အခန်း ၅၂
Vol. 6 Ch. 52
အခန်း ၅၂ အတိုင်းအတာ ကြီးမားသော ငွေညှစ် ထောင်ချောက်
ရိုအန်၏ မျက်နှာပေါ်ရှိ နားမလည်နိုင်သည့် အမူအရာကို မြင်တွေ့လိုက်ရသောအခါ လစ်ဒီယာက မေးမြန်းလိုက်သည်။
"ဖက်ဒရယ် အစိုးရက နှစ်စဉ် နိုင်ငံခြားကနေ ထွက်ပြေးလာတဲ့ ရာဇဝတ်ကောင် ဘယ်လောက် အများကြီးကို လက်ခံထားလဲ ဆိုတာ နင် သိလား..."
ဤကိစ္စကို ရိုအန် တကယ်ပင် မသိရှိပေ။ ယခုဘဝတွင်သာမက အတိတ်ဘဝကပါ ဤကဲ့သို့သော သတင်းအချက်အလက်များကို သူ တစ်ခါမျှ ဂရုမစိုက်ခဲ့ဖူးချေ။
လစ်ဒီယာက ရိုအန်ထံမှ အဖြေကို မျှော်လင့်မနေဘဲ သူမဘာသာ ဆက်လက် ရှင်းပြလေသည်။
"လွန်ခဲ့တဲ့ နှစ်သုံးဆယ် လောက်က စပြီး တရားဝင် ဖြစ်စေ တရားမဝင် နည်းလမ်းတွေနဲ့ ဖြစ်စေ ဖက်ဒရယ် နိုင်ငံတော် အတွင်းကို ဝင်ရောက်လာတဲ့ တခြားနိုင်ငံတွေက ထွက်ပြေးလာသူ အရေအတွက်က မယုံနိုင်လောက်အောင် တိုးပွားလာတယ်... သာမန် လူသတ်သမားတွေကို အန်အက်စ်အေ က ဂရုမစိုက်ဘူး... သူတို့ အဓိက ပစ်မှတ်ထားတာက မိခင်နိုင်ငံကနေ ငွေကြေး အမြောက်အမြား ခိုးယူလာပြီး ဒေါ်လာ အဖြစ် ပြောင်းလဲကာ ဖက်ဒရယ် နိုင်ငံတော်ထဲကို ဝင်ရောက်လာတဲ့ နိုင်ငံရေး ခိုလှုံသူတွေပဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်၏ မျက်နှာပေါ်တွင် နားလည် သဘောပေါက်သွားသည့် အမူအရာ ပေါ်လာသည်။ တစ်စုံတစ်ခုကို ခန့်မှန်းမိသွားပြီး မေးမြန်းလိုက်သည်။
"မင်းတို့က ဒီနိုင်ငံရေး ရာဇဝတ်ကောင် တွေကို တိုက်ရိုက် သတ်ပစ်ပြီး သူတို့ဆီက ငွေတွေကို ယူလိုက်တာလား..."
"မဟုတ်ဘူး... အဲ့ဒီလောက် မလွယ်ကူဘူး..."
ထိုစကားကို ကြားလိုက်ရသောအခါ လစ်ဒီယာက ရိုအန်ကို မျက်စောင်း တစ်ချက် ထိုးလိုက်သည်။ အန်အက်စ်အေ အထက်လူကြီး၏ နည်းလမ်းများက ထိုမျှလောက် ကြမ်းတမ်းနေမည် ဆိုပါက အက်ဖ်ဘီအိုင် ၏ မျက်စိဒေါက်ထောက် ကြည့်ရှုခြင်းကို ခံရမည် ဖြစ်ပြီး အန်အက်စ်အေ အတွင်းရေး ကလည်း ထိုသူကို အလွတ်ပေးမည် မဟုတ်ချေ။
"ငါ့အဖေ သေဆုံးသွားခါစ အချိန်တုန်းက အမွေဆက်ခံခွန် အများကြီး ပေးဆောင်ရဖို့ ရှိနေခဲ့တယ်... အဲ့ဒီအချိန်က ငါ့မှာ ပိုက်ဆံ လုံးဝ မရှိခဲ့ဘူး..."
