အခန်း ၄၂
Vol. 5 Ch. 42
အခန်း ၄၂ ဖိစီးမှုများသော ရုံးခန်း
"ရိုအန်... နင့်ကို တကယ် လေးစားသွားပြီ..."
လေစီက ရိုအန်ကို ကော်ဖီတစ်ခွက် ကမ်းပေးလိုက်ပြီး ဂျေးကော့ ဖက်ဒရယ် ရုံးအဆောက်အအုံဆီသို့ အတူတကွ လျှောက်သွားကြသည်။ လေစီ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေပြီး အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှသာ တီးတိုး မေးမြန်းလာသည်။
"မနေ့ညက နင်နဲ့အတူ အချိန်ဖြုန်းခဲ့တဲ့ မိန်းမရဲ့ အကြောင်းကို သေချာ သိရဲ့လား..."
"သေချာပေါက် သိတာပေါ့... လစ်ဒီယာ ရုစ် လို့ခေါ်တယ်... ဒီနှစ် အသက် သုံးဆယ် ပြည့်ပြီ... မီးလျှံဘုရင်မ ဘားရဲ့ မန်နေဂျာလေ... ခင်ပွန်းဖြစ်သူ သေဆုံးသွားပြီး ကတည်းက ရည်းစားလည်း မထားသလို ယောက်ျားတွေနဲ့လည်း ကင်းကင်းရှင်းရှင်း နေလာတာ နှစ်နှစ်တောင် ရှိပြီ ဆိုပဲ... ဘာဖြစ်လို့လဲ..."
ရိုအန်က ခေါင်းစောင်းကာ နားမလည်နိုင်သည့် အမူအရာ ပြုလုပ်လိုက်သည်။ ထိုအခြေခံ အချက်အလက်များကို မနေ့ညက လစ်ဒီယာနှင့် အတူရှိနေစဉ် ရိုအန်က နည်းလမ်းအချို့ အသုံးပြု၍ အကြမ်းဖျင်း စုံစမ်းသိရှိထားခဲ့ပြီး ဖြစ်သည်။ ထို့နောက် ရိုအန်က ဆက်လက် မေးမြန်းလိုက်သည်။
"မနေ့ညတုန်းက လစ်ဒီယာမှာ ထူးခြားတဲ့ နောက်ခံ သမိုင်းကြောင်း မရှိဘူးလို့ နင် ပြောခဲ့တာ မှတ်မိနေသေးတယ်..."
လေစီက ခေါင်းညိတ် ထောက်ခံလိုက်သည်။ ရိုအန် စုံစမ်းရရှိထားသော အချက်အလက်များက မှန်ကန်လှသည်။ လစ်ဒီယာတွင် အပေါ်ယံအားဖြင့် မည်သည့် နောက်ခံမှ မရှိသလို နောက်ကွယ်တွင်လည်း ဒေသခံ လူမိုက်ဂိုဏ်းငယ်လေး တစ်ခုနှင့်သာ ပတ်သက်မှု ရှိပြီး ထိုဂိုဏ်းကလည်း အက်ဖ်ဘီအိုင်များကို လုံးဝ အနှောင့်အယှက် မပေးရဲသည့် အဆင့်သာ ဖြစ်သည်။ သို့သော် လေစီ ပြောချင်သည်မှာ လစ်ဒီယာ၏ နောက်ခံ ပြဿနာ မဟုတ်ဘဲ လစ်ဒီယာ ဆိုသော အမျိုးသမီး၏ ကိုယ်ပိုင် ပြဿနာပင် ဖြစ်သည်။ တက်ကြွ လန်းဆန်းနေပြီး အခြား စုံထောက်များနှင့် နှုတ်ဆက် စကားပြောဆိုနေသော ရိုအန်ကို ကြည့်ရင်း လေစီ တစ်ယောက် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
'ထားလိုက်ပါတော့... နောက်ကျရင် ရိုအန် ဘာသာ ကိုယ်တိုင် သိရှိသွားပါစေ... ကြီးမားတဲ့ ပြဿနာ တစ်ရပ်မှ မဟုတ်တာ... ရိုအန်ရဲ့ ခန္ဓာကိုယ် ကျန်းမာရေး ကောင်းမွန်ပါစေလို့ပဲ ဆုတောင်းပေးရတော့မယ်...'
"မင်္ဂလာပါ စုံထောက်ကြီး ရိုအန်..."
