အခန်း ၃၇၃
Vol. 34 Ch. 373
အခန်း (၃၇၃) Lithography စက် အမှာစာများ
"ဘာ..."
"အဖေက ငါ့ကို အလုပ်ကြီးတစ်ခုခု လုပ်စေချင်နေတာပဲ..."
"ဟားဟား... အဘိုးကြီးက နောက်ဆုံးတော့ ငါ့ကို တန်ဖိုးထားလာပြီပဲ... ငါ့ရဲ့ အရည်အချင်းတွေကို အပြည့်အဝ အသုံးချရမယ်ဆိုတာကို နောက်ဆုံးတော့ သူ သိသွားခဲ့ပြီ..."
"ဟားဟားဟားဟား..."
"ငါ လီကျန်းရှီးက Six Starလုပ်ငန်းစုကို လွှဲပြောင်းရယူဖို့ ဖန်တီးခံထားရသူပဲ... ပြီးတော့ ငါက အထွတ်အထိပ်ကို ရောက်ဖို့ ကံပါလာတဲ့သူပဲ..." လီကျန်းရှီးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
ကလေးဘဝမှစ၍ လူကြီးဘဝတိုင်အောင် ထိုအဘိုးကြီးသည် သူ့အား တစ်ကြိမ်တစ်ခါမျှ မယုံကြည်ခဲ့သော်လည်း ယခုအချိန်တွင် သူ့ကို လက်ခံလာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ဒါက ငါ့ရဲ့ အခွင့်အရေး မဟုတ်ဘူးလား... ဒီအခွင့်အရေးကို ငါ ဆုပ်ကိုင်ထားရမယ်...
လီကျန်းရှီးသည် မန်နေဂျာလီမေ့ကျူး၏ ရောက်ရှိလာမှုကို အလွန် မျှော်လင့်နေခဲ့ချေသည်။ သူတို့နှစ်ဦး ပူးပေါင်းကာ အံ့မခန်း ရလဒ်ကောင်းများကို ရယူနိုင်မည်ဆိုပါက အလွန်ကောင်းမွန်မည်ဟု သူ တွေးတောနေခဲ့၏။
ထိုညနေခင်းတွင် စုယွမ်သည်လည်း Six Starလုပ်ငန်းစုထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့လေသည်။
"ဟယ်လို ဥက္ကဋ္ဌစု... ကျွန်မက Six Starလုပ်ငန်းစုရဲ့ မန်နေဂျာ လီမေ့ကျူးပါ..."
"ယွမ်ဟိုင်လုပ်ငန်းစုက 7nm Lithography စက်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး သူတို့ထုတ်လုပ်လိုက်တဲ့ ချစ်ပ်ပြားတွေကို စမ်းသပ်ကြည့်ရာမှာလည်း အရမ်းကို ပြည့်စုံကောင်းမွန်တယ်လို့ ကျွန်မ ကြားထားပါတယ်..."
" Six Starလုပ်ငန်းစုက ရှင်နဲ့ စီးပွားရေးကိစ္စ ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပါပြီ... ဒါကို ရှင့်ရဲ့ အမြင်လေးကို သိပါရစေ..." လီမေ့ကျူး၏ အသံမှာ အလွန်တရာ ရိုသေလေးစားမှု အပြည့် ရှိနေပေ၏။
"ယွမ်ဟိုင်လုပ်ငန်းစုက အခု ကမ္ဘာတစ်ဝန်း ပူးပေါင်းဆောင်ရွက်မှုတွေအတွက် လမ်းဖွင့်ထားပါတယ်..."
