယ ဝင်သွားသည်။

သူ၏ ရင်ခွင်ထဲရှိ ဆာဘီနာက ချက်ချင်း သဘောပေါက်သွားပြီး မျက်နှာပေါ်တွင် မူမမှန်သော နီရဲမှုများ ပေါ်လာကာ အလျင်အမြန် ပြန်လည် ဖြေကြားလိုက်သည်။

"စုံထောက်ကြီး ရိုအန် က သေနတ် မသုံးခဲ့ပါဘူး... ကျွန်မကို ဓားစာခံ လုပ်ထားတဲ့ လူသတ်သမားကို မှင်တံ တစ်ချောင်းတည်းနဲ့ သတ်ပစ်ခဲ့တာပါ..."

"သောက်ကျိုးနည်းပဲ..."

လေစီ တစ်ယောက် လေအေး တစ်ချက်ကို ရှိုက်သွင်းလိုက်မိသည်။ စောစောက သူမမှာ ခြံဝင်းတံခါးကို ကျော်ဖြတ်ကာ စံအိမ်ထဲသို့ ဝင်ရောက်ရန် အလုပ်ရှုပ်နေသဖြင့် ရိုအန် လူသတ်သည့် မြင်ကွင်းကို လုံးဝ မမြင်လိုက်ရချေ။

ဆာဘီနာ၏ စကားကို ကြားလိုက်ရသောအခါ လေစီက အလျင်အမြန် လှည့်ကာ မိမိကို ကျောပေးထားသော ရုပ်အလောင်းကို ပက်လက်လှန် ကြည့်လိုက်သည်။ ထိုအခါမှသာ ရုပ်အလောင်း၏ နဖူးတည့်တည့် အလယ်ဗဟိုတွင် စိုက်ဝင်နေသော မှင်တံ၏ အဖျားပိုင်းကို မြင်တွေ့လိုက်ရသည်။

အိပ်ခန်း အတွင်းရှိ လေထုက ခေတ္တမျှ တိတ်ဆိတ်သွားသည်။ အချိန် အတော်ကြာမှသာ လေစီ၏ အလွန်အမင်း အံ့ဩတုန်လှုပ်နေသော အသံ ထွက်ပေါ်လာတော့သည်။

"ချီးတဲ့မှပဲ..."

"မင်္ဂလာပါ စုံထောက်ကြီး..."

ရိုအန် က ဆာဘီနာကို ပွေ့ချီကာ စံအိမ် အပြင်ဘက်သို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် ဝိုင်နီရောင် ဆံပင်အရှည်နှင့် အမျိုးသမီး သတင်းထောက် တစ်ဦးက အလျင်အမြန် ပြေးလာသည်။ မိုက်ခရိုဖုန်းကို ရိုအန်၏ ပါးစပ်နားသို့ တေ့ကာ မျက်လုံးများ အရောင်လက်လျက် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

"ရှင့်နာမည် ဘယ်လိုခေါ်လဲ ဆိုတာ သိပါရစေ... လူသတ်သမားကို မှင်တံ တစ်ချောင်းတည်းနဲ့ သေအောင် ဘယ်လို လုပ်လိုက်တာလဲ... ဒါက အက်ဖ်ဘီအိုင် စုံထောက်တွေ အသစ်သင်ရတဲ့ သင်ခန်းစာလား... ပြီးတော့ ရှင့်မှာ ချစ်သူ ရှိပြီလား..."

ရိုအန် တစ်ယောက် ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။

ခေါင်းငုံ့ ကြည့်လိုက်ရာ ဆာဘီနာ ကလည်း ထိုအကြောင်းအရာကို စိတ်ဝင်စားနေသည့် အမူအရာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ရိုအန်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး နှုတ်ခမ်းကို ဟကာ စံသတ်မှတ်ချက် ဖြစ်သော သွားရှစ်ချောင်း ပေါ်သည့် အပြုံးမျိုးဖြင့် ကင်မရာကို ကြည့်ကာ ပြုံးပြလိုက်သည်။ ထို့နောက် လင်းနက် ဘက်သို့ လှည့်ကာ ပြန်လည် ဖြေကြားလိုက်သည်။

"တောင်းပန်ပါတယ် သတင်းထောက်မလေး... ကျွန်တော် အလုပ်များနေသေးလို့ ဖြေကြားပေးဖို့ အဆင်မပြေပါဘူး... တကယ်လို့ သိချင်တဲ့ မေးခွန်းတွေ ရှိရင် နောက်လုပ်မယ့် ကျွန်တော်တို့ အရာရှိကြီးရဲ့ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ပေးပါ... သူမက ခင်ဗျား သိချင်တာတွေ အကုန်လုံးကို ဖြေကြားပေးပါလိမ့်မယ်... ကျေးဇူးတင်ပါတယ်..."

