← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇ မှုခင်းနောက်ကွယ်မှ လျှို့ဝှက်ချက်

'မစ္စက် ယူလန်ဒါ... ခင်ဗျားလည်း ဒီလိုဖြစ်ချင်မှာ မဟုတ်ဘူးမလား'

'တောက်'

ရိုအန်က ခေါင်းထဲတွင် ပဲ့တင်ထပ်နေသော ဂျပန်ရုပ်ရှင်များထဲမှ စကားလုံးများကို အလျင်အမြန် ဖယ်ရှားလိုက်သည်။ စာအိတ်နှင့် ချက်လက်မှတ်ကို လှမ်းယူလိုက်ပြီး ပါဝင်သော ငွေပမာဏကို မြင်တွေ့လိုက်ရသောအခါ အပြုံးများ ပြည့်နှက်နေသော မျက်နှာထားဖြင့် ဆိုသည်။

"ပြဿနာ မရှိပါဘူး မစ္စက် ယူလန်ဒါ... စကားစ်ဒေးလ် မြို့ငယ်လေးက ဘယ်နေရာမှာ ရှိလဲ ဆိုတာကိုတောင် ကျွန်တော် မမှတ်မိတော့ပါဘူး"

ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ လွှတ်တော်အမတ် ဇနီးသည်၏ မျက်နှာပေါ်ရှိ အမူအရာများက လုံးဝ သက်သောင့်သက်သာ ဖြစ်သွားပြီး အိတ်ကို ကိုင်ထားသော လက်များကလည်း ဖြည်းညင်းစွာ လျော့ရဲသွားတော့သည်။

ယူလန်ဒါ ဤနေရာသို့ မလာရောက်မီကတည်းက ရိုအန် အနေဖြင့် ငွေကြေး အမြောက်အမြား တောင်းဆိုမည်ကို ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည်။ အဆိုးရွားဆုံး အခြေအနေ အတွက်ပင် ပြင်ဆင်ထားခဲ့သည်။

သို့သော် ရိုအန်က ဤမျှ လွယ်ကူစွာ သဘောတူလိုက်သည်ကို မြင်တွေ့ရပြီး သူ၏ သာမန်မျှသာ ဖြစ်သော ခန့်ညားသည့် မျက်နှာက ဒေါ်လာများကိုသာ စူးစိုက်ကြည့်နေကာ သူမကို လုံးဝ အဖက်မလုပ်သည်ကို မြင်လိုက်ရသောအခါ ယူလန်ဒါ၏ ရင်ထဲတွင် မကျေမနပ် ဖြစ်လာမိသည်မှာ အဘယ်ကြောင့်နည်း။

မိမိ အရှေ့တွင် ခွေးလေး တစ်ကောင်ကို ပွေ့ချီထားသော အမျိုးသမီး၏ အတွေးများကို ရိုအန် မသိနိုင်ချေ။ စာအိတ် အတွင်းရှိ ဒေါ်လာ ငါးသောင်းကို မြင်လိုက်ရသောအခါ ရိုအန် တစ်ယောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသဖြင့် ခေါင်းမော့ကာ မေးမြန်းလိုက်သည်။

"အော်... ဒါနဲ့ မစ္စက် ယူလန်ဒါ... အဲ့ဒီအချိန်တုန်းက ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး... ကျွန်တော့်ရဲ့ အသင်းဖော် မိုနာ လည်း အတူတူ ရှိနေခဲ့တာ... သူမ အတွက်ကော"

ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ လစ်ဒီယာ၏ မျက်လုံးများက တောက်ပသွားသည်။

ယူလန်ဒါ၏ ရင်ခုန်သံများက ရုတ်တရက် မြန်ဆန်သွားသော်လည်း အလျင်အမြန် ပြန်လည် ထိန်းချုပ်လိုက်သည်။ ရင်ထဲရှိ မကျေနပ်မှုများကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ပြီး တတ်နိုင်သမျှ တည်ငြိမ်သော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

"သူမကို ဆက်သွယ်ဖို့ အခွင့်အရေး ရှာလိုက်ပါ့မယ်... ဒီငွေကြေး ကတော့ ရှင့် တစ်ယောက်တည်း အတွက် သီးသန့်ပါ"

"အိုကေ"

