အခန်း ၄၀
Vol. 4 Ch. 40
အခန်း ၄၀ မီးလျှံဘုရင်မ ဘား
အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးခန်းနယ်မြေအတွင်း၌ ရုပ်မြင်သံကြားထဲမှ တစ်ဆင့် ရိုအန် တစ်ယောက် မည်သည့်ဒဏ်ရာမျှ မရရှိဘဲ ဆာဘီနာကို ပွေ့ချီကာ စံအိမ်ထဲမှ ထွက်လာသည့် မြင်ကွင်းကို မြင်လိုက်ရသည်၊၊ ထိုအခါမှသာ မိုနာ တစ်ယောက် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်နိုင်ပြီး သူမ၏ မျက်နှာပေါ်ရှိ တင်းမာနေသော အမူအရာများကလည်း ချက်ချင်း ပြေလျော့သွားတော့သည်၊၊
'ငါ သိသားပဲ... ရိုအန့်ဆီမှာ သေချာပေါက် အစီအစဉ် ရှိနေမယ် ဆိုတာကို...'
မိုနာ၏ စိတ်ထဲတွင် အလွန် ဝမ်းသာသွားသည်၊၊ ရိုအန် အပေါ် သူမ၏ ယုံကြည်မှုက တကယ်ကို မမှားယွင်းခဲ့ပေ၊၊
ချွေးထွက်နေသဖြင့် သူမ၏ လက်ဖဝါးများက အနည်းငယ် စေးကပ်နေကြောင်း ခံစားလိုက်ရသည်၊၊ ထို့ကြောင့် မိုနာက တစ်ရှူး ယူကာ သုတ်ရန် ပြင်လိုက်သည်၊၊ သို့သော် ဖုန်းမျက်နှာပြင်ပေါ်ရှိ နံပါတ်တစ်ခုကို မြင်လိုက်ရသောအခါ သူမ၏ နှုတ်ခမ်းထောင့်များက အောက်သို့ ကွေးကျသွားပြီး ချက်ချင်း မကျေမနပ် ဖြစ်သွားသည်၊၊ အဆိပ်ရှိသော မှိုပွင့် တစ်ပွင့်ကို ကိုင်တွယ်မိလိုက်သည့်အလား ဖုန်းကို ဘေးသို့ လွှင့်ပစ်လိုက်လေသည်၊၊
သြဂတ်စ်က စားပွဲပေါ်တွင် ထိုင်လျက် ရုပ်မြင်သံကြားထဲရှိ မြင်ကွင်းကို ကြည့်ကာ အံသွားများ ပေါ်လာသည်အထိ ပါးစပ် အပြဲသားဖြင့် ရယ်မောနေလေသည်၊၊
ယခုအခါ ရိုအန်ကို ကြည့်လေ သူနှင့် တူလေဟု ခံစားနေရသည်၊၊ မိန်းကလေးများ အော်ဟစ် ငေးမောရလောက်အောင် ရုပ်ဖြောင့်ရုံသာမက ဦးနှောက်ကလည်း အလွန် ထက်မြက်ပြီး စကားပြောဆို လုပ်ကိုင်ရာတွင်လည်း လွန်စွာ တတ်ကျွမ်း နားလည်လှပေသည်၊၊
ရုပ်မြင်သံကြားထဲတွင် ရိုအန်က သတင်းထောက်၏ အမေးကို ပေါက်ကရ ပြန်မဖြေခဲ့သည်ကို အားလုံး မြင်တွေ့ခဲ့ရသည်၊၊ ထိုမျှမက သူ၏ လှုပ်ရှားမှုများ အားလုံးက အထက်လူကြီး၏ လမ်းညွှန်မှု ကောင်းမွန်ခြင်းကြောင့် ဖြစ်ကြောင်း ပြောဆိုလိုက်ချိန်တွင် ဗီရိုနီးစ် တစ်ယောက် စိတ်လှုပ်ရှားလွန်း၍ မျက်နှာများပင် နီရဲသွားခဲ့သည် မဟုတ်ပါလား၊၊
ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဗီရိုနီးစ်က ရုပ်မြင်သံကြားထဲရှိ ရိုအန်ကို စူးစိုက်ကြည့်နေသည်၊၊ သတင်းထောက်၏ မေးခွန်းများကို သိချင်ပါက သူ၏ အရာရှိကြီး ကျင်းပမည့် သတင်းစာ ရှင်းလင်းပွဲတွင် သွားရောက် မေးမြန်းရန် ရိုအန်က ပြောဆိုလိုက်သည်ကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာက ပန်းနုရောင် သန်းလာတော့သည်၊၊ သူမ၏ မျက်လုံးများထဲတွင် ကျေနပ်ခြင်း ဟူသော စကားလုံးက အထင်းသား ပေါ်လွင်နေလေသည်၊၊
မိမိ၏ ပေါင်တံမှ အေးစက်စက် ခံစားမှု တစ်ခုကို သတိထားမိလိုက်သောအခါ ဗီရိုနီးစ်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်၊၊ သူမ၏ မျက်နှာက တဖြည်းဖြည်း ပုံမှန် အတိုင်း ပြန်ဖြစ်သွားပြီး ကုလားထိုင်ပေါ်မှ မတ်တပ်ရပ်လိုက်သည်၊၊ ထို့နောက် သြဂတ်စ် ရှိရာဘက်သို့ ခေါင်းစောင်း ကြည့်လိုက်ပြီး အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်၊၊
"နောက်ထပ် မိနစ် သုံးဆယ် နေရင် ငါ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်... သတင်းထောက်တွေကို အခုချက်ချင်း သွားအကြောင်းကြားလိုက်... လူများလေ ပိုကောင်းလေပဲ..."
