အခန်း ၅၅
Vol. 6 Ch. 55
အခန်း ၅၅ အလုပ်ကို ပိုပြီး ကြိုးကြိုးစားစား လုပ်ခဲ့လို့ပါ
စာကြည့်ခန်း အတွင်း၌ ဗီရိုနီးစ်က ကြီးမားထူထဲသော ဖုန်းကြီးကို ချလိုက်ပြီး ရုံးသုံးစားပွဲ အောက်သို့ ပြန်လည် သိမ်းဆည်းလိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လစ်ဒီယာကို စာကြည့်ခန်း အတွင်းသို့ ခေါ်လာရန် ရိုအန်ကို အမိန့်ပေးလိုက်သည်။
ရိုအန်နှင့် လစ်ဒီယာတို့ နေရာယူ ထိုင်လိုက်ပြီးနောက် ဗီရိုနီးစ်က ခန္ဓာကိုယ်ကို နောက်သို့ မှီချလိုက်ပြီး ခြေချိတ်ထိုင်လိုက်သည်။ ထို့နောက် မည်သည့် ခံစားချက်မျှ မပေါ်လွင်သော မျက်နှာထားဖြင့် လစ်ဒီယာကို စကားဆိုလိုက်သည်။
"လစ်ဒီယာ... ငါ့ရဲ့ အထက်လူကြီး ဆီကို ဆက်သွယ်ပြီးသွားပြီ... သူက တရားရေးဌာန က အထက်လူကြီးတွေ ဆီကို ဆက်သွယ်ပြီး နင့်ကို သက်သေ ကာကွယ်ရေး အစီအစဉ် စာရင်းထဲ ထည့်ပေးလိမ့်မယ်... နင့်ရဲ့ ရှေ့ဆက် အသက်အန္တရာယ် ကို ကာကွယ်ပေးဖို့ အတွက်ပေါ့..."
ထိုစကားကို ကြားလိုက်ရသောအခါ လစ်ဒီယာ တစ်ယောက် သက်ပြင်းချနိုင်သွားသည်။ သို့သော် ဗီရိုနီးစ်က ဆက်လက် ပြောဆိုလေသည်။
"လာမယ့် လေးဆယ့်ရှစ်နာရီ အတွင်းမှာ... မီးလျှံဘုရင်မ ဘား ကို မဖြစ်မနေ ရောင်းချရမယ်... အဲ့ဒီ ဘား ကလွဲရင် ကျန်တဲ့ နင့်ရဲ့ ပိုင်ဆိုင်မှု အားလုံးကို အက်ဖ်ဘီအိုင် က ချိတ်ပိတ် သိမ်းဆည်းလိမ့်မယ်... တရားရုံးမှာ ထွက်ဆိုပြီးသွားရင်တော့... နင့်ရဲ့ အသက်အန္တရာယ် လုံခြုံရေး အတွက် တရားရေးဌာန က ရဲတွေနဲ့ အတူ နယူးယောက် ကနေ ထွက်ခွာသွားရမယ်... ဒီတစ်သက် နယူးယောက် ကို ပြန်လာခွင့် မရှိတော့ဘူး..."
"နင် ဘာပြောလိုက်တယ်..."
နယူးယောက်မှ ထွက်ခွာရမည် ဆိုသည့် ကိစ္စအတွက် လစ်ဒီယာက ကြိုတင် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ သို့သော် အက်ဖ်ဘီအိုင်က အဆောက်အအုံကို သိမ်းဆည်းမည် ဆိုသည့် စကားကို ကြားလိုက်ရသောအခါ ဒေါသကို လုံးဝ ထိန်းချုပ်၍ မရနိုင်တော့ဘဲ ဗီရိုနီးစ်ကို ဒေါသတကြီး အော်ပြောလိုက်တော့သည်။
"နင်တို့ အက်ဖ်ဘီအိုင် ကလည်း ငါ့ပိုက်ဆံတွေကို မျက်စိကျ နေတာပေါ့လေ..."