"မင်္ဂလာပါ..."
"လက်စွမ်း တော်တော် ထက်မြက်တာပဲ စုံထောက်ကြီး ရိုအန်..."
"ကျေးဇူးတင်ပါတယ်..."
ဂျေးကော့ ဖက်ဒရယ် ရုံးအဆောက်အအုံ မြေညီထပ် အတိုင်း လျှောက်လှမ်းလာရာ ခြေလှမ်း ဆယ်လှမ်းကျော်ခန့် အတွင်းမှာပင် ရိုအန်ကို နှုတ်ဆက်သည့် စုံထောက် သုံးလေးဦးခန့် ရှိနေခဲ့သည်။ ရိုအန်ကလည်း သွားရှစ်ချောင်း ပေါ်သည်အထိ ပြုံးပြကာ ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။ လေစီနှင့် အတူ ဓာတ်လှေကား အတွင်းသို့ ရောက်ရှိသွားချိန်တွင် ရိုအန်၏ မျက်နှာပေါ်၌ နားမလည်နိုင်သည့် အမူအရာများ ပေါ်လာပြီး မေးမြန်းလိုက်သည်။
"ဒီလူတွေ အကုန်လုံးက နာမည်ကို ဘယ်ကနေ သိသွားကြတာလဲ..."
"ဒီရုံးအဆောက်အအုံ ကြီးထဲမှာ ဘာလျှို့ဝှက်ချက်မှ မရှိဘူး ရိုအန်..."
လေစီက ရိုးရိုးသဘာဝ ကိစ္စတစ်ခုအလား သဘောထားကာ ကော်ဖီ တစ်ငုံ သောက်လိုက်ပြီး တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
"မနေ့ညက နင် မှင်တံ တစ်ချောင်းတည်းနဲ့ လူသတ်သမားကို သတ်ပစ်လိုက်တဲ့ ကိစ္စက တစ်နာရီတောင် မပြည့်ခင်မှာပဲ ရုံးအဆောက်အအုံ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တာ... အဲ့ဒါကြောင့် သူတို့ နင့်ကို သိနေတာက သိပ်တော့ မဆန်းပါဘူး..."
ရိုအန် တစ်ယောက် ဘာပြောရမှန်း မသိအောင် ဆွံ့အသွားသည်။
ရိုအန် စကားပြန်မပြောနိုင်မီမှာပင် ဓာတ်လှေကားက အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ တည်ရှိရာ အထပ်သို့ ရောက်ရှိသွားသည်။ ဓာတ်လှေကား တံခါး ပွင့်သွားသည်နှင့် တပြိုင်နက် နားကွဲမတတ် ကျယ်လောင်သော လက်ခုပ်သံများက ဓာတ်လှေကား အတွင်းသို့ ဝင်ရောက်လာရာ ရိုအန် တစ်ယောက် အလွန်အမင်း ထိတ်လန့်သွားတော့သည်။
"တကယ်ကို လုပ်နိုင်ခဲ့တာပဲ ရိုအန်..."
မိုနာနှင့် နည်းပညာ ကျွမ်းကျင် စုံထောက် အချို့က ရိုအန်အတွက် ဝမ်းသာအားရ လက်ခုပ်တီး ပေးနေကြသည်။ ဝက်ဝံကြီး တစ်ကောင်နှင့် တူသော ရက်ဒ်ကလည်း လက်ခုပ်တီးရင်း အသံကုန် ဟစ်အော်လိုက်သည်။
"ရိုအန်... နောက်ကျရင် မှင်တံနဲ့ ပစ်ပေါက်တဲ့ နည်းလမ်းကို သေချာပေါက် သင်ပေးရမယ်... အဲ့ဒီအတွက် တစ်နှစ်စာ မနက်စာကို တာဝန်ယူတယ်..."
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ရိုအန်၏ မျက်နှာပေါ်တွင် ဟန်ဆောင်မှုကင်းသော အပြုံးစစ်စစ် တစ်ခု ပေါ်ထွက်လာသည်။ အပေါ်ယံ သွားရှစ်ချောင်း ပေါ်အောင် ပြုံးပြခြင်းမျိုး မဟုတ်ဘဲ အားလုံးကို တစ်ယောက်ချင်းစီ လိုက်လံ ဖက်လှဲတကင်း နှုတ်ဆက်ကာ ကျေးဇူးတင် စကားဆိုလိုက်သည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်... မနေ့ညက စစ်ဆင်ရေး အောင်မြင်တာကလည်း အားလုံးရဲ့ ပံ့ပိုး ကူညီမှုတွေကြောင့်ပါ... အားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်..."
