အခန်း ၃၈၃
Vol. 35 Ch. 383
အခန်း (၃၈၃) အကြောင်းပြချက်
"အန်တီ... ဘာတွေပြောနေတာလဲ..."
"အဖေက ဒါကို ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ..."
လီကျန်းရှီးက ဒေါသတကြီး မေးမြန်းလိုက်၏။
"ဒီမှာ ဝင်ပြောဖို့ နင့်နေရာ မဟုတ်ဘူး..."
မန်နေဂျာ လီမေ့ကျူ၏ မျက်နှာအမူအရာသည်လည်း အတော်လေး ဆိုးရွားနေခဲ့ပေသည်။
"ကောင်းပြီ... ကောင်းပြီ... ဟိုကို ပြန်ရောက်တာနဲ့ ဒီအကြောင်းကို မင်းအဖေ့ဆီ ငါကိုယ်တိုင် ပြောပြမယ်..."
လီကျန်းရှီး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေခဲ့ချေ၏။
သူ၏ ဒဏ္ဍာရီလာ စီးပွားရေးခရီးစဉ်၏ ပထမဆုံးတိုက်ပွဲသည် စုယွမ်၏ လုံးဝ အနိုင်ယူမှုနှင့်အတူ ရုတ်တရက် အဆုံးသတ်သွားခဲ့လေပြီ။
ဤသည်မှာ အလွန်တရာ အရှက်ရဖွယ်ပင် ဖြစ်ပေ၏။
ယခုအချိန်တွင် သူသည် နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားရန် အပြင်းအထန် ဆန္ဒရှိနေခဲ့သော်လည်း ဘာမျှမတတ်နိုင်ခဲ့ချေ။
စာချုပ်ကို လျင်မြန်စွာ ရေးဆွဲခဲ့ပြီးနောက် မန်နေဂျာ လီမေ့ကျူက အတည်ပြုကာ လက်မှတ်ရေးထိုးလိုက်သည်။
စာချုပ်လက်မှတ်ရေးထိုးပြီးချိန်တွင် သူတို့အဖွဲ့သည် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြ၏။
"ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပါတယ်..."
စုယွမ်က ပြောဆိုလိုက်သည်။
ဤနေရာရှိ လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုစီ ရှိနေခဲ့ပေ၏။
"သေချာပေါက် ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာမှာပါ..."
မန်နေဂျာ လီမေ့ကျူက အတင်းအကျပ် ပြုံးကာ ပြောလိုက်သည်။
ဤစကားသည် ရိုးသားမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လက်ရှိအခြေအနေများအရ ကြည့်မည်ဆိုပါက လီရှန်းဟယ်သည် အလွန်ရှည်လျားသော ကစားပွဲတစ်ခုကို ကစားနေခြင်းပင် ဖြစ်ပေသည်။
ထို့နောက် မန်နေဂျာ လီမေ့ကျူသည် ဖုန်းတစ်ကောလ် ဖြေဆိုပြီးနောက် လျင်မြန်စွာ ပြန်လာခဲ့၏။
"ဥက္ကဋ္ဌစု... ကျွန်မတို့ရဲ့ ဥက္ကဋ္ဌလီက ရှင့်ရဲ့ ဆက်သွယ်ဖို့အချက်အလက်ကို ယူထားချင်လို့ပါ... အဆင်ပြေနိုင်မလား..."
"သူ့ကို ရှင့်ရဲ့ ဖုန်းနံပါတ် ပေးထားခဲ့ပါမယ်..."
မန်နေဂျာ လီမေ့ကျူက ပြောဆိုလိုက်သည်။
"ကောင်းပါပြီ..."
စုယွမ်က သူမအား ဖုန်းနံပါတ် ပေးလိုက်၏။
"ဟုတ်ကဲ့... ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု စတင်ပြီဆိုတော့ ပြန်ဖို့ ပြင်ဆင်လိုက်ပါဦးမယ်... ကုမ္ပဏီမှာ ဖြေရှင်းစရာ ကိစ္စတွေ အများကြီး ရှိနေသေးလို့ပါ..."
မန်နေဂျာ လီမေ့ကျူက ပြောလိုက်သည်။
"ကောင်းပါပြီ... မန်နေဂျာလီကို လိုက်ပို့ပေးပါမယ်..."
စုယွမ်က ပြုံး၍ ပြောလိုက်ပြီးနောက် အားလုံး မတ်တတ်ထကာ ထွက်ခွာသွားကြပေ၏။
မန်နေဂျာ လီမေ့ကျူနှင့် သူမ၏အဖွဲ့ ကားပေါ်သို့ တက်သွားပြီးချိန်တွင် နှုတ်ဆက်ကာ ထွက်ခွာသွားကြလေသည်။
စည်းဝေးခန်းမနေရာတွင် ယွမ်ဟိုင်လုပ်ငန်းစုမှ ကိုယ်စားလှယ်များနှင့် လီကျန်းရှီးတို့သာ ကျန်ရစ်ခဲ့ချေ၏။
"သခင်လေးလီ... ကံကြမ္မာဆိုတာ အနှစ်သုံးဆယ်ကို တစ်ကြိမ် ပြောင်းလဲတတ်