← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄ အကျိုးအမြတ်ကို တစ်ယောက်တည်း သိမ်းပိုက်ခြင်းက အကျိုးမရှိပါ

"ပြန်ရောက်လာတာ မြန်လှချည်လား ရိုအန်..."

အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ခေါင်းဆောင် ရုံးခန်းအတွင်း၌ သြဂတ်စ်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဗိုက်ရွှဲရွှဲကြီးကို ပင့်တင်လျက် ကော်ဖီသောက်နေသည်။ ရိုအန်ကို ထိုင်ရန် အချက်ပြပြီးနောက် သြဂတ်စ်က ပါးစပ် အပြဲသားဖြင့် ရယ်မောလိုက်သည်။

"ဘယ်လိုလဲ... ဗီရိုနီးစ်ရဲ့ စစ်ဆေးမေးမြန်းမှုကြောင့် လန့်သွားသေးလား..."

"မလန့်ပါဘူး..."

ရိုအန်က ကော်ဖီတစ်ခွက် ငဲ့ကာ တစ်ငုံ သောက်လိုက်ပြီး ပြန်လည် ဖြေကြားလိုက်သည်။

"မိသားစု နောက်ခံ သမိုင်းကြောင်းကို ရိုးရိုးရှင်းရှင်း မေးရုံ သက်သက်ပါ... ငယ်ငယ်ကတည်းက ကြီးတဲ့အထိ ဖြတ်သန်းလာတဲ့ ဘဝ အတွေ့အကြုံ တွေက ရှင်းလင်း ပြတ်သားနေတာပဲ... ဘာကြောက်စရာ ရှိလို့လဲ..."

"ဟင်..."

သြဂတ်စ် တစ်ယောက် အံ့ဩသွားသည်။ ဗီရိုနီးစ် အနေဖြင့် မိသားစု နောက်ခံကိုသာ မေးမြန်းပြီး တင်းကျပ်သော စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများနှင့် လိမ်လည်မှု စစ်ဆေးခြင်းများ မလုပ်ခဲ့ဘူးလားဟု သြဂတ်စ် တွေးလိုက်မိသည်။

ခေတ္တမျှ သြဂတ်စ် တိတ်ဆိတ်သွားသည်။ ရိုအန် အနေဖြင့် ဗီရိုနီးစ်ထံမှ ဘာကြောင့် အထူး အခွင့်အရေး ရရှိနေသနည်း ဆိုသည်ကို သြဂတ်စ် နားမလည်နိုင် ဖြစ်နေရသည်။

သို့သော် ထိုကိစ္စကို သြဂတ်စ် က အရေးမကြီးဟုသာ သဘောထားလိုက်သည်။ သြဂတ်စ် က ခေါင်းထဲမှ အတွေးများကို ဘေးသို့ ဖယ်ရှားလိုက်ပြီး ကော်ဖီခွက်ကို ချကာ ရိုအန်ကို ပြုံးလျက် ဆိုသည်။

"ဒါရင်းတို့ ဇနီးမောင်နှံ ဒီနေ့ ဆေးရုံမှာ ကျန်းမာရေး သွားစစ်ကြတယ်... နေ့လယ်လောက်က လူလွှတ်ပြီး လာပြောတယ်... မနက်ဖြန်ကျရင် ဒါရင်းတို့ ဇနီးမောင်နှံ ဒီကို လာပြီး ကျေးဇူးတင် ဆုငွေ လာပေးမယ်တဲ့... အဲ့ဒီအချိန်ကျရင် မင်း မရှိဘဲ မဖြစ်စေချင်ဘူး..."

"ပြဿနာ မရှိပါဘူး..."

ရိုအန်၏ မျက်လုံးများက တောက်ပသွားပြီး ချက်ချင်း သဘောတူလိုက်သည်။ ငွေကြေးနှင့် ပတ်သက်လာလျှင် ရိုအန် လုံးဝ နောက်ကျမည် မဟုတ်ပေ။

"အရမ်း ကောင်းတယ်..."

သြဂတ်စ်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ အပြာရောင် ဖိုင်တွဲ တစ်ခုကို ယူကာ ရိုအန်ထံ ကမ်းပေးလိုက်သည်။

'ဒီမြင်ကွင်းက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ...'