"ဟား... ဟား... ရိုအန် ဒီလို ပြောလာမယ် ဆိုတာကို ကြိုသိနေတယ်..."
ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ သြဂတ်စ်က လူအုပ်ကြီး အနောက်မှ ထွက်လာသည်။ ရိုအန်၏ ပခုံးကို အားပါးတရ ပုတ်လိုက်ပြီး အထက်အောက် သေချာစွာ အကဲခတ် ကြည့်ရှုပြီးနောက် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"မနေ့ညက လုပ်ရပ်က တကယ်ကို ပြောင်မြောက်တယ် ကောင်လေး... လူငယ်ဘဝက လက်စွမ်းမျိုးကို အနည်းအကျဉ်းတော့ အမွေရထားပုံ ပေါ်တယ်..."
အခြား စုံထောက်များ အားလုံး စကားမဆိုနိုင်ဘဲ ဆွံ့အသွားကြသည်။ ရိုအန်က ခေါင်းငုံ့ကာ သြဂတ်စ်၏ ဗိုက်ရွှဲရွှဲကြီးကို တစ်ချက် ကြည့်လိုက်သော်လည်း မျက်နှာပေါ်ရှိ အပြုံးကို မပျက်စေဘဲ ဘာမှ ပြန်မပြောခဲ့ချေ။ သြဂတ်စ် ပျော်ရွှင်နေလျှင် ရပြီဟုသာ သဘောထားလိုက်သည်။
"သွားကြ... သွားကြ... ကိုယ့်အလုပ် ကိုယ် သွားလုပ်ကြတော့..."
သြဂတ်စ်က လက်ကြီးကို ဝှေ့ယမ်းကာ စုံထောက်များ အားလုံးကို အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေ အတွင်းသို့ ပြန်လည် မောင်းထုတ်လိုက်သည်။ ထို့နောက် သြဂတ်စ် ကိုယ်တိုင်ကမူ ရိုအန်ကို ခေါ်ဆောင်၍ စင်္ကြံလမ်း၏ အခြား တစ်ဖက်သို့ ဦးတည် လျှောက်သွားလေသည်။ ရိုအန်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
"ဘယ်ကို သွားကြမလို့လဲ..."
"အဖွဲ့ခေါင်းဆောင် အရာရှိကြီး ဗီရိုနီးစ်ရဲ့ ရုံးခန်းကို သွားမလို့... အရာရှိကြီးက တွေ့ချင်နေတယ်..."
သြဂတ်စ်က ရှေ့မှ လျှောက်သွားရင်း မိမိ၏ ဗိုက်ရွှဲကြီးကို ပုတ်ကာ ရိုအန်၏ မေးခွန်းကို ပြန်လည် ဖြေကြားလိုက်သည်။ ထို့အပြင် လမ်းဖြတ်လျှောက်သွားသူ များကိုလည်း ပြုံးပြ နှုတ်ဆက်ရန် မမေ့လျော့သည့်အပြင် ရိုအန်၏ ပခုံးကိုလည်း ကြုံတိုင်း လှမ်းပုတ်နေသေးသည်။ သြဂတ်စ်၏ အပြုအမူများက အပြင်လူများ အရှေ့တွင် မိမိ၏ သားသမီးကို ဂုဏ်ယူဝင့်ကြွားစွာ ပြသနေသော မိဘ တစ်ဦးနှင့် အလွန် တူညီနေလေသည်။
လမ်းတစ်ဝက်သို့ ရောက်သောအခါ သြဂတ်စ်က ရိုအန်၏ ပခုံးကို ရုတ်တရက် လှမ်းဆွဲလိုက်ပြီး ခေါင်းငုံ့ရန် အချက်ပြလိုက်သည်။ ထို့နောက် ရိုအန်၏ နားအနီးသို့ ကပ်ကာ တီးတိုး ပြောဆိုလိုက်သည်။
"ဒါနဲ့ ရိုအန်... ဒီနေ့ မနက် အစည်းအဝေး လုပ်တုန်းက... အထူး ကိုယ်စားလှယ် အရာရှိချုပ်က ဘရိုဆန်ကို အသစ် ဖွဲ့စည်းလိုက်တဲ့ နံပါတ် ဆယ့်လေး စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ ခေါင်းဆောင် အဖြစ် ခန့်အပ်လိုက်တယ်... အဲ့ဒီအချိန်က ဘရိုဆန်ရဲ့ မျက်နှာ ဘယ်လောက်တောင် ကြည့်ရဆိုးနေလဲ ဆိုတာကို မှန်းတောင် မှန်းနိုင်မှာ မဟုတ်ဘူး..."
