အခန်း ၅၃
Vol. 6 Ch. 53
အခန်း ၅၃ အထက်လူကြီးထံ တင်ပြခြင်း
"လစ်ဒီယာ က အမှန်အတိုင်း ပြောပြသွားတယ် ဟုတ်လား..."
ရိုအန် ၏ စကားကို ကြားလိုက်ရသောအခါ လေစီ ၏ မျက်နှာပေါ်တွင် အံ့ဩ မှင်သက်သွားသည့် အမူအရာ ပေါ်လာသည်။ ထို့နောက် ပါးစပ်ထဲရှိ ဘာဂါ ကို အလျင်အမြန် မြိုချလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ဖုန်းထဲသို့ ပြောလိုက်သည်။
"ရိုအန်... နင် လစ်ဒီယာ ကို ညှဉ်းပန်း နှိပ်စက် တာမျိုးတော့ မလုပ်ခဲ့ဘူး မလား... အဲ့လို လုံးဝ မလုပ်ရဘူးနော်... တကယ်လို့ နောက်ပိုင်းကျရင် လစ်ဒီယာ ရဲ့ ရှေ့နေက ဒဏ်ရာတွေကို စစ်ဆေးပေးဖို့ တောင်းဆိုလာခဲ့ရင်... အခု နင် မေးမြန်းထားသမျှ အဖြေတွေ အကုန်လုံးကို တရားသူကြီး က ပယ်ချပစ် လိမ့်မယ်..."
"ဟင်..."
ကုတင်ပေါ်တွင် ထိုင်နေသော လစ်ဒီယာ ကို လှည့်ကြည့်လိုက်ပြီးနောက် ရိုအန် ၏ နှုတ်ခမ်းထောင့်များ တစ်ချက် တွန့်ကွေး သွားသည်။
"စိတ်ချပါ... ငါ့မှာ အတိုင်းအတာ တစ်ခု ရှိပါတယ်... လစ်ဒီယာ ကို ဘာမှ ညှဉ်းပန်း နှိပ်စက် မထားပါဘူး... နင်သာ ဗီရိုနီးစ် ရဲ့ အိမ်လိပ်စာ ကို အမြန် ပြောပြပါတော့..."
"အိုကေ..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အမှုဖော်ထုတ်သည့် လုပ်ငန်းစဉ် တစ်လျှောက် ရိုအန် ၏ စွမ်းဆောင်ရည် များကို ပြန်လည် တွေးတော လိုက်ပြီး လေစီ က သူ့ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ ထို့ကြောင့် ပြန်လည် ပြောဆိုလိုက်သည်။
"ဗီရိုနီးစ် ရဲ့ အိမ်က ဒီနေရာနဲ့ သိပ်မဝေးပါဘူး... နင့်ကို ငါ ကားမောင်း ပို့ပေးပါ့မယ်..."
"ကောင်းပြီ... နင် အရင်ဆုံး ဗီရိုနီးစ် ဆီကို ဖုန်းဆက်ထားလိုက်... လစ်ဒီယာ ကို ခေါ်ပြီး ငါ အခုချက်ချင်း အောက်ကို ဆင်းလာခဲ့မယ်..."
ခေါင်းညိတ်ပြလိုက်ပြီးနောက် ရိုအန် က ဖုန်းချလိုက်သည်။ လစ်ဒီယာ ဘက်သို့ လှည့်ကာ လေးနက် တည်ကြည်သော မျက်နှာထားဖြင့် ဆိုသည်။
"လစ်ဒီယာ... ငါ့ရဲ့ အထက်လူကြီး ဆီကို မင်းကို ငါ ခေါ်သွားမယ်... ပြီးတော့ မင်းကို အဆင့် တစ် သက်သေ ကာကွယ်ရေး စာရင်း ထဲကို ထည့်ပေးဖို့ သူမ ကို ငါ တောင်းဆိုပေးမယ်... ဒါပေမဲ့ ကန့်သတ်ချက် တစ်ခု ကတော့... စောစောက မင်း ငါ့ကို ပြောခဲ့တဲ့ စကားတွေ အကုန်လုံးက အမှန် ဖြစ်ရမယ်... အထက်လူကြီး အိမ်ကို သွားတဲ့ လမ်းမှာလည်း ဘာလှည့်ကွက် မှ မသုံးရဘူး... ကြားလား..."