"တကယ်လို့ ခင်ဗျားတို့ဘက်က သဘောထားမှန်မှန်နဲ့ လာမယ်ဆိုရင် ဘယ်ကိစ္စကိုမဆို ဆွေးနွေးလို့ရပါတယ်..." စုယွမ်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။
"ကောင်းပါပြီ ကောင်းပါပြီ... ကျွန်မ မနက်ဖြန် တာ့ရှား(တရုတ်)ကို လာလည်ပါမယ်... Lithography စက် အမှာစာအတွက်လည်း ကျွန်မတို့ ဆွေးနွေးကြပါမယ်... အဲဒီအချိန် ရှင် အားပါ့မလား..." မန်နေဂျာ လီမေ့ကျူးက အလွန် ကျေနပ်သွားခဲ့၏။
"ကောင်းပါပြီ..." စုယွမ်က သဘောတူလိုက်သည်။
ပထမဆုံး အမှာစာက ဤမျှ မြန်ဆန်စွာ ရောက်လာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ထို့အပြင် Six Starလုပ်ငန်းစု၏ ငွေကြေးအင်အားမှာ သဘာဝကျစွာပင် မေးခွန်းထုတ်စရာ မလိုချေ။
လက်ရှိတွင် ယွမ်ဟိုင်လုပ်ငန်းစု၏ Lithography စက်သည် တစ်လုံးလျှင် ယွမ် ၂.၅ ဘီလီယံ ဈေးပေါက်ပေသည်။ Six Starလုပ်ငန်းစု၏ ထုတ်လုပ်နိုင်စွမ်းအရ အနည်းဆုံး စက်ငါးလုံးခန့် ဝယ်ယူရန် လိုအပ်မည်ဟု ခန့်မှန်းရ၏။
ထိုပမာဏသည် ယွမ် ၁၀ ဘီလီယံကျော် ဝင်ငွေရရှိစေမည် ဖြစ်သည်။ ပထမဆုံး အမှာစာအသုတ်မှာ အတော်လေး ကြီးမားလှပေ၏။
စုယွမ်သည် မနက်ဖြန်ကိစ္စများနှင့် ပတ်သက်၍ ကျောက်ဟွေ့ဟွမ်နှင့် ဆွေးနွေးတိုင်ပင်ခဲ့ရာ သူကလည်း စုယွမ်၏ အရည်အချင်းများကို သဘာဝကျစွာ ယုံကြည်ထားပြီး ဖြစ်ပေသည်။ သို့မဟုတ်ပါက ခေါင်းဆောင်ကြီးသည် စုယွမ်အား ယွမ်ဟိုင်လုပ်ငန်းစု၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့မည် မဟုတ်ချေ။
နောက်တစ်နေ့သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။
ကျင်းတူး အပြည်ပြည်ဆိုင်ရာ လေဆိပ်။
သပ်ရပ်လှပသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် လေယာဉ်ပေါ်မှ ဆင်းလာကာ ကျယ်ဝန်းလှသော ကျင်းတူးလေဆိပ်ကြီးကို ကြီးမားသော လေးစားမှုများဖြင့် ကြည့်ရှုလိုက်လေသည်။
"တကယ်ကို ကြီးမားတဲ့ အင်အားပဲ..."
"ဒီလောက်ကျယ်ပြောလှတဲ့ မြေကြီးမှာ အဆုံးမဲ့ ဖြစ်နိုင်ခြေတွေ အပြည့်ရှိနေတာပဲ..." မန်နေဂျာ လီမေ့ကျူးက အာမေဍိတ်သံဖြင့် ပြောလိုက်၏။
"မန်နေဂျာ... ဒီတစ်ကြိမ်မှာ ကျွန်တော်တို့က ထိပ်တန်း 7-nanometer EUV Lithography စက် စုစုပေါင်း ငါးလုံး ဝယ်ယူဖို့ လိုအပ်ပါတယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ အများဆုံး သတ်မှတ်ထားတဲ့ ဘတ်ဂျက်က တာ့ရှား(တရုတ်)ငွေ ယွမ် ၂၀ ဘီလီယံပါ..."
"အစည်းအဝေးကို မနက် ၁၀ နာရီမှာ ယွမ်ဟိုင်လုပ်ငန်းစု ရုံးချုပ်မှာ ကျင်းပပါလိမ့်မယ်..."
"တာ့ရှား(တရုတ်)က ဝန်ကြီးကျောက်ဟွေ့ဟွမ်လည်း တက်ရောက်ပါလိမ့်မယ်..." လက်ထောက်ဖြစ်သူက ပြောလိုက်သည်။
"ကောင်းပါပြီ... ငါ နားလည်ပြီ..."