ရိုအန် တစ်ယောက် စကားမဆိုနိုင် ဖြစ်သွားရသည်။ ခေါင်းစောင်းကာ အံသွားများ ပေါ်လာသည်အထိ ပျော်ရွှင်နေသော သြဂတ်စ်ကို တစ်ချက် ကြည့်လိုက်သည်။ ဤဗိုက်ရွှဲကြီးတွင် အတင်းအဖျင်း ပြောဆိုလိုသော ဝါသနာ ရှိနေလိမ့်မည်ဟု ရိုအန် လုံးဝ ထင်မှတ် မထားခဲ့ချေ။
သြဂတ်စ်နှင့် ရိုအန်တို့ နှစ်ဦးသား စင်္ကြံလမ်း အဆုံးသို့ ရောက်ရှိသွားကြသည်။ သြဂတ်စ်က မလှမ်းမကမ်းရှိ ရုံးခန်း တံခါးကို လက်ညှိုးထိုးပြကာ ဆိုသည်။
"ဗီရိုနီးစ်က အထဲမှာ စောင့်နေတယ်... စကားပြောရင် ဆင်ဆင်ခြင်ခြင် ပြော... ပြီးတာနဲ့ ရုံးခန်းကို အမြန် ပြန်လာခဲ့... ပြောစရာ ရှိသေးတယ်..."
"ဟုတ်ကဲ့ပါ အရာရှိကြီး..."
သြဂတ်စ် လှည့်ထွက်သွားသော ကျောပြင်ကို ကြည့်ရင်း ရိုအန်က မိမိ၏ ခန္ဓာကိုယ်ပေါ်ရှိ အနောက်တိုင်း ဝတ်စုံကို ခေါင်းငုံ့၍ သေသပ်စွာ ပြင်ဆင်လိုက်သည်။ မည်သည့် ချို့ယွင်းချက်မျှ မရှိကြောင်း သေချာမှသာ ရုံးခန်း တံခါးကို ခေါက်လိုက်လေသည်။
ရုံးခန်း အတွင်းမှ ဗီရိုနီးစ်၏ အလွန်တရာ အေးစက်သော အသံ ထွက်ပေါ်လာသည်။
"ဝင်ခဲ့..."
ရိုအန်က မျက်ခုံး တစ်ချက် ပင့်လိုက်ပြီး တံခါးကို တည်ငြိမ်စွာ တွန်းဖွင့်၍ ဝင်ရောက်သွားသည်။
"မင်္ဂလာပါ အရာရှိကြီး..."
"ထိုင်..."
ဗီရိုနီးစ်က ခေါင်းမော့ကာ ရိုအန်ကို အဖက်လုပ် နှုတ်ဆက်ခြင်း မရှိဘဲ စားပွဲပေါ်ရှိ စာရွက်စာတမ်း အချို့တွင် ခေါင်းငုံ့၍ တစ်စုံတစ်ခုကို ရေးမှတ်နေလေသည်။
ရိုအန်ကလည်း ဂရုမစိုက်ဘဲ ဗီရိုနီးစ်၏ စားပွဲရှေ့ရှိ ကုလားထိုင်ပေါ်တွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို တိတ်တဆိတ် အကဲခတ် ကြည့်ရှုနေလိုက်သည်။
ရုံးခန်း၏ အကျယ်အဝန်းမှာ ကြီးမားသော်လည်း ပြင်ဆင်ထားပုံက အလွန် ရိုးရှင်းလှသည်။ ဖိုင်တွဲများ အပြည့် တင်ထားသော စာအုပ်စင်ကြီး တစ်ခု၊ ရုံးသုံး စားပွဲ တစ်စုံ၊ ကုလားထိုင် တစ်လုံးနှင့် ရေသန့်စက် တစ်လုံးသာ ရှိလေသည်။ အလှဆင် အပင်ငယ်လေး တစ်ပင်မျှပင် မရှိချေ။ တောင်ဘက်သို့ မျက်နှာမူထား၍ နေရောင်ခြည် ဝင်ရောက်နေခြင်း မရှိပါက ဤရုံးခန်းကြီးသည် ဖိစီးမှုများသော နေရာ၏ အကောင်းဆုံး ပြယုဂ် တစ်ခု ဖြစ်နေမည်မှာ သေချာလှသည်။