"စကားပြောတာ ဆင်ခြင်ပါ လစ်ဒီယာ..."
မျက်လုံးများ အတွင်း၌ ဒေါသမီးများ တောက်လောင်နေသော လစ်ဒီယာကို ရင်ဆိုင်ရာတွင် ဗီရိုနီးစ်၏ မျက်နှာထားက အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိချေ။ အတွေးလွန်နေပုံရသော ရိုအန်ကို တစ်ချက် အကဲခတ်လိုက်ပြီး လစ်ဒီယာ၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ အေးစက်သော လေသံဖြင့် ဆိုသည်။
"ပထမ အချက် အနေနဲ့... နင်က ငါ့လက်အောက်က ဖက်ဒရယ် စုံထောက်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်... ဖက်ဒရယ် စုံထောက်ကို တိုက်ခိုက်တာက ကြီးလေးတဲ့ ပြစ်မှုပဲ... တကယ်လို့ နင်ကသာ ဒီအမှုကို ဖော်ထုတ်ပြီး သက်သေ ကာကွယ်ရေး အစီအစဉ် ထဲ ဝင်ဖို့ မရွေးချယ်ခဲ့ဘူး ဆိုရင်... နင့်ကို ဖက်ဒရယ် အကျဉ်းထောင် ထဲ တိုက်ရိုက် ပို့ပစ်လိုက်မှာ သေချာတယ်... နင့်ရဲ့ လက်ကျန် ဘဝ တစ်လျှောက်လုံးကို အရူးမတွေ လူသတ်သမားမ တွေနဲ့ အတူတူ ဖြတ်သန်းခိုင်းလိုက်မှာ... ဒုတိယ အချက် ကတော့... စုံထောက် ရိုအန် ရဲ့ စစ်ဆေး မေးမြန်းမှု ကြောင့်သာ ဒီအမှုကို နင် ဖွင့်ဟခဲ့တာ ဖြစ်တယ်... ဒါကြောင့် နင့်ရဲ့ လုပ်ရပ်က ကိုယ်တိုင် လာရောက် အဖမ်းခံတာ မဟုတ်ဘူး... တတိယ အချက် ကတော့... အဆောက်အအုံ ဝယ်ဖို့ နင် သုံးခဲ့တဲ့ ငွေတွေ အကုန်လုံးက တရားမဝင် ရရှိထားတဲ့ ငွေတွေချည်းပဲ... အဲ့ဒီငွေတွေကို ချိတ်ပိတ် သိမ်းဆည်းတာက ဖက်ဒရယ် ဥပဒေ အရ တရားဝင် လုပ်ဆောင်ချက် တစ်ခုပဲ... နင့်ရဲ့ ငွေတွေတင် မကဘူး... ဒီအမှုနဲ့ ပတ်သက်နေတဲ့ သူတွေ အားလုံးရဲ့ ငွေကြေး တွေကိုပါ နောက်ပိုင်းမှာ ချိတ်ပိတ် သိမ်းဆည်း သွားလိမ့်မယ်..."
"သောက်ကျိုးနည်းပဲ..."
လစ်ဒီယာ၏ လှပသော မျက်နှာလေးမှာ ဒေါသကြောင့် နီရဲလာပြီး ဗီရိုနီးစ်ကို အသံကုန် အော်ပြောလိုက်သည်။
"နင်တို့ ဘာကြံစည်နေလဲ ဆိုတာ ငါ မသိဘူး မထင်နဲ့... နင်တို့ အက်ဖ်ဘီအိုင် တွေလည်း အန်အက်စ်အေ က လူတွေလိုပဲ... ငါ့ဆီကနေ ပိုက်ဆံတွေကို လုယူချင်နေကြတာ... ကျိန်ဆဲချင်စရာ ကောင်းလိုက်တာ... ဒီကိစ္စကို ငါ လုံးဝ မပြောပြခဲ့သင့်ဘူး..."
"တကယ်လို့ နင်သာ ဒီကိစ္စကို မပြောပြခဲ့ဘူး ဆိုရင်..."