"သခင်လေးနဲ့ရော အဆက်အသွယ် ရပြီလား... သူဌေးက သူ့ကို အတွေ့အကြုံတချို့ ရစေချင်နေတာ..." မန်နေဂျာ လီမေ့ကျူးက ပြောလိုက်၏။
"မရသေးပါဘူး... သခင်လေးက မနေ့ညကတော့ ဖုန်းပြောဖြစ်ခဲ့ပေမယ့် ဒီနေ့ ပြန်ခေါ်မယ်လို့ ပြောထားတယ်... ဒါပေမဲ့..."
"မန်နေဂျာလည်း သူ့အကြောင်း သိတာပဲ... သူက အရည်အချင်းမရှိတဲ့ ဒုတိယမျိုးဆက် သူဌေးသားလေးတစ်ယောက်လေ..." လက်ထောက်က ပြောလိုက်သည်။
"သူဌေးက သူ့ကို ဘာလို့ ပါဝင်စေချင်ရတာလဲဆိုတာ ငါ တကယ် နားမလည်တော့ဘူး..."
"ဒါက ငါ့ရဲ့ အကြံပြုချက်ဖြစ်ခဲ့ပေမဲ့ ငါက ဒီအတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်ရုံပါ..."
"သူ တကယ် ပါဝင်လာလိမ့်မယ်လို့ ငါ လုံးဝ မထင်မှတ်ထားခဲ့ဘူး..."
သခင်လေး လီကျန်းရှီး တစ်ခုခု ပြဿနာရှာမည်ကို အလွန် စိုးရိမ်နေကြောင်း မန်နေဂျာ လီမေ့ကျူးက ပြောလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဤကောင်လေးသည် အလွယ်တကူ ကိုင်တွယ်နိုင်သူ မဟုတ်ချေ။ သူ့တွင် အရည်အချင်း သိပ်မရှိသော်လည်း အခြားသူများကို ပြဿနာရှာရန်ကိုမူ အလွန် နှစ်သက်လှပေသည်။
"ဟယ်လို ကျန်းရှီး... အန်တီ ကျင်းတူးကို ရောက်နေပြီ... အခု မင်း ဘယ်မှာလဲ..." မန်နေဂျာ လီမေ့ကျူးက မေးလိုက်၏။
"မန်နေဂျာလီ... ကျွန်တော် အခုပဲ ထွက်လာပါပြီ... နေရာတစ်ခုသာ ပေးလိုက်ပါ... ကျွန်တော် အခုချက်ချင်း လာခဲ့မယ်..." လီကျန်းရှီးက ချက်ချင်းပင် ပြောလိုက်သည်။
"အင်း..."
အိပ်ရာထနောက်ကျခြင်းမှာ ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်သဖြင့် မန်နေဂျာ လီမေ့ကျူးသည် မည်သည့်အရာကိုမျှ မတွေးတောတော့ချေ။
မကြာမီမှာပင် လီကျန်းရှီးသည် အလွန် အထင်ကြီးစရာကောင်းသော အားကစားကားတစ်စီးဖြင့် ရောက်ရှိလာခဲ့လေသည်။
“ကျန်းရှီး... ဒီနေ့ သေသေသပ်သပ်နဲ့ သင့်တင့်လျောက်ပတ်အောင် ဝတ်စားခဲ့တာမဟုတ်ဘူး
..ဒီနေ့က သာမန် အခမ်းအနားတစ်ခု မဟုတ်ဘူး...ငါတို့ ဆွေးနွေးမယ့် ပရောဂျက်က Lithography စက် နဲ့ သက်ဆိုင်တာ...ဒါကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး...ပြီးတော့...တာ့ရှား(တရုတ်)ရဲ့ ဝန်ကြီး ကျောက်ဟွေ့ဟွမ် ကိုယ်တိုင်လည်း တက်ရောက်မှာ...
မင်းကတော့ တောက်ပြောင်ပြီး ထင်းထင်းကြီး ဖြစ်နေတဲ့ အဝတ်အစားတွေ ဝတ်လာသေးတယ်...ဒါက ဘယ်လို အပြုအမူမျိုးလဲ...”