ဖခင်ဖြစ်သူ အကြောင်းကို ပြောလိုက်ရသဖြင့် လစ်ဒီယာ၏ အသံမှာ အနည်းငယ် လေးလံသွားသည်။
"ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ အချိန်မှာပဲ အန်အက်စ်အေ က လူတွေ ငါ့ဆီ ရောက်လာတယ်... သူတို့ရဲ့ တာဝန် တစ်ခုကို ပြီးမြောက်အောင် လုပ်ပေးမယ် ဆိုရင် ငွေကြေး အမြောက်အမြား ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်... အဲ့ဒီငွေတွေက ကျိန်ဆဲချင်စရာ ကောင်းလှတဲ့ အမွေဆက်ခံခွန် ကို ပေးဆောင်ဖို့ လုံလောက်တယ်လေ..."
"မင်း သဘောတူလိုက်တာပေါ့..."
"မှန်တယ်... အန်အက်စ်အေ က တာဝန်ခံရဲ့ ကမ်းလှမ်းချက်ကို ငါ တုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်း လက်ခံလိုက်တယ်..."
လစ်ဒီယာ၏ မျက်နှာ အမူအရာက အတော်လေး ကြည့်ရဆိုးနေသည်။ ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် ချန်ထားရစ်ခဲ့သော ဘားဆိုင်ခွဲများနှင့် သူမ၏ လှပသော မျက်နှာသွင်ပြင်သည် ထိုအချိန်က သေမင်းခေါ်သံအလား ဖြစ်နေခဲ့သည်။ လူအများအပြားက သူမကို အငမ်းမရ မျက်စိကျနေခဲ့ကြလေသည်။
"ငါ သဘောတူလိုက်ပြီးတဲ့ နောက်မှာ အန်အက်စ်အေ က တာဝန်ခံ က ဖိုင်တွဲ တစ်ခု ပေးလာတယ်... အဲ့ဒီထဲမှာ အမျိုးသား တစ်ယောက်ရဲ့ ကိုယ်ရေး အချက်အလက် တွေ ပါဝင်ပြီး တစ်နှစ် အတွင်း အဲ့ဒီလူနဲ့ မဖြစ်မနေ လက်ထပ်ရမယ် လို့ ပြောတယ်... အဲ့ဒီလူက ငါ အသက် နှစ်ဆယ့်နှစ်နှစ် အရွယ်မှာ လက်ထပ်ခဲ့တဲ့ ပထမဆုံး ခင်ပွန်းပဲ... သူ့ရဲ့ ဖခင်က လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက အနောက်ဥရောပ ကနေ ငွေကြေး အမြောက်အမြား ယူဆောင်ပြီး ဖက်ဒရယ် နိုင်ငံတော် ထဲကို ခိုးဝင်လာတဲ့ နိုင်ငံရေး ရာဇဝတ်ကောင် တစ်ယောက် ဖြစ်တယ်... ပြီးတော့ လွန်ခဲ့တဲ့ တစ်နှစ်ကပဲ အဲ့ဒီ နိုင်ငံရေး ရာဇဝတ်ကောင် က သဘာဝ အတိုင်း သေဆုံးသွားခဲ့တယ်..."