"ငါ့ကို ယုံကြည်ပါ ရိုအန်..."
မိမိ၏ အသက်အန္တရာယ် နှင့် သက်ဆိုင်နေသဖြင့် လစ်ဒီယာ ၏ မျက်နှာထား ကလည်း အလွန် လေးနက် တည်ကြည် နေလေသည်။
ရိုအန် က သူမ ၏ ခြေထောက်များကို ချည်နှောင်ထားသော ခြေအိတ်များကို ဖြုတ်ပေးလိုက်သော်လည်း လက်ကောက်ဝတ် ရှိ လက်ထိတ်ကိုမူ မဖြုတ်ပေးသေးချေ။ ခြေထောက်များ လွတ်လပ်သွားသည်နှင့် တပြိုင်နက် လစ်ဒီယာ က ဘာစကား မှ မဆိုတော့ဘဲ ကုတင် ဘေးရှိ အရက်ပုလင်း ဆီသို့ အလျင်အမြန် ပြေးသွားလိုက်သည်။ အရက်ပုလင်းကို ကောက်ယူကာ ခေါင်းမော့၍ အငမ်းမရ သောက်ချ လိုက်တော့သည်။
သူမ တစ်ယောက် ရေဆာလွန်း၍ သေတော့မတတ် ဖြစ်နေပြီ ဖြစ်သည်။
"နည်းနည်း လျှော့သောက်ပါ လစ်ဒီယာ..."
ရိုအန် က ဘေးနားရှိ အဝတ်ချိတ်စင် မှ အမျိုးသမီး အပေါ်ဝတ် အင်္ကျီ တစ်ထည်ကို ဆွဲထုတ်လိုက်ပြီး လစ်ဒီယာ ၏ လွတ်ဟနေသော ပခုံးများ ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် ပြုံးလျက် ဆိုသည်။
"ခဏနေ အထက်လူကြီး နဲ့ တွေ့တဲ့ အချိန်ကျရင်... ညကြီး အချိန်မတော် အရက်မူးနေတဲ့ မိန်းမ တစ်ယောက်ကို ခေါ်လာပြီး သူမ ကို နောက်ပြောင်နေတယ် လို့ ငါ့ကို အထင်မလွဲ စေချင်ဘူး..."
"ဟက်..."
အရက်ပုလင်း ကို ပစ်ချလိုက်ပြီးနောက် လစ်ဒီယာ က ရိုအန် ကို မျက်စောင်း တစ်ချက် ထိုးလိုက်သည်။
မိမိ ဘာကြောင့် ဤမျှလောက် အရက် သောက်နေရသနည်း ဆိုသည်ကို ထိုလူယုတ်မာ ကောင်းကောင်း သိနေမည် ဖြစ်သည်။
ရိုအန် က ပခုံးတွန့်ပြလိုက်သည်။
'ဒါက ငါနဲ့ ဘာဆိုင်လို့လဲ... ငါ အစကတည်းက မင်းကို သတိပေးထားပြီးသားလေ... မင်းဘာသာ မင်း မယုံကြည်ခဲ့တာပဲ မဟုတ်ဘူးလား...'
လမ်းတစ်လျှောက်တွင် ရိုအန် နှင့် လစ်ဒီယာ တို့ ကားနောက်ခန်း တွင် ထိုင်လိုက်ပါလာကြပြီး လေစီ က ကားမောင်းပေးလေသည်။
မီးပွိုင့် တစ်ခု အရောက်တွင် ကားက ဖြည်းညင်းစွာ ရပ်တန့်သွားသည်။ လေစီ က နောက်ကြည့်မှန် မှ တစ်ဆင့် လစ်ဒီယာ ၏ လက်ကောက်ဝတ် ပေါ်ရှိ လက်ထိတ်ကို မြင်တွေ့လိုက်ရသောအခါ မျက်ခွံများ တဆတ်ဆတ် လှုပ်ရှား သွားတော့သည်။
သူမ ၏ အမြင် မမှားဘူး ဆိုပါက ထိုလက်ထိတ်မှာ သူမ နှင့် သူမ ၏ ချစ်သူတို့ ကုတင်ပေါ်တွင် ကစားပွဲ ကစားရာ၌ အသုံးပြုလေ့ ရှိသော လက်ထိတ် မျိုး နှင့် ပုံစံတူပင် ဖြစ်လေသည်။
"ဘာဖြစ်လို့လဲ လေစီ..."
