အခန်း ၆၀
Vol. 6 Ch. 60
အခန်း ၆၀ ဒန်နီ
ဒန်နီမှာ ယခုနှစ်တွင် အသက် ခြောက်နှစ် အရွယ်ရှိပြီ ဖြစ်ကာ ဆန်ဒါဆန် နှင့် တာမာရာ တို့၏ သမီးလေး ဖြစ်လေသည်။
မိခင်ဖြစ်သူ ပျောက်ဆုံးသွားပြီး သေဆုံးသွားကြောင်း အတည်ပြုလိုက်ရပြီးနောက် ဖခင်ဖြစ်သူ ဆန်ဒါဆန် သည် ဒန်နီ ကို ကျောင်းသို့ ဆက်မပို့တော့ချေ။ စိတ်ပညာရှင် နှင့်လည်း သွားရောက် မပြသခဲ့သည့် အပြင် အခြား ကလေးငယ် များ နှင့်လည်း အထိအတွေ့ မခံတော့ဘဲ အိမ်ထဲတွင်သာ သော့ခတ် ပိတ်လှောင်ထားခဲ့လေသည်။
နေ့စဉ် စားသောက်ရသည်မှာလည်း ညအိပ်ရာဝင်ခါနီး ကျန်ရစ်သော ထမင်းကျန် ဟင်းကျန် များသာ ဖြစ်လေသည်။
"ငါ ဆန်ဒါဆန် ဆီ ဖုန်းဆက်ပြီးပြီ... သူ အခု ချက်ချင်း အိမ်ပြန်လာခဲ့မယ် လို့ ပြောတယ်..."
ဖုန်းတစ်ဖက်ခြမ်းမှ မိုနာ ၏ အသံကို ကြားလိုက်ရသောအခါ ရိုအန် က ခေါင်းညိတ်ပြလိုက်ပြီး စကားဆိုလိုက်သည်။
"အိုကေ... နယူးဂျာစီ က ကလေးသူငယ် ကာကွယ်ရေး ဌာန ကိုပါ တစ်ခါတည်း ဆက်သွယ်ပေးလိုက်ပါ... ဒီမှာ သူတို့ရဲ့ ကာကွယ် စောင့်ရှောက်မှု လိုအပ်နေတဲ့ မိန်းကလေးငယ် တစ်ယောက် ရှိနေတယ်..."
"ကောင်းပြီ... အခု ချက်ချင်း ဆက်သွယ်လိုက်မယ်..."
"ရိုအန်..."
ဆိုဖာပေါ်တွင် ထိုင်နေသော ရက်ဒ် က ဒန်နီ ကို အချိန်အတော်ကြာ နှစ်သိမ့်ပေးနေသော်လည်း ကလေးမလေး က သူ့ကို လုံးဝ အဖက်မလုပ်ချေ။ ခေါင်းငုံ့ကာ မိမိဘာသာ တရှုံ့ရှုံ့ ငိုကြွေးနေသဖြင့် ရက်ဒ် တစ်ယောက် ဘာလုပ်ရမှန်း မသိတော့ဘဲ ရိုအန် ထံသို့ အကူအညီ တောင်းသည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်တော့သည်။
စောစောက ရိုအန် က ဒန်နီ ကို အိပ်ခန်း အတွင်းမှ ပွေ့ချီလာစဉ်က ကလေးမလေး မှာ ဤကဲ့သို့ အဆက်မပြတ် ငိုကြွေးနေခြင်း မရှိခဲ့ပေ။
ရက်ဒ် ၏ ဘာလုပ်ရမှန်း မသိ ဖြစ်နေသော အမူအရာကို မြင်တွေ့လိုက်ရသောအခါ ရိုအန် ၏ မျက်နှာပေါ်တွင် မည်းမှောင်သော မျဉ်းကြောင်းများ ပေါ်လာတော့သည်။
'ကလေးငယ် တွေနဲ့ ဘယ်လို ဆက်သွယ် စကားပြောဆိုရမလဲ ဆိုတာက ငါ့ရဲ့ အားနည်းချက် တွေထဲက အဆိုးရွားဆုံး အားနည်းချက် ပဲ...'
