← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁ တီအယ်လ်အာရ် ဆေးရည်

အာရုံခံစားမှု တိုးမြှင့် ဆေးရည်သည် တကယ်တမ်းတွင် ညှဉ်းပန်းနှိပ်စက်ရာ၌ သုံးသော ဆေးရည် ဖြစ်လေသည်။

ထိုဆေးရည်ကို သောက်သုံးမိသူ၏ ခန္ဓာကိုယ်ရှိ အာရုံခံစားမှု အားလုံးသည် အဆပေါင်းများစွာ တိုးပွားလာမည် ဖြစ်သည်။ ဥပမာအားဖြင့် မိတ်ကပ်စုတ်တံက လစ်ဒီယာ၏ လည်ပင်း အသားအရေကို ထိတွေ့သွားသည့် တစ်ခဏတွင် မူလက အနည်းငယ် ယားယံရုံသာ ရှိမည် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ လစ်ဒီယာ တစ်ယောက် ဘဝကိုပင် သံသယဝင်သွားရလောက်အောင် အစွန်းကုန် ယားယံသွားစေခဲ့သည်။

ရိုအန်က လစ်ဒီယာ၏ လက်မောင်းကို အနည်းငယ် ဆွဲညှစ်လိုက်သောအခါ မူလက သာမန် နာကျင်မှုလေးသာ ဖြစ်သော်လည်း ချက်ချင်းပင် လက်မောင်း ရုတ်တရက် အချိုးခံလိုက်ရသည့်အလား ပြင်းထန်သော နာကျင်မှုကြီး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မိတ်ကပ်စုတ်တံက အောက်ဘက်သို့ တရွေ့ရွေ့ ဆင်းသက်သွားချိန်တွင် လစ်ဒီယာ တစ်ယောက် ရိုအန်၏ ဘေးတိုက် မျက်နှာသွင်ပြင်ကို ကြည့်ရင်း မျက်လုံးများထဲ၌ အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။

ရိုအန်က အရက်ခွက်ကို ယူ၍ လစ်ဒီယာအတွက် အရက် တစ်ခွက် ငဲ့ပေးလိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ တိုက်လိုက်ပြီး အလောတကြီး မသောက်ရန် အချက်ပြလိုက်ကာ ခေါင်းစောင်း၍ မေးမြန်းလိုက်သည်။

"ဘယ်လိုလဲ... ဆက်လုပ်ရဦးမလား..."

လည်ချောင်းများ ခြောက်သွေ့ကာ အသံများ အက်ကွဲနေသော လစ်ဒီယာက မျက်လုံးများ နီရဲလျက် အသနားခံသည့် မျက်နှာထားဖြင့် ခေါင်းကို အကြိမ်ကြိမ် ခါယမ်းကာ အလျင်အမြန် ငြင်းဆန်လိုက်သည်။

"မမဟုတ်ဘူး... မလုပ်ပါနဲ့တော့..."

အဖြူရောင်မှ အဝါရောင်သို့ ပြောင်းလဲသွားသော မိတ်ကပ်စုတ်တံကို ဘေးသို့ ပစ်ချလိုက်ပြီးနောက် ရိုအန်က မိတ်ကပ်စုတ်တံ အသစ် တစ်ချောင်းကို ထပ်မံ ထုတ်ယူလိုက်သည်။ ထို့နောက် မြေပြင်ပေါ်မှ ဘောပင်ကို ကောက်ယူကာ ဆက်လက် မေးမြန်းလိုက်သည်။

"ဒါဆိုလည်း ပြောပြလေ... ဒီအရာက တကယ်တမ်း ဘာကြီးလဲ... သူ့ရဲ့ ပါဝင်ပစ္စည်း တွေက ဘာတွေလဲ..."