"ဟုတ်ကဲ့ပါ အရာရှိကြီး..."
သြဂတ်စ်က ပြုံးလျက် ခေါင်းညိတ် သဘောတူလိုက်သည်၊၊ တစ်ချိန်တည်းမှာပင် သူက ဆက်လက် မေးမြန်းလိုက်သည်၊၊
"ရိုအန်ရော တက်ရောက်ဖို့ လိုအပ်မလား... တကယ်လို့ သူပါ တက်ရမယ် ဆိုရင်တော့ နောက်ကျလိမ့်မယ်... မိနစ် သုံးဆယ် အတွင်း သူ ဒီကို ပြန်ရောက်နိုင်မှာ မဟုတ်ဘူး..."
သြဂတ်စ်၏ အမေးကို ကြားလိုက်ရသောအခါ ရုံးခန်းနယ်မြေ အတွင်းမှ လှည့်ထွက်ရန် ပြင်နေသော ဗီရိုနီးစ် ၏ ခြေလှမ်းများ ရပ်တန့်သွားသည်၊၊ ပုံမှန် အခြေအနေအရ ဆိုလျှင် ရိုအန် သည် မဖြစ်မနေ တက်ရောက်ရမည် ဖြစ်သည်၊၊ သို့သော် သူ့ကို အတင်းအကျပ် လာရောက်ရန် အမိန့်ပေးလိုက်ပါက သူ ဒေါသထွက်သွားနိုင်သည်၊၊
ခေတ္တမျှ စဉ်းစားခန်း ဝင်ပြီးနောက် ဗီရိုနီးစ် က ညွှန်ကြားလိုက်သည်၊၊
"ရိုအန် ဆီကို အခုချက်ချင်း ဖုန်းဆက်လိုက်ပါ... သူ သတင်းစာ ရှင်းလင်းပွဲကို တက်ချင်လား ဆိုတာ မေးကြည့်လိုက်... သူ တက်ချင်တယ် ဆိုရင်လည်း လာခဲ့ပေါ့... မတက်ချင်ဘူး ဆိုရင်လည်း ကိစ္စမရှိပါဘူး..."
"ကောင်းပါပြီ..."
သြဂတ်စ်၏ မျက်နှာပေါ်တွင် အံ့ဩမှုများ အပြည့် ဖြစ်နေသည်၊၊ ဗီရိုနီးစ် တစ်ယောက် ဘယ်အချိန် ကတည်းက ဤမျှလောက် သဘောထား ပြည့်ဝသွားသနည်း ဟု သူ တွေးတောနေမိသည်၊၊ သို့သော် ဖုန်းကို ထုတ်ယူကာ ရိုအန် ထံသို့ အလျင်အမြန် ဆက်သွယ်လိုက်သည်၊၊
"ကျွန်တော် မတက်လို့ ရမလား အရာရှိကြီး..."