ဗီရိုနီးစ်က ကွန်ပျူတာပေါ်ရှိ အီးမေးလ်ကို ဖွင့်ကာ အထဲမှ ရုပ်အလောင်း ဓာတ်ပုံများကို ထုတ်ယူ၍ လစ်ဒီယာ၏ မျက်စိရှေ့သို့ ပြသလိုက်သည်။
"ဒီအမျိုးသမီး ဘယ်တီနာ ရဲ့ သနားစရာ ကောင်းတဲ့ အဖြစ်ဆိုးမျိုးက... မကြာခင် နင့်ဆီကို ရောက်လာလိမ့်မယ်... အော်... ဒါနဲ့... ဒီ ဘယ်တီနာ ဆိုတာက... နင်ပြောတဲ့ ဒေစီ ဆိုတဲ့ မိန်းမပဲ..."
ဓာတ်ပုံထဲတွင် ရင်းနှီးကျွမ်းဝင်နေသော သက်ကြီးပိုင်း အမျိုးသမီး တစ်ဦးက ကားပေါ်တွင် ထိုင်လျက် နဖူးတည့်တည့်၌ ကျည်ပေါက်ရာ တစ်ခု ရှိနေပြီး မျက်လုံးပြူးကာ အသေဆိုးနှင့် သေဆုံးနေသည့် မြင်ကွင်းကို တွေ့လိုက်ရသည်။ လစ်ဒီယာ၏ မျက်နှာမှာ ဖြူရော်သွားပြီး ခြေထောက်များ ခွေယိုင်ကာ ကုလားထိုင်ပေါ်သို့ ပြန်လည် ပုံကျသွားတော့သည်။
မူလက ခန့်မှန်းရုံ သက်သက်သာ ဖြစ်သော်လည်း ယခု ဓာတ်ပုံက သူမ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သက်သေပြနေလေသည်။ အန်အက်စ်အေ အထက်လူကြီးများက နှုတ်ပိတ် သတ်ဖြတ်ရန် လူလွှတ်နေပြီ ဖြစ်ကြောင်း သိသာ ထင်ရှားနေသည်။
လစ်ဒီယာ၏ မျက်နှာပေါ်ရှိ ထိတ်လန့် ကြောက်ရွံ့နေသော အမူအရာကို မြင်တွေ့လိုက်ရသောအခါ ဗီရိုနီးစ်က မောက်စ်ကို နှိပ်၍ ဓာတ်ပုံကို ပြန်လည် သိမ်းဆည်းလိုက်ပြီး တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
"ပိုက်ဆံ နဲ့ အသက် ဘယ်အရာက ပိုအရေးကြီးလဲ ဆိုတာကို... နင် သေချာ ခွဲခြား တတ်လိမ့်မယ်လို့ ထင်ပါတယ် လစ်ဒီယာ..."
"..."