လေစီ က မိမိကို ကြည့်နေသည်ကို မြင်သောအခါ ရိုအန် က သံသယ ဖြစ်စွာဖြင့် မေးမြန်းလိုက်သည်။
"ဘာပြဿနာ များ ရှိလို့လဲ..."
ခေါင်းငုံ့ကာ တစ်စုံတစ်ခုကို စဉ်းစားနေသော လစ်ဒီယာ လည်း ထိုစကားကို ကြားလိုက်ရသောအခါ လေစီ ဘက်သို့ အကြည့်များ ရွှေ့ပြောင်း သွားလေသည်။
'နင်တို့ နှစ်ယောက်လုံး တကယ်ကို ပြဿနာ ရှိနေတာပဲ...'
လေစီ က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး ရင်ထဲရှိ မေးခွန်းများစွာ ကို မျိုသိပ်ထားလိုက်သည်။ နောက်ဆုံးတွင် ခရီးသည် ထိုင်ခုံ ပေါ်ရှိ ဖုန်းကို ကောက်ကိုင်ကာ လွှဲယမ်းပြလိုက်သည်။ မပေါ်ဘူး ဆိုတာပဲ..."
ဗီရိုနီးစ် ၏ စိတ်အခြေအနေ က တကယ်ပင် အဆင်မပြေ ဖြစ်နေခဲ့သည်။
ရိုအန် ၏ ရန်ပုံငွေအဖွဲ့ ဝင်ခွင့် လျှောက်ထားချက် ပယ်ချခံရသည့် ကိစ္စကို အချိန် အတိုင်းအတာ တစ်ခု အထိ ဖုံးကွယ်ထားရန် သူမ မူလက ရည်ရွယ်ထားခဲ့သည်။
ရေကန်တွင်း အမျိုးသမီး အလောင်း ကွင်းဆက် လူသတ်မှုကြီး ကို ဖော်ထုတ်ပြီးစီး သွားချိန်ကျမှ ထပ်မံ လျှောက်ထားမည် ဆိုပါက ဤကိစ္စကို ရိုအန် မသိလိုက်ဘဲ တိတ်တဆိတ် ပြီးဆုံးသွားမည် ဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ လေစီ က ရုတ်တရက် ဖုန်းဆက်လာပြီး ရိုအန် တွင် အရေးပေါ် ကိစ္စ ရှိသဖြင့် သူမ ထံသို့ လာရောက်မည် ဖြစ်ကြောင်း ပြောလာခဲ့သည်။
ထိုသတင်းကို ရိုအန် အား ပြောပြသင့် သလား၊ မပြောပြသင့် ဘူးလား။
အကယ်၍ ပြောပြလိုက်မည် ဆိုပါက မိမိ သည် ခေါင်းဆောင် တစ်ယောက် ဖြစ်ပါလျက် အစပိုင်းတွင် ဂုဏ်ယူဝင့်ကြွားစွာ ဖိတ်ခေါ်ထားပြီး နောက်ပိုင်းကျမှ မိမိ မစွမ်းဆောင်နိုင်ကြောင်း ဝန်ခံရမည် ဆိုလျှင် မျက်နှာ ဘယ်မှာ သွားထားရမည်နည်း။
အကယ်၍ မပြောပြဘူး ဆိုပါက လည်း... ရိုအန် က မေးမြန်းလာခဲ့လျှင် မည်သို့ လုပ်မည်နည်း။
တိုက်ခန်း စာကြည့်ခန်း အတွင်း၌ ဗီရိုနီးစ် တစ်ယောက် မှတ်စုစာအုပ် လေးကို ကြည့်ရင်း အလွန် ရှုပ်ထွေးနေသော မျက်နှာထားဖြင့် အချိန်အတော်ကြာ စဉ်းစားခန်း ဝင်နေမိသည်။
"ဒေါင်... ဒေါင်..."