ရိုအန်က မျက်မှောင် တစ်ချက် ကြုတ်လိုက်ပြီး ဗီရိုနီးစ် ဆီသို့ အကြည့်လွှဲလိုက်သည်။ ဗီရိုနီးစ်၏ ယနေ့ ဝတ်ဆင်ထားပုံက ပခုံးကျယ် အမျိုးသမီး အနောက်တိုင်း ဝတ်စုံပင် ဖြစ်ပြီး အပြင်ပန်း အသွင်အပြင်က အလွန် တည်ကြည် လေးနက်သည့် ခံစားချက်ကို ပေးစွမ်းနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့သော် ဘောင်းဘီက အင်္ကျီနှင့် သိပ်မလိုက်ဖက်သကဲ့သို့ ခံစားရလေသည်။
လက်မှတ်ထိုး ဘောပင်ကို စားပွဲပေါ်သို့ ပစ်ချလိုက်သံ ထွက်ပေါ်လာသည်။ ဗီရိုနီးစ် ထံမှ အသံကြားလိုက်ရသည်နှင့် ရိုအန်က အကြည့်များကို အလျင်အမြန် လွှဲဖယ်လိုက်သည်။ ဗီရိုနီးစ်ကလည်း ထိုအပြုအမူကို ဂရုမစိုက်ဘဲ စားပွဲပေါ်ရှိ နောက်ထပ် ဖိုင်တွဲ တစ်ခုကို ဆွဲယူလိုက်ပြီး မည်သည့် ခံစားချက်မျှ မပါဝင်သော လေသံဖြင့် စတင် ဖတ်ပြလေသည်။
"ရိုအန် ဂရင်းဝုဒ်... တစ်ထောင့်ကိုးရာရှစ်ဆယ့်တစ် ခုနှစ် ဧပြီလ တစ် ရက်နေ့မှာ ဘော့စတွန် ကလေး ဆေးရုံမှာ မွေးဖွားခဲ့တယ်... ဖခင်ဖြစ်သူက ဘော့စတွန် တက္ကသိုလ်က စာရင်းကိုင် ပညာရပ်ဆိုင်ရာ ပရော်ဖက်ဆာ တစ်ယောက် ဖြစ်ပြီး အသက် လေးနှစ် အရွယ်မှာ လမ်းမပေါ်က သေနတ် ပစ်ခတ်မှု တစ်ခုကြောင့် သေဆုံးသွားခဲ့တယ်... လူသတ်သမားက ဘယ်သူလဲ ဆိုတာ မသိရဘူး... မိခင် ဖြစ်သူက ကလေး ဆေးရုံက ဆရာဝန် တစ်ယောက် ဖြစ်ပြီး အသက် ဆယ့်ရှစ်နှစ် ပြည့်တဲ့ အရွယ်ရောက် လူငယ် အခမ်းအနား ကျင်းပပြီး တစ်ပတ် အကြာမှာ လမ်းမပေါ်က သေနတ် ပစ်ခတ်မှု တစ်ခုကြောင့်ပဲ သေဆုံးသွားခဲ့ပြန်တယ်... လူသတ်သမားကို အခုထိ ရှာမတွေ့သေးဘူး..."
ဤနေရာသို့ ရောက်သောအခါ ဗီရိုနီးစ်က ခေါင်းမော့ကာ ရိုအန်ကို တစ်ချက် ကြည့်လိုက်ပြီး မည်သည့် ခံစားချက်မျှ မပေါ်လွင်သော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
"ပြောတာတွေ မှားနေတာ မရှိဘူးမလား စုံထောက်ကြီး ရိုအန်..."
ရိုအန်၏ ရင်ခုန်သံ တစ်ချက် မြန်ဆန်သွားသည်။ ခေါင်းထဲတွင် မူလကိုယ်ပိုင်ရှင် ထားရစ်ခဲ့သော မှတ်ဉာဏ်များကို ရူးသွပ်စွာ ရှာဖွေ လှန်လှော ကြည့်ရှုလိုက်သော်လည်း အပြင်ပန်း မျက်နှာထားကိုမူ တည်ငြိမ်အောင် ထိန်းထားလျက် ပြန်လည် ဖြေကြားလိုက်သည်။
"မမှားပါဘူး..."