မိမိ လိုချင်သော အဖြေကို ရရှိသွားပြီးနောက် ရိုအန်၏ မျက်နှာပေါ်တွင် အပြုံးများ ပြန်လည် ထွက်ပေါ်လာသည်။ ချက်လက်မှတ်ကို စာအိတ်ထဲသို့ ထည့်ကာ အိတ်ကပ် အတွင်းသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် မစ္စက် ယူလန်ဒါ ထံသို့ လက်ကမ်းပေးလိုက်ပြီး တရားမျှတမှု အပြည့်အဝ ရှိနေသော မျက်နှာထားဖြင့် ဆိုသည်။

"အမေရိကန် နိုင်ငံက အခွန်ထမ်း ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ဖို့ ဆိုတာ... ကျွန်တော်တို့ အက်ဖ်ဘီအိုင် စုံထောက်တွေ ရဲ့ မလွှဲမရှောင်သာတဲ့ တာဝန် တစ်ရပ်ပါပဲ"

လစ်ဒီယာ တစ်ယောက် ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသည်။

ယူလန်ဒါ လည်း စကားမဆိုနိုင် ဖြစ်သွားတော့သည်။

မျက်စောင်း တစ်ချက် ထိုးလိုက်ပြီးနောက် ယူလန်ဒါ က ခွေးလေးကို ပွေ့ချီကာ လစ်ဒီယာ နှင့် စကား အနည်းငယ် ပြောဆိုပြီးအခန်း အတွင်းမှ လှည့်ထွက်သွားလေသည်။

သူမ၏ သမီး ဖြစ်သူမှာ ယခု အချိန်အထိ ဆေးရုံပေါ်တွင် လဲလျောင်းနေရဆဲ ဖြစ်သည်။

"ရှင့် မျက်နှာက တကယ်ကို အထူကြီးပဲ ရိုအန်"

ယူလန်ဒါ ကိုအခန်း တံခါးဝ အထိ လိုက်လံ ပို့ဆောင်ပြီးနောက် လစ်ဒီယာ ပြန်လည် ဝင်ရောက်လာသည်။ ရေတစ်ငုံ သောက်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် ထိုင်နေသော ရိုအန် ကို ပြုံးလျက် ဆိုသည်။

"ဒီလို စကားမျိုးကို ရှင့် ပါးစပ်ကနေ ထွက်လာတာ... နည်းနည်းလေးတောင် မရှက်ဘူးလား"

"ကိုယ့်ကိုယ်ကိုယ် မရှက်သရွေ့... ရှက်ရမယ့် သူတွေက တခြားသူတွေပဲ ဖြစ်မှာပေါ့"

ရိုအန် က လက်ဆန့်ထုတ်ကာ လစ်ဒီယာ ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ခေါင်းငုံ့ကာ ပြုံးလျက် မေးမြန်းလိုက်သည်။

"ဒါနဲ့... မစ္စက် ယူလန်ဒါ နဲ့ ဘယ်လို သိတာလဲ"

"ကျွန်မက ဘား ဖွင့်ထားတာလေ... လွှတ်တော်အမတ် ရဲ့ ဇနီး တစ်ယောက်ကို သိထားတာက ဘာများ ဆန်းလို့လဲ... ပုံမှန် အားဖြင့်တော့ သိပ်ပြီး အဆက်အသွယ် မရှိပါဘူး"

လစ်ဒီယာ က ရိုအန်၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး ခေါင်းလှည့်ကာ ပြုံးလျက် မေးလိုက်သည်။

"ဒါပေမဲ့ ဒီနေ့ သူမ ကျွန်မကို ဆက်သွယ်လာပြီး... ရှင့်ကို ခေါ်ပေးဖို့ ပြောလိမ့်မယ် လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး... ဟိုလေ... ကျွန်မကို တိတ်တဆိတ်လေး ပြောပြပါလား... စကားစ်ဒေးလ် မြို့ငယ်လေး မှာ တကယ်တမ်း ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ"

တကယ်တမ်းတော့ ယူလန်ဒါ ၏ သမီး ဖြစ်သူမှာ ကြိုးသိုင်းအင်္ကျီ နှင့် ကောင်မလေး ဖြစ်ကြောင်း သိရှိသွားပြီးနောက်... ထိုနေ့က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဆက်စပ် တွေးတော ကြည့်လိုက်ရာ ရိုအန် အနေဖြင့် အမှန်တရားကို အကြမ်းဖျင်း ခန့်မှန်းမိသွားခဲ့ပြီ ဖြစ်သည်။