မျက်စိရှေ့ရှိ ဘောပင်နှင့် မိတ်ကပ်စုတ်တံကို ကြည့်ရင်း လစ်ဒီယာ တစ်ယောက် ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်အောင် ဖြစ်နေရသည်။ မိမိကိုယ်ကို အထင်ကြီးလွန်းခဲ့သလို ရိုအန် ပြောခဲ့သော ညှဉ်းပန်း နှိပ်စက်မှု ဆိုသည်ကိုလည်း အထင်သေးခဲ့မိသည်။

မိန်းမသားများသည် ရေဖြင့် ဖွဲ့စည်းထားသည် ဆိုသော စကားမှာ မမှားသော်လည်း ထိုရေများသည် အလိုအလျောက် ထွက်ပေါ်လာခြင်း မဟုတ်ဘဲ ခမ်းခြောက်သွားပါက အပြင်ဘက်မှ ပြန်လည် ဖြည့်တင်းပေးရန် လိုအပ်လေသည်။ အရာရာတိုင်းတွင် အတိုင်းအတာ တစ်ခု ရှိရန် လိုအပ်ကြောင်း လက်တွေ့ အဖြစ်အပျက်များက သက်သေပြနေသည်။ လွန်ကျူးခြင်းသည် မပြည့်မီခြင်းနှင့် အတူတူပင် ဖြစ်သည် ဆိုသော စကားမှာ အရှေ့တိုင်း ရှေးဟောင်း ပညာရှိများ၏ ဉာဏ်ပညာ ပင် ဖြစ်လေသည်။

အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် လစ်ဒီယာက တုန်ရီနေသော ခြေလက်များကို ထိန်းချုပ်ကာ ပို၍ သက်သောင့်သက်သာ ရှိမည့် ကိုယ်ဟန် အနေအထားသို့ ပြောင်းလဲလိုက်သည်။ ထို့နောက် ရိုအန်ကို တုန်ရီသော လေသံဖြင့် ရှင်းပြလေသည်။

"ဘောပင် ထဲက ဆေးရည်ရဲ့ နာမည် အပြည့်အစုံကို ငါလည်း မသိဘူး... အန်အက်စ်အေ က လူတွေက အဲ့ဒါကို တီအယ်လ်အာရ် ဆေးရည် လို့ အမြဲ ခေါ်ကြတယ် ဆိုတာလောက်ပဲ သိတယ်... သူ့ရဲ့ ပါဝင်ပစ္စည်း တွေကတော့ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဆေး... မူးယစ်ဆေးဝါး နဲ့ အကိုက်အခဲ ပျောက်ဆေး အစရှိတဲ့ ဆေးရည်တွေရဲ့ အဆီအနှစ် တွေကို ရောစပ်ထားတာပဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်၏ ရင်ထဲတွင် တုန်လှုပ်သွားသော်လည်း မျက်နှာပေါ်ရှိ အမူအရာကိုမူ မပြောင်းလဲစေဘဲ ဆက်လက် မေးမြန်းလိုက်သည်။

"သူ့ရဲ့ အာနိသင် က ဘာလဲ..."

"တခြား သူတွေကို ထိန်းချုပ်ဖို့ပဲ..."

စကား စတင် ပြောဆိုပြီးပြီ ဖြစ်ရာ ဆက်လက် ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။ အထူးသဖြင့် ရိုအန်၏ လက်ထဲရှိ မိတ်ကပ်စုတ်တံ တစ်ချက် လှုပ်ရှားသွားတိုင်း လစ်ဒီယာ၏ ခန္ဓာကိုယ် ကလည်း မသိစိတ်၏ စေ့ဆော်မှုအရ လိုက်ပါ တုန်ရီသွားရသည်။ ရိုအန်၏ မေးခွန်းကို ကြားလိုက်ရပြီးနောက် လစ်ဒီယာက တုံ့ဆိုင်းနေခြင်း လုံးဝ မရှိဘဲ တိုက်ရိုက် ရှင်းပြလေသည်။