သြဂတ်စ်၏ စကားကို ကြားလိုက်ရသောအခါ ရိုအန် က အက်စ်ယူဗီ ကားထဲတွင် ထိုင်နေလျက် အဝေးမှ နောက်ဆုံးတော့ ရောက်ရှိလာပြီ ဖြစ်သော အထူး လက်နက်နှင့် နည်းဗျူဟာ အဖွဲ့၏ ကားများကို ကြည့်ကာ မျက်နှာပေါ်တွင် မလိုလားသော အမူအရာများ ပြည့်နှက်နေသည်၊၊
"ဒီနေ့ တစ်နေ့လုံး ကျွန်တော် အရမ်း ပင်ပန်းနေပြီ... အခု အိမ်ပြန်ပြီး အိပ်ချင်နေတာ... အရမ်းကို ပင်ပန်းလွန်းလို့ပါ..."
ဤဇာတ်လမ်းကအခန်း ဆယ့်ငါး မှနေ၍ ယခု mအခန်း လေးဆယ် အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း တကယ်တမ်းတွင် ရိုအန် အနေဖြင့် နံနက် ကိုးနာရီမှ ည သန်းခေါင်ယံ ဆယ့်နှစ်နာရီ အထိ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များသာ ဖြစ်ပြီး တစ်ရက်တာ ကာလမျှသာ ရှိသေးလေသည်၊၊
"ဒါကတော့..."
မိမိ၏ ဘေးတွင် ရပ်နေပြီး ဖုန်းထဲမှ ရိုအန်၏ အသံကို တပြိုင်နက်တည်း ကြားနေရသော ဗီရိုနီးစ်ကို ကြည့်ရင်း သြဂတ်စ်၏ မျက်နှာ အမူအရာက အနည်းငယ် တောင့်တင်းသွားသည်၊၊ သူက ချောင်းတစ်ချက် ဟန့်ကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဗီရိုနီးစ်က ခေါင်းညိတ် သဘောတူလိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်၊၊
"စုံထောက်ကြီး ရိုအန်... ရှင် ပင်ပန်းသွားပါပြီ... အိမ်ပြန်ပြီး အရင် အနားယူလိုက်ပါ... မနက်ဖြန် နေ့လယ်လောက်မှ ရုံးလာဖို့ ကျွန်မ ခွင့်ပြုပါတယ်..."
သြဂတ်စ် တစ်ယောက် ဆွံ့အသွားရတော့သည်၊၊
ရိုအန်၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ အပြည့် ဖြစ်သွားပြီး ပြန်ဖြေလိုက်သည်၊၊
"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် အရာရှိကြီး..."
ဖုန်းချလိုက်ပြီးနောက် ဗီရိုနီးစ်က ကျွန်တော်လည်း မနက်ဖြန် ရုံးနောက်ကျမှ လာချင်တယ် ဟု မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေသော သြဂတ်စ်ကို လုံးဝ ဂရုမစိုက်တော့ပေ၊၊ အနည်းငယ် အားပျော့နေသော ခြေထောက်များကို ဆွဲကာ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရေချိုးခန်းဆီသို့ လှည့်ထွက်သွားလေသည်၊၊
တစ်ချိန်တည်းမှာပင် သြဂတ်စ်ကို လေးနက်စွာ မှာကြားသွားရန် မမေ့လျော့ခဲ့ချေ၊၊
"သြဂတ်စ်... မိနစ် သုံးဆယ် ပြည့်တာနဲ့ နယူးယောက်မှာ ရှိတဲ့ သတင်းမီဒီယာ တွေ အကုန်လုံး အောက်ထပ် မြေညီထပ်က အစည်းအဝေးခန်းထဲမှာ ရောက်နေရမယ်... ကြားလား..."
"ဟုတ်ကဲ့ပါ..."
သြဂတ်စ်က သက်ပြင်းတစ်ချက် ချလိုက်သည်၊၊ ဗီရိုနီးစ်ထံမှ အကြည့်ကို ဖယ်ခွာလိုက်ပြီး ဘေးနားရှိ ရုံးခန်းနယ်မြေ အတွင်းမှ စုံထောက်များကို ကြည့်ကာ အော်ဟစ်လိုက်သည်၊၊
"ကဲ... အားလုံးပဲ အခုချက်ချင်း အလုပ်စကြတော့... နယူးယောက်က သတင်းမီဒီယာ တွေကို ချက်ချင်း ဆက်သွယ်ကြ... အကြီးအသေး မရွေး ဘယ်မီဒီယာကိုမှ ချန်မထားခဲ့နဲ့..."