သို့သော် ယခု အခြေအနေတွင် ရိုအန် ၌လည်း အခြား ရွေးချယ်စရာ နည်းလမ်း မရှိတော့ချေ။ ထို့ကြောင့် ဆိုဖာ ပေါ်သို့ ဝင်ထိုင်လိုက်ပြီး ရက်ဒ် ၏ လက်ထဲမှ အရုပ်ကို လှမ်းယူလိုက်သည်။ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် ဒန်နီ ထံသို့ အရုပ်၏ ပုံစံ နှင့် အမျိုးအစား များကို စတင် မေးမြန်း လိုက်တော့သည်။
ရိုအန် ၏ စကားသံကို ကြားလိုက်ရသောအခါ ရွှေဝါရောင် ဆံပင်လေးနှင့် ဒန်နီ က ပြန်လည် မဖြေကြားခဲ့ပေ။ ထိုအစား ရိုအန် ကို ခေါင်းမော့ကာ ခေတ္တမျှ ကြည့်နေပြီးနောက် ငိုကြွေးနေခြင်းကို ဖြည်းညင်းစွာ ရပ်တန့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ ရိုအန် ၏ လက်မောင်းကို တင်းကြပ်စွာ ဖက်တွယ်ထားလိုက်ပြီး စကားလည်း မပြောသလို လက်ကိုလည်း လွှတ်မပေးတော့ချေ။
'ဒါ ဘယ်လို အခြေအနေ လဲ...'
'ငါလည်း မသိဘူး...'
မိနစ် အနည်းငယ် ကြာပြီးနောက် ပစ်ကပ် ကား တစ်စီး က အဝေးမှနေ၍ အရှိန်ပြင်းစွာဖြင့် မောင်းနှင်လာခဲ့သည်။
မြေပြင်ပေါ်တွင် နက်ရှိုင်းသော ဘရိတ်ဆွဲရာ ကြီးကို ချန်ရစ်ခဲ့ပြီးနောက် မုတ်ဆိတ်မွေး ထူထူ နှင့် မျက်နှာ တစ်ခုလုံး သဘာဝ မကျစွာ နီရဲနေသော အမျိုးသား တစ်ဦး က ပစ်ကပ် ကား ၏ ယာဉ်မောင်း ထိုင်ခုံမှ ပြေးဆင်းလာသည်။ ထို့နောက် လေးထောင့်ပုံစံ အိမ်လေး ဆီသို့ အသံကျယ်ကြီးဖြင့် အော်ဟစ်ကာ ပြေးဝင်လာလေသည်။
"ဒန်နီ... သမီး ဘာမှ မဖြစ်ဘူး မဟုတ်လား ဒန်နီ..."
ဆန်ဒါဆန် တစ်ယောက် နောက်ဆုံးတွင် အလျင်စလို ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ရိုအန် က နေရာမှ ထရန် ပြင်လိုက်သည်။ သို့သော် ဒန်နီ က သူ၏ လက်မောင်းကို ဖက်တွယ်ထားပြီး လုံးဝ မလွှတ်ပေးကြောင်း သတိပြုမိသွားသဖြင့် စက္ကန့် အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် သူမကို ရင်ခွင်ထဲသို့ ပွေ့ချီ ထားလိုက်သည်။ ထို့နောက် အသံကုန် အော်ဟစ် နေသော ဆန်ဒါဆန် ကိုသာ တိတ်ဆိတ်စွာ ကြည့်နေလိုက်တော့သည်။
"မင်း ကကော ဘယ်သူလဲ..."
ဆန်ဒါဆန် က လက်လှမ်း၍ ဒန်နီ ကို ပွေ့ချီရန် ကြိုးစားလိုက်သော်လည်း ဒန်နီ က ခေါင်းလှည့်ကာ ငြင်းဆန်လိုက်သည်။ ထိုအခါ ဆန်ဒါဆန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ရိုအန် ကို ဒေါသတကြီး စူးစိုက်ကြည့်ကာ စကားဆိုလိုက်သည်။
"မင်းတို့ အက်ဖ်ဘီအိုင် တွေ ငါ့ဆီကို ထပ်ပြီး ဘာလာလုပ်ကြတာလဲ... ငါက လူသတ်သမား လို့ သံသယ ဝင်နေကြတာလား..."
"ခင်ဗျား ရဲ့ စိတ်ခံစားချက် ကို နည်းနည်းလောက် ထိန်းချုပ်ပါဦး မစ္စတာ ဆန်ဒါဆန်..."
ရက်ဒ် ၏ စကားပင် မဆုံးသေးမီ ဆန်ဒါဆန် က ခေါင်းလှည့်ကာ သူ့ထံသို့ ဆက်လက် ဟစ်အော်လိုက်တော့သည်။
"သောက်ကျိုးနည်း..."