"ပစ်မှတ်ထား ခံရတဲ့ သူက ဒီဆေးရည်ကို သောက်သုံးပြီးသွားရင်... အချိန် အတိုင်းအတာ တစ်ခု အထိ ထင်ယောင်ထင်မှား ဖြစ်နေတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်... အဲ့ဒီအချိန်မှာ အန်အက်စ်အေ က လူတွေက ပစ်မှတ်ထား ခံရသူကို စကားလုံး တချို့ ထပ်တလဲလဲ ပြောဆို လိမ့်မယ်... ဆေးကြိမ်ဖန်များစွာ သောက်သုံးပြီး ထင်ယောင်ထင်မှား ဖြစ်နေတဲ့ အခြေအနေကို ရောက်သွားပြီးတဲ့ နောက်မှာတော့... ပစ်မှတ်ထား ခံရသူရဲ့ မသိစိတ် ထဲမှာ အန်အက်စ်အေ က လူတွေ ပြောခဲ့တဲ့ စကားတွေကို မှတ်မိနေလိမ့်မယ်... အဲ့ဒီနောက် အရေးကြီးတဲ့ အချိန်တွေ ရောက်လာရင် ပစ်မှတ်ထား ခံရသူက အန်အက်စ်အေ မျှော်လင့်ထားတဲ့ အတိုင်း အလုပ်တွေကို လုပ်ဆောင် လိမ့်မယ်... ဒါ့အပြင် အဲ့ဒီထဲမှာ ပါဝင်တဲ့ မူးယစ်ဆေးဝါး အဆီအနှစ် တွေကို အန်အက်စ်အေ က ထပ်မံ ပြုပြင် မွမ်းမံထားတဲ့ အတွက်... ဒီဆေးရည်ကို သောက်သုံးတဲ့ သူတွေက ပထမ တစ်ကြိမ် သောက်ပြီးတာနဲ့ တစ်သက်လုံး ဖြတ်လို့ မရနိုင်တော့တဲ့ စွဲလမ်းမှု မျိုးကို ဖြစ်ပေါ်စေလိမ့်မယ်... နောက်တစ်ကြိမ် ဆေးစွဲတဲ့ ဒဏ်ကို ခံစားရပြီး ခန္ဓာကိုယ် မသက်မသာ ဖြစ်လာတဲ့ အချိန်ကျရင်... ပစ်မှတ်ထား ခံရသူက သူ့ကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ခဲ့တဲ့ သူကို မသိစိတ် ကနေ လိုက်ရှာ လိမ့်မယ်... အဲ့ဒါကြောင့်..."

"အဲ့ဒါကြောင့် ငါသာ ဒီဆေးရည်ကို သောက်လိုက်မိရင်... တစ်သက်လုံး မင်းရဲ့ ထိန်းချုပ်မှုကို ခံရတော့မယ်... ခန္ဓာကိုယ် မသက်မသာ ဖြစ်လာတာနဲ့ မင်းဆီကို မသိစိတ် ကနေ လာပြီး နှစ်သိမ့်မှု တောင်းခံ လိမ့်မယ်... အချိန်ကြာလာတာနဲ့ အမျှ ခန္ဓာကိုယ် က ပိုပိုပြီး မသက်မသာ ဖြစ်လာပြီး... မင်းဆီက နှစ်သိမ့်မှု လာတောင်းခံတဲ့ အကြိမ်အရေအတွက် ကလည်း ပိုများလာပြီး သံသရာလည် နေတော့မှာပေါ့... အရေးကြီးတဲ့ အချိန် တစ်ခုခု ရောက်လာရင် မင်း ငါ့ကို ညို့ယူထားတဲ့ အတိုင်း... ငါ့ကို လုပ်ခိုင်းတဲ့ ကိစ္စတွေကို ငါက မသိစိတ် ကနေ လုပ်ဆောင်မိ လိမ့်မယ်... ဟုတ်တယ် မလား..."