စုံထောက်များ အားလုံး ဆွံ့အသွားကြသည်၊၊
တောတွင်း သစ်သားအိမ်လေး အနီး၊၊
ကားလမ်းမဘေးတွင် ဒါရင်းနှင့် ဆာဘီနာတို့ ဇနီးမောင်နှံ နှစ်ဦးက သူတို့ကို လာကြိုမည့် အတွင်းရေးမှူး၏ ကားကို စောင့်ဆိုင်းရင်း တစ်ယောက်နှင့် တစ်ယောက် ရင်ဖွင့်ကာ နှစ်သိမ့်ပေးနေကြသည်၊၊
တစ်ချိန်တည်းမှာပင် နှစ်ယောက်စလုံးက အလွန် နားလည်မှု ရှိစွာဖြင့် တစ်ယောက်ကို တစ်ယောက် ဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်များကို လုံးဝ ထုတ်ဖော် ပြောဆိုခြင်း မပြုကြချေ၊၊
ရိုအန်က ဖုန်းချလိုက်ပြီးနောက် အက်စ်ယူဗီ ကားထဲတွင် ထိုင်လျက် ထိုမြင်ကွင်းကို ကြည့်ကာ မျက်ခွံများ တဆတ်ဆတ် တုန်ရီနေသည်၊၊ ရင်ထဲတွင် ပြောစရာ စကားများ အပြည့် ရှိနေသော်လည်း ဘာပြောရမှန်း မသိအောင် ဖြစ်နေရသည်၊၊
လေစီက ကိစ္စများ အားလုံး ပြီးဆုံးသွားမှသာ ရောက်ရှိလာသော အထူး လက်နက်နှင့် နည်းဗျူဟာ အဖွဲ့မှ လူများနှင့် ခဏတာမျှ စကားပြောဆို နှုတ်ဆက်လိုက်သည်၊၊ ထို့နောက် အဖွဲ့ထဲမှ အမျိုးသမီး စုံထောက် တစ်ဦးနှင့် မနက်ဖြန် အတူတူ ဈေးဝယ်ထွက်ရန် ချိန်းဆိုလိုက်ပြီး ရိုအန်၏ အက်စ်ယူဗီ ကားဆီသို့ ပြန်လာခဲ့သည်၊၊
"ငါ့ကို မန်ဟက်တန် ရပ်ကွက်က မီးလျှံဘုရင်မ ဘားကို လိုက်ပို့ပေး..."
ကားပေါ်သို့ ရောက်သည်နှင့် တပြိုင်နက် လေစီက ရိုအန်ကို ကားအမြန် မောင်းရန် အလျင်စလို ပြောလိုက်သည်၊၊ ထို့နောက် ယာဉ်မောင်းဘေးခုံ အပေါ်ဘက်ရှိ မှန်ကို ဆွဲချလိုက်ပြီး အိတ်ကပ်ထဲမှ မိတ်ကပ် ပစ္စည်း အချို့ကို ထူးဆန်းစွာ ထုတ်ယူလာကာ သူမ၏ မျက်နှာပေါ်တွင် စတင် လိမ်းခြယ်နေတော့သည်၊၊
"နည်းနည်းလောက် မြန်မြန် မောင်းပေး... အဲ့ဒီမှာ ငါ့ကို စောင့်နေတဲ့သူ ရှိတယ်..."
ရိုအန်၏ မျက်နှာထားက ဝမ်းချုပ်နေသူ တစ်ယောက်အလား အလွန် ကြည့်ရဆိုးနေသည်၊၊ သို့သော် သူက ဘာမှ ပြန်မပြောတော့ဘဲ ဂီယာထိုးကာ လီဗာကို နင်းလိုက်ရာ အက်စ်ယူဗီ ကားကြီးက ဖြည်းညင်းစွာ ရှေ့သို့ ထွက်ခွာသွားလေသည်၊၊
မိတ်ကပ် လိမ်းခြယ်ပြီးနောက် လေစီက ပစ္စည်းများကို ပြန်သိမ်းလိုက်သည်၊၊ အပြင်ဘက်မှ အနောက်တိုင်း ဝတ်စုံ အင်္ကျီကို ချွတ်လိုက်ပြီး အတွင်းမှ ရှပ်အင်္ကျီကို ခေါက်တင်ကာ ဆွဲဆောင်မှု ရှိသော ပုံစံမျိုး ဖြစ်အောင် ဖန်တီးလိုက်သည်၊၊ လမ်းဘေး တစ်ဖက်တစ်ချက်စီမှ လမ်းမီးတိုင်များက အနောက်သို့ ဖြည်းညင်းစွာ ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသောအခါ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မျက်နှာပေါ်တွင် တွေဝေနေသော အမူအရာဖြင့် မေးမြန်းလိုက်သည်၊၊
"ဟိုလေ... ရိုအန်... အရင်က နင် ကားပြိုင်မောင်းတဲ့ အရှိန်မျိုး ပြန်ထုတ်သုံးလို့ ရမလား..."