"မင်းကို ငါ မှတ်မိတယ်... အက်ဖ်ဘီအိုင် က စုံထောက် ရက်ဒ် မဟုတ်လား... အရင်တုန်းက ငါ့ဆီမှာ သတင်း အချက်အလက် တွေ အများကြီး လာမေးသွားပြီးပြီ မဟုတ်ဘူးလား... အခု ဘာဖြစ်လို့ ထပ်လာရတာလဲ... ငါ့မိန်းမ ကို သတ်သွားတဲ့ လူသတ်သမား ကို မင်းတို့ ရှာတွေ့သွားပြီလား..."
ဆန်ဒါဆန် ၏ နီရဲနေသော မျက်နှာကြီး နှင့် ရီဝေနေသော မျက်လုံးများ ကို မြင်တွေ့လိုက်ရပြီး တစ်ဖက်လူ ၏ ခန္ဓာကိုယ် ထံမှ ခပ်သဲ့သဲ့ ထွက်ပေါ်နေသော အရည်အသွေးညံ့ ရေမွှေးနံ့ နှင့် အရက်နံ့ များကို ရှူရှိုက်မိလိုက်သောအခါ ရိုအန် ၏ မျက်နှာ အမူအရာ က အလွန် ကြည့်ရဆိုး သွားတော့သည်။
ရက်ဒ် ကို ဆန်ဒါဆန် အား တားဆီးထားရန် ခေါင်းစောင်း၍ အချက်ပြလိုက်ပြီးနောက် ရိုအန် က လှည့်ကာ ဒန်နီ ကို အိပ်ခန်း အတွင်းသို့ ပြန်လည် ပွေ့ချီသွားလိုက်သည်။ လက်မောင်းကို လွှတ်ပေးရန် တီးတိုး သိမ်မွေ့စွာ ဖြောင်းဖျ ပြောဆိုပြီးနောက် ရိုအန် က အိပ်ခန်း တံခါးကို ပိတ်လိုက်ပြီး ဧည့်ခန်း ဆီသို့ လေးနက် တည်ကြည်သော မျက်နှာထားဖြင့် လျှောက်လာခဲ့သည်။
"အမှိုက်ကောင် တွေ..."
"ခွေးမသား တွေ..."
"သောက်ရူး တွေ..."
ထိုအချိန်တွင် ဆန်ဒါဆန် ၏ မျက်လုံးများမှာ ရီဝေနေပြီး ပါးစပ်မှလည်း ရိုင်းစိုင်းသော စကားများကို အဆက်မပြတ် အော်ဟစ် ဆဲဆိုနေလေသည်။ ရိုအန် က အပိုစကားများ ပြောမနေတော့ဘဲ ရက်ဒ် ကို ဘေးသို့ ဆွဲဖယ်လိုက်ပြီး ဆန်ဒါဆန် ၏ ဗိုက်ကို ခြေထောက်ဖြင့် အားကုန် ကန်ပစ်လိုက်တော့သည်။
"ဒုန်း..."
ဆန်ဒါဆန် ၏ ခန္ဓာကိုယ် က နောက်သို့ လန်ကျသွားပြီး ဆိုဖာ ထဲသို့ ကျွံဝင်သွားသည်။ ရိုအန် က ဧည့်ခန်း စားပွဲပေါ်ရှိ စောစောက ဒန်နီ အတွက် ငဲ့ထားသော ရေခွက်ကို ကောက်ယူကာ သူ၏ မျက်နှာ ပေါ်သို့ တိုက်ရိုက် ပက်ဖျန်းလိုက်လေသည်။
"သောက်..."
ဆန်ဒါဆန် ၏ ဆဲရေးတိုင်းထွာ သံများ အဆုံးမသတ်ရသေးမီ မှာပင် ရိုအန် က ဂလော့ခ် ၁၈ သေနတ်ကို ဆွဲထုတ်လိုက်သည်။ ဘေးနားရှိ ရက်ဒ် ၏ အကြည့်များကို လုံးဝ ဂရုမစိုက်ဘဲ သေနတ် ပြောင်းဝ ကို ဆန်ဒါဆန် ၏ ပါးစပ် အတွင်းသို့ တိုက်ရိုက် ထိုးထည့်လိုက်ပြီး ကြမ်းတမ်းသော လေသံဖြင့် ဟစ်အော် မေးမြန်းလိုက်သည်။
"အမူး ပြေသွားပြီလား..."