ဤနေရာသို့ ရောက်သောအခါ ရိုအန် တစ်ယောက် အဖြစ်အပျက် အားလုံးကို ရှင်းလင်းစွာ သဘောပေါက်သွားတော့သည်။
ဖက်ဒရယ် နိုင်ငံတော် အတွင်းသို့ ထွက်ပြေး ခိုလှုံလာသော အခြားနိုင်ငံများမှ နိုင်ငံရေး ရာဇဝတ်ကောင် အများစုမှာ အက်ဖ်ဘီအိုင် ၏ စောင့်ကြည့် စာရင်းတွင် ပါဝင်နေပြီးသား ဖြစ်သည်။ သို့သော် ထိုသူများသည် နိုင်ငံတော် အတွင်း၌ မှုခင်း ကျူးလွန်ခြင်း မရှိသရွေ့ အက်ဖ်ဘီအိုင် အနေဖြင့် သွားရောက် ဖမ်းဆီးရန် စိတ်ဝင်စားလေ့ မရှိချေ။
အန်အက်စ်အေ မှ အထက်လူကြီး တစ်ဦးက ခိုးဝင်လာသော ထိုနိုင်ငံရေး ရာဇဝတ်ကောင် များကို မျက်စိကျသွားခဲ့ခြင်း ဖြစ်သည်။ တိတိကျကျ ဆိုရလျှင် ထိုရာဇဝတ်ကောင် များ၏ ငွေကြေးများကို ပစ်မှတ်ထား လိုက်ခြင်း ပင် ဖြစ်သည်။
နိုင်ငံရေး ရာဇဝတ်ကောင် များကို တိုက်ရိုက် သတ်ဖြတ်ပစ်ရန်မှာ သင့်တော်မှု မရှိပေ။ အန်အက်စ်အေ အထက်လူကြီး အနေဖြင့် အက်ဖ်ဘီအိုင် နှင့် အကျိုးအမြတ် ခွဲဝေယူလိုခြင်း မရှိသကဲ့သို့ အက်ဖ်ဘီအိုင် ၏ အာရုံစိုက်မှုကိုလည်း မခံချင်သောကြောင့် ဤငွေကြေး များကို တိတ်တဆိတ် တစ်ယောက်တည်း သိမ်းပိုက်လိုခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့၏ အကြည့်များက နိုင်ငံရေး ရာဇဝတ်ကောင် များ၏ နောက်တက်လာမည့် မျိုးဆက်သစ် များဆီသို့ ရောက်ရှိသွားတော့သည်။ အက်ဖ်ဘီအိုင် သည် အများအားဖြင့် နိုင်ငံရေး ရာဇဝတ်ကောင် များကိုသာ အဓိကထား စောင့်ကြည့်လေ့ ရှိပြီး မျိုးဆက်သစ် များကိုမူ သိပ်ပြီး စိတ်ဝင်စားလေ့ မရှိချေ။
အမွေလုသည့် မိသားစု အတွင်းရေး ပြဿနာ များကိုလည်း အက်ဖ်ဘီအိုင် က ဝင်ရောက် စွက်ဖက်မည် မဟုတ်ပေ။ ဤအချက်ကပင် အန်အက်စ်အေ အထက်လူကြီး အတွက် အခွင့်အရေး တစ်ရပ် ဖြစ်လာစေခဲ့သည်။
နောက်ဆက်တွဲ အဖြစ်အပျက်များမှာ အလွန် ချောမွေ့စွာ စီးဆင်းသွားတော့သည်။ နိုင်ငံရေး ရာဇဝတ်ကောင် ၏ သားဖြစ်သူနှင့် လက်ထပ်ရန် မိန်းကလေး တစ်ယောက်ကို ရှာဖွေမည်။ မိသားစု၏ ပိုင်ဆိုင်မှုများ၊ အမျိုးမျိုးသော စကားဝှက်များ၊ ကုမ္ပဏီ စာချုပ်စာတမ်း များကို စုံစမ်း ဖော်ထုတ်မည်။ ထို့နောက် ဒုတိယ မျိုးဆက်ဖြစ်သူကို သတ်ပစ်လိုက်မည်။