မိနစ် အနည်းငယ် ကြာပြီးနောက် မျက်နှာ ဖြူရော်နေသော လစ်ဒီယာကို လေစီက တိုက်ခန်း အတွင်းရှိ အခြား အိပ်ခန်း တစ်ခန်းသို့ ခေါ်ဆောင်သွားလေသည်။
ယနေ့ညမှစ၍ မနက်ဖြန် တရားရေးဌာနမှ လူများ ရောက်ရှိလာမည့် အချိန်အထိ လေစီ အနေဖြင့် လစ်ဒီယာ၏ လုံခြုံရေးကို အနီးကပ် စောင့်ကြပ် ကာကွယ်ပေးရမည် ဖြစ်သည်။
မမျှော်လင့်ထားသော အခြေအနေမျိုး မပေါ်ပေါက်ပါက တရားရုံးတွင် ထွက်ဆိုပြီးနောက် လစ်ဒီယာ တစ်ယောက် ဖက်ဒရယ် နိုင်ငံတော်၏ ခေါင်ဖျားသော မြို့ငယ်လေး တစ်မြို့သို့ ရောက်ရှိသွားမည် ဖြစ်သည်။ မည်သည့် အာရုံစိုက်မှု ကိုမျှ မခံယူရဘဲ အသံတိတ်ကာ ကိုယ်ပိုင် အမည်သစ် တစ်ခုဖြင့် ဘဝ၏ ကျန်ရှိနေသော အချိန်များကို ထိတ်လန့်တုန်လှုပ်စွာ ဖြတ်သန်းရတော့မည် ဖြစ်လေသည်။
ဇိမ်ခံခြင်းကို နှစ်သက်ပြီး နေ့စဉ် လူလုံးထွက်ပြကာ ဂုဏ်မောက်လေ့ရှိသော လစ်ဒီယာ ကဲ့သို့သော အမျိုးသမီး တစ်ဦး အတွက်မူ ဤအခြေအနေက သတ်ပစ်လိုက်သည် ထက်ပင် ပို၍ နာကျင်ခံခက် ဖြစ်စေမည်မှာ အသေအချာပင်။
လေစီက လစ်ဒီယာကို ခေါ်ဆောင်၍ အိပ်ခန်း အတွင်းသို့ ဝင်ရောက်သွားသည်ကို ကြည့်ပြီးနောက် ဗီရိုနီးစ်က အချိန်အတော်ကြာ တိတ်ဆိတ်နေသော ရိုအန်ကို ခေါင်းစောင်း ကြည့်လိုက်သည်။ သူမ၏ အကြည့်များက အနည်းငယ် လှုပ်ရှားသွားပြီး တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
"မင်းက လစ်ဒီယာ ကို သနားနေတာလား..."
"သနားရမယ်... လုံးဝ မဟုတ်ရပါဘူး..."
ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်က ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။
လစ်ဒီယာနှင့် သူ၏ ဆက်ဆံရေးမှာ သာမန် ကာမဂုဏ် ကိစ္စရပ် သက်သက်သာ ဖြစ်ပြီး မည်သည့် စိတ်ပိုင်းဆိုင်ရာ ပတ်သက်မှုမျှ မရှိခဲ့ချေ။ ထို့အပြင် လစ်ဒီယာက သူ့ကို ဆေးခတ်၍ ထိန်းချုပ်ရန် ကြိုးစားခဲ့ဖူးသေးသည်။ နောက်ဆုံးတွင် ဤအမှုကြီးကို ဖွင့်ဟ ဝန်ခံခြင်း မပြုခဲ့ပါက လစ်ဒီယာ တစ်ယောက် ဤကမ္ဘာလောကသို့ လူလာဖြစ်ရခြင်းကို နောင်တရသွားစေရန် ရိုအန် အနေဖြင့် ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ဟက်ဒ်ဆန် မြစ်အောက်ခြေရှိ ရှုခင်းက အတော်လေး လှပကောင်း လှပနေမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤအတိုင်းအတာ ကြီးမားလှသော ငွေညှစ် ထောင်ချောက် ကြီး အတွင်း၌ ပါဝင်နေသည့် အန်အက်စ်အေ အထက်လူကြီးများ သည်လည်း လူကောင်းများ မဟုတ်ကြပေ။ မိမိတို့ နိုင်ငံရှိ ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျကာ ကိုယ်ကျိုးရှာပြီးနောက် ဖက်ဒရယ် နိုင်ငံတော်သို့ ထွက်ပြေး ခိုလှုံလာသော နိုင်ငံရေး ရာဇဝတ်ကောင် များသည်လည်း လူကောင်းများ မဟုတ်ကြချေ။ ထိုငွေညှစ် ထောင်ချောက် ကြီးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသော လစ်ဒီယာ ကဲ့သို့သော အမျိုးသမီး များသည်လည်း လူကောင်းများ မဟုတ်ကြပေ။ ထိုသူများ အချင်းချင်းကြား ပြဿနာ တက်ခြင်းမှာ ခွေးအချင်းချင်း ကိုက်ကြခြင်း သက်သက်သာ ဖြစ်လေသည်။
အကယ်၍ လစ်ဒီယာသာ အတင်းအကျပ် ခြိမ်းခြောက် ခံခဲ့ရခြင်း ဖြစ်ပါက ကိစ္စ တစ်မျိုး ဖြစ်သွားမည်။ သို့သော် သူမသည် အစအဆုံး မိမိ ဘာလုပ်နေသည် ကို ကောင်းစွာ သိရှိထားခဲ့သူ ဖြစ်ရာ ယခု ရလဒ်မှာ သူမကိုယ်တိုင် ဖန်တီးခဲ့သော အကျိုးဆက် ပင် ဖြစ်လေသည်။
မိတ်ကပ် အပြည့်အစုံဖြင့် အေးစက် တည်ကြည်နေသော ဗီရိုနီးစ်ကို ခေါင်းစောင်း ကြည့်လိုက်ပြီးနောက် ရိုအန်က ပါးစပ် အပြဲသားဖြင့် ရယ်မောကာ စကားဆိုလိုက်သည်။
"ကျွန်တော် အခုလေးတင် တွေးနေမိတာက... ဒီအမှုကြီးကို ကျွန်တော် ဖော်ထုတ်နိုင်ခဲ့တယ် ဆိုတော့... ခေါင်းဆောင် က ကျွန်တော့်ကို ဘာဆုချမလဲ ဆိုတာကိုပါ..."
ရိုအန်ကို ခေါ်ဆောင်၍ စာကြည့်ခန်း အတွင်းသို့ ပြန်လည် ဝင်ရောက်လာပြီးနောက် ထိုသူနှစ်ဦး နေရာယူ ထိုင်လိုက်ကြသည်။ ဗီရိုနီးစ်က ခြေချိတ်ထိုင်လိုက်ပြီး ပြောလိုက်သည်။
"မင်းလည်း သိတဲ့အတိုင်းပဲ ရိုအန်... ဒီအမှုရဲ့ အခြေအနေက အရမ်း ထူးခြားနေတယ်... အဲ့ဒါကြောင့် အက်ဖ်ဘီအိုင် နယူးယောက် ဌာနခွဲ အနေနဲ့ ဒီအမှု ရှိနေတယ် ဆိုတာကို ဝန်ခံမှာ မဟုတ်သလို... မင်းကိုလည်း ဘာဆုကြေးငွေ မှ ပေးမှာ မဟုတ်ဘူး..."
ရိုအန်က ခေါင်းညိတ်ပြလိုက်သည်။ ဤသို့ ဖြစ်လာမည်ကို သူ ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။ အမှုက အန်အက်စ်အေ ဟုခေါ်သော ထောက်လှမ်းရေး အဖွဲ့အစည်း၏ အထက်လူကြီးများ နှင့် ပတ်သက်နေသဖြင့် အပြင်သို့ သတင်းမပေါက်ကြားခြင်း ကသာ ပုံမှန် အခြေအနေ တစ်ခု ဖြစ်လေသည်။ အကယ်၍ အက်ဖ်ဘီအိုင် နယူးယောက် ဌာနခွဲကသာ ဤအမှုကို ရိုအန် ဖော်ထုတ်နိုင်ခဲ့ကြောင်း အကြီးအကျယ် သတင်းထုတ်ပြန်လိုက်မည် ဆိုပါက ရိုအန် တစ်ယောက် အချိန်မီ အလျင်အမြန် ထွက်ပြေးရတော့မည် ဖြစ်သည်။
ထို့ကြောင့် ရိုအန် လိုချင်သော ဆုလာဘ် ဆိုသည်မှာ ဗီရိုနီးစ်၏ နောက်ကွယ်မှ လူများကို ရည်ရွယ်ခြင်း ဖြစ်သည်။ သူနှင့် ထိုက်တန်သော အစိတ်အပိုင်းကို သူ ရယူလိုခြင်း ပင် ဖြစ်လေသည်။
"ဒီနေ့ည မင်း ဒီကို မလာခင်တုန်းက... ကိုလံဘတ်စ် ရန်ပုံငွေအဖွဲ့ က ငါ့ဆီကို အီးမေးလ် တစ်စောင် ပို့ထားခဲ့တယ်..."