"ပြေ... ပြေပါပြီ..."
"သေချာ ကောင်းကောင်းမွန်မွန် စကားပြောလို့ ရပြီလား..."
"ရ... ရပါပြီ..."
"ခွမ်း..."
ရိုအန် က သေနတ်ကို ပစ်ခတ်လိုက်ခြင်း မဟုတ်ဘဲ ရေပက်ထားသော ဖန်ခွက်ကို မြေပြင်ပေါ်သို့ အားကုန် ပစ်ပေါက်လိုက်ခြင်း ပင် ဖြစ်သည်။ ဖန်ခွက် ကွဲကြေသွားသော အသံ ကြောင့် ဆန်ဒါဆန် ၏ ခန္ဓာကိုယ် က တဆတ်ဆတ် တုန်ရီသွားရသည်။ ထိုအခါမှသာ ရိုအန် က တစ်ဖက်လူ၏ ပါးစပ် အတွင်းသို့ ထိုးသွင်းထားသော ဂလော့ခ် ၁၈ ကို ပြန်လည် ရုပ်သိမ်းလိုက်တော့သည်။
ခေါင်းလှည့်ကာ ရက်ဒ် ၏ လေးနက် တည်ကြည်နေသော အကြည့်များကို မြင်တွေ့လိုက်ရသောအခါ ရိုအန် ၏ မျက်ခုံးများ တစ်ချက် ပင့်သွားပြီး ဂလော့ခ် ၁၈ ၏ ဘေးကင်းရေး ခလုတ်ကို အသံမထွက်ဘဲ လက်ညှိုးထိုး ပြလိုက်သည်။
ဘေးကင်းရေး ခလုတ်ကို လုံးဝ ဖွင့်မထားခဲ့ချေ။ သို့သော် အရက်မူးနေသော ဆန်ဒါဆန် ကို ခြောက်လှန့်ရန် အတွက်မူ ဤမျှဆိုလျှင် လုံလောက်နေပြီ ဖြစ်လေသည်။
"ကျွန်တော့် မိန်းမ ပျောက်သွား ကတည်းက... ခင်ဗျားတို့ ရဲတွေ က ကျွန်တော့်ကို အမြဲတမ်း ပြောခဲ့ကြတယ်... ကျွန်တော်တို့ ဘာမှ ပြောလို့ မရပါဘူး တဲ့..."
မိနစ် အနည်းငယ် ကြာပြီးနောက် အတော်လေး အမူးပြေသွားပြီ ဖြစ်သော ဆန်ဒါဆန် က ဆိုဖာပေါ်တွင် ထိုင်ကာ မျက်နှာကို လက်ဖြင့် အုပ်ထားပြီး အလွန် လှုပ်ရှား ပြင်းထန်သော စိတ်ခံစားချက် ဖြင့် စကားဆိုလေသည်။
"ခင်ဗျားတို့ ကျွန်တော့်ကို နောက်တစ်ကြိမ် ပြန်ဆက်သွယ်လာတဲ့ အချိန်ကျတော့... ကျွန်တော့် မိန်းမ သေသွားပြီ ဆိုတဲ့ သတင်းကို ပြောလာခဲ့တယ်... အခု အချိန်မှာ ကျွန်တော့် မိန်းမ အပေါ် ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဆိုတာကို ကျွန်တော် လုံးဝ မသိရဘူး... သူမ သေသွားပြီ ဆိုတာလောက်ပဲ သိရတယ်... အဲ့ဒါကို ခင်ဗျားတို့ က တာမာရာ မသေခင်က အကြောင်းတွေကို ကျွန်တော့်ကို အကြိမ်ကြိမ် ထပ်ခါတလဲလဲ လာမေးနေကြတယ်... ခင်ဗျားတို့ လုပ်ရပ်က အရမ်း လွန်လွန်းတယ် လို့ မထင်ဘူးလား..."
"ခင်ဗျား ရဲ့ ခံစားချက်ကို ကျွန်တော် နားလည်ပါတယ်... အိုကေ လား..."