မန်နေဂျာ လီမေ့ကျူးက ချက်ချင်းပင် မျက်နှာတင်းတင်းဖြင့် ဆူပူလိုက်၏။
သူမသည် Six Starလုပ်ငန်းစု ဥက္ကဋ္ဌ၏ မွေးစားညီမဖြစ်သလို၊ လီကျန်းရှီး၏ အဒေါ်လည်း ဖြစ်ပေသည်။
"အန်တီ... ကျွန်တော် ရောက်လာတုန်းက အရမ်းလောပြီး စိတ်လှုပ်ရှားနေလို့ ခဏတာ မေ့သွားခဲ့တာပါ..."
"စိတ်မပူပါနဲ့... အချိန် အများကြီး ရပါသေးတယ်... ပိုပြီး သင့်တော်တာကို ကျွန်တော် သွားလဲလိုက်ပါ့မယ်..."
"ဒါနဲ့ အန်တီ... ဒီတစ်ကြိမ် ကျွန်တော်တို့ ဘာပရောဂျက်ကို ဆွေးနွေးကြမှာလဲ..."
"အဖေကရော ဘာပြောလိုက်သေးလဲ..." လီကျန်းရှီးသည် ဤကိစ္စကို အလွန် ဂရုစိုက်နေခဲ့၏။
"မင်း ပုံစံကောင်း ပြနိုင်ရင်တော့ ပိုကောင်းလိမ့်မယ်..." မန်နေဂျာ လီမေ့ကျူးက ပြောလိုက်သည်။
"ကောင်းပါပြီ ကောင်းပါပြီ... ကျွန်တော် သေချာပေါက် အစွမ်းကုန် ကြိုးစားပါ့မယ်..." လီကျန်းရှီး အလွန် ဝမ်းသာသွားခဲ့ပေ၏။
ရုတ်တရက် သူ ဖုန်းတစ်ကောလ် လက်ခံရရှိခဲ့သည်။ ဖုန်းဖြေဆိုပြီးနောက် သူက မန်နေဂျာ လီမေ့ကျူးထံသို့ ချက်ချင်း ပြောလိုက်၏။
"အန်တီ... ကျွန်တော် အင်္ကျီအရင် သွားလဲလိုက်ဦးမယ်..."
"ပြီးရင် စီးပွားရေး ဆွေးနွေးဖို့ ယွမ်ဟိုင်လုပ်ငန်းစုရဲ့ ရုံးချုပ်ကို ကျွန်တော် ကိုယ်တိုင် သွားလိုက်မယ်..."
"အချိန် သိပ်မယူပါဘူး..." လီကျန်းရှီးက ပြောလိုက်သည်။
"ကောင်းပြီလေ..." မန်နေဂျာ လီမေ့ကျူးက ပြောလိုက်၏။
လီကျန်းရှီးသည် လျင်မြန်စွာ ကားမောင်းထွက်သွားတော့သည်။ မန်နေဂျာ လီမေ့ကျူးသည် မည်သို့ပြောရမှန်း မသိတော့ဘဲ သက်ပြင်းသာ ချလိုက်လေ၏။
"ယွမ်ဟိုင်လုပ်ငန်းစု ရုံးချုပ်ကို ငါတို့ သွားကြမယ်... အခုမှ ရှစ်နာရီကျော်လေးပဲ ရှိသေးတယ်ဆိုတော့ ဆယ်နာရီထိုးဖို့ နှစ်နာရီတောင် လိုပါသေးတယ်... ငါတို့မှာ အချိန် အများကြီး ရှိပါသေးတယ်..." ထို့နောက် သူတို့နှစ်ဦး ထွက်ခွာသွားကြတော့သည်။
ကျင်းတူးရှိ ဗီလာရပ်ကွက်တစ်ခုတွင် စုယွမ်သည် နံနက်စာ စားသုံးပြီးနောက် စီးပွားရေး ဆွေးနွေးရန်အတွက် ယွမ်ဟိုင်လုပ်ငန်းစု ရုံးချုပ်သို့ သွားရောက်ရန် ပြင်ဆင်နေခဲ့၏။
ယနေ့သည် စုယွမ်၏ ပထမဆုံးသော စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်သောကြောင့် သူသည် ဝတ်စုံပြည့်ကို ပြောင်းလဲဝတ်ဆင်ထားခဲ့သည်။ လီဟူသည် ကျန်းချန်မှ ပြန်လည်ရောက်ရှိလာခဲ့ပြီး သဘာဝကျစွာပင် သူလည်း နောက်မှ လိုက်ပါလာခဲ့ပေ၏။
ယခုအခါ စုယွမ်တွင် သူ၏ကိုယ်ပိုင် ကားရှိနေပြီဖြစ်ရာ ယွမ်ဟိုင်လုပ်ငန်းစု ရုံးချုပ်သို့ တိုက်ရိုက် မောင်းနှင်သွားတော့သည်။
"သူဌေး... ဒီလောက်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ကျွန်တော်တို့ ဒီလို ကြီးမားတဲ့ အောင်မြင်မှုကို ရနိုင်မယ်လို့ လုံးဝ မထင်မှတ်ထားခဲ့ဘူး..."
