← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆ လက်တော့ပ် ကွန်ပျူတာ

ယခင်က ပြောခဲ့သည့်အတိုင်း မနက်ဖြန်သည် စနေ တနင်္ဂနွေ ပိတ်ရက်ဖြစ်ပြီး လစာထုတ်မည့် နေ့လည်း ဖြစ်လေသည်။

စောစောက ခေါင်းငုံ့၍ ရိုအန် တွက်ချက်ကြည့်လိုက်ရာ ဤလအတွက် အခြေခံလစာက ဒေါ်လာ နှစ်ထောင် ဖြစ်သည်။ ပန်းခြံထဲတွင် သတင်းထောက်ကို သတ်ဖြတ်ခဲ့သော လူသတ်သမားကို ဖမ်းဆီးနိုင်ခဲ့သဖြင့် နယူးယောက် သတင်းထောက်များအသင်းမှ ဆုကြေးငွေ ဒေါ်လာ ငါးသောင်း ထုတ်ပြန်ထားရာ လက်ဝယ်သို့ တကယ်တမ်း ရရှိမည်မှာ ဒေါ်လာ နှစ်သောင်းခွဲ ဖြစ်သည်။ လူသတ်သမား၏ ဆုကြေးငွေက ဒေါ်လာ ငါးထောင် ဖြစ်ပြီး လက်ဝယ်ရရှိမည်မှာ ဒေါ်လာ နှစ်ထောင်ခွဲ ဖြစ်သည်။ လူသတ်သမား ကွန်ရက် မှတစ်ဆင့် လွှတ်တော်အမတ် လုပ်ကြံခံရမှုဆီသို့ ဦးတည်သွားစေခဲ့သဖြင့် ဆုကြေးငွေက ဒေါ်လာ ငါးသိန်း ဖြစ်လာပြီး လက်ဝယ်သို့ ဒေါ်လာ သုံးသောင်း ရရှိမည် ဖြစ်သည်။

ကွင်းဆက် လူသတ် အလောင်းဖျောက်မှု တရားခံကို ဖမ်းဆီးနိုင်ခဲ့သဖြင့် ဆုကြေးငွေ ဒေါ်လာ တစ်သိန်းမှ လက်ဝယ်သို့ ဒေါ်လာ ငါးသောင်း ရရှိမည် ဖြစ်သည်။ အပိုဆုကြေးငွေက ဒေါ်လာ တစ်ထောင့်ငါးရာ ဖြစ်ပြီး နှစ်ဆ တိုးမြှင့်လိုက်သောအခါ ဒေါ်လာ သုံးထောင် ဖြစ်သွားသည်။ လွှတ်တော်အမတ်၏ ဇနီး ယူလန်ဒါ ပေးသော ကျေးဇူးတင် ဆုငွေ ဒေါ်လာ ငါးသောင်း နှင့် နှုတ်ပိတ်ခ ဒေါ်လာ တစ်သိန်း လည်း ပါဝင်သေးသည်။

အစစအရာရာ အားလုံးကို ပေါင်းစပ် တွက်ချက်လိုက်ပါက ခန့်မှန်းခြေ ဒေါ်လာ နှစ်သိန်း ခြောက်သောင်း နှစ်ထောင့် ငါးရာ ခန့် ရှိလေသည်။

ထို့အပြင် ဒါရင်းတို့ ဇနီးမောင်နှံ ယခင်က ကတိပေးထားသော ကျေးဇူးတင် ဆုငွေ ဒေါ်လာ တစ်သန်း လည်း ရှိနေသေးသည်။ ထိုငွေများထဲမှ ရိုအန် အနေဖြင့် အနည်းဆုံး ဒေါ်လာ သုံးသိန်းတော့ ခွဲဝေ ရရှိမည် ဖြစ်သည်။

ထိုငွေများ အားလုံးကို ပေါင်းလိုက်ပါက ရိုအန် ရရှိမည့် ငွေပမာဏမှာ ဒေါ်လာ ငါးသိန်း ခြောက်သောင်း နှစ်ထောင့် ငါးရာ ရှိပြီ ဖြစ်ရာ ထိုတိုက်ခန်းကို ဝယ်ယူရန် လုံလောက်သွားပြီ ဖြစ်လေသည်။