မစ္စက် ယူလန်ဒါ သည် ဆေးခန်းမှ ဆရာဝန်ထံသို့ သွားရောက်ကာ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့သည်။ စစ်ဆေးမှု ပြုလုပ်သော အကြိမ်အရေအတွက် နှင့် အချိန်ကာလ က အလွန် ရှည်ကြာလွန်းသဖြင့် ကြိုးသိုင်းအင်္ကျီ နှင့် ကောင်မလေး၏ သံသယကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် ကောင်မလေး တွင် သံသယသာ ရှိပြီး သက်သေ အထောက်အထား မရှိခဲ့ချေ။ ထို့ကြောင့် ယူလန်ဒါ ကျန်းမာရေး စစ်ဆေးရန် နောက်တစ်ကြိမ် ထွက်သွားချိန်တွင် ကောင်မလေး က ကျောင်းပြေးကာ ဆေးခန်းသို့ ကားမောင်း၍ လိုက်သွားခဲ့ခြင်း ဖြစ်သည်။

အကြောင်းရင်း တစ်ရပ် အနေဖြင့် သူမ၏ သံသယများကို အတည်ပြုရန် ဖြစ်ပြီး... အခြား တစ်ဖက်တွင်မူ မိခင် ဖြစ်သူနှင့် စကားပြောဆို ဆွေးနွေးရန်လည်း ရည်ရွယ်ခဲ့ပုံ ရသည်။

သို့သော် သူမ စကားစ်ဒေးလ် မြို့ငယ်လေး သို့ ဝင်ရောက်လာချိန်တွင် ရိုအန် နှင့် လူသတ်သမား တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေသည်ကို ကြုံတွေ့လိုက်ရပြီး သူမ၏ ကျောဘက်တွင်လည်း ဒဏ်ရာ ရရှိသွားခဲ့သည်။

ကောင်မလေး တွင် သူမ၏ ကိုယ်ပိုင် ရည်မှန်းချက် ရှိနေသေးသည့် အပြင် ဒဏ်ရာ ကလည်း သိပ်မပြင်းထန်သဖြင့် ပြဿနာ ကြီးထွားသွားအောင် မလုပ်တော့ဘဲ ဒဏ်ရာ နှင့်အတူ ဆေးခန်းသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

ဆေးခန်း တံခါးဝတွင် ကောင်မလေး က မိခင် ဖြစ်သူ၏ ကားကို တွေ့ရှိခဲ့သည်။ ဆေးခန်းမှ သူနာပြု က သူမ၏ ဒဏ်ရာကို ကုသပေးနေချိန်တွင် လူနာခန်း အတွင်း၌ ဖြစ်ပျက်နေသော အကြောင်းအရာ များကိုလည်း ကောင်မလေး ကောင်းစွာ ကြားသိလိုက်ရပုံ ပေါ်သည်။

ထို့ကြောင့် ဒဏ်ရာ ကုသပြီးနောက် ဒေါသထွက်နေသော ကောင်မလေး သည် မိခင် ဖြစ်သူ၏ ကားပေါ်သို့ တက်ကာ မိခင် ဖြစ်သူကို အံ့ဩစရာ လက်ဆောင် တစ်ခု ပေးရန် ပြင်ဆင်ခဲ့သည်။

သို့သော် သူမ လုံးဝ ထင်မှတ် မထားခဲ့သည့် အရာမှာ... ရိုအန် နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော လူသတ်သမား သည် ဆေးခန်း အတွင်းသို့ ဝင်ရောက်ကာ ဆေးဝါးများ ခိုးယူပြီးနောက် ထိုကားကိုပင် ပစ်မှတ်ထား သွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကောင်မလေး သည် အရိုက်ခံရပြီး ကားနောက်ဖုံး အတွင်းသို့ ထည့်သွင်း ပိတ်လှောင်ခြင်း ခံလိုက်ရသည်။

နောက်ပိုင်း အဖြစ်အပျက် များကတော့... ရိုအန် နှင့် လူသတ်သမား တို့ ကားမောင်း၍ အပြန်အလှန် ပစ်ခတ်ကြပြီး နောက်ဆုံးတွင် ကောင်မလေး ကို ရှာတွေ့သွားခဲ့သည့် ဇာတ်လမ်းပင် ဖြစ်လေသည်။