လီဟူသည် ရက်အနည်းငယ်သာ ခွဲခွာပြီးနောက် ကျင်းတူးမှ ပြန်ရောက်ရောက်ချင်းတွင် Lithography စက်ကို တီထွင်နိုင်ခဲ့ပြီဟု ကြားလိုက်ရသဖြင့် အလွန်အမင်း အံ့အားသင့်ကာ ဂုဏ်ယူနေခဲ့၏။
"အင်း... ရာရာက ဘာမဆို ဖြစ်နိုင်ပါတယ်..." စုယွမ်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"ကျွတ်..." လီဟူ ရုတ်တရက် အော်ဟစ်လိုက်ပြီးနောက် ဘရိတ်ကို ဆောင့်နင်းလိုက်၏။
ကားသည် မြေပြင်ပေါ်တွင် ပြင်းထန်စွာ ပွတ်တိုက်သွားပြီး အရှေ့ဘက်နှင့် အနည်းငယ် ကွာဝေးသော နေရာတွင် ရပ်တန့်သွားလေသည်။
"သောက်ကျိုးနည်းပဲ..." လီဟူ ကျိန်ဆဲလိုက်စဉ် လူကူးမျဉ်းကြားပေါ်ရှိ လျှပ်စစ်စက်ဘီး နှစ်စီးကို အားကစားကားတစ်စီး ဝင်တိုက်မိသွားသည်ကို တွေ့လိုက်ရပေ၏။
ယခုအခိုက်အတန့်တွင် အရှေ့ဘက်၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေချေပြီ။
"မင်း ဘယ်လို ကားမောင်းနေတာလဲ... မီးနီနေတာကို မမြင်ဘူးလား... မင်းက ဆက်မောင်းလာသေးတယ်..." လျှပ်စစ်စက်ဘီးစီးနင်းသူက ခေါင်းတွင် သွေးများပေကျံနေလျက် အလွန် ဒေါသထွက်နေသော အမူအရာဖြင့် ပြောလိုက်သည်။
အခြားတစ်ယောက်မှာမူ သူ၏လက်မောင်းကို ဆုပ်ကိုင်ထားကာ နာကျင်နေပုံပေါ်၏။
သူသည် ကားကို လမ်းဘေးတွင် ရပ်လိုက်၏။
ထိုအချိန်တွင် အားကစားကားထဲမှ အမျိုးသားတစ်ဦး ဆင်းလာကာ ရှေ့တွင် ရပ်နေသော လျှပ်စစ်စက်ဘီးစီးသူ နှစ်ဦးကို အထင်သေးသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
“မင်းတို့ကို ဘယ်သူက ငါ့ကို တမင်ဝင်တိုက်ခိုင်းတာလဲ...
မင်းတို့ တမင်သက်သက် လုပ်ကြံဖို့ လာတာလား...
ငါ ဘယ်သူလဲဆိုတာ မင်းတို့ သိရဲ့လား...
ငါ့ကိုတောင် လာပြီး လုပ်ကြံရဲတယ်ပေါ့...”
ထိုအမျိုးသား၏ အမူအရာနှင့် လေသံတို့တွင် မောက်မာဝင့်ကြွားမှုများ အပြည့်အဝ ပေါ်လွင်နေခဲ့လေ၏။
**