အခန်း ၃၈၀
Vol. 34 Ch. 380
အခန်း (၃၈၀) မင်းမှာ ဘာအရည်အချင်းများ ရှိလို့လဲ
"သခင်လေးလီ… ခင်ဗျားက ဆွေးနွေးညှိနှိုင်းမှုတွေကို သဘောထားမှန်မှန်နဲ့ လုပ်ဖို့ လာတာရော ဟုတ်ရဲ့လား…"
အရောင်းဌာန အကြီးအကဲသည် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားခဲ့၏။
လီကျန်းရှီးသည် ထင်ရှားသော မိသားစုမှ ဆင်းသက်လာသူ တစ်ဦးထံမှ မျှော်လင့်ထားရမည့် မည်သည့် အပြုအမူမျှ မရှိဘဲ ကုလားထိုင်ပေါ်တွင် လူကြီးတစ်ယောက်လို အခန့်သား ထိုင်နေခဲ့ပေသည်။
"ဟားဟား…"
"ခင်ဗျားက အရောင်းဌာနရဲ့ အကြီးအကဲသက်သက်ပဲ… ကျွန်တော်ကတော့ Six Starလုပ်ငန်းစု တည်ထောင်သူရဲ့ သားဖြစ်သလို အနာဂတ် အမွေဆက်ခံသူလည်း ဖြစ်တယ်…"
"ကျွန်တော်တို့ရဲ့ အဆင့်အတန်းက မတူညီဘူး…"
"အခု ကျွန်တော် လိုအပ်နေတာက ဥက္ကဋ္ဌစုရဲ့ အမြင်ပဲ…"
"ယွမ် နှစ်ဘီလီယံ… ဒါက ကျွန်တော်တို့ Six Starလုပ်ငန်းစုက ကမ်းလှမ်းဖူးသမျှ အမြင့်ဆုံး ဈေးနှုန်းပဲ…"
"ဥက္ကဋ္ဌစု… စကားမပြောခင် သေချာ စဉ်းစားသင့်တယ်နော်…"
"သေချာစဉ်းစားပြီးမှ ကျွန်တော့်ကို အဖြေပြန်ပေးပါ…"
"အဲဒီလိုမှမဟုတ်ရင်တော့…"
"ဟားဟားဟားဟား…" လီကျန်းရှီးသည် ယုံကြည်မှု အပြည့်ဖြင့် ရယ်မောလိုက်လေ၏။
သူ၏ မျက်နှာအမူအရာကို မြင်ချိန်တွင် စုယွမ် အနေဖြင့် မရယ်ဘဲ မနေနိုင်ခဲ့ချေ။
"ဟားဟားဟားဟား…"
"သခင်လေးလီ… ခင်ဗျားက တကယ်ကို လေလုံးထွားတာပဲ…"
"ကျွန်တော် သိချင်တာလေးတစ်ခု ရှိလို့… ခင်ဗျားက Six Starလုပ်ငန်းစု ဥက္ကဋ္ဌရဲ့ သားဖြစ်ပေမဲ့ ဒီနေ့ ဈေးနှုန်းဦးတည်ချက်ကို ဆုံးဖြတ်ဖို့ အခွင့်အာဏာရော ရှိရဲ့လား…"
"တကယ်လို့ မရှိဘူးဆိုရင် ခုနက ခင်ဗျားပြောခဲ့တာတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေသက်သက်ပဲ မဟုတ်ဘူးလား…"
စုယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"မင်း…"
ငါပြောတာတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေလို့ မင်းက ပြောနေတာလား…
ငါက Six Starလုပ်ငန်းစုရဲ့ ဆက်ခံသူပဲ… ငါ့စကားကို လက်မခံရင် ဘယ်သူ့စကားကို လက်ခံရမှာလဲ…
လီကျန်းရှီးသည် အလွန် ယုံကြည်မှု ရှိနေပုံပေါ်လေ၏။
"ယွမ် နှစ်ဘီလီယံ… တကယ်လို့ မင်းက တစ်ပြားလေးတောင် ပိုတောင်းရဲတယ်ဆိုရင် အခုချက်ချင်း ငါ ထွက်သွားမှာ…" လီကျန်းရှီးက မောက်မာစွာ ပြောလိုက်သည်။
"ဟားဟားဟားဟား…" စုယွမ်နှင့် အခြားသူများ အချင်းချင်း ကြည့်ကာ ရယ်မောလိုက်ကြ၏။
ဒါက တကယ်ကို ရယ်စရာကောင်းတာပဲ…
သူက အလိုလိုက်ခံထားရတဲ့ သူဌေးသားလေး သက်သက်ဖြစ်ပြီး အခြေအနေကို ထိန်းချုပ်နိုင်မယ်လို့ တကယ်ကြီး ထင်နေတာပဲ…