လူခေါ်ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ခေါင်းငုံ့၍ စဉ်းစားခန်း ဝင်နေသော ဗီရိုနီးစ် ၏ ခန္ဓာကိုယ် လေး တစ်ချက် တုန်လှုပ်သွားသည်။ သတိပြန်ဝင်လာပြီးနောက် အလျင်အမြန် ထကာ တိုက်ခန်း တံခါးဝသို့ လျှောက်သွားလိုက်သည်။
တံခါး မှန်ပေါက် မှ တစ်ဆင့် လာရောက်သူ များမှာ ရိုအန် တို့ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသောအခါ ဗီရိုနီးစ် က တုံ့ဆိုင်းနေခြင်း လုံးဝ မရှိဘဲ တံခါးကို ချက်ချင်း ဖွင့်ပေးလိုက်သည်။
သို့သော် တံခါး ပွင့်သွားသည့် တစ်ခဏ မှာပင် ဗီရိုနီးစ် ၏ မျက်လုံးအိမ် များ ချက်ချင်း ကျဉ်းမြောင်း သွားတော့သည်။ သူမ တစ်ခုခုကို ရုတ်တရက် သတိပြုမိသွားသည်။
သူမ ယခု ဝတ်ဆင်ထားသည်မှာ အလွန် ပေါ့ပါး လွတ်လပ်သော အိမ်နေရင်း ဝတ်စုံ ဖြစ်နေလေသည်။
"မင်္ဂလာ ညချမ်းပါ ခေါင်းဆောင်..."
တံခါး ပွင့်လာပြီးနောက် မိမိ အရှေ့တွင် ပေါ့ပါး လွတ်လပ်သော အိမ်နေရင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် မိတ်ကပ် အနည်းငယ်သာ လိမ်းခြယ်ထားသော၊ လုပ်ငန်းခွင်ရှိ အေးစက် တည်ကြည်သော အသွင်အပြင် နှင့် လုံးဝ ကွဲပြား ခြားနားနေသော ဗီရိုနီးစ် ကို မြင်တွေ့လိုက်ရသောအခါ ရိုအန် ၏ မျက်ခုံးများ တစ်ချက် ပင့်သွားသည်။
သို့သော် လေသံမှာမူ မည်သည့် ပြောင်းလဲမှုမျှ မရှိဘဲ ရိုအန် က ဘေးနားရှိ လစ်ဒီယာ ကို ဆွဲယူကာ မိမိ အရှေ့တွင် ရပ်ခိုင်းလိုက်ပြီး ရှင်းပြလေသည်။
"ခေါင်းဆောင်... အလုပ်ဆင်းချိန် ကြီးမှာ လာနှောင့်ယှက် မိတဲ့ အတွက် တောင်းပန်ပါတယ်... ဒါပေမဲ့ ဒါက အရမ်း အရေးကြီးတဲ့ ကိစ္စ တစ်ခု မို့လို့ပါ..."
"အထဲဝင်ပြီးမှ ပြောကြတာပေါ့..."
ဗီရိုနီးစ် က မည်သည့် ခံစားချက်မျှ မပေါ်လွင်သော မျက်နှာထား၊ အေးစက်သော လေသံဖြင့် ရိုအန် တို့ သုံးဦးကို အထဲသို့ ဝင်ရန် အချက်ပြလိုက်ပြီး တိုက်ခန်း တံခါးကို ပြန်ပိတ်လိုက်သည်။ ထို့နောက် အိပ်ခန်း ဘက်သို့ တိုက်ရိုက် လျှောက်သွားရင်း ပြောလိုက်သည်။
"ဧည့်ခန်း ထဲမှာ စောင့်နေကြ... ကော်ဖီ ကိုတော့ ကိုယ့်ဘာသာကိုယ် ဖျော်သောက်ကြ..."
"ဟုတ်ကဲ့ပါ..."