မိမိ၏ သမီး ဖြစ်သူက စကားစ်ဒေးလ် မြို့ငယ်လေး တွင် ရောက်ရှိနေခဲ့ပြီး မိမိ၏ ကားထဲတွင် လူသတ်သမား၏ ရိုက်နှက်မှုကို ခံခဲ့ရကြောင်း မစ္စက် ယူလန်ဒါ သိရှိသွားချိန်တွင်တော့... ကောင်မလေး ၌ ယနေ့ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ များကို သူမ အလွယ်တကူ ခန့်မှန်းမိသွားလောက်မည် ဖြစ်သည်။

မစ္စက် ယူလန်ဒါ အနေဖြင့် နောင်တ ရခြင်း ရှိမရှိ ဆိုသည်ကိုတော့ ရိုအန် မသိနိုင်ပေ။ သို့သော် သူမက ဤကိစ္စများကို အပြင်လူများ၏ ပါးစပ်မှ တစ်ဆင့် ခင်ပွန်း ဖြစ်သူ လွှတ်တော်အမတ် ယေးလ် ထံသို့ မရောက်ရှိစေရန် ငွေကြေး အသုံးပြု၍ နှုတ်ပိတ်ရန် ရွေးချယ်ခဲ့ကြောင်း ကိုတော့ ရိုအန် သေချာပေါက် သိရှိထားလေသည်။

"မဖြစ်ပါဘူး လစ်ဒီယာ..."

ရိုအန် က ခေါင်းထဲတွင် အဖြစ်အပျက် အားလုံးကို အကြမ်းဖျင်း တွေးတောလိုက်ပြီးနောက် အိတ်ကပ် အတွင်းရှိ ချက်လက်မှတ် ကို လက်ညှိုးထိုးပြကာ ခေါင်းခါ ငြင်းဆန်လိုက်သည်။

"မင်းလည်း သိတဲ့ အတိုင်းပဲ... မစ္စက် ယူလန်ဒါ ဆီကနေ ကျေးဇူးတင် ဆုငွေကို ငါ အခုလေးတင် လက်ခံ ရရှိထားတာလေ..."

"တကယ်ကြီး မဖြစ်ဘူးလား..."

လစ်ဒီယာ က ထပ်မံ မေးမြန်းလိုက်သည်။

"တကယ်ကြီး မဖြစ်ပါဘူး..."

ရိုအန် က ခေါင်းခါ ငြင်းဆန်လိုက်သည်။ သူသည် ကတိသစ္စာ တည်ကြည်သူ တစ်ဦး ဖြစ်သည်။ ငွေကြေး ယူပြီးပါက ကိစ္စ ပြီးမြောက်အောင် ဆောင်ရွက်ပေးမည် ဆိုသည့် စကားကို သူ အမြဲတမ်း လိုက်နာလေ့ ရှိသည်။

ထိုစကားကို ကြားလိုက်ရသောအခါ လစ်ဒီယာ ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး ရိုအန် ၏ နားအနီးသို့ ကပ်ကာ တီးတိုး ပြောဆိုလိုက်သည်။

"တကယ်လို့ ရှင်သာ ကျွန်မကို ပြောပြမယ် ဆိုရင်... ဒီနေ့ည..."

"ဟင်..."

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန် ၏ မျက်လုံးများက ချက်ချင်း အရောင်လက်လာပြီး နှုတ်ခမ်းကို သပ်ကာ ခေါင်းစောင်း မေးလိုက်သည်။

"မင်း သေချာလို့လား..."

"သေချာတာပေါ့..."

အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် ရိုအန် က အနောက်တိုင်း ဝတ်စုံ အင်္ကျီကို ချွတ်လိုက်ပြီး လစ်ဒီယာ ၏ မေးစေ့ကို လက်တစ်ဖက်ဖြင့် ဆွဲမလိုက်သည်။

"ဂိုဏ်း ရဲ့ စည်းကမ်း အရ... ပစ္စည်း အရင် စစ်ဆေးမယ်... ပြီးမှ ပိုက်ဆံ ပေးမယ်..."

"ပြဿနာ မရှိပါဘူး..."