"မင်း ဘာပြောလိုက်တာလဲ..."
ရိုအန်က ခေါင်းစောင်း ကြည့်လိုက်ပြီး ရယ်မောလျက် မေးလိုက်သည်၊၊
"လူတစ်ယောက်က အရင်တုန်းက ငါကားမောင်းတာ မြန်လွန်းလို့ ဆိုပြီး ဒီတစ်သက် ငါမောင်းတဲ့ ကားကို ထပ်မစီးတော့ဘူးလို့ ပြောခဲ့တာ ငါ မှတ်မိနေသေးတယ်... အခုကျမှ ဘာလို့ ငါ့ကို အရှိန်တင်ခိုင်းနေရတာလဲ..."
'သဘောထား သေးသိမ်တဲ့ ယောကျ်ား...'
လေစီက လှပသော မျက်လုံးများဖြင့် အကြည့်လွှဲလိုက်သည်၊၊ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မည်သည့် နေရာမှန်း မသိသော နေရာမှ လိပ်စာကတ် လေးကတ်ကို ထုတ်ယူကာ ကားမောင်းနေသော ရိုအန်ထံ ကမ်းပေးလိုက်သည်၊၊
"တကယ်လို့ နင်သာ ငါ့ကို မီးလျှံဘုရင်မ ဘားဆီ မိနစ် နှစ်ဆယ် အတွင်း ရောက်အောင် ပို့ပေးနိုင်မယ် ဆိုရင်... ဒီကောင်မလေး လေးယောက်ထဲက တစ်ယောက်က ဒီည နင့်အတွက်ပဲ... ဘယ်လိုလဲ..."
ရိုအန်က ခေါင်းစောင်း၍ တစ်ချက် ကြည့်လိုက်သော်လည်း လိပ်စာကတ်များကို လှမ်းမယူခဲ့ချေ၊၊
"သူတို့က ဘယ်သူတွေလဲ..."
"စိတ်ချပါ ကောင်လေးရယ်... ငါ နင့်ကို မလိမ်ပါဘူး... နင့်ကို လိမ်လို့လည်း ငါ့အတွက် ဘာအကျိုးအမြတ်မှ မရှိဘူးလေ... ဒါက ဒီနေ့ ငါ့ကို အမှုဖော်ထုတ်နိုင်အောင် ကူညီပေးခဲ့တဲ့ အတွက် ဆုချတာပါ..."
လေစီက လိပ်စာကတ်များကို ရိုအန်၏ အနောက်တိုင်း ဝတ်စုံ အိတ်ကပ်ထဲသို့ အတင်း ထိုးထည့်လိုက်ပြီး ရယ်မောလျက် ဆိုသည်၊၊
"သူတို့ အကုန်လုံးက နယူးယောက် တက္ကသိုလ်က ကျောင်းသူတွေချည်းပဲ... ရုပ်ရည်လည်း လှသလို ခန္ဓာကိုယ် ကောက်ကြောင်းကလည်း အချိုးအစား ကျလို့ ဘားမှာ စားပွဲထိုးနဲ့ မော်ဒယ် အဖြစ် အချိန်ပိုင်း အလုပ် လုပ်နေကြတာ... ငါ့ရဲ့ အကူအညီသာ ပါမယ် ဆိုရင် ဒီည နင် သိပ်မအလွန်းဘူး ဆိုတာနဲ့ သူတို့ထဲက တစ်ယောက်ကို အိမ်ခေါ်သွားလို့ ရမှာ သေချာတယ်..."
"ဟက်..."
ရိုအန်က အိတ်ကပ်ထဲရှိ လိပ်စာကတ်များကို တစ်ချက် ကြည့်လိုက်ပြီး အထင်သေးစွာဖြင့် ခေါင်းခါပြလိုက်သည်၊၊
"တစ်ယောက်တည်း... ငါက အကုန်လုံးကို လိုချင်တာ..."