ရိုအန်က မျက်ခုံး တစ်ချက် ပင့်လိုက်ပြီး ဖိုင်တွဲကို ခေါင်းငုံ့ ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ဆုကြေးငွေ နှစ်ဆ တိုးမြှင့်ကြောင်း ရေးသားထားသော တရားဝင် အထောက်အထား စာရွက် တစ်ရွက် ပါဝင်နေကြောင်း ရိုအန် တွေ့လိုက်ရသည်။

"အရာရှိကြီး..."

"ဒီလိုပါ ရိုအန်... မနေ့ညက မင်းရဲ့ စွမ်းဆောင်ရည် တွေကြောင့် လူအများကြီး အံ့ဩသွားကြတယ်... အားလုံးက မင်းကို တော်တော်လေး သဘောကျ နေကြတယ်..."

စားပွဲပေါ်ရှိ ကော်ဖီခွက်ကို ကောက်ကိုင်ကာ တစ်ငုံ သောက်လိုက်ပြီး သြဂတ်စ်က ပြုံးလျက် ရှင်းပြလေသည်။

"ငါက မင်းကို အကြီးတန်း စုံထောက် အဖြစ် ရာထူး တိုးပေးချင်တာ... ဒါပေမဲ့ မင်းက အမြဲတမ်း စုံထောက် အဖြစ် ရာထူး တက်လာတာ သုံးရက်တောင် မပြည့်သေးဘူး ဆိုတော့... အထက်ကို စာတင်လိုက်ရင်လည်း အထက်လူကြီးတွေက လက်ခံမှာ မဟုတ်ဘူး... ဒါပေမဲ့ ဆုကြေး ကတော့ လျော့သွားမှာ မဟုတ်ပါဘူး... ဒီလအတွက် မင်းရဲ့ ဆုကြေးငွေ နှစ်ဆ ရလိမ့်မယ်..."

"ကျေးဇူးတင်ပါတယ် အရာရှိကြီး..."

ရိုအန် ဂရင်းဝုဒ်၏ လက်ရေးဟန်ကို အသုံးပြု၍ တရားဝင် အထောက်အထား စာရွက်ပေါ်တွင် နာမည်ကို လက်မှတ် ရေးထိုးလိုက်သည်။ ရိုအန်က ခေါင်းငုံ့ကာ ခေတ္တမျှ တွက်ချက် စဉ်းစားလိုက်ပြီးနောက် သြဂတ်စ်ကို ပြုံးလျက် မေးမြန်းလိုက်သည်။

"ဒါနဲ့ အရာရှိကြီး... ဒီတစ်ကြိမ် ဖရေဇာကို အသေဖမ်းဆီးနိုင်ခဲ့တာက အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့က စုံထောက် တစ်ယောက်ချင်းစီတိုင်းရဲ့ ကူညီမှုတွေ ပါဝင်နေတယ်... ဒေါ်လာ တစ်သိန်း ဆုကြေးငွေကို ကျွန်တော် တစ်ယောက်တည်း အကုန်ယူဖို့ ဆိုတာ မသင့်တော်ပါဘူး... ဒီလို လုပ်ရင်ကော... ကျွန်တော်က ဒေါ်လာ ငါးသောင်း ယူမယ်... ကျန်တဲ့ ငါးသောင်းကို အားလုံး အညီအမျှ ခွဲဝေယူကြရင် ဘယ်လိုလဲ..."

အကျိုးအမြတ်ကို တစ်ယောက်တည်း သိမ်းပိုက်ခြင်းက မည်သည့် အကျိုးကျေးဇူးမျှ မဖြစ်ထွန်းနိုင်ချေ။ ဤသည်မှာ အတိတ်ဘဝက ဝါရင့် လူသတ်သမားကြီးက ရိုအန်ကို သင်ကြားပေးခဲ့သော အတွေ့အကြုံများပင် ဖြစ်သည်။

ဝါရင့် လူသတ်သမားကြီး ငယ်ရွယ်စဉ် အခါက အမှောင်လောက အတွင်းရှိ အရည်အချင်းရှိသူ အများအပြား သည် တာဝန် ပြီးဆုံးသွားပြီးနောက် အသင်းဖော်များကို သတ်ဖြတ်ကာ ငွေကြေး အားလုံးကို တစ်ယောက်တည်း ယူငင်ပြီး ထွက်ပြေး ပျော်ပါးလေ့ ရှိကြသည်ကို မြင်တွေ့ခဲ့ဖူးသည်။