လစ်ဒီယာ က ပြုံးရွှင်စွာဖြင့် ရိုအန် ၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး ဆိုဖာပေါ်မှ မတ်တပ်ရပ်လိုက်သည်။

"ဒါပေမဲ့ ကျွန်မတို့ အရင်ဆုံး ညစာ စားကြမယ်... ပြီးရင် အက တစ်ပုဒ် ကမယ်... နောက်ဆုံးကျမှ ပစ္စည်း စစ်ဆေးလို့ ရမယ်..."

"ပြဿနာ မရှိပါဘူး အချစ်လေး..."

ရိုအန် က ပြုံးလျက် ခေါင်းညိတ်ကာ လစ်ဒီယာ ၏ တောင်းဆိုချက်များကို သဘောတူလိုက်သည်။

"ဒီနေ့ည... မင်း သဘောပဲ..."

အနည်းငယ် မျှားယောင်လိုက်သည်နှင့် ရိုအန် တစ်ယောက် သူမ၏ အလိုသို့ လိုက်ပါလာသည်ကို မြင်တွေ့လိုက်ရသောအခါ အဝတ်လဲခန်း ဆီသို့ လျှောက်သွားနေသော လစ်ဒီယာ ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။

'ဟက်... ယောကျ်ားတွေ...'

အဝတ်လဲခန်း အတွင်းရှိ သွယ်လျ ကျစ်လစ်သော ပုံရိပ်လေးကို ကြည့်ရင်း ဆိုဖာပေါ်တွင် ထိုင်နေသော ရိုအန် က အဖြူရောင် ရှပ်အင်္ကျီ ၏ လက်စွပ်များကို ခေါက်တင်လိုက်ပြီး နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။

'ကဲ... ငါ့ကို ပြစမ်းပါဦး... မင်းက တကယ်တမ်း ဘယ်လို လူစားမျိုးလဲ... ပြီးတော့ မင်းရဲ့ ရည်ရွယ်ချက် က ဘာလဲ ဆိုတာကို...'

'နောက်ပြီး... မင်းရဲ့ အရင် ခင်ပွန်းတွေ က တကယ်တမ်း ဘယ်လို သေဆုံးသွားခဲ့ကြတာလဲ ဆိုတာကိုပါ ပေါ့...'

အဝေး တစ်နေရာ...

မန်ဟက်တန် ဗဟိုချက်ရှိ မီးရောင်များ လင်းထိန်နေသော အထပ်မြင့် အဆောက်အအုံ တစ်ခု အတွင်း... ကျယ်ဝန်းလှသော တိုက်ခန်း တစ်ခန်း၌ ဗီရိုနီးစ် က ပေါ့ပေါ့ပါးပါး အိမ်နေရင်း ဝတ်စုံ တစ်စုံကို ဝတ်ဆင်ထားပြီး စာကြည့်ခန်း အတွင်း၌ ခေါင်းငုံ့ကာ စာရွက်စာတမ်း အချို့ကို ရေးမှတ်နေလေသည်။

"ဒင်..."

ဘေးနားရှိ ကွန်ပျူတာ မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ဗီရိုနီးစ် က ကွန်ပျူတာ ဆီသို့ ခေါင်းလှည့် ကြည့်လိုက်ရာ အီးမေးလ် တစ်စောင် ဝင်ရောက်လာကြောင်း တွေ့လိုက်ရသည်။

အီးမေးလ် ပေးပို့သူ၏ နာမည်ကို မြင်လိုက်ရသောအခါ ဗီရိုနီးစ် ၏ မျက်မှောင်များ ချက်ချင်း ကြုတ်သွားတော့သည်။

ထိုနာမည် ပိုင်ရှင် ထံမှ သတင်းကောင်း ဆိုသည်ကို တစ်ခါမျှ မရရှိခဲ့ဖူးချေ။

ထင်သည့်အတိုင်းပင် အီးမေးလ် ကို ဖွင့်ကြည့်လိုက်သောအခါ ပါဝင်သော အကြောင်းအရာ များက ဗီရိုနီးစ် ကို အံကြိတ်သွားစေပြီး မျက်လုံးများ အတွင်း၌ ဒေါသမီးများ တောက်လောင် လာစေတော့သည်။

"စုံထောက် ရိုအန် ဂရင်းဝုဒ် ၏ ကိုလံဘတ်စ် ရန်ပုံငွေအဖွဲ့ သို့ ဝင်ရောက်ရန် လျှောက်ထားချက်ကို ပယ်ချလိုက်သည်..."