ဒုတိယ မျိုးဆက် သေဆုံးသွားပြီးနောက် မိန်းကလေးက မိသားစု အတွင်းမှ ထွက်ခွာသွားမည်။ မထွက်ခွာမီ ငွေမက်၍ လက်ထပ်ခဲ့သည် ဆိုသော နာမည်ဆိုးကို ဖျောက်ဖျက်ရန် အတွက် သေဆုံးသူ၏ ဆွေမျိုးများအား ဟန်ဆောင်ပန်ဆောင်ဖြင့် ငွေကြေး အချို့ ချန်ထားရစ်ခဲ့မည်။
အန်အက်စ်အေ အထက်လူကြီး က မိန်းကလေး ထံမှ ရရှိသော သတင်း အချက်အလက် များအရ ဒုတိယ မျိုးဆက်၏ ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံမှု များကို နည်းလမ်းပေါင်းစုံ အသုံးပြု၍ ဖိနှိပ် ချုပ်ချယ်ကာ မိမိ၏ လက်အောက်သို့ ရောက်ရှိအောင် သိမ်းပိုက်လိုက်မည် ဖြစ်သည်။
ဤလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ဒုတိယ မျိုးဆက်၏ အိမ်ထောင်ပြုခြင်း သည် ပုံမှန် ကိစ္စရပ် တစ်ခုသာ ဖြစ်သဖြင့် အက်ဖ်ဘီအိုင် အနေဖြင့် သတိထားမိမည် မဟုတ်သလို ဇနီးသည်၏ ကိုယ်ရေး နောက်ခံကိုလည်း အချိန်ကုန်ခံ၍ စုံစမ်းနေမည် မဟုတ်ချေ။
သေဆုံးသူ၏ မိသားစုဝင် အချို့က လုပ်ငန်းစဉ် တစ်လျှောက်လုံး မည်သည့် မူမမှန်မှုကိုမျှ သတိမထားမိခဲ့ကြပေ။ ထို့အပြင် မိန်းကလေး က အမွေခွဲဝေယူရန် တောင်းဆိုခြင်း မရှိခဲ့သဖြင့် လူကောင်းလေး တစ်ယောက် ဖြစ်သည်ဟုပင် ကျေးဇူးတင် နေခဲ့ကြသေးသည်။
မိသားစုဝင် အချို့က မူမမှန်မှုများကို သတိထားမိပြီး မိန်းကလေး အပေါ် သံသယ ဝင်ခဲ့ကြသော်လည်း မည်သည့် သက်သေ အထောက်အထား ကိုမျှ ရှာမတွေ့နိုင်ခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် အန်အက်စ်အေ အထက်လူကြီး က လူလွှတ်၍ ခြေရာလက်ရာ အားလုံးကို ဖျောက်ဖျက် ပစ်ခဲ့သောကြောင့် ဖြစ်လေသည်။
ထို့အပြင် လစ်ဒီယာ ၏ ပြောပြချက်အရ သူမ၏ ခင်ပွန်းများ သေဆုံးရခြင်း အကြောင်းရင်းမှာ စီအိုင်အေ က အိန္ဒိယ မှ ကုန်ကြမ်းများ ရယူကာ တောင်အာရှ ဒေသထွက် ပစ္စည်းများနှင့် ပေါင်းစပ်၍ ထုတ်လုပ်ထားသော နောက်ဆုံးပေါ် ဆေးရည်သစ် တစ်မျိုးကြောင့် ဖြစ်သည်။ မှုခင်း ဆရာဝန်များ အနေဖြင့် ထိုဆေးရည်ကို လုံးဝ စစ်ဆေး တွေ့ရှိနိုင်မည် မဟုတ်ချေ။ ဤနည်းအားဖြင့် အန်အက်စ်အေ က ဦးဆောင် ညွှန်ကြားသော အတိုင်းအတာ ကြီးမားလှသည့် ငွေညှစ် ထောင်ချောက် ကြီးသည် ဖက်ဒရယ် နိုင်ငံတော်၏ ပြည်နယ် အသီးသီးတွင် အဆက်မပြတ် ဖြစ်ပွားနေခဲ့လေသည်။