"ဟားဟား… ဥက္ကဋ္ဌစု… ခင်ဗျားက ကျွန်တော့်မျက်နှာကို ကြည့်ပြီး ရယ်နေတာ… ကျွန်တော် ဒေါသထွက်အောင် ရန်စမိမှာကို မကြောက်ဘူးလား…"
"ကျွန်တော် ဒေါသထွက်လာအောင် လုပ်တာက လွယ်လွယ်လေး ဖြေရှင်းလို့ရမယ့် ကိစ္စမဟုတ်ဘူးနော်…"
"ဒီပထမဆုံး အမှာစာကြီးက ယွမ်ဟိုင်လုပ်ငန်းစုအတွက် ဘယ်လောက် အရေးကြီးလဲဆိုတာကို ခင်ဗျား သိထားသင့်တယ်…"
"အခု ဒီဆက်ခံသူ ကျေနပ်လောက်မယ့် ဈေးနှုန်းတစ်ခုကို ပေးစမ်းပါ…" လီကျန်းရှီးသည် စုယွမ်အား စိုက်ကြည့်ကာ ပြောလိုက်ပေ၏။
"ကောင်းပြီလေ…"
"ဒီလိုဆိုမှတော့ သူတို့ရဲ့ မျက်နှာကို မထောက်ထားလို့ မရတော့ဘူးပေါ့…"
"သေချာနားထောင်ကြ…"
"ယွမ်ဟိုင်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ နောက်ဆုံး ဈေးနှုန်းက တစ်လုံးကို ယွမ် ၄.၅ ဘီလီယံပဲ…" စုယွမ်က ပြုံးလျက် ပြောလိုက်သည်။
"ဟားဟားဟားဟား… မင်း အလျှော့ပေးလိမ့်မယ်ဆိုတာ ငါ သိပြီးသားပါ…"
"ယွမ် လေးဘီလီယံ… ဒီဈေးနှုန်းက အရမ်း…"
"ဘာ… ယွမ် လေးဘီလီယံခွဲ… မင်း ရူးနေလား…"
"စုယွမ်… မင်းက ပိုက်ဆံကို အရမ်း မက်မောနေတာလား…"
"ယွမ် လေးဘီလီယံခွဲတဲ့လား… ဘယ်လိုများ စဉ်းစားရဲရတာလဲ…"
"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ… ဒီအပေးအယူကို ဆက်မလုပ်ချင်တော့ဘူးလား…"
စုယွမ်၏ စကားကို ကြားချိန်တွင် လီကျန်းရှီး လုံးဝ မယုံကြည်နိုင်ဖြစ်သွားခဲ့လေ၏။
သူက ဒီလောက် မြင့်မားတဲ့ ဈေးနှုန်းကို တကယ်ကြီး တောင်းလိုက်တယ်ပေါ့…
ဒါက ရယ်စရာကောင်းမနေဘူးလား…
တကယ်လို့ ဒါကြောင့် ဒီအပေးအယူသာ ပျက်ပြားသွားရင် ငါက…
မဖြစ်ဘူး…
လုံးဝ မဖြစ်ဘူး…
ဒီအတိုင်း လက်လျှော့ပြီး အရာအားလုံးကို ပျက်စီးသွားအောင် လုပ်လို့မရဘူး…
"စုယွမ်… မင်း သေချာ စဉ်းစားပြီးပြီလား…"
"တကယ်လို့ ဒီအမှာစာတစ်ခုသာ ပျက်ပြားသွားပြီး သတင်းထွက်သွားရင် မင်းအပေါ်ကို ဘယ်လောက်တောင် ကြီးမားတဲ့ သက်ရောက်မှု ရှိသွားမလဲဆိုတာကို…"
"မင်းက ငါ့ကို စိန်ခေါ်ရဲသေးတယ်ပေါ့… တော်တော်သတ္တိကောင်းတာပဲ…" လီကျန်းရှီးက ခြိမ်းခြောက်လိုက်၏။
"လီကျန်းရှီး… မင်း နားမလည်နိုင်တဲ့ ကိစ္စတစ်ခု ရှိတယ်…"
"တကယ်လို့ ဒီနေ့ ငါတို့ ယွမ် နှစ်ဘီလီယံနဲ့ ရောင်းလိုက်ရင် နောက်ကျရင် ဘယ်လိုလုပ်မလဲ… ဈေးနှုန်းက ပိုပြီး နိမ့်ကျသွားဖို့ပဲ ရှိတယ်…"
"ဒါက ငါတို့ ထုတ်ကုန်တွေအပေါ် ကြီးမားတဲ့ ထိုးနှက်ချက်ပဲ…"
"ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာမဆို အရင်က ပြောခဲ့တဲ့ ယွမ် သုံးဘီလီယံက အနိမ့်ဆုံးဈေးနှုန်းပဲ… အဲဒီဂဏန်းထက် လျော့ဖို့ဆိုတာ မဖြစ်နိုင်ဘူး…"