ရိုအန်က မိမိကို စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ဗီရိုနီးစ် တစ်ယောက် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရန်ပုံငွေအဖွဲ့ ကိစ္စကို ဖုံးကွယ် မထားရန် ရွေးချယ်လိုက်သည်။ ဖြစ်စဉ် အသေးစိတ်ကို အကြမ်းဖျင်း ရှင်းပြပြီးနောက် ရိုအန် သည် ယခု အချိန်တွင် ရန်ပုံငွေအဖွဲ့ အတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ထို့အပြင် သာမန် အမြဲတမ်း စုံထောက် တစ်ယောက် အနေဖြင့် အကြီးတန်း စုံထောက် တစ်ဦး၏ ရန်ပုံငွေ ခွဲဝေမှု အဆင့်ကိုပါ ရရှိသွားပြီ ဖြစ်ကြောင်း ဗီရိုနီးစ်က ပြောပြလေသည်။
"ဒါပေမဲ့ ဒါက မင်းနဲ့ ထိုက်တန်တဲ့ အရာတစ်ခု ပါ... ဆုချတယ် လို့တော့ မဆိုနိုင်ပါဘူး..."
ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်၏ မျက်ခုံးများ တစ်ချက် ပင့်သွားသည်။ ဆက်ပြောစရာ စကားများ ရှိနေသေးကြောင်း သူ ကောင်းစွာ ရိပ်မိလိုက်သည်။
ဗီရိုနီးစ်က ဝက်ဘ်ဆိုက် တစ်ခုကို ဖွင့်ကာ ရှာဖွေကြည့်လိုက်သည်။ လေလံပစ္စည်း အမှတ် ၁၁၃ ကို မတွေ့ရသဖြင့် မျက်မှောင်ကြုတ်သွားသော်လည်း ချက်ချင်းပင် နားလည် သဘောပေါက်သွားပြီး နောက်ထပ် ဝက်ဘ်ဆိုက် တစ်ခုကို ထပ်မံ ဖွင့်လိုက်လေသည်။
ကွန်ပျူတာ မျက်နှာပြင်ကို ရိုအန် ဘက်သို့ လှည့်ပေးလိုက်ပြီး ဗီရိုနီးစ်က ပြုံးလျက် ဆိုသည်။
"လွန်ခဲ့တဲ့ ခြောက်လလောက် က... ကမ္ဘာအနှံ့ လှည့်လည် လိမ်လည်နေတဲ့ လူလိမ်ကြီး တစ်ယောက်ကို ငါတို့ အက်ဖ်ဘီအိုင် က ဖမ်းဆီးနိုင်ခဲ့တယ်... ဒီတိုက်ခန်းလေး က နယူးယောက် မန်ဟက်တန် က ဂရင်းဝစ်ချ် ရပ်ကွက်မှာ ရှိတဲ့ သူ့ရဲ့ ပိုင်ဆိုင်မှု တွေထဲက တစ်ခုပဲ... ပြင်ပ ပေါက်ဈေး က ဒေါ်လာ ဆယ့်နှစ်သိန်း ရှိပြီး အက်ဖ်ဘီအိုင် ဌာနတွင်း ရောင်းဈေး က ဒေါ်လာ ကိုးသိန်း သတ်မှတ်ထားတယ်... တကယ်လို့ မင်းသာ လိုချင်မယ် ဆိုရင်... ဒေါ်လာ ငါးသိန်း တည်းနဲ့ မင်း ပိုင်သွားပြီ..."
ကွန်ပျူတာ မျက်နှာပြင် ထဲရှိ ကျယ်ဝန်း လင်းထိန်ကာ နွေးထွေးပြီး နေရောင် ရရှိသော တိုက်ခန်းလေးကို မြင်တွေ့လိုက်ရသောအခါ ရိုအန်၏ မျက်နှာပေါ်တွင် အပြုံး တစ်ခု ပေါ်ထွက်လာသည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်... မနက်ဖြန်ကျရင် ပိုက်ဆံ သွားပြင်ဆင် လိုက်ပါ့မယ်..."