လေစီ တစ်ယောက် ဆွံ့အသွားရတော့သည်၊၊
နောက်တစ်စက္ကန့်တွင် ရိုအန်က လီဗာကို အဆုံးထိ ဆောင့်နင်းလိုက်သည်၊၊ အင်ဂျင်၏ ဟိန်းဟောက်သံကြီး ရုတ်တရက် ထွက်ပေါ်လာပြီး အနက်ရောင် အက်စ်ယူဗီ ကားကြီးက မှင်ရည်ကဲ့သို့ နက်မှောင်သော လျှပ်စီးကြောင်း တစ်ခုအလား အဝေးဆီသို့ ဒုံးပျံသဖွယ် ပြေးထွက်သွားတော့သည်၊၊
ဂျေးကော့ ဖက်ဒရယ် ရုံးအဆောက်အအုံ မြေညီထပ်ရှိ အစည်းအဝေးခန်း တစ်ခန်း အတွင်း၌ မီးရောင်များ လင်းထိန်နေလေသည်၊၊
အထက်လူကြီးများ၏ အတင်းအကျပ် အမိန့်ပေးမှုကြောင့် အချိန်ပို ဆင်းနေရသော သတင်းထောက် အမြောက်အမြားက စက္ကူနှင့် ဘောပင်များကို ကိုင်ဆောင်ကာ ကင်မရာများကို ထမ်းပိုးထားကြသည်၊၊ ကုလားထိုင်များပေါ်တွင် ထိုင်လျက် အစည်းအဝေးခန်း၏ အရှေ့ဘက်တွင် ရပ်နေသော ဗီရိုနီးစ်ကို စူးစိုက်ကြည့်နေကြသည်၊၊
ယခုအခါ ဗီရိုနီးစ်က လွန်ခဲ့သော လေးနာရီခန့်က ဝတ်ဆင်ထားခဲ့သည့် ရုံးသုံး အနောက်တိုင်း ဝတ်စုံကို ချွတ်လိုက်ပြီး ဘောင်းဘီရှည် ပါဝင်သော ပေါ့ပေါ့ပါးပါး အနောက်တိုင်း ဝတ်စုံ နောက်တစ်စုံကို ပြောင်းလဲ ဝတ်ဆင်ထားလေသည်၊၊
ထိုမျှမက ဗီရိုနီးစ်၏ မျက်နှာပေါ်ရှိ မူလ မိတ်ကပ်ပါးပါးလေးကိုလည်း ပြန်လည် ပြင်ဆင် လိမ်းခြယ်ထားသဖြင့် အရင်ကထက် အနည်းငယ် ပို၍ ထူထဲနေသည်၊၊ ထို့ကြောင့် သူမ၏ အသွင်အပြင်က ပို၍ စူးရှ ထက်မြက်နေကြောင်း လူတိုင်းကို ခံစားရစေသည်၊၊
"အားလုံးပဲ မင်္ဂလာ ညချမ်းပါ... ဒီသတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..."
ဗီရိုနီးစ်က အခင်းဖြစ်ပွားရာ နေရာ၏ အကြမ်းဖျင်း အခြေအနေများကို အကျဉ်းချုပ် ပြန်လည် ရှင်းပြလိုက်သည်၊၊ ထို့နောက် မိမိ လက်အောက်ရှိ စုံထောက်များ၏ အမှုဖော်ထုတ်ခဲ့သည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောပြပြီး လူသတ်သမား ဖရေဇာ၏ ကိုယ်ရေး အချက်အလက်များကို မိတ်ဆက်ပေးလိုက်သည်၊၊ နောက်ဆုံးတွင် မိမိ၏ စုံထောက်များက လူသတ်သမားကို မည်သို့ ဖမ်းဆီးခဲ့ကြောင်း ရှင်းပြနေစဉ်မှာပင် သူမ၏ စကားများ ရုတ်တရက် ရပ်တန့်သွားလေသည်၊၊
"ဘာလို့ ဆက်မပြောတော့တာလဲ..."
"စုံထောက် ဒဏ်ရာ ရသွားလို့လား..."
သတင်းစာတိုက် အသေးစားလေးများမှ သတင်းထောက် အချို့က အနည်းငယ် သံသယ ဝင်သွားကြသည်၊၊ ဗီရိုနီးစ် တစ်ယောက် အရေးကြီးသော အချက်သို့ ရောက်သည့် အချိန်တွင် ဘာကြောင့် ရုတ်တရက် ရပ်တန့်သွားသနည်း ဆိုသည်ကို သူတို့ နားမလည်နိုင် ဖြစ်နေကြလေသည်၊၊