ရိုအန် နှင့် လစ်ဒီယာ တို့ က ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကြပြီး လေစီ က တစ်ဖက်သို့ သွားကာ ကော်ဖီ ဖျော်နေလေသည်။ လစ်ဒီယာ က အိပ်ခန်း ရှိရာ ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး ရိုအန် ၏ နားအနီးသို့ ကပ်ကာ နှုတ်ခမ်းထောင့်များ ကွေးတက်လျက် တီးတိုး မေးမြန်းလိုက်သည်။
"နင်က နင့်ထက် အသက်ကြီးတဲ့ သူတွေကို သဘောကျတာလား..."
"မဟုတ်ပါဘူး... ကြီးတာ ကို သက်သက် သဘောကျရုံပါ..."
ရိုအန် က လစ်ဒီယာ ကို မျက်စောင်း တစ်ချက် ထိုးလိုက်ပြီး မြေပြင်ပေါ်သို့ ကျသွားသော အမျိုးသမီး အပေါ်ဝတ် အင်္ကျီကို ကောက်ယူကာ လစ်ဒီယာ ၏ ရင်ဘတ် ပေါ်သို့ ပြန်လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် တည်ငြိမ်သော လေသံဖြင့် ဆိုသည်။
"ကစား မနေနဲ့တော့ လစ်ဒီယာ... ဗီရိုနီးစ် က နင့်ရဲ့ အနာဂတ် အသက်အန္တရာယ် ကို ဆုံးဖြတ် ပေးနိုင်တဲ့ သူပဲ... သူမ အပေါ်မှာ အမြင်ကောင်း ရအောင် နေတာ အကောင်းဆုံးပဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ လစ်ဒီယာ ၏ မျက်နှာ အမူအရာ က ချက်ချင်း ပြောင်းလဲသွားသည်။ သူမ ဆက်လက် စကားပြောရန် ပြင်လိုက်စဉ်မှာပင် လေစီ က ကော်ဖီခွက် များကို ကိုင်ဆောင်ကာ ပြန်ရောက်လာပြီ ဖြစ်သည်။
သုံးယောက်သား ဆိုဖာပေါ်တွင် ထိုင်လျက် ကော်ဖီ များကို တိတ်ဆိတ်စွာ သောက်နေကြသည်။
မိနစ် အနည်းငယ် ကြာပြီးနောက် အမျိုးသမီး အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင်လည်း အေးစက် တည်ကြည်သော မိတ်ကပ် အပြည့်အစုံ ပြန်လည် လိမ်းခြယ်ထားသော ဗီရိုနီးစ် က အိပ်ခန်း အတွင်းမှ ထွက်လာသည်။ ဆိုဖာပေါ်တွင် ထိုင်နေကြသော သုံးဦးကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။
"ရိုအန်... စာကြည့်ခန်း ထဲကို ဝင်ခဲ့... လေစီ... ဒီအမျိုးသမီး ကို သေချာ စောင့်ကြည့်ထား..."
"ဟုတ်ကဲ့ပါ ခေါင်းဆောင်..."
ရိုအန် က ဆိုဖာပေါ်မှ ထသွားပြီး လေစီ က လစ်ဒီယာ ၏ ဘေးနားသို့ ဝင်ထိုင်လိုက်သည်။ ထို့နောက် တီးတိုး မေးမြန်းလိုက်သည်။
"လစ်ဒီယာ... နင့် ဘားမှာ အသစ် ရောက်လာတဲ့ အမျိုးသမီး ဘားတန်ဒါ လေးရဲ့ နာမည် နဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် ကို ငါ့ကို ပေးလို့ ရမလား..."
"..."
စာကြည့်ခန်း အတွင်း။
"ထိုင်..."