စကား ပြောဆိုပြီးနောက် ရိုအန်က ဆာဘီနာကို ခေါ်ဆောင်ကာ ဒါရင်း ရှိရာသို့ လျှောက်သွားလိုက်ပြီး အမျိုးသမီး သတင်းထောက်၏ မေးခွန်းများကို ဆက်လက် အာရုံမစိုက်တော့ပေ။

ရိုအန်၏ ဤကဲ့သို့သော အပြုအမူကို မြင်လိုက်ရသောအခါ ကင်မရာမန်းက မကျေမနပ်ဖြင့် နှုတ်ခမ်းမဲ့ကာ ဆိုသည်။

"တကယ်ကို မာနကြီးတဲ့ လူပဲ..."

"မဟုတ်ဘူး... ဒါက မာနကြီးတာ မဟုတ်ဘူး..."

လင်းနက် က ကင်မရာမန်း၏ မှတ်ချက်ကို ဖြတ်ပြောလိုက်ပြီး ရိုအန်၏ ခန့်ညားလှသော ကျောပြင်ကို မျက်တောင် မခတ်တမ်း စိုက်ကြည့်ကာ ဆိုသည်။

"သတင်းထောက်တွေရဲ့ အင်တာဗျူးကို ရင်ဆိုင်ရတဲ့ အချိန်မှာတောင် စကားကို ပေါက်ကရ မပြောဘူး... ဒါက ဉာဏ်ရည်မြင့်မားတဲ့ အမျိုးသား တစ်ယောက်ပဲ..."

ကင်မရာမန်းမှာ ဆွံ့အသွားရသည်။

'သတင်းထောက် တစ်ယောက် ဖြစ်နေပြီး ဒီလိုစကားမျိုး ပြောထွက်တာ သင့်တော်ရဲ့လား...'

"ဘုရားရေ..."

ရိုအန်တို့ နှစ်ဦးကို မြင်လိုက်ရသောအခါ အလွန်အမင်း စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေသော ဒါရင်းက ချက်ချင်း ပြေးလာသည်။ ဆာဘီနာကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး မျက်နှာ နီရဲကာ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်လျက် ဆိုသည်။

"ဆာဘီနာ... အချစ်လေး... မင်း ဘာမှမဖြစ်ဘူးမလား... ဒဏ်ရာရော ရသေးလား... လူသတ်သမားက မင်းကို အနာတရ ဖြစ်အောင် မလုပ်ဘူးမလား... သေချင်းဆိုး... ငါ မနေ့က ခရီးမထွက်ခဲ့ရမှာ... အကုန်လုံးက ငါ့အမှားတွေပါ... တောင်းပန်ပါတယ်ကွာ..."

မိမိကို တင်းကျပ်စွာ ဖက်ထားပြီး လက်မလွှတ်သော ခင်ပွန်းဖြစ်သူကို ကြည့်ရင်း ဆာဘီနာ၏ မျက်ကွင်းများလည်း နီရဲလာသည်။ သူ၏ လည်ပင်းကို ဖက်ထားလိုက်ပြီး ပြန်လည် တုံ့ပြန်လိုက်သည်။

"ကျွန်မ ဘာမှမဖြစ်ပါဘူး ဒါရင်း... ကျွန်မ အဆင်ပြေပါတယ်... ဘာအနာတရမှ မဖြစ်ခဲ့ပါဘူး... ရှင် အရမ်း စိတ်ပူသွားရပြီ..."

ချက်ချင်းဆိုသလို ငိုကြွေးနိုင်စွမ်း ရှိသော ဆာဘီနာကို ကြည့်ရင်း ရိုအန်၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်သော်လည်း အမျိုးသမီးများ သည် မွေးရာပါ သရုပ်ဆောင် ကောင်းများ ဖြစ်ကြကြောင်း စိတ်ထဲမှ တိတ်ဆိတ်စွာ ချီးကျူးလိုက်မိသည်။

လှည့်ထွက်ရန် ပြင်လိုက်ပြီး သူတို့ လင်မယား နှစ်ယောက် အတွက် သီးသန့် အချိန်ပေးရန် စိတ်ကူးလိုက်စဉ်မှာပင် ဆာဘီနာက ရုတ်တရက် လက်ဆန့်ထုတ်ကာ ရိုအန်ကို လှမ်းဆွဲလိုက်သည်။

ရိုအန်က နားမလည်နိုင်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။ ဒါရင်း၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထားပြီး မျက်ရည်များ ပေါက်ပေါက်သီ ကျနေသော ဆာဘီနာက လက်တစ်ဖက်ဖြင့် ဖုန်းခေါ်ဆိုသည့် လက်ဟန် အမူအရာ ပြုလုပ်ပြသည်။ တစ်ချိန်တည်းမှာပင် အသံမထွက်စေဘဲ နှုတ်ခမ်း လှုပ်ရုံဖြင့် ရိုအန်ကို စကားတစ်ခွန်း ဆိုလိုက်သည်။

"ဖုန်းဆက်လိုက်ပါ..."