သို့သော် ထိုကဲ့သို့သော လူများထဲတွင် နောက်ဆုံး အချိန်အထိ အသက်ရှင် ကျန်ရစ်သူ ဆိုသည်မှာ လက်ချိုး ရေတွက်၍ ရနိုင်လောက်အောင် နည်းပါးလှသည်။ အများစုမှာ အရေးကြီးသော အချိန်များတွင် အခြားသူများ၏ ကျောချမ်းစရာ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံရကာ အလောင်းပင် အပြည့်အစုံ မကျန်ရစ်သည့် အခြေအနေမျိုး နှင့်သာ ရင်ဆိုင်ခဲ့ကြရသည်။

ဝါရင့် လူသတ်သမားကြီး၏ အမြင်ကို ရိုအန် က အလွန် သဘောတူ လက်ခံလေသည်။ ရှေးခေတ်မှ စ၍ ယနေ့ခေတ် တိုင်အောင် ရေတွက်၍ မရနိုင်သော လူအများအပြားက သက်စွန့်ဆံဖျား ကြုံတွေ့ခဲ့ရမှုများဖြင့် နောင်လာနောက်သား များကို သတိပေးခဲ့ကြပြီး ဖြစ်သည်။ ကိုယ်ကျိုး သီးသန့် ရှာခြင်းက ခရီးဝေး သွားနိုင်မည် မဟုတ်ဘဲ ပူးပေါင်း ဆောင်ရွက်ပြီး အတူတကွ အကျိုးအမြတ် ခံစားခြင်းကသာ အကောင်းဆုံး လမ်းစဉ် ဖြစ်လေသည်။

ရိုအန် အနေဖြင့် အသားစားရလျှင် အသင်းဖော်များကိုလည်း အရည် သောက်ခွင့် ပေးရမည် ဖြစ်သည်။ သို့မဟုတ်ပါက နောက်ဆုံးတွင် လူတိုင်း၏ စွန့်ပစ်ခြင်းကို ခံရကာ အထီးကျန် အဆုံးသတ် ရမည့် ဘဝမျိုးသို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။

ဤတစ်ကြိမ် ကွင်းဆက် လူသတ် အလောင်းဖျောက်မှု တရားခံ ဖရေဇာ ကို ဖမ်းဆီးသည့် လုပ်ငန်းစဉ် အတွင်း၌ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ စုံထောက်တိုင်းက ရိုအန် ကို အကူအညီများ ပေးခဲ့ကြသည်။ ထို့ကြောင့် ဒေါ်လာ တစ်သိန်း ဆုကြေးငွေကို ရိုအန် ထုတ်ပေးရမည်သာ ဖြစ်သည်။ ထိုသို့ မဟုတ်ပါက လူတို့၏ စိတ်နေ သဘောထားကို ခန့်မှန်း၍ ရနိုင်မည် မဟုတ်ချေ။

အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ရိုအန်၏ အခြေခံ အင်အားစု တစ်ခု ဖြစ်သည်။ နောင်တစ်ချိန်တွင် ဤငွေကြေး အနည်းငယ်ကြောင့် အခြားသူများ၏ ကျောချမ်းစရာ လုပ်ကြံခြင်းကို ရိုအန် မခံချင်ခဲ့ပေ။

ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ သြဂတ်စ် က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး မေးမြန်းလိုက်သည်။

"မင်း သေချာလို့လား ရိုအန်... ဒေါ်လာ တစ်သိန်း ဆိုတာ နည်းတဲ့ ပိုက်ဆံ မဟုတ်ဘူးနော်... အဲ့ဒီအထဲက တစ်ဝက်ကို ထုတ်ပေးဖို့ မင်း တကယ် သေချာရဲ့လား..."

"သေချာတာပေါ့..."