ရိုအန် က ဆန်ဒါဆန် ကို စူးစိုက်ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့ က ခင်ဗျားကို ကူညီပေးချင်ပါတယ်... ဒါပေမဲ့ အဲ့ဒီလို မလုပ်ခင်မှာ ခင်ဗျား က ကျွန်တော်တို့ကို အရင် ကူညီပေးဖို့ လိုအပ်တယ်... အဲ့ဒီလို လုပ်မှသာ ခင်ဗျား ရဲ့ ဇနီးကို သတ်သွားတဲ့ တရားခံ အစစ် ကို ကျွန်တော်တို့ ရှာဖွေနိုင်မှာ... အဲ့ဒါကြောင့် အခု ကျွန်တော့်ကို ဖြေပါ... ခင်ဗျား မိန်းမ ပျောက်သွားတဲ့ အချိန်တုန်းက... သူမ ဘယ်နေရာမှာ ရှိနေခဲ့တာလဲ..."
ရိုအန် ၏ စကားကို ကြားလိုက်ရသောအခါ ဆန်ဒါဆန် က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ နားထင်ကို ဖိကာ အချိန်အတော်ကြာ စဉ်းစားခန်း ဝင်နေပြီးနောက် တီးတိုး ပြောဆိုလိုက်သည်။
"တာမာရာ က ဝေါမတ် စူပါမားကတ် က ငွေရှင်း ကောင်တာ ဝန်ထမ်း တစ်ယောက်ပါ... အဲ့ဒီ ကုန်တိုက်ကြီး က ဒီနေရာ ကနေ ကားမောင်းသွားရင် ဆယ့်ငါး မိနစ် လောက် ကြာတယ်..."
"ကုန်တိုက် က ည ဆယ်နာရီခွဲ လောက် ဆိုရင် ပိတ်တယ်... အဲ့ဒါကြောင့် တာမာရာ က နေ့တိုင်း ည ဆယ်နာရီ ငါးဆယ် လောက် ဆိုရင် အိမ်ကို ရောက်နေကျပဲ..."
"လွန်ခဲ့တဲ့ သုံးပတ် က... သူမ အလုပ်ဆင်းပြီးတော့ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်... နောက် မိနစ် နှစ်ဆယ် အတွင်း အိမ်ရောက်မယ်... သူမ အတွက် စားစရာ တစ်ခုခု ပြင်ဆင်ထားပေးပါ လို့ ပြောတယ်... အဲ့ဒါကြောင့် ကျွန်တော်လည်း အိမ်မှာ အလွယ်တကူ စားလို့ရမယ့် အစားအစာ တချို့ကို စပြီး ချက်ပြုတ်နေလိုက်တယ်..."
"ဒါပေမဲ့ မိနစ် သုံးဆယ် ကြာတဲ့ အထိ တာမာရာ က ပြန်ရောက်မလာခဲ့ဘူး... အဲ့ဒါက သူမ ဆီကနေ ကျွန်တော် နောက်ဆုံး ရရှိခဲ့တဲ့ သတင်း အချက်အလက် ပဲ..."
"အိုကေ..."
ရိုအန် က ဘောပင်ကို ကိုင်ကာ ဆန်ဒါဆန် ၏ ပြောပြချက်များကို အကြမ်းဖျင်း မှတ်သားလိုက်ပြီးနောက် ဆက်လက် မေးမြန်းလိုက်သည်။
"တာမာရာ မပျောက်ဆုံးခင် က... သူမ ကို တစ်ယောက်ယောက် က နောက်ယောင်ခံ လိုက်နေတယ် ဒါမှမဟုတ် အနှောင့်အယှက် ပေးနေတယ် လို့ သူမ ပြောခဲ့ဖူးတာမျိုး ရှိလား..."
"မရှိပါဘူး..."
ဆန်ဒါဆန် က ခေါင်းခါယမ်းလိုက်ပြီး ရှင်းပြလေသည်။
"တာမာရာ က စူပါမားကတ် က ငွေရှင်း ကောင်တာ ဝန်ထမ်း သာသာလေးပါ... တစ်ခါတလေ ကျရင်တော့ လူဆိုး လူမိုက် တချို့ရဲ့ နောက်ပြောင် ကျီစယ် တာကို သူမ ခံရတတ်ပါတယ်... ဒါပေမဲ့ အဲ့ဒါက နောက်ပြောင်ရုံ သက်သက် ပါပဲ... တာမာရာ ရော သူမရဲ့ လုပ်ဖော်ကိုင်ဖက် တွေပါ ဒီလို ကိစ္စတွေကို ရိုးအီ နေကြပါပြီ... တစ်ခါတလေ ကျရင် သူတို့ ကိုယ်တိုင်တောင် ပြန်ဆဲလွှတ်လိုက်သေးတယ်..."