ဤနှစ်များ အတွင်း အက်ဖ်ဘီအိုင် စုံထောက်များ အနေဖြင့် ပြဿနာကို သတိမထားမိခြင်း မဟုတ်ပေ။ သို့သော် အက်ဖ်ဘီအိုင် တွင် တိကျသော သက်သေ အထောက်အထား မရှိခဲ့ချေ။ အန်အက်စ်အေ ကလည်း နောက်ကွယ်မှနေ၍ လစ်ဟာချက် များကို အမြဲတမ်း ဖာထေး နေခဲ့သဖြင့် ဤကိစ္စရပ်ကြီးမှာ ယခု အချိန်အထိ တရားဝင် ပေါက်ကွဲ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
လစ်ဒီယာ ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရိုအန် တစ်ယောက် အလွန်အမင်း အံ့ဩတုန်လှုပ် သွားတော့သည်။
"ဒါဆို အပြင်မှာ ကောလာဟလ ထွက်နေတဲ့ မင်းလက်ထဲက ဘားဆိုင် တွေ တစ်ဖြည်းဖြည်း နည်းလာတယ် ဆိုတာက အတုအယောင် တွေပေါ့..."
ရိုအန် ၏ နှုတ်ခမ်းထောင့်များ တစ်ချက် တွန့်လိမ်သွားသည်။ လစ်ဒီယာ သည် တစ်ကြိမ် အိမ်ထောင်ပြုရုံဖြင့် အမွေဆက်ခံခွန် ပေးဆောင်ရန် လုံလောက်သော ငွေကြေးကို ရရှိခဲ့သည် ဆိုလျှင် ကျန်ရှိနေသော သုံးကြိမ် အတွက်ကော။ သူမ တကယ်တမ်း ငွေဘယ်လောက်တောင် ရရှိခဲ့သနည်း။ ထို့အပြင် အောက်ခြေ အဆင့်တွင် အလုပ်လုပ်နေရသော လစ်ဒီယာ ပင်လျှင် ဤမျှလောက် ချမ်းသာနေပြီ ဆိုတော့ အန်အက်စ်အေ အထက်လူကြီး ဆိုလျှင်။ ဆက်လက် မတွေးတောဝံ့တော့ချေ။ တွေးလေလေ ဒေါသထွက်လေလေ ပင် ဖြစ်သည်။
"အဖေ ချန်ထားခဲ့တဲ့ ဘားဆိုင်ခွဲ တွေကို ငါ တကယ် ရောင်းပစ်ခဲ့တာပါ... ဒါက အတုအယောင် မဟုတ်ပါဘူး..."
ရိုအန် ၏ မေးခွန်းကို ကြားလိုက်ရသောအခါ လစ်ဒီယာ က ပခုံးတွန့်ပြလိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ဆိုသည်။
"ငါက အဲ့ဒီငွေတွေ အကုန်လုံးကို အဆောက်အအုံ ဝယ်တဲ့ နေရာမှာ သုံးလိုက်တာပါ... မီးလျှံဘုရင်မ ဘား ဖွင့်ထားတဲ့ ဒီ နှစ်ဆယ့်နှစ်ထပ် အဆောက်အအုံ ကြီးရဲ့ သုံးပုံတစ်ပုံက ငါ့ပိုင်ဆိုင်မှု တွေချည်းပဲ..."
ရိုအန် တစ်ယောက် ဘာပြောရမှန်း မသိအောင် ဆွံ့အသွားရပြန်သည်။
'မင်းတို့ အလုပ်က ယောကျ်ားလေး ဝန်ထမ်းတွေများ မလိုဘူးလား...'