ရိုအန်က ဘာစကားမှ မပြောတော့ဘဲ ချက်ချင်း လှည့်ထွက်သွားလေသည်။

'ဒီမိန်းမရဲ့ အဆင့်က အရမ်းမြင့်လွန်းတယ်... ငါလို လူငယ်လေး အနေနဲ့ ဒီရေနောက်ထဲကို သွားမဆင်းတာ အကောင်းဆုံးပဲ... ရေက အရမ်းနက်လွန်းတော့ ငါ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး... ရေနစ်သေသွားမှာကို ကြောက်တယ်...'

ပါတီပွဲ အတွင်း၌ ရုပ်မြင်သံကြားထဲတွင် ရိုအန်က သတင်းထောက်၏ မေးခွန်းများကို အရာရှိကြီးထံသာ သွားရောက် မေးမြန်းရန် ပြန်လည် ဖြေကြားသွားသော ခန့်ညားလှသည့် မျက်နှာထားကို မြင်လိုက်ရသောအခါ ဘရိုဆန်၏ မျက်နှာက တစ်ချက်နီ တစ်ချက်ဖြူ ဖြစ်သွားသည်။ အရက်ခွက်ကို ကိုင်ထားသော လက်ဆစ်များပင် ဖြူရော်လာတော့သည်။

ဘေးတွင် ရပ်နေသော မက်သရူး က ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်အမင်း ထိတ်လန့်နေပြီး အရက်ခွက်ကို ကိုင်ထားသော လက်များက မသိစိတ်၏ စေ့ဆော်မှုအရ တဆတ်ဆတ် တုန်ရီလာတော့သည်။

"ဘရိုဆန်..."

အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းပြောင်ပြောင် သက်ကြီးပိုင်း လူဖြူ အမျိုးသား လွှတ်တော်အမတ် မာတေး က ရုပ်မြင်သံကြားထဲရှိ မြင်ကွင်းကို ကြည့်ရင်း မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ အရက် တစ်ငုံ သောက်လိုက်ပြီးနောက် အနီးသို့ လျှောက်လာခဲ့သည်။ ဘရိုဆန်၏ ကြည့်ရဆိုးနေသော မျက်နှာထားကို လျစ်လျူရှုထားလိုက်ပြီး တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

"ဒီစုံထောက်ရဲ့ နာမည်က ဘယ်လိုခေါ်လဲ... မင်းဆီမှာ သူ့ရဲ့ ဆက်သွယ်ရန် လိပ်စာ ရှိလား..."

"သူ့နာမည်က ရိုအန် ဂရင်းဝုဒ် လို့ ခေါ်ပါတယ်... ကျွန်တော့်ဆီမှာ သူ့ရဲ့ ဆက်သွယ်ရန် လိပ်စာ ရှိပါတယ်..."

ဘရိုဆန် အနေဖြင့် ရုပ်မြင်သံကြားထဲရှိ ရိုအန်ကို ယခုချက်ချင်း အသေသတ်ပစ်ချင်နေသော်လည်း လွှတ်တော်အမတ် မာတေး ၏ မေးမြန်းမှုကို ရင်ဆိုင်ရသောအခါ အံကြိတ်ထားလိုက်ပြီး လေသံကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းထားကာ ပြန်လည် ဖြေကြားလိုက်သည်။

"မနက်ဖြန်ကျရင် သူ့ရဲ့ အချက်အလက်တွေနဲ့ ဆက်သွယ်ရန် လိပ်စာကို လွှတ်တော်အမတ်ကြီးရဲ့ လက်ထောက်ဆီ ပို့ပေးလိုက်ပါ့မယ်..."

"ကောင်းပြီ..."

လွှတ်တော်အမတ် မာတေး က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ခွက်ထဲရှိ အရက်များကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက် ခွက်အလွတ်ကို မက်သရူး၏ လက်ထဲသို့ အလွယ်တကူ ထိုးထည့်ပေးလိုက်ပြီး မက်သရူး၏ မျက်နှာကို တစ်ချက်မျှ မကြည့်တော့ဘဲ လှည့်ကာ လူအချို့ကို ခေါ်ဆောင်၍ ပါတီပွဲမှ ထွက်ခွာသွားလေသည်။

လက်ထဲရှိ အရက်ခွက်အလွတ်ကို ကြည့်ရင်း မက်သရူး တစ်ယောက် လည်ချောင်းများ ခြောက်သွေ့လာသည်ဟု ခံစားလိုက်ရသည်။ လွှတ်တော်အမတ် မာတေး ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဘရိုဆန်၏ အနီးသို့ တိုးကပ်သွားကာ တီးတိုး မေးမြန်းလိုက်သည်။

"အရာရှိကြီး... ကျွန်တော်..."

သူ၏ စကားပင် မဆုံးသေးမီမှာပင် ဘရိုဆန် က ရုတ်တရက် လှည့်ကြည့်လာသည်။ မက်သရူး ကို ကြည့်နေသော သူ၏ အကြည့်များက လူတစ်ယောက်ကို အရှင်လတ်လတ် ဝါးစားတော့မည့် အလား ကြောက်မက်ဖွယ် ကောင်းလှသည်။

"ထွက်သွားစမ်း..."

"ဟုတ်ကဲ့ပါ အရာရှိကြီး…”

All Chapters