ရိုအန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

ယခု လက်ရှိ ငွေကြေး အနည်းငယ်က အရေးမကြီးပေ။ ရိုအန်ကို နောက်ကွယ်မှ ဒုက္ခမပေးဘဲ အရေးကြီးသော အချိန်များတွင် ထောက်ခံ အားပေးမည့် အသင်းဖော်များ ရှိနေရန်က ပို၍ အရေးကြီးလှသည်။ ထိုကဲ့သို့သော အသင်းဖော်များ ရှိနေမှသာ နောင်တစ်ချိန်တွင် ရိုအန် အနေဖြင့် ငွေပို၍ ရှာဖွေနိုင်မည် ဖြစ်သည်။

"ကောင်းပြီလေ... ဘယ်လိုပဲ ဖြစ်ဖြစ် မင်းရဲ့ ပိုက်ဆံပဲ ဆိုတော့ မင်း သဘောပါပဲ..."

သြဂတ်စ်က ဂရုမစိုက်သော ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဖိုင်တွဲကို ကောက်ကိုင်ကာ လွှဲယမ်းပြလိုက်ပြီး ကိစ္စများ ပြောဆိုပြီးစီးပြီ ဖြစ်ရာ ရိုအန် ကို ထွက်သွားရန် အချက်ပြလိုက်သည်။

"အော်... ဒါနဲ့..."

ရိုအန် က ကုလားထိုင်ပေါ်မှ ထကာ ရုံးခန်း တံခါးဝသို့ လျှောက်သွားချိန်တွင် သြဂတ်စ်က ခေါင်းကို ရုတ်တရက် ပုတ်လိုက်ပြီး ရိုအန် ကို လှမ်းခေါ်ကာ ပြောလိုက်သည်။

"ဒီသတင်းကို လူတိုင်း သိအောင် မင်းဘာသာမင်းပဲ သွားပြောပြလိုက်တော့..."

"..."

ရိုအန် က နောက်သို့ လှည့်ကာ သြဂတ်စ် ကို သေချာစွာ အကဲခတ် ကြည့်ရှုလိုက်သည်။ ရိုအန် ၏ မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် တောက်ပသွားပြီး နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။

"ဟုတ်ကဲ့ပါ အရာရှိကြီး..."

စကား ဆိုပြီးနောက် ရိုအန်က ရုံးခန်း တံခါးကို ဆွဲဖွင့်ကာ ကြီးမားသော ခြေလှမ်းများဖြင့် ထွက်ခွာသွားလေသည်။

"ဖြောင်း"၊ "ဖြောင်း"၊ "ဖြောင်း" ဟူသော အသံများ ထွက်ပေါ်လာသည်။

ရုံးခန်း တံခါးမှ တစ်ဆင့် အပြင်ဘက်ရှိ ရုံးခန်းနယ်မြေ အတွင်းမှ စုံထောက်များ အားလုံး သည် ရိုအန် ၏ ကြေညာစကားကို ကြားလိုက်ရသောအခါ ဒီလအတွက် ထပ်မံ ငွေရရှိဦးမည် ဖြစ်သဖြင့် ရိုအန် ကို လက်ခုပ်တီးကာ အားရဝမ်းသာ အော်ဟစ်နေကြသည့် မြင်ကွင်းကို သြဂတ်စ် မြင်တွေ့လိုက်ရသည်။ သြဂတ်စ် ၏ မည်းနက်နေသော မျက်နှာကြီးပေါ်တွင် အပြုံးများ ပြည့်နှက်နေပြီး ဖုန်းကို ထုတ်ယူကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။

"အရာရှိကြီး... အရင်က ကျွန်တော် ခန့်မှန်းခဲ့သလို ပါပဲ... ရိုအန် က ကျွန်တော့် လိုပဲ အလွန် ဉာဏ်ကောင်းတယ်... ဆုကြေးငွေ ကို ရိုအန် တစ်ယောက်တည်း လုံးဝ သိမ်းမထားခဲ့ပါဘူး..."