ရိုအန်က ခေါင်းညိတ် ထောက်ခံလိုက်သည်။ လစ်ဒီယာ၏ စကားများကို သူ ကောင်းစွာ နားလည် သဘောပေါက်သွားသလို အတိတ်ဘဝက ဝါရင့် လူသတ်သမားကြီး သူ့ကို ပြောပြခဲ့ဖူးသော ကိစ္စအချို့ကိုလည်း သတိရသွားသည်။

၁၉၅၀ နှင့် ၁၉၆၀ ခုနှစ် ဝန်းကျင် ကာလများတွင် စီအိုင်အေ သည် နာမည်ဆိုးဖြင့် ကျော်ကြားလှသော အမ်ကေ-အာထရာ စီမံကိန်း တစ်ခုကို လုပ်ဆောင်ခဲ့ဖူးသည်။ ထိုစီမံကိန်း၏ အဓိက ရည်ရွယ်ချက်မှာ အခြားသူများကို ထိန်းချုပ်ရန် ဆေးဝါးများကို မည်သို့ အသုံးပြုရမည် ဆိုသည်ကို သုတေသန ပြုလုပ်ရန် ပင် ဖြစ်သည်။

ထိုကာလ အတွင်း၌ စီအိုင်အေ သည် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု စမ်းသပ်ချက် ပေါင်း တစ်ရာကျော်ကို ပြုလုပ်ခဲ့ပြီး သေဆုံးသွားသူ အရေအတွက်မှာ ရေတွက်၍ မရနိုင်အောင် များပြားလှသည်။ နောက်ပိုင်းတွင် သမ္မတ တစ်ဦး ရာထူးမှ ဆင်းပေးရပြီးနောက် ထိုစီမံကိန်းမှာလည်း အပေါ်ယံအားဖြင့် ရပ်ဆိုင်းသွားခဲ့လေသည်။

အပေါ်ယံအားဖြင့် ဟု ဆိုရခြင်းမှာ စမ်းသပ်မှု ပြုလုပ်သော ဌာနသည် စီအိုင်အေ ဖြစ်နေသောကြောင့် ပင် ဖြစ်သည်။ စီအိုင်အေ ၏ လုပ်ရပ်များကို မည်သူက မသိဘဲ နေမည်နည်း။ အန်အက်စ်အေ နှင့် စီအိုင်အေ တို့မှာ အလွန် ရင်းနှီးသော အဆက်အသွယ် ရှိကြရာ ထိုဆေးရည် အချို့ကို ရရှိသွားခြင်းက သာမန် ကိစ္စရပ် တစ်ခုသာ ဖြစ်လေသည်။

တီအယ်လ်အာရ် ဆေးရည်ထဲမှ အယ်လ် အက္ခရာသည် အယ်လ်အက်စ်ဒီ ဟု ခေါ်သော ထင်ယောင်ထင်မှား ဖြစ်စေသည့် ဆေးကို ကိုယ်စားပြုနေခြင်း ဖြစ်နိုင်ချေ များသည်။ ထိုဆေးသည် အခြား ဆေးဝါးများနှင့် ရောစပ်လိုက်ပါက လူကို စိတ်ကစဉ့်ကလျား ဖြစ်စေကာ ဉာဏ်ရည် ဉာဏ်သွေးများကို ဆုံးရှုံးသွားစေနိုင်သည်။

ကျန်ရှိနေသော တီ နှင့် အာရ် တို့မှာ မည်သည့် အရာများ ဖြစ်ကြောင်း ရိုအန် မသိရှိသော်လည်း ကောင်းမွန်သော အရာများတော့ လုံးဝ မဖြစ်နိုင်ကြောင်း သေချာလှပေသည်။

"ငါ့ကို လွှတ်ပေးလို့ ရမလား ရိုအန်... ငါ မှားသွားပါတယ်... တောင်းပန်ပါတယ်... တကယ်ကို တောင်းပန်ပါတယ်..."