ရိုအန် က ဆက်လက် ရေးမှတ်နေပြီးနောက် နောက်တစ်ကြိမ် မေးမြန်းလိုက်ပြန်သည်။
"တာမာရာ ရဲ့ ခင်ပွန်း တစ်ယောက် အနေနဲ့... သူမ ရဲ့ ဘေးနားမှာ သူမ ကို စိတ်အနှောင့်အယှက် ဖြစ်စေမယ့်သူ... ဒါမှမဟုတ် သူမ ကို အမြဲတမ်း မျက်နှာချို သွေးနေတတ်တဲ့ သူမျိုး ရှိနေတာကို ခင်ဗျား သတိထားမိခဲ့တာမျိုး ရှိလား..."
"ဟင့်အင်း..."
ဆန်ဒါဆန် က ခေါင်းခါယမ်းလိုက်သည်။
"တာမာရာ က အရမ်း ပွင့်လင်းတဲ့ မိန်းမ တစ်ယောက်ပါ... သဘောကျရင် သဘောကျတယ်... မကြိုက်ရင် မကြိုက်ဘူး ပေါ့... တစ်ယောက်ယောက် ကများ လာမေးရင်... သူမ က နေရာမှာတင် အဖြေကို တိုက်ရိုက် ပေးတတ်တယ်... ဘယ်တော့မှ အချိန်ဆွဲလေ့ မရှိဘူး..."
"ကောင်းပါပြီ..."
ထိုစကားများကို မှတ်သားလိုက်ပြီးနောက် ရိုအန် ၏ မျက်မှောင်များ တင်းတင်း ကြုတ်သွားသည်။ အသုံးဝင်မည့် မည်သည့် သဲလွန်စ ကိုမျှ သူ ရှာဖွေ မတွေ့ရှိခဲ့ရပေ။ ခေတ္တမျှ စဉ်းစားခန်း ဝင်နေပြီးနောက် သူက ခေါင်းမော့ကာ ဆန်ဒါဆန် ထံသို့ စက္ကူ တစ်ရွက် ကမ်းပေးလိုက်သည်။
"တာမာရာ အလုပ်လုပ်တဲ့ ဝေါမတ် စူပါမားကတ် က ဘယ်နေရာမှာ ရှိတဲ့ ဆိုင်ခွဲ လဲ... အဲ့ဒီ လိပ်စာကို ရေးပေးပါဦး..."
"အိုကေ..."
စစ်ဆေး မေးမြန်းထားသော မှတ်တမ်းများကို သိမ်းဆည်းလိုက်ပြီးနောက် ရိုအန် က အိမ်ထဲမှ ထွက်လာကာ မိုနာ ထံသို့ ဖုန်းဆက်လိုက်သည်။ နယူးဂျာစီ ပြည်နယ်၏ ကလေးသူငယ် ကာကွယ်ရေး ဌာနမှ လူများ ရောက်လာရန် သုံးမိနစ်ခန့် သာ လိုတော့ကြောင်း အတည်ပြုပြီးနောက် ရက်ဒ် ကို ခေါ်ဆောင်ကာ အက်စ်ယူဗီ ကားဆီသို့ ပြန်သွားလိုက်သည်။ သဲလွန်စများ ရှာဖွေရန် အတွက် ဝေါမတ် စူပါမားကတ် ဆီသို့ ကားမောင်း ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။
ထိုအချိန်မှာပင် ဒန်နီ က ဆန်ဒါဆန် သတိမထားမိသော အချိန်ကို အခွင့်ကောင်းယူ၍ အိမ်ထဲမှ တိတ်တဆိတ် ထွက်လာခဲ့ပြီး အက်စ်ယူဗီ ကားရှိရာဆီသို့ တိုက်ရိုက် ပြေးလာလေသည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ရိုအန် တစ်ယောက် အလွန် ထိတ်လန့်သွားပြီး ကားတံခါးကို အလျင်အမြန် ဖွင့်ကာ ဆင်းပြေးသွားပြီး ဒန်နီ ကို ပွေ့ချီ လိုက်တော့သည်။
ရိုအန် စကားမပြောရသေးမီ မှာပင် ဒန်နီ ၏ ကြည်လင်ပြတ်သားသော အသံလေး က သူ၏ နားထဲသို့ ရောက်ရှိလာလေသည်။
"သမီး မေမေ ဘယ်ကို သွားခဲ့လဲ ဆိုတာ... သမီး သိတယ်..."
'ဘာ...'
ထိုစကားကြောင့် ရိုအန် အံ့အားသင့်သွားရသည်။