၂၀၀၅ ခုနှစ် အချိန်ကာလတွင် ပြင်ပ ပေါက်ဈေး ဒေါ်လာ ဆယ့်နှစ်သိန်း တန်ဖိုးရှိသော မန်ဟက်တန် ဒေသမှ တိုက်ခန်း တစ်ခန်းကို ဒေါ်လာ ငါးသိန်း တည်းဖြင့် အပိုင်ရရှိမည် ဖြစ်သည်။ ဤအခွင့်အရေး ကိုသာ လက်လွှတ်လိုက်မည် ဆိုပါက ရိုအန် တစ်ယောက် တစ်သက်လုံး နောင်တ ရသွားမည်မှာ သေချာလှသည်။
ရိုအန်၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်တွေ့လိုက်ရသောအခါ ဗီရိုနီးစ်၏ မျက်နှာ အမူအရာက ပြောင်းလဲခြင်း မရှိသော်လည်း စိတ်အခြေအနေ ကမူ အတော်လေး ကောင်းမွန် နေလေသည်။ ရိုအန်၏ စကားကို ကြားပြီးနောက် ခေတ္တမျှ တွေးတောလိုက်ပြီး ပြောလိုက်သည်။
"ဒီအမှုကို အထက်က ရှင်းလင်း ပြီးသွားတဲ့ အခါကျရင်... မင်း အတွက် မနည်းလှတဲ့ ဆုကြေးငွေ တစ်ခု ရရှိလိမ့်မယ်... နောက်တစ်ခု က... ဒီတိုက်ခန်း နဲ့ ပတ်သက်ပြီး ကိုလံဘတ်စ် ရန်ပုံငွေအဖွဲ့ ဆီကနေ ချေးငွေ လျှောက်ထားလို့ ရတယ်... အဲ့ဒီ ချေးငွေ က အပြင်ဘက် ဘဏ်တွေရဲ့ အတိုးနှုန်း ထက် တစ် ရာခိုင်နှုန်း ကနေ သုံး ရာခိုင်နှုန်း အထိ ပိုနည်းတယ်... မင်း နောက်မှ ဖြည်းဖြည်းချင်း ပြန်ဆပ်လို့ ရပါတယ်..."
"ခေါင်းဆောင် ရဲ့ စေတနာ အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ဒီတိုက်ခန်း ကို အကြွေး မထားဘဲ အပြတ် ဝယ်ချင်လို့ပါ..."
ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ ဗီရိုနီးစ်၏ မျက်နှာထား ပြောင်းလဲသွားပြီး သံသယ ဖြစ်စွာဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။
"မင်းဆီမှာ ဒေါ်လာ ငါးသိန်း ထုတ်ပေးနိုင်လို့လား..."
"ဒါပေါ့..."
ရိုအန်က ခေါင်းညိတ်ပြလိုက်သည်။ ခေါင်းမော့ကာ ဗီရိုနီးစ်၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်လိုက်ရသောအခါ သူမ တစ်ခုခု အထင်လွဲ နေကြောင်း သဘောပေါက်သွားသဖြင့် အလျင်အမြန် လက်ကာ ပြကာ ရှင်းပြလိုက်သည်။
"အထင်မလွဲ ပါနဲ့ ခေါင်းဆောင် ... အက်ဖ်ဘီအိုင် ရဲ့ စည်းမျဉ်း တွေကို ကျွန်တော် မဖောက်ဖျက် ခဲ့ပါဘူး... ဒေါ်လာ ငါးသိန်း ထုတ်ပေးနိုင်တာ က... အလုပ်ကို ပိုပြီး ကြိုးကြိုးစားစား လုပ်ခဲ့လို့ ရတဲ့ ဆုကြေးငွေ တွေ များနေလို့ပါ..."
ဗီရိုနီးစ် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။