မိမိ၏ စကားကို နားထောင်ပြီးနောက် ရိုအန် တစ်ယောက် ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါ လစ်ဒီယာက တီးတိုး ပြောဆိုလိုက်သည်။

"ဒါပေမဲ့ နင် စိတ်ပူစရာ မလိုပါဘူး... မနေ့ညက နင်နဲ့ ပထမဆုံး အကြိမ် တွေ့တုန်းက... နင်က မိုနာ အီဗန် ရဲ့ အသင်းဖော် မှန်း ငါ မသိခဲ့ဘူးလေ... အဲ့ဒါကြောင့် နင့်ကို တီအယ်လ်အာရ် ဆေးရည် အသုံးမပြုခဲ့ပါဘူး... ဒီနေ့ မွန်းလွဲပိုင်း အိပ်ရာက နိုးလာပြီး သတင်း ပြန်လည် ထုတ်လွှင့်ချက် ကို ကြည့်လိုက်ရမှ... နင့်ရဲ့ ကိုယ်ရေး နောက်ခံကို ငါ သိသွားခဲ့တာ... အဲ့ဒါကြောင့် နင့်ကို တီအယ်လ်အာရ် ဆေးရည် သုံးဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တာပါ... ဒါပေမဲ့ နင့်ရဲ့ ရိပ်မိတာကို ခံလိုက်ရတယ်လေ..."

လစ်ဒီယာ၏ စကားကို ကြားလိုက်ရသောအခါ ရိုအန် တစ်ယောက် အံ့ဩသွားသည်။ မနေ့ညက တီအယ်လ်အာရ် ဆေးရည် အသုံးမပြုခဲ့ဘူး ဆိုပါက ယနေ့ အိပ်ရာမှ နိုးလာချိန်တွင် မိမိ၏ ခါးက ဘာကြောင့် ထိုမျှလောက် နာကျင်နေရသနည်း။ တကယ်ပဲ ခန္ဓာကိုယ် လေ့ကျင့်ခန်း လိုအပ်နေ၍များလား။ လုံးဝ မဖြစ်နိုင်ပေ။ လုံးဝကို မဖြစ်နိုင်ချေ။ ယောကျ်ား တစ်ယောက်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်လာပါက ယောကျ်ားများ၏ ပါးစပ်မှာ စိန်ထက်ပင် မာကျောနေတတ်သည် မဟုတ်ပါလား။

ရိုအန် ဂရင်းဝုဒ် အနေဖြင့် အရင်က အမျိုးသမီးများနှင့် အချိန်ဖြုန်းခဲ့ဖူးသည်မှာ မှန်သော်လည်း အက်ဖ်ဘီအိုင် ၏ အလုပ်သင် စုံထောက်သစ် တစ်ယောက် ဖြစ်လာပြီးကတည်းက နှစ်လကျော် ကာလ အတွင်း မည်သည့် အမျိုးသမီး နှင့်မျှ ပတ်သက်မှု မရှိခဲ့ချေ။ နေ့စဉ် ဘဝမှာ ရုံးခန်း အတွင်း ထိုင်နေရခြင်း သက်သက်သာ ဖြစ်ပြီး ခန္ဓာကိုယ် လေ့ကျင့်ခန်း ဆို၍လည်း တစ်ခါတစ်ရံ ဒိုက်ထိုး လေ့ကျင့်ခန်း အနည်းငယ် ပြုလုပ်ရုံမျှသာ ရှိလေသည်။

ရိုအန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စကားလမ်းကြောင်း လွှဲကာ ပြုံးလျက် မေးမြန်းလိုက်သည်။

"နောက်ဆုံး မေးခွန်း တစ်ခုပဲ လစ်ဒီယာ... အဲ့ဒါကို ဖြေပြီးသွားရင် မင်းကို ငါ လွှတ်ပေးမယ်..."

လစ်ဒီယာက ခေါင်းညိတ်ပြလိုက်သော်လည်း ရိုအန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာ အမူအရာက ချက်ချင်း တောင့်တင်းသွားတော့သည်။

"မင်းရဲ့ အရင် ခင်ပွန်းတွေ က တကယ်တမ်း ဘယ်လို သေဆုံးသွားခဲ့ကြတာလဲ..."