'ခံစားချက် မဲ့နေတဲ့ မျက်နှာထားကို ဟန်ဆောင်ရုံ သက်သက်ပဲ... ဘယ်သူမဆို လုပ်နိုင်တဲ့ ကိစ္စပါ' ဟု ရိုအန် စိတ်ထဲမှ တွေးလိုက်သည်။
"ကောင်းပြီလေ..."
ရိုအန်က မည်သည့် ကန့်ကွက်ချက်မျှ မပြုလုပ်သည်ကို မြင်သောအခါ ဗီရိုနီးစ်က ဆက်လက် ဖတ်ပြလေသည်။
"မိခင် သေဆုံးသွားပြီးတဲ့ နောက်မှာ ကျပန်း အလုပ်တွေ လုပ်ပြီး ပိုက်ဆံ ရှာရင်း တစ်ဖက်ကလည်း ကြိုးကြိုးစားစား ပညာသင်ယူ ခဲ့တယ်... နောက်ဆုံးမှာတော့ ထူးချွန်တဲ့ အမှတ်တွေရယ် မိခင်ဖြစ်သူရဲ့ လုပ်ဖော်ကိုင်ဖက် ဆီက ထောက်ခံစာရယ် ပေါင်းစပ်ပြီး မက်ဆာချူးဆက် တက္ကသိုလ် ဘော့စတွန် ဌာနခွဲကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့တယ်... သင်ယူခဲ့တဲ့ ဘာသာရပ်က စာရင်းကိုင် ပညာရပ်ပဲ... တက္ကသိုလ်က ဘွဲ့ရပြီးတဲ့ နောက်မှာ ဝေါစထရိ လမ်းမကြီးမှာ နှစ်နှစ်လောက် အလုပ် လုပ်ခဲ့သေးတယ်... ဒါပေမဲ့ ဘာအကြောင်းကြောင့်မှန်း မသိဘဲ ရုတ်တရက် အလုပ်က ထွက်လိုက်ပြီး အက်ဖ်ဘီအိုင် ရဲ့ လူသစ် စုဆောင်းမှုမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်... ဗာဂျီးနီးယား ပြည်နယ်က အက်ဖ်ဘီအိုင် လေ့ကျင့်ရေး ကျောင်းမှာ အပတ် နှစ်ဆယ် ကြာ သင်တန်း တက်ရောက်ပြီးတဲ့ နောက်မှာ သင်တန်းဆင်း စာမေးပွဲကို အောင်မြင်စွာ အောင်မြင်ခဲ့ပြီး အလုပ်သင် စုံထောက် တစ်ယောက် ဖြစ်လာခဲ့တယ်... ပြီးတော့ နယူးယောက် ဌာနခွဲကို တာဝန် ချထားခံခဲ့ရတယ်..."
ရိုအန် ဂရင်းဝုဒ်၏ မွေးဖွားချိန်မှ စ၍ ယခု အချိန်အထိ ဖြတ်သန်းခဲ့ရသော ဘဝ အတွေ့အကြုံများကို အကြမ်းဖျင်း ဖတ်ပြပြီးနောက် ဗီရိုနီးစ်က ဖိုင်တွဲကို ဘေးသို့ ပစ်ချလိုက်သည်။ လက်နှစ်ဖက်ကို ယှက်ထားလျက် ရိုအန်၏ မျက်လုံးများကို လေးနက် တည်ကြည်သော မျက်နှာထားဖြင့် စူးစိုက်ကြည့်ကာ ပြတ်သားသော လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။
"အက်ဖ်ဘီအိုင် လေ့ကျင့်ရေး ကျောင်းရဲ့ အစီရင်ခံစာ ထဲမှာ ဒီလောက် ထက်မြက်တဲ့ ပစ်ပေါက်တဲ့ စွမ်းရည် ရှိတယ်လို့ တစ်ခါမှ ဖော်ပြမထားခဲ့ဘူး... အခု ပြောစမ်း... အဲ့ဒီပညာကို ဘယ်ကနေ သင်ယူခဲ့တာလဲ..."
ရိုအန် တစ်ယောက် ဆွံ့အသွားရပြန်သည်။