"ဘယ်လိုပဲကြည့်ကြည့် ဒီအမှာစာက အမှာစာတစ်ခုသက်သက်ပဲ…"
"သေချာတာပေါ့… လိုအပ်ရင်တော့ ငါတို့ ညှိနှိုင်းရမှာပဲ… ဒါပေမဲ့ မလိုအပ်ရင်တော့ ငါတို့အတွက် ဘာဆုံးရှုံးမှုမှ မရှိဘူးလေ…" စုယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
"အဲဒီတော့ အခု ယွမ် ၄.၅ ဘီလီယံ တောင်းတာက ဘာသဘောလဲ…"
"ဒါက Six Starလုပ်ငန်းစုကို ဗြောင်ကျကျ ရန်စတာပဲ…" လီကျန်းရှီးက ဒေါသတကြီး ပြောလိုက်၏။
"မဟုတ်ဘူး… ဒါက Six Starလုပ်ငန်းစုအတွက် ငါ့ရဲ့ နောက်ဆုံး သတ်မှတ်ချက်ပဲ…"
" Six Starလုပ်ငန်းစုက ငါ့ရဲ့ ထုတ်ကုန်တွေကို ဝယ်ယူဖို့ ရည်ရွယ်ထားသရွေ့ ဒါက ပုံသေ ဈေးနှုန်းပဲ…"
“တကယ်လို့ ခင်ဗျားတို့ဘက်က ဒီဈေးနှုန်းကို လက်မခံနိုင်ဘူးဆိုရင်...
ဒီပူးပေါင်းဆောင်ရွက်မှုအတွက် ဆက်ပြီး ဆွေးနွေးနေဖို့လည်း လိုအပ်တော့မှာ မဟုတ်ပါဘူး...”
စုယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။
ထိုစကားကို ကြားလိုက်ရချိန်တွင် အစည်းအဝေးခန်းအတွင်းရှိ လူအားလုံး ခေတ္တမျှ ဆွံ့အသွားကြလေသည်။
“ဥက္ကဋ္ဌစု... ဒါက...”
ယွမ်ဟိုင်လုပ်ငန်းစု၏ ဒုတိယဥက္ကဋ္ဌ နှစ်ဦးနှင့် အရောင်းဌာန အကြီးအကဲတို့သည်လည်း စုယွမ်၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်သဖြင့် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြလေ၏။
"စိတ်မပူပါနဲ့…" စုယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
စုယွမ် ယုံကြည်မှုရှိနေပုံပေါ်သည်ကို မြင်သောအခါ သူတို့ အများကြီး မပြောတော့ချေ။
"မင်း… မင်း လွန်သွားပြီ…"
"မင်း တကယ် လွန်သွားပြီ…"
လီကျန်းရှီး ဒေါသပေါက်ကွဲသွားခဲ့ပေ၏။ သူ မတ်တတ်ရပ်ကာ စုယွမ်ကို ဒေါသတကြီး လက်ညှိုးထိုးလျက် အော်ဟစ်လိုက်သည်။ "ငါ မင်းကို ပြောမယ်… မဖြစ်နိုင်ဘူး… ဒီလို လှည့်ကွက်လေးနဲ့ ငါတို့ Six Starလုပ်ငန်းစုကို ခြိမ်းခြောက်နိုင်မယ်လို့ မင်း ထင်နေလား…"
" Six Starလုပ်ငန်းစုက အလွယ်တကူ ခြိမ်းခြောက်လို့ရပြီး အလျှော့ပေးလိမ့်မယ်လို့ ထင်နေလား…"
"မင်းတို့ ကုမ္ပဏီမရှိရင်လည်း Six Starလုပ်ငန်းစုက ဘာဆုံးရှုံးမှုမှ ဖြစ်မှာမဟုတ်ဘူး…မင်းတို့ကရော…"
"ဟီးဟီး… စုယွမ်… ငါ့ရှေ့မှာ အရမ်းကြီး မဝင့်ကြွားစမ်းပါနဲ့…"
"ဒီနေ့ မင်းက Six Starလုပ်ငန်းစုကို လုံးဝ စော်ကားလိုက်တာပဲ… Six Starလုပ်ငန်းစုက နောက်ကျရင် မင်းရဲ့ ကုမ္ပဏီအားလုံးအပေါ်ကို ရက်ရက်စက်စက် လက်တုံ့ပြန်လာလိမ့်မယ်…"
လီကျန်းရှီးက လက်သီးကို ဆုပ်ထားလိုက်၏။