လစ်ဒီယာ တစ်ယောက် ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါ ရိုအန်က ပြုံးလျက် လက်ထဲရှိ မိတ်ကပ်စုတ်တံကို တစ်ချက် ခါယမ်းပြလိုက်သည်။

မိမိ၏ ခန္ဓာကိုယ်က မသိစိတ်၏ စေ့ဆော်မှုအရ တစ်ဖက်လူ၏ မိတ်ကပ်စုတ်တံဆီသို့ တိုးကပ်သွားကြောင်း ခံစားလိုက်ရသောအခါ လစ်ဒီယာ၏ ရင်ထဲတွင် အလွန်အမင်း နာကျင် ဝမ်းနည်းသွားရသည်။ ရိုအန်ကို မုန်းတီးမှုမှာ အနည်းငယ်မျှသာ ဖြစ်ပြီး စောစောက ပါးစပ် ဖွာခဲ့မိသော မိမိကိုယ်ကို ပို၍ မုန်းတီးနေမိသည်။

ဘာဖြစ်လို့များ ပါးစပ် ဖွာခဲ့မိသနည်း။ အရက် သောက်ပြီးလျှင်လည်း မေးခွန်းများကို ဖြေရမည်ဖြစ်ပြီး အလကား နှိပ်စက် ခံရရုံ သက်သက်သာ ဖြစ်မည်ဟု ရိုအန် က အစကတည်းက ကြိုတင် သတိပေးထားခဲ့သည် မဟုတ်ပါလား။ လစ်ဒီယာ တစ်ယောက် မိမိကိုယ်ကို အပြစ်တင် နေမိတော့သည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လစ်ဒီယာက နောက်ဆုံးတွင် ရိုအန်၏ မေးခွန်းကို ဖြေကြားရန် ရွေးချယ်လိုက်သည်။ သို့သော် မဖြေကြားမီ သူမ၏ တောင်းဆိုချက် တစ်ခုကို ကြိုတင် တင်ပြလိုက်သည်။

"ဒီမေးခွန်းကို ငါ ဖြေနိုင်ပါတယ်... ဒါပေမဲ့ အက်ဖ်ဘီအိုင် ရဲ့ သက်သေ ကာကွယ်ရေး အစီအစဉ် ကို ငါ လျှောက်ထားချင်တယ်... အဲ့လိုမှ မဟုတ်ရင် နင် ငါ့ကို သေတဲ့အထိ နှိပ်စက်ရင်တောင် ဒီကိစ္စကို ငါ လုံးဝ ပြောပြမှာ မဟုတ်ဘူး..."

ရိုအန်၏ မျက်နှာ အမူအရာက အနည်းငယ် မည်းမှောင်သွားသည်။ ဤကိစ္စ၏ နောက်ကွယ်ရှိ လျှို့ဝှက်ချက်က သာမန် မဟုတ်ကြောင်း သူ သတိပြုမိသွားသည်။

လစ်ဒီယာ နောက်မှ ပြောလိုက်သော သေသည့်အထိ နှိပ်စက်ခံမည် ဆိုသည့် စကားကိုမူ ရိုအန် အနေဖြင့် အနည်းငယ်မျှပင် မယုံကြည်ချေ။ အဘယ်ကြောင့်ဆိုသော် လစ်ဒီယာ ထိုစကားကို ပြောနေချိန်တွင် သူမ၏ ခန္ဓာကိုယ်က မိတ်ကပ်စုတ်တံဆီသို့ အဆက်မပြတ် တိုးဝှေ့ ပွတ်သပ်နေသောကြောင့် ပင် ဖြစ်သည်။ မည်သို့ပင် ကြည့်စေကာမူ ဆက်လက် နှိပ်စက်ခံရမည်ကို ကြောက်ရွံ့နေသည့် ပုံစံမျိုး လုံးဝ မပေါ်လွင်ချေ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရိုအန်က လစ်ဒီယာ၏ တောင်းဆိုချက်ကို ခေါင်းညိတ် သဘောတူလိုက်သည်။ သို့သော် သူမကို ချက်ချင်း စကားမပြောခိုင်းသေးဘဲအခန်း အတွင်းရှိ ထောင့်စုံများတွင် တစ်စုံတစ်ခုကို ထပ်မံ ရှာဖွေ လှန်လှော နေလိုက်သည်။