သြဂတ်စ်က ဟီးဟီးဟားဟား ရယ်မောလိုက်သည်။ ဖုန်းတစ်ဖက်ခြမ်းမှ လူက စကားများများစားစား မပြောဘဲ အင်း ဟု တစ်ချက်သာ အသံပြုပြီး ဖုန်းချသွားလေသည်။

ဖုန်းထဲမှ ပြတ်တောက်သွားသော အသံကို ကြားလိုက်ရသောအခါ သြဂတ်စ်၏ မျက်နှာပေါ်ရှိ အပြုံးများက ပို၍ တောက်ပလာတော့သည်။

ရုံးခန်းနယ်မြေ အတွင်း၌ ပျော်ရွှင်စွာ လက်ခုပ်တီး အော်ဟစ်နေကြသော အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ စုံထောက်များ အားလုံးက ရိုအန် ကို ကျေးဇူးတင် စကားဆိုပြီးနောက် ရိုအန်၏ စကားကို နားထောင်ကာ ကိုယ့်စားပွဲ အသီးသီးသို့ ပြန်သွားကြသည်။ ထို့နောက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အတိုင်း အလုပ်ချိန် အတွင်း အချောင်ခိုခြင်းကို စတင် လုပ်ဆောင်ကြတော့သည်။

"ဟေး... ရိုအန်..."

ကိုယ့်နေရာသို့ ပြန်ရောက်သောအခါ မိုနာက ရိုအန် ကို အားကုန် တင်းကျပ်စွာ ဖက်လိုက်ပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် ဆိုသည်။

"နင့်ကို အရမ်း ကျေးဇူးတင်တာပဲ... ဒီလအတွက် ငါ တိုက်ခန်း အကြွေးဆပ်ဖို့ ပိုက်ဆံ ရသွားတဲ့ အပြင်... ကျန်တဲ့ ငွေနဲ့ ကားကောင်းကောင်း တစ်စီးကို အကြွေးနဲ့ ဝယ်ဖို့ လုံလောက်သွားပြီ..."

"အာ... ရပါတယ်..."

ရိုအန် က ပါးစပ် ဟလိုက်သော်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် ဘာစကားမှ ထပ်မပြောတော့ပေ။ အမေရိကန် ပြည်သူများသည် ငွေစုဆောင်းသည့် အလေ့အထ သိပ်မရှိကြပုံ ရသည်။ ငွေရှိလျှင် သုံးမည်၊ ငွေမရှိလျှင် မနက်ဖြန် အတွက် ငွေကို ကြိုတင် ချေးယူ သုံးစွဲကြမည် ဖြစ်သည်။ ဤသည်မှာ အမေရိကန် ပြည်သူများ၏ ပုံမှန် နေထိုင်မှု ဘဝစတိုင်လ် ပင် ဖြစ်လေသည်။

"ရိုအန်..."

ဘေးနားရှိ လေစီက နေ့စဉ် လုပ်ရိုးလုပ်စဉ် အတိုင်း စားပွဲပေါ်တွင် မှောက်အိပ်နေပြန်သည်။ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေသော ရက်ဒ်က လေစီ၏ အနောက်မှ တိုးထွက်လာပြီး ရိုအန်၏ ပခုံးကို အားပါးတရ ပုတ်လိုက်သည်။

"ခဏနေ အလုပ်ဆင်းရင် မင်း အားလား... ငါ့အိမ်က ဖွင့်ထားတဲ့ သေနတ်ဆိုင်ကို သွားဆော့ကြရင် ဘယ်လိုလဲ... အဲ့ဒီကျရင် မင်း မှင်တံ ပစ်ပေါက်တဲ့ နည်းလမ်းကို ငါ့ကို သင်ပေးလေ..."

"သေနတ်ဆိုင်..."

ရိုအန်က ဘေးနားမှ လူမထိုင်သော ကုလားထိုင် တစ်လုံးကို ဆွဲယူလိုက်ပြီး ရက်ဒ်ကို ထိုင်ရန် အချက်ပြလိုက်သည်။ ရက်ဒ်၏ အရပ်က အလွန် ရှည်လျားလွန်းသဖြင့် ခေါင်းမော့ကာ စကားပြောရသည်မှာ လည်ပင်း နာကျင်လွန်းလှသည်။ ထို့နောက် ရိုအန် က အနည်းငယ် သံသယ ဖြစ်စွာဖြင့် မေးမြန်းလိုက်သည်။

"မင်း မိဘတွေ ဖွင့်ထားတာလား..."

"မဟုတ်ဘူး... ငါ့ မိန်းမ ဖွင့်ထားတာ... ကွင်းစ်ရပ်ကွက် မှာလေ..."