ဗီရိုနီးစ် ၏ စကား က အလွန် တိုတောင်းလှသည်။ ထိုသူ နှစ်ဦး ထိုင်ပြီးနောက် သူမ က စားပွဲပေါ်ရှိ မှတ်စုစာအုပ် လေးကို အံဆွဲ အတွင်းသို့ ပြန်ထည့်လိုက်သည်။
စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ဗီရိုနီးစ် က ရိုအန် ၏ ရန်ပုံငွေအဖွဲ့ ဝင်ခွင့် လျှောက်ထားချက် ပယ်ချခံရသည့် ကိစ္စကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ရိုအန် က ဗီရိုနီးစ် ၏ မျက်နှာကို စူးစိုက်ကြည့်ကာ လေးနက်သော လေသံဖြင့် ရုတ်တရက် မေးမြန်းလိုက်သည်။
"ခေါင်းဆောင်... ကျွန်တော်တို့ ဒီနေရာမှာ ပြောမယ့် စကားတွေက ရာနှုန်းပြည့် လုံခြုံ စိတ်ချရတယ် လို့ ခေါင်းဆောင် အာမခံ နိုင်ပါသလား..."
အက်ဖ်ဘီအိုင် ၏ ခေါင်းဆောင် တစ်ဦး ကို တစ်စုံတစ်ယောက်က ကြားဖြတ် နားထောင်နေလိမ့်မည် ဟု ရိုအန် မထင်သော်လည်း သတိထားခြင်း က အမြဲတမ်း ကောင်းမွန်သည့် အရာပင် ဖြစ်လေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ဗီရိုနီးစ် ၏ မျက်နှာပေါ်ရှိ အေးစက်သော အမူအရာ က ချက်ချင်း မည်းမှောင် သွားတော့သည်။
စာကြည့်ခန်း ၏ လုံခြုံရေး ကို ရိုအန် က သံသယ ဝင်နေခြင်းကြောင့် မဟုတ်ဘဲ ရိုအန် ပြောမည့် အရေးပေါ် ကိစ္စ ဆိုသည်မှာ သူမ တွေးထင်ထားသည် ထက်ပင် ပို၍ အရေးကြီးနေမည် ကို သူမ ရုတ်တရက် သတိပြုမိသွားသောကြောင့် ပင် ဖြစ်သည်။
"ခဏ စောင့်..."
တုံ့ဆိုင်းနေခြင်း လုံးဝ မရှိဘဲ ဗီရိုနီးစ် က ရုံးသုံး စားပွဲ ၏ အောက်ဆုံး အံဆွဲ ကို ဖွင့်လိုက်သည်။ ထိုအထဲတွင် အညိုရင့်ရောင် သေတ္တာကြီး တစ်လုံး ရှိနေလေသည်။
သေတ္တာကြီး ပေါ်ရှိ ခလုတ်ကို အားကုန် နှိပ်လိုက်ပြီးနောက် ဗီရိုနီးစ် က ခေါင်းမော့ကာ ရိုအန် ကို စူးစိုက်ကြည့်လိုက်သည်။
"အခု မင်း ပြောလို့ ရပြီ..."
ဗီရိုနီးစ် ကို အဓိပ္ပာယ် ပါပါ တစ်ချက် ကြည့်လိုက်ပြီးနောက် ရိုအန် က ချောင်းတစ်ချက် ဟန့်ကာ စတင် ရှင်းပြလေသည်။
"ကိစ္စ က ဒီလိုပါ ခေါင်းဆောင်..."
လစ်ဒီယာ ကို စစ်ဆေး မေးမြန်းခဲ့သည့် အပိုင်းများကို ချန်လှပ်ထားခဲ့ပြီး ကျန်ရှိသော အဖြစ်အပျက် အားလုံး၏ အစအဆုံး ကို ရိုအန် က ဗီရိုနီးစ် အား အသေးစိတ် ရှင်းပြလေသည်။ နောက်ဆုံးတွင် လေးနက် တည်ကြည်သော မျက်နှာထားဖြင့် ဆိုသည်။
"ခေါင်းဆောင်... ဒီကိစ္စ က သက်ရောက်မှု အရမ်း ကြီးမားလွန်းပါတယ်... ကျွန်တော် လို သာမန် စုံထောက် တစ်ယောက် အနေနဲ့ ဆုံးဖြတ်ချက် ချဖို့ မဖြစ်နိုင်ပါဘူး... ခေါင်းဆောင် ဆီကို တာဝန် လွှဲပြောင်းပေးဖို့... ခေါင်းဆောင် ရဲ့ အကူအညီ ကို ရယူဖို့ ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ပါဘူး…”