"သွားကြစို့… ဒီမှာ သူတို့ကို မျက်နှာသာ ပေးစရာမလိုဘူး…" လီကျန်းရှီးက တောင်ကိုရီးယားမှ အဖွဲ့အား ပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် သူ ထွက်သွားရန် ပြင်လိုက်ပေ၏။
"ထိုင်နေစမ်း…" မန်နေဂျာ လီမေ့ကျူးသည် နောက်ဆုံးတွင် ဒေါသပေါက်ကွဲသွားတော့သည်။
မည်သည့်အရာကိုမျှ ကောင်းစွာ မစွမ်းဆောင်နိုင်သည့် လီကျန်းရှီးကို ဤနေရာတွင် စိတ်ကြိုက် သောင်းကျန်းခွင့်ပေးထားခြင်းမှာ တကယ်ကို ရှက်ဖွယ်ကောင်းလှပေသည်။
ဤလူသည် အသိဉာဏ်ကင်းမဲ့ရုံသာမက အရည်အချင်းလည်း လုံးဝ မရှိသလောက်ပင် ဖြစ်၏။
ဥက္ကဋ္ဌက သူ့ကို အမုန်းဆုံး မြေးတစ်ယောက်အဖြစ် သဘောထားနေခြင်းမှာလည်း အံ့ဩစရာ မရှိချေ။
အကယ်၍ ယနေ့ သူ ပြောဆိုလုပ်ဆောင်ခဲ့သမျှသာ ပြင်ပသို့ ပေါက်ကြားသွားမည်ဆိုပါက Six Starလုပ်ငန်းစု၏ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေမည့်အပြင် စတော့ရှယ်ယာဈေးနှုန်းများလည်း သိသိသာသာ ကျဆင်းသွားမည်မှာ သေချာလှပေ၏။
"အန်တီ… ဒါက ဘယ်လို လေသံမျိုးလဲ… ကျွန်တော်က Six Starလုပ်ငန်းစုရဲ့ ဆက်ခံသူနော်… ကျွန်တော့်ကို နည်းနည်းလေးတောင် မျက်နှာမထောက်ဘူး… ဒါ ဘာသဘောလဲ…" လီကျန်းရှီးက မန်နေဂျာ လီမေ့ကျူးကို ဒေါသတကြီး ပြောလိုက်၏။
"ဆက်ခံသူ… ဆက်ခံသူ… မင်းက အချိန်တိုင်း ဆက်ခံသူဆိုတဲ့ စကားကိုပဲ ပြောနေတာ… မင်းကိုယ်မင်း တကယ်ပဲ ဆက်ခံသူလို့ ထင်နေတာလား…"
"မင်းက ချစ်ခြင်းမေတ္တာမရတဲ့ ကလေးတစ်ယောက်ပဲ… ကလေးတွေ အားလုံးထဲမှာ ဥက္ကဋ္ဌက မင်းကို အထင်အသေးဆုံးပဲ…"
“မင်းမှာ ကိုယ့်အရည်အချင်းကို ကိုယ်သိတဲ့ အသိစိတ်တောင် မရှိဘူး...
နေ့တိုင်း သောက်စားပျော်ပါးနေတာကလွဲလို့ ဘာအရည်အချင်းမှလည်း မရှိသေးဘူး...
ဒီလိုဖြစ်နေတာတောင် အမွေဆက်ခံသူနေရာကို ယှဉ်ပြိုင်ချင်သေးတယ်...ဒါက စိတ်ကူးယဉ်အိပ်မက် သက်သက်ပဲဆိုတာ မင်း မသိဘူးလား...ဒီလောက် အရေးကြီးတဲ့ အခမ်းအနားမှာတောင် မင်းက ကိုယ့်သဘောနဲ့ကိုယ် အမိန့်တွေ ပေးပြီး ရမ်းကားရဲသေးတယ်...မင်းက Six Starလုပ်ငန်းစုကို ကိုယ်စားပြုနိုင်တဲ့ အရည်အချင်း ရှိလို့လား...
စိတ်ကူးမယဉ်နဲ့တော့...မင်းရဲ့ အစ်ကိုပဲဖြစ်ဖြစ်၊ အစ်မပဲဖြစ်ဖြစ် ဒီမှာ ရှိနေမယ်ဆိုရင်တောင် ငါ့ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမှာပဲ...ငါက မန်နေဂျာ လီမေ့ကျူး... Six Starလုပ်ငန်းစုရဲ့ ဒုတိယဥက္ကဋ္ဌပဲ...ပြီးတော့...မင်းက ဘာအရည်အချင်းနဲ့ ငါ့ကို ဒီမှာ လာပြီး အမိန့်ပေးနေတာလဲ...”
မန်နေဂျာ လီမေ့ကျူးသည် လီကျန်းရှီးကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်၏။ သူမ၏ လေသံတွင် သနားညှာတာမှု အရိပ်အယောင်ပင် မပါရှိခဲ့ချေ။