ရိုအန် က ခေါင်းခါယမ်းလိုက်ပြီး ဦးနှောက်ထဲရှိ အတွေးများကို အမှိုက်ပုံး အတွင်းသို့ ကန်ထုတ် လိုက်သည်။ ထို့နောက် လေးနက် တည်ကြည်သော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
"နောက်ပိုင်းကျရင် အန်အက်စ်အေ အထက်လူကြီး က ဒီကိစ္စကို ဖုံးကွယ်ထားဖို့ အတွက် မင်းတို့လို မိန်းကလေး တွေကို သတ်ပြီး နှုတ်ပိတ် ပစ်မှာကို မကြောက်ဘူးလား..."
"အစတုန်းကတော့ ငါ မကြောက်ခဲ့ပါဘူး... ဘာလို့လဲ ဆိုတော့ ငါ့ကို စတင် ဆက်သွယ်ခဲ့တဲ့ အန်အက်စ်အေ တာဝန်ခံ ဒေစီ ကိုယ်တိုင်က အရင် မျိုးဆက်တုန်းက ဒီလို တာဝန်မျိုးကို သီးသန့် လုပ်ဆောင်ခဲ့တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ပြီး သူမက အကောင်းပကတိ အသက်ရှင် နေလို့ပဲ... ဒေစီ အသက်ကြီးလာပြီး ဒီလို တာဝန်မျိုးကို ဆက်မလုပ်နိုင်တော့တဲ့ အချိန်ကျမှ တာဝန်ခံ အဖြစ် ပြောင်းလဲပြီး ငါတို့ကို ဆက်သွယ်ပေးရတဲ့ အလုပ် လုပ်တာလေ... တစ်ချိန်တည်းမှာပဲ ဒေစီ က ငါတို့ကို ဦးနှောက် ဆေးခဲ့သေးတယ်... အဲ့ဒီ နိုင်ငံရေး ရာဇဝတ်ကောင် တွေက သူတို့ နိုင်ငံရဲ့ အပြစ်သည် တွေပဲ တဲ့... သူတို့က ကိုယ့်နိုင်ငံက ပြည်သူတွေကို လိမ်လည် လှည့်စားပြီး အာဏာကို အလွဲသုံးစား လုပ်ကာ ငွေကြေး အမြောက်အမြား ရှာဖွေခဲ့ကြတယ်... အဲ့ဒါကြောင့် သူတို့ရဲ့ မျိုးဆက်တွေ ဆီကနေ ငွေပြန်ယူတာက တရားမျှတတဲ့ လုပ်ရပ် တစ်ခုပဲလို့ ပြောခဲ့တယ်..."
ဤနေရာသို့ ရောက်သောအခါ လစ်ဒီယာ ၏ မျက်နှာ အမူအရာ လည်း ပြောင်းလဲသွားသည်။ ရိုအန် ကို အလွန် လေးနက် တည်ကြည်စွာ ကြည့်ရင်း ဆိုသည်။
"ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်ခေါက် တာဝန် ပြီးဆုံးသွားတဲ့ နောက်မှာတော့ ဒေစီ တစ်ယောက် လုံးဝ ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့တယ်... ငါ ဘယ်လိုပဲ ဆက်သွယ် ဆက်သွယ် လုံးဝ အဆက်အသွယ် မရတော့ဘူး... တာဝန်ခံ အသစ် ကတော့ ဒေစီ တစ်ယောက် ဖက်ဒရယ် နိုင်ငံတော် ကနေ ထွက်ခွာပြီး တောင်အမေရိက ကို သွားပြီလို့ ပြောတယ်... ဒါပေမဲ့..."
ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန် ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး အေးစက်စွာ ရယ်မောလိုက်သည်။
"ဖက်ဒရယ် နိုင်ငံတော် ကနေ ထွက်ခွာသွားတာ ဖြစ်နိုင်ချေ များပါတယ်... ဒါပေမဲ့ သွားတဲ့ နေရာက တောင်အမေရိက လား ကောင်းကင်ဘုံ လား ဆိုတာ ကတော့ မသေချာဘူးပေါ့..."