လစ်ဒီယာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

"နင် ဘာရှာနေတာလဲ..."

"အခန်း ထဲမှာ မင်းကို ကြားဖြတ် နားထောင်နေတဲ့ ကိရိယာလေးတွေ ရှိမရှိ စစ်ဆေးနေတာလေ..."

အစောပိုင်းက လစ်ဒီယာ၏ ကိုယ်ရေး နောက်ခံ အထောက်အထား များကို အခန်းထဲတွင် ရှာဖွေစဉ်ကတည်းက ကြားဖြတ် နားထောင်သည့် ကိရိယာ များကို ရိုအန် မတွေ့ရှိခဲ့ရပေ။ သို့သော် သတိထားခြင်းက အမှား မရှိနိုင်ချေ။ နောက်တစ်ကြိမ် ထပ်မံ ရှာဖွေခြင်းကလည်း ခွန်အား အများကြီး စိုက်ထုတ်ရမည် မဟုတ်ရာ အသေးစိတ် ဂရုစိုက်ခြင်းက အမြဲတမ်း ကောင်းမွန်သည့် အရာပင် ဖြစ်လေသည်။

ခဏအကြာတွင် ရိုအန် ထပ်မံ ရှာဖွေ ပြီးစီးသွားသော်လည်း မည်သည့် ကြားဖြတ် နားထောင်သည့် ကိရိယာ ကိုမှ မတွေ့ရှိခဲ့ရချေ။ ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ လစ်ဒီယာ လည်း သက်ပြင်းချနိုင်သွားတော့သည်။

ရိုအန်က ကုတင် ဘေးသို့ ပြန်လည် ထိုင်ချလိုက်ပြီး လစ်ဒီယာ၏ နှုတ်ခမ်းများ အနည်းငယ် ခြောက်သွေ့ အက်ကွဲနေသည်ကို မြင်လိုက်ရသဖြင့် သူမအတွက် အရက် တစ်ခွက် ထပ်မံ ငဲ့ပေးလိုက်သည်။

"အိုကေ... မင်း ပြောလို့ ရပြီ..."

ခြေလက်များ ချည်နှောင် ခံထားရဆဲ ဖြစ်သော လစ်ဒီယာက ကျေးဇူးတင် စကားဆိုလိုက်ပြီး အရက် တစ်ငုံကို ညင်သာစွာ သောက်လိုက်သည်။

"ကျေးဇူးပဲ..."

မိတ်ကပ်စုတ်တံ မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ သူမ မသိစိတ်၏ စေ့ဆော်မှုအရ သက်ပြင်း တစ်ချက် ချလိုက်မိသည်။ သတိပြန်ဝင်လာပြီးနောက် လစ်ဒီယာက ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး ရင်ထဲရှိ ထူးဆန်းသော အတွေးများကို ဘေးသို့ ဖယ်ရှားလိုက်သည်။ ထို့နောက် လေးနက် တည်ကြည်သော မျက်နှာထားဖြင့် ရှင်းပြလေသည်။

"ဒါက အန်အက်စ်အေ ရဲ့ အထက်လူကြီး တစ်ယောက် က... အက်ဖ်ဘီအိုင် ကို ဖုံးကွယ်ပြီး တိတ်တဆိတ် လုပ်ဆောင်နေတဲ့ စီမံကိန်း တစ်ခုပဲ…”

All Chapters