တုံ့ဆိုင်းနေခြင်း လုံးဝ မရှိဘဲ ဗီရိုနီးစ် က ဘေးနားရှိ ဖုန်းကို အလျင်အမြန် ကောက်ကိုင်လိုက်ပြီး ရင်ထဲတွင် အလွတ်ကျက်မှတ် ထားသော နံပါတ် အချို့ကို နှိပ်ကာ ခေါ်ဆိုလိုက်သည်။

ခဏအကြာတွင် ဖုန်း ဝင်သွားပြီး ဗီရိုနီးစ် က တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။

"ဖုန်းကို မစ္စတာ ကလီမင့် ဆီ ပေးလိုက်ပါ..."

"ဟုတ်ကဲ့ပါ..."

မိနစ် အနည်းငယ် ကြာပြီးနောက် ဖုန်းတစ်ဖက်ခြမ်းမှ အသံ ထွက်ပေါ်လာသည်။ ဗီရိုနီးစ် က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ရင်ထဲမှ မသက်မသာ ဖြစ်မှုများကို အတင်းအကျပ် ဖိနှိပ်ထားကာ အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက် မေးမြန်းလိုက်သည်။

"ကျွန်မ တင်ပြထားတဲ့ ရိုအန် ဂရင်းဝုဒ် ရဲ့ ရန်ပုံငွေအဖွဲ့ ဝင်ခွင့် လျှောက်ထားချက် ကို ဘာလို့ ပယ်ချရတာလဲ..."

"သူ့ရဲ့ ရာထူး အဆင့်အတန်း က အရမ်း နိမ့်ကျနေသေးလို့ပဲ..."

အက်ဖ်ဘီအိုင် ဝါရှင်တန် ဌာနချုပ် အတွင်း၌ အနောက်တိုင်း ဝတ်စုံ ဝတ်ဆင်ထားသော သက်ကြီးပိုင်း လူဖြူ အမျိုးသားကြီး က နှာမှုတ်သံ အနည်းငယ် ပြုလုပ်လိုက်ပြီး အတွင်းရေးမှူး ကို ဖိုင်တွဲ တစ်ခု ယူလာပေးရန် လက်ဟန်ဖြင့် အချက်ပြလိုက်သည်။ ဖိုင်တွဲကို ဖွင့်ကြည့်လိုက်ပြီးနောက် ပြန်လည် ဖြေကြားလေသည်။

"ရိုအန် ဂရင်းဝုဒ် က အမြဲတမ်း စုံထောက် အဖြစ် ရာထူး တက်လာတာ ငါးရက်တောင် မပြည့်သေးဘူး... ပြီးတော့ သူက သာမန် အမြဲတမ်း စုံထောက် တစ်ယောက် သက်သက်ပဲ... ကိုလံဘတ်စ် ရန်ပုံငွေအဖွဲ့ ထဲကို ဝင်ဖို့ အရည်အချင်း မပြည့်မီသေးဘူး..."

ဗီရိုနီးစ် က ထိုစကားကို ကြားလိုက်ရသောအခါ အေးစက်သော လေသံဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"ရန်ပုံငွေအဖွဲ့ ကို ဘာလို့ ကိုလံဘတ်စ် ရန်ပုံငွေအဖွဲ့ လို့ နာမည် ပေးထားရတာလဲ... ကျွန်မတို့ အနေနဲ့ တိုက်ကြီး အသစ်တွေကို ရှာဖွေဖို့ လိုအပ်လို့ပဲ မဟုတ်ဘူးလား... တစ်နည်းအားဖြင့် အရည်အချင်းရှိတဲ့ လူသစ်တွေကို ရှာဖွေဖို့ လိုအပ်လို့ပဲလေ... ရိုအန် ဂရင်းဝုဒ် ရဲ့ လျှောက်ထားချက်ကို ပယ်ချဖို့ တကယ်ပဲ သေချာရဲ့လား..."

"ငါ သေချာတယ်..."

"တီ... တီ... တီ..."

ဗီရိုနီးစ် က တစ်ဖက်လူ နှင့် အပိုစကားများ ဆက်လက် ပြောဆိုမနေတော့ဘဲ ဖုန်းကို ချက်ချင်း ချပစ်လိုက်တော့သည်။

All Chapters