ရက်ဒ်က ခေါင်းခါပြလိုက်ပြီး ရက်ဒ် အိမ်ထောင်ကျသည်မှာ ငါးနှစ်ပင် ရှိနေပြီ ဖြစ်ကြောင်း ပြောပြလေသည်။ ရက်ဒ် ၏ ဇနီးသည်မှာ နယူးယောက် ရဲမေဟောင်း တစ်ဦး ဖြစ်ပြီး ဒဏ်ရာ ရရှိသွားပြီးနောက် ရဲတပ်ဖွဲ့မှ နုတ်ထွက်ကာ ရက်ဒ် နှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ရက်ဒ်တို့ လင်မယား နှစ်ဦးတွင် သားလေး တစ်ယောက် ရှိပြီး နေ့စဉ် မူကြိုကျောင်းသို့ တက်ရောက်နေပြီ ဖြစ်သည်။

"..."

ရက်ဒ် ၏ အသက်မှာ သုံးဆယ့်ရှစ်နှစ် ရှိနေပြီ ဖြစ်ရာ ဇနီးနှင့် သား တစ်ယောက် ရှိနေခြင်းက သာမန် ကိစ္စရပ် တစ်ခုသာ ဖြစ်ကြောင်း ရိုအန် တွေးတောမိလိုက်သည်။ ရက်ဒ် ၏ တစ်ကိုယ်လုံးရှိ ပေါက်ကွဲထွက်မတတ် ကြီးမားသော ကြွက်သားများကို ကြည့်လိုက်၊ အထူး လက်နက်နှင့် နည်းဗျူဟာ အဖွဲ့မှ ဆင်းသက်လာသူ ဖြစ်ကြောင်း တွေးလိုက်၊ ဇနီးသည် ကလည်း ရဲမေဟောင်း တစ်ဦး ဖြစ်ကြောင်း စဉ်းစားလိုက်သောအခါ သေနတ်ဆိုင် ဖွင့်ထားခြင်းက ရက်ဒ်တို့ ဇနီးမောင်နှံ၏ အဆင့်အတန်းနှင့် အလွန် ကိုက်ညီလှကြောင်း ရိုအန် သိရှိသွားတော့သည်။

ရက်ဒ်၏ မျှော်လင့်ချက် ကြီးစွာ ထားနေသော အကြည့်များကို မြင်တွေ့လိုက်ရသောအခါ ရိုအန် က ခေါင်းညိတ်ကာ သဘောတူရန် ပြင်လိုက်သည်။ မည်သို့ပင်ဖြစ်စေ အလုပ်ဆင်းပြီးနောက် ရိုအန် အနေဖြင့် အခြား လုပ်စရာ ကိစ္စ မရှိပေ။ လုပ်ဖော်ကိုင်ဖက်များနှင့် အတူတကွ သေနတ် သွားပစ်ကာ ရင်းနှီးမှု ရယူခြင်းက မဆိုးလှချေ။ ထို့အပြင် ရိုအန် ကိုယ်တိုင် သေနတ် ပစ်ခတ်မှု စွမ်းရည်ကိုလည်း တစ်ဆက်တည်း လေ့ကျင့်နိုင်မည် မဟုတ်ပါလား။

ထိုအချိန်မှာပင် ရိုအန် ၏ ဖုန်းက ရုတ်တရက် မြည်လာသည်။

ဖုန်းကို ကောက်ကိုင်လိုက်ရာ အမည်မသိ နံပါတ်တစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရသဖြင့် ရိုအန် ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။ ဖုန်းဖြေကြားရန် ခလုတ်ကို နှိပ်လိုက်သည်နှင့် တပြိုင်နက် ဖုန်းတစ်ဖက်ခြမ်းမှ ပျင်းရိ ငြီးငွေ့နေသည့်ဟန် အပြည့် ပါဝင်နေသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။

"ရိုအန်... ခဏနေ အလုပ်ဆင်းရင် ငါ့ဆီ လာခဲ့လို့ ရမလား... နင့် အကူအညီ လိုအပ်နေတဲ့ ကိစ္စလေး တချို့ ရှိနေလို့ပါ..."

ရိုအန်က မျက်ခုံး တစ်ချက် ပင့်လိုက်သည်။

'မီးလျှံဘုရင်မ ဘားရဲ့ မန်နေဂျာ လစ်ဒီယာ များလား…’

All Chapters