"နင့်ရဲ့ အကူအညီ လိုအပ်တယ် ရိုအန်..."
ရိုအန် ၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်လိုက်ရသောအခါ လစ်ဒီယာ ၏ မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် တောက်ပသွားသည်။ ရိုအန် ၏ ဘေးသို့ အလျင်အမြန် တိုးကပ် ပွတ်သီးပွတ်သပ် လုပ်လိုက်ပြီး အလွန် ရိုးသား ဟန်ဆောင်ကာ ပြောလိုက်သည်။
"ငါ ပြောတာတွေ အကုန်လုံး အမှန်တွေချည်းပါပဲ... ငါ တကယ် မသေချင်သေးဘူး... အက်ဖ်ဘီအိုင် ရဲ့ သက်သေ အဖြစ် ငါ ထွက်ဆိုပေးပါ့မယ်... နင်တို့ ဘာမေးမေး ငါ အကုန် ဖြေပေးပါ့မယ်..."
"တော်ပါတော့ လစ်ဒီယာ..."
ဘေးနားရှိ ဆွဲဆောင်မှု အပြည့် ရှိသော ခန္ဓာကိုယ်ကို ရိုအန် လုံးဝ အဖက်မလုပ်ခဲ့ပေ။ ကုတင်ပေါ်မှ ထကာ အဝတ်ချိတ်စင် ရှိရာသို့ လျှောက်သွားလိုက်သည်။ အဝတ်အစားများ ရှာဖွေနေစဉ် အတွင်း မျှော်လင့်မထားဘဲ လက်ထိတ် တစ်စုံကို ရှာတွေ့သွားလေသည်။ စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ရိုအန် က လှည့်ကာ လစ်ဒီယာ ၏ လက်နှစ်ဖက်ကို ချည်နှောင်ထားသော ခြေအိတ်များကို ဖြုတ်ပစ်လိုက်ပြီး လက်ထိတ်ဖြင့် ပြောင်းလဲ ခတ်ထားလိုက်သည်။ ထို့နောက် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူကာ လေစီ ထံသို့ ခေါ်ဆိုလိုက်လေသည်။
"ဟယ်လို..."
"ကစားပွဲ ပြီးတာ တော်တော် မြန်လှချည်လား ရိုအန်..."
ဘာဂါ တစ်ကိုက် ကိုက်စားလိုက်ပြီးနောက် လေစီ က မပီမသ လေသံဖြင့် ဆိုသည်။
"ဘာမှ မေးလို့ မရဘူး မလား... ငါ ပြောသားပဲ... လစ်ဒီယာ ဆိုတဲ့ မိန်းမ က သာမန် မဟုတ်ဘူးလို့... ဒီအမှုကို စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲ... ဘယ်လိုပဲ ဖြစ်ဖြစ် အမှုပေါ်သွားလည်း ဘာဆုကြေးငွေမှ ရမှာ မဟုတ်ဘူးလေ..."
"မဟုတ်ဘူး... အဖြေကို ငါ ရသွားပြီ..."
ရိုအန် က ခေါင်းလှည့်ကာ ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ခြေထောက်များကို ဖြေပေးရန် နှုတ်ခမ်း လှုပ်ရှား၍ အဆက်မပြတ် တောင်းဆိုနေသော လစ်ဒီယာ ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်များ တင်းတင်း ကြုတ်ကာ မေးမြန်းလိုက်သည်။
"ဗီရိုနီးစ် ရဲ့ အိမ် ဘယ်မှာလဲ ဆိုတာ နင် သိလား..."
'ဒီကိစ္စက တော်တော်လေး ကြီးကျယ် လွန်းတယ်... ငါလို စုံထောက် သာမန်လေး တစ်ယောက် အနေနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး... ခေါင်းဆောင် တွေကို တာဝန် လွှဲပြောင်း ပေးရမယ့် အချိန် ရောက်ပြီ…’