သေချာပေါက် အမေရိကန် နိုင်ငံ၏ သေခြင်းတရားနှင့် အခွန်ပေးဆောင်ခြင်းကသာ ရှောင်လွှဲ၍ မရနိုင်သော အရာများ ဖြစ်သည် ဆိုသည့် အခွန် ပြဿနာ ရှိနေသေးသည်။

သို့သော် ရိုအန် လုံးဝ မစိုးရိမ်ပေ။ နောက်ပိုင်းတွင် သင့်တော်သော စာရင်းကိုင် တစ်ယောက်ကို ရှာဖွေလိုက်မည် ဆိုပါက ထိုစာရင်းကိုင်များက အခွန် ပြဿနာများကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ကြမည် ဖြစ်လေသည်။

နောက်တစ်နေ့ စနေနေ့သို့ ရောက်ရှိလာသည်။

ဗီရိုနီးစ်၏ တိုက်ခန်း ဧည့်ခန်းရှိ ဆိုဖာပေါ်မှ ရိုအန် ထလာပြီး ကိုယ်လက်သန့်စင်မှု များကို အလျင်အမြန် ပြုလုပ်လိုက်သည်။ ထို့နောက် အငှားယာဉ် တစ်စီးကို စီးနင်းကာ ဂျေးကော့ ဖက်ဒရယ် ရုံးအဆောက်အအုံဆီသို့ ထွက်ခွာလာခဲ့လေသည်။

အက်ဖ်ဘီအိုင် များသည် စနေနှင့် တနင်္ဂနွေ နေ့များတွင် အလုပ်ဆင်းရန် မလိုသော်လည်း ဒါရင်းတို့ ဇနီးမောင်နှံက ယနေ့တွင် ကျေးဇူးတင် ဆုငွေ လာရောက် ပေးအပ်မည် ဖြစ်ကြောင်း ကတိပြုထားသဖြင့် အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ စုံထောက်များ အားလုံး အလုပ်မလာဘဲ မနေနိုင်ကြချေ။

လေစီ တစ်ယောက်တော့ ရုံးသို့ မလာခဲ့ပေ။ လေစီသည် ဗီရိုနီးစ်၏ တိုက်ခန်းတွင် ကျန်ရစ်ခဲ့ပြီး တရားရေးဌာနမှ ရဲများ လာရောက်၍ လစ်ဒီယာကို ခေါ်ဆောင်မသွားမီ အချိန်အထိ လုံခြုံရေး စောင့်ကြပ်ပေးရမည် ဖြစ်သည်။

ဗီရိုနီးစ် ကလည်း ဖက်ဒရယ် ရုံးအဆောက်အအုံသို့ မလာခဲ့ချေ။ မနက်စောစော ကတည်းက ဝါရှင်တန် သို့ ကားမောင်း၍ ထွက်ခွာသွားပြီ ဖြစ်သည်။ ဗီရိုနီးစ် နောက်ကွယ်မှ အထက်လူကြီးများက သူမကို ဆင့်ခေါ် ဆွေးနွေးခြင်း ဖြစ်မည်ဟု ရိုအန် ခန့်မှန်းမိလိုက်သည်။

"မနက်ခင်းပါ ရိုအန်..."

"မနက်ခင်းပါ..."

အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ အတွင်းသို့ ဝင်ရောက်လာချိန်တွင် အဖွဲ့ခေါင်းဆောင် သြဂတ်စ် ရောက်ရှိမနေသေးချေ။ စုံထောက်များ အားလုံးက ရိုအန်ကို တက်ကြွ လန်းဆန်းစွာ ဝိုင်းဝန်း နှုတ်ဆက်ကြပြီး နံနက်စာများနှင့် သောက်စရာ များကို ရိုအန်၏ လက်ထဲသို့ အပြည့်အမောက် ထည့်ပေးလိုက်ကြသည်။

မိမိ၏ ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် ရိုအန်၏ မျက်နှာပေါ်တွင် အပြုံးများ အပြည့်အဝ ဖုံးလွှမ်းသွားတော့သည်။

တကယ်ကိုပဲ အသားစားရသည့် အခါတွင် အခြားသူများကို အရည် သောက်ခွင့် ပေးခဲ့ခြင်းက အချည်းနှီး မဖြစ်ခဲ့ချေ။

"ရောက်တာ စောလှချည်လား ရိုအန်..."

ရိုအန် နံနက်စာ စားသောက်ပြီးချိန်တွင် မိုနာ လည်း အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ အတွင်းသို့ ရောက်ရှိလာသည်။

သူမ၏ ခုံတွင် ဝင်ထိုင်လိုက်သည်နှင့် တပြိုင်နက် ရိုအန်ဘက်သို့ ချက်ချင်း လှည့်ကြည့်ကာ လေးနက် တည်ကြည်သော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။

"ရိုအန်... ငါ့ရဲ့ လက်တော့ပ် ကွန်ပျူတာရော..."

'ဟင်...'

မိုနာ၏ စကားကို ကြားလိုက်ရသောအခါ ရိုအန် တစ်ယောက် မျက်တောင်များ တဆတ်ဆတ် ခတ်သွားပြီး ချက်ချင်း သဘောမပေါက်နိုင် ဖြစ်သွားရသည်။

အချိန်အတော်ကြာ စဉ်းစားခန်း ဝင်ပြီးမှသာ ဒါရင်း ဒေါသတကြီးဖြင့် ရိုက်ခွဲပစ်လိုက်သော လက်တော့ပ် ကွန်ပျူတာကို မိုနာ ဆိုလိုနေခြင်း ဖြစ်ကြောင်း ရိုအန် သတိရသွားတော့သည်။

"ကွန်ပျူတာ ကိစ္စကို ခဏလောက် ဘေးဖယ် ထားလိုက်ပါဦး မိုနာ..."

ပါးစပ်ထဲရှိ ကော်ဖီများကို မြိုချလိုက်ပြီးနောက် ရိုအန်က မိုနာကို ဆွဲခေါ်ကာ အဖွဲ့ခေါင်းဆောင်၏ ရုံးခန်း အတွင်းသို့ ဝင်ရောက်သွားသည်။ စုံထောက် အသီးသီး၏ နားမလည်နိုင်သော အကြည့်များ အောက်မှာပင် ရုံးခန်း တံခါးကိုပါ သော့ခတ် လိုက်လေသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေ အတွင်း၌ အချင်းချင်း တီးတိုး ပြောဆိုသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။

အဖွဲ့ခေါင်းဆောင် ရုံးခန်း အတွင်း၌ မိုနာ၏ မျက်မှောင်များ တင်းတင်း ကြုတ်သွားပြီး ရိုအန်ကို စူးစိုက်ကြည့်ကာ လေးနက်သော လေသံဖြင့် မေးမြန်းလိုက်သည်။

"ရိုအန်... နင် ဘာလုပ်မလို့လဲ..."

"မနေ့ညက နင့်အဖေ နဲ့ ပတ်သက်တဲ့ သတင်း တချို့ကို ငါ ရခဲ့တယ်..."

မိမိကို ကာကွယ်ရန် ပြင်ဆင်နေသော မိုနာကို လုံးဝ အဖက်မလုပ်ဘဲ ရိုအန်က ဘေးနားရှိ ကုလားထိုင် တစ်လုံးကို အလွယ်တကူ ဆွဲယူကာ သူမ၏ အရှေ့တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် မိုနာ၏ ဖခင် ဖြစ်သူ ဂျာဗာရီ အီဗန် ကို စီအိုင်အေ က စုံစမ်း စစ်ဆေးနေကြောင်း၊ အန်အက်စ်အေ က သဲလွန်စ ရှာမတွေ့သဖြင့် မိုနာကို ပစ်မှတ်ထားလာကြောင်း စသည့် အဖြစ်အပျက် အားလုံးကို အစအဆုံး အသေးစိတ် ရှင်းပြလိုက်လေသည်။

ရိုအန် ရှင်းပြပြီးဆုံးသွားသောအခါ မိုနာ၏ မျက်လုံးများမှာ နီရဲလာသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှသာ တီးတိုး ပြောဆိုလိုက်သည်။

"ငါ သိပါပြီ ရိုအန်... နင့်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်..."

တစ်ဖက်လူ၏ အသံများ အနည်းငယ် တုန်ရီနေသည်ကို ကြားလိုက်ရသော်လည်း မိုနာနှင့် သူမ၏ ဖခင် ကြားရှိ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ရိုအန် ဝင်ရောက် မေးမြန်းခြင်း မပြုခဲ့ပေ။ ထိုအစား လေးနက်သော လေသံဖြင့်သာ ဆိုလိုက်သည်။

"အက်ဖ်ဘီအိုင် စုံထောက် တစ်ယောက် စောင့်ကြည့် ခံနေရတယ် ဆိုတဲ့ ကိစ္စကို... စည်းမျဉ်း တွေအရ အဖွဲ့ခေါင်းဆောင် သြဂတ်စ် ဆီကို ငါ မဖြစ်မနေ အစီရင်ခံ ရလိမ့်မယ်... ဒါပေမဲ့ အဲ့ဒီလို မလုပ်ခင်မှာ နင့်ရဲ့ သဘောထားကို အရင်ဆုံး သိချင်လို့ပါ... တကယ်လို့ နင်က ငြင်းဆန်မယ် ဆိုရင် ငါ့အနေနဲ့..."

"မလုပ်ပါနဲ့... အထက်ကို သာ တင်ပြလိုက်ပါ ရိုအန်... ငါ ဘာမှ မဖြစ်ပါဘူး..."

မိုနာက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ရင်ထဲရှိ ခံစားချက် အမျိုးမျိုးကို အတင်းအကျပ် ဖိနှိပ်ထားလိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ရိုအန်ကို ကြည့်လိုက်သည်။

"ငါ အဆင်ပြေပါတယ်... ငါ့ကို ယုံပါ... ဒီကိစ္စကို သြဂတ်စ် နဲ့ သေချာ ရှင်းပြလိုက်ပါ့မယ်..."

"နင် သေချာလို့လား..."

"ငါ သေချာပါတယ်..."

မိုနာ၏ ပြတ်သားသော သဘောထားကို မြင်တွေ့လိုက်ရသောအခါ ရိုအန်က ခေါင်းညိတ်ပြလိုက်ပြီး ဆက်လက် တားဆီးခြင်း မပြုတော့ချေ။ လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် မိုနာက ရှေ့သို့ တိုးလာပြီး ရိုအန်ကို ဖက်ကာ တီးတိုး ပြောဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

ရိုအန် ပြန်လည် မဖြေကြားရသေးမီမှာပင် မိုနာက ဖက်ထားရာမှ ပြန်လွှတ်ပေးလိုက်သည်။ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး အဖွဲ့ခေါင်းဆောင် ရုံးခန်း တံခါးကို ဆွဲဖွင့်ကာ အပြင်သို့ ထွက်ခွာသွားလေသည်။

ရိုအန်၏ မျက်ခွံများ တစ်ချက် လှုပ်ရှားသွားပြီး မိုနာ၏ နောက်မှ လိုက်ကာ ရုံးခန်း အတွင်းမှ ထွက်လာခဲ့သည်။

ကိုယ့်နေရာ အသီးသီးသို့ ပြန်ရောက်သွားသည်နှင့် တပြိုင်နက် မိုနာက ရုတ်တရက် လှည့်လာပြီး လေးနက် တည်ကြည်သော မျက်နှာထားဖြင့် ရိုအန်ကို မေးမြန်းလိုက်သည်။

"ရိုအန်... ငါ့ရဲ့ လက်တော့ပ် ကွန်ပျူတာရော..."

ရိုအန်၏ နှုတ်ခမ်းထောင့်များ တစ်ချက် တွန့်ကွေးသွားသည်။

'ဒီခွေက ထစ်နေတာလား...'

ရိုအန်၏ မျက်နှာပေါ်ရှိ ထူးဆန်းသော အမူအရာကို မြင်လိုက်ရသောအခါ မိုနာက နှာမှုတ်သံ အနည်းငယ် ပြုလုပ်လိုက်ပြီး တိုက်ရိုက်ပင် ရှင်းပြလေသည်။

"ဒါရင်း က ငါ့ကွန်ပျူတာ ကို ရိုက်ခွဲလိုက်တဲ့ ကိစ္စကို ငါ သိပြီးသွားပြီ... သူက ငါတို့ကို ကွန်ပျူတာ ဆယ်လုံး ပြန်လျော်ပေးမယ် လို့ ကတိပေးထားတာကိုလည်း သိတယ်... ဒါပေမဲ့ နင်က မနေ့က စကားလမ်းကြောင်း လွှဲပြီး ငါ့ကို လိမ်ပြောခဲ့တယ်... အဲ့ဒါကြောင့် နောက်ရက် အနည်းငယ် နေလို့ ကွန်ပျူတာတွေ ရောက်လာတဲ့ အခါကျရင်... နင့်ရဲ့ ဝေစု ဖြစ်တဲ့ ကွန်ပျူတာ က ငါ့ပိုင်ဆိုင်မှု ဖြစ်သွားပြီ..."

ရိုအန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

"ငါ စောစောလေး တင် နင့်ကို ပြောပြထားတာလေ..."

"အဲ့ဒါက သီးခြား ကိစ္စ တစ်ခုပဲ ရိုအန်..."

မိုနာက လက်ယမ်းပြလိုက်ပြီး ကိစ္စ တစ်ခုနှင့် တစ်ခု မရောထွေးရန် အချက်ပြလိုက်သည်။

"နင် မနေ့က စကားလမ်းကြောင်း လွှဲပြီး ကွန်ပျူတာ ရိုက်ခွဲခံရတဲ့ ကိစ္စကို ဖုံးကွယ်ထားခဲ့တယ်... အဲ့ဒါကြောင့် နင့်ကွန်ပျူတာ က ငါ့ဟာ ဖြစ်သွားပြီ... ဒီနေ့ နင် ပြောပြတဲ့ သတင်း အတွက်တော့ ငါ တကယ် ကျေးဇူးတင်ပါတယ်... အဲ့ဒါကြောင့် ဒီနေ့ည နင့်ကို ညစာ ကျွေးချင်တယ် ဘယ်လိုလဲ... စားသောက်ဆိုင် ကို သွားမလား... ဒါမှမဟုတ် ငါ့အိမ်ကို လာမလား... မကြာသေးခင် ကမှ ဟင်းလျာ အသစ် တစ်ခု ချက်နည်း သင်ထားလို့..."

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရိုအန်က သံသယ ဖြစ်စွာဖြင့် မေးမြန်းလိုက်သည်။

"ညစာ စားပြီးရင် ဘာဆက်လုပ်မလို့လဲ..."

မိုနာ၏ မျက်နှာထား လေးနက်သွားပြီး လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ယှက်ထားလိုက်သည်။

"မဖြစ်ဘူး... ဒီရက်ပိုင်း အတွင်း ငါ့ခန္ဓာကိုယ် သိပ်နေလို့ မကောင်းဘူး..."

"..."

မိုနာ အနေဖြင့် မည်သည့်နေ့ရက်များတွင် နေလို့ ကောင်းသနည်း ဟု ရိုအန် မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ဗိုက်ရွှဲရွှဲနှင့် အမည်းရောင် မျက်နှာကြီးပေါ်တွင် အပြုံးများ ပြည့်နှက်နေသော သြဂတ်စ်က အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ တံခါးဝမှ ရုတ်တရက် ဝင်ရောက်လာလေသည်။

လက်ထဲရှိ ချက်လက်မှတ် နှစ်စောင်ကို လွှဲယမ်းပြလိုက်ပြီး အံသွားများ ပေါ်လာသည်အထိ ပြုံးရွှင်နေသော သြဂတ်စ်က အသံကျယ်ကြီးဖြင့် ကြေညာလိုက်သည်။

"ဒါရင်း နဲ့ ဆာဘီနာ တို့ဆီက ကျေးဇူးတင် ဆုငွေတွေ ရောက်လာပြီ... ခဏနေရင် အားလုံးကို ဆုကြေးငွေ တွေ ခွဲဝေပေးမယ်..."

စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ တစ်ခုလုံး အပျော်လွန်၍ ဆူညံ ပွက်လောရိုက် သွားတော့သည်။ စုံထောက်များ အားလုံးက ရိုအန်ကို အလွန် လှိုက်လှဲ နွေးထွေးသော လက်ခုပ်သံများဖြင့် ဂုဏ်ပြုလိုက်ကြသည်။

"တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ ရိုအန်..."

သြဂတ်စ်က ရိုအန်၏ ဘေးသို့ လျှောက်လာပြီး ပခုံးကို အားပါးတရ ရိုက်ကာ ချီးကျူး စကားဆိုလိုက်သည်။ ထို့နောက် ရိုအန်ကို အဖွဲ့ခေါင်းဆောင် ရုံးခန်း အတွင်းသို့ ဆွဲခေါ်သွားလေသည်။

ထိုင်ခုံတွင် နေရာယူ ပြီးနောက် သြဂတ်စ်က ချက်လက်မှတ် တစ်စောင်ကို ထုတ်ယူကာ ရိုအန်ထံ ကမ်းပေးလိုက်သည်။ ချက်လက်မှတ် ပေါ်ရှိ ဒေါ်လာ ငါးသိန်း ဟူသော ပမာဏကို မြင်လိုက်ရသောအခါ ရိုအန်၏ မျက်လုံးများ တောက်ပသွားတော့သည်။

"ဒေါ်လာ ငါးသိန်း က မင်းအတွက်... ကျန်တဲ့ ဒေါ်လာ ငါးသိန်း က စုံစမ်းစစ်ဆေးရေး အဖွဲ့ အတွက်... ဒါက ဒါရင်း ကိုယ်တိုင် အရင်ကတည်းက သေသေချာချာ မှာကြားထားခဲ့တာ..."

သြဂတ်စ်က ရိုအန်ကို အလွန် ကျေနပ်အားရစွာ ကြည့်ရှုနေသည်။ ကြည့်လေလေ သူ၏ လူငယ်ဘဝ က အသွင်အပြင် များနှင့် ပိုမို တူညီနေသည်ဟု ခံစားရလေလေ ပင် ဖြစ်သည်။

ထို့နောက် သြဂတ်စ်က အိတ်ကပ်ထဲမှ ကားသော့ တစ်တွဲနှင့် လိပ်စာကတ်ပြား တစ်ခုကို ထုတ်ယူကာ ရိုအန်ထံ ထပ်မံ ကမ်းပေးလိုက်သည်။

"ဒါက ဆာဘီနာ က မင်းအတွက် သီးသန့် လက်ဆောင် ပေးလိုက်တဲ့ ရှက်ဗရိုလက် ကား နဲ့ သူမရဲ့ လိပ်စာကတ်ပြား ပဲ... တစ်ချိန်တည်းမှာပဲ... ဒီနေ့ည သူမ ကျင်းပမယ့် ပါတီပွဲ ကို မင်း လာချင်မလာချင် ဆိုတာ ငါ့ကို မေးခိုင်းလိုက်သေးတယ်... မသွားချင်ရင်လည်း ရပါတယ်... တကယ်လို့ သွားမယ် ဆိုရင်တော့ အံ့ဩစရာ လက်ဆောင် ရှိတယ် လို့ ပြောတယ်..."

"..."

ဒါရင်းကို ဖက်ကာ ငိုကြွေးနေရင်း လက်ချောင်းများဖြင့် မိမိကို လာရောက် ဖြားယောင်းနေခဲ့သော ဆာဘီနာ၏ ပုံရိပ်ကို သတိရသွားသောအခါ ရိုအန်၏ နှုတ်ခမ်းထောင့်များ တစ်ချက် တွန့်ကွေးသွားသည်။ ထို့နောက် ပါတီပွဲသို့ တက်ရောက်ရန် ဖိတ်ကြားချက်ကို တုံ့ဆိုင်းနေခြင်း လုံးဝ မရှိဘဲ ချက်ချင်း ငြင်းပယ်လိုက်လေသည်။

ပါတီပွဲ အတွင်း၌ အမောဆို့ကာ သေဆုံးသွားမည်ကို သူ အလွန် ကြောက်ရွံ့လှသည်။

ရိုအန်က ခေါင်းခါ ငြင်းပယ်လိုက်သည်ကို မြင်သောအခါ သြဂတ်စ် ကလည်း အပိုစကားများ ထပ်မပြောတော့ချေ။

ရိုအန်က မနေ့ညက ဖြစ်ပျက်ခဲ့သော အကြောင်းအရာ များကို သြဂတ်စ် အား အကြမ်းဖျင်း ပြန်လည် ပြောပြရန် ပြင်လိုက်သော်လည်း ထိုကိစ္စကို ဗီရိုနီးစ်က သူ့အား အသိပေးပြီး ဖြစ်ကြောင်းနှင့် ယခု အချိန်မှစ၍ ထိုကိစ္စသည် လုံးဝ မဖြစ်ခဲ့ဖူးသကဲ့သို့ သဘောထားရမည် ဖြစ်ကြောင်း သြဂတ်စ်က ပြောလာသဖြင့် ရိုအန်က အခြား အကြောင်းအရာ တစ်ခုသို့ ချက်ချင်း ပြောင်းလဲလိုက်သည်။ ထိုအကြောင်းအရာမှာ မိုနာ တစ်ယောက် အန်အက်စ်အေ ၏ ပစ်မှတ်ထားခြင်း ခံရသည့် ကိစ္စပင် ဖြစ်လေသည်။

ရိုအန် ရုံးခန်း အတွင်းမှ မထွက်ခွာမီ သြဂတ်စ်က လေးနက် တည်ကြည်သော မျက်နှာထားဖြင့် မှာကြားလိုက်သည်။

"ရိုအန်... ဒီအပတ် စနေ တနင်္ဂနွေ ပိတ်ရက် နှစ်ရက် မှာ သေချာ အနားယူထား... လာမယ့် တနင်္လာနေ့ ကစပြီး ရေကန်တွင်း အမျိုးသမီး အလောင်း ကွင်းဆက် လူသတ်မှုကြီး ကို မဖြစ်မနေ အမြန်ဆုံး အချိန်အတွင်း ဖော်ထုတ်နိုင်ဖို့ ကြိုးစားရမယ်... တကယ်လို့ မဖော်ထုတ်နိုင်ဘူး လို့ ကိုယ့်ကိုယ်ကိုယ် သေချာနေရင်... ငါ့ကို ချက်ချင်း လာပြော... အိုကေ လား... ဒီတစ်ကြိမ် မင်း နာမည်ထွက်သွားတာ အရမ်း ကြီးမားလွန်းတယ်... လူတချို့ က မင်းကို မျက်စိကျ နေကြပြီ..."

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ခေါင်းစောင်းကာ သြဂတ်စ် ကို ပြန်လည် ပြောဆိုလိုက်သည်။

"ကျွန်တော် သိပါပြီ ခေါင်းဆောင်... စိတ်ချပါ..."

သြဂတ်စ် လည်း သက်ပြင်းချနိုင်သွားပြီး ခေါင်းညိတ်ကာ နောက်ဆုံး အနေဖြင့် မှာကြားလိုက်သည်။

"အော်... ဒါနဲ့... မင်း အပြင်ရောက်ရင် မိုနာ ကို လွှတ်လိုက်ဦး..."

ရိုအန်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်မှောင် အနည်းငယ် ကြုတ်ကာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် သြဂတ်စ်က သူ၏ မျက်နှာ အမူအရာကို မြင်တွေ့သွားပြီး တိုက်ရိုက်ပင် ရှင်းပြလိုက်သည်။

"စိတ်ချပါ ရိုအန်... မိုနာ က အက်ဖ်ဘီအိုင် စုံထောက် တစ်ယောက် ဖြစ်သလို... ငါ့ရဲ့ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့က လူ တစ်ယောက် လည်း ဖြစ်တယ်... သူမရဲ့ ကိစ္စကို အန်အက်စ်အေ ဝင်စွက်ဖက်စရာ အကြောင်း မရှိဘူး... သူမကို ကူညီပေးနိုင်ဖို့ အတွက် အတွင်းရေး ကိစ္စ တချို့ကို ငါ သိထားဖို့ လိုအပ်လို့ပါ..."

ထိုစကားကို ကြားလိုက်ရမှသာ ရိုအန် သက်ပြင်းချနိုင်သွားတော့သည်။

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်..."

အပိုစကားများ ထပ်မပြောတော့ဘဲ ရိုအန်က လှည့်ကာ အဖွဲ့ခေါင်းဆောင် ရုံးခန်း အတွင်းမှ ထွက်ခွာသွားလေသည်။ သြဂတ်စ် ကမူ ဖိုင်တွဲ အတွင်းရှိ မိုနာ၏ ကိုယ်ရေး အချက်အလက် များကို ခေါင်းငုံ့ ကြည့်ရှုနေပြီး မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် တောက်ပသွားကာ တီးတိုး ရေရွတ်လိုက်သည်။

"စီအိုင်အေ... အန်အက်စ်အေ..."

မိမိ၏ ခုံသို့ ပြန်ရောက်သွားပြီးနောက် ရိုအန်က မိုနာကို အဖွဲ့ခေါင်းဆောင် ရုံးခန်းသို့ သွားရန် အချက်ပြလိုက်သည်။ ထို့နောက် ရက်ဒ်၏ ရုံးသုံး စားပွဲပေါ်မှ ရေကန်တွင်း အမျိုးသမီး အလောင်း ကွင်းဆက် လူသတ်မှုကြီး နှင့် သက်ဆိုင်သော မှတ်တမ်း ဖိုင်တွဲကို ယူဆောင်လာပြီး အသေအချာ စတင် ဖတ်ရှု လေ့လာနေတော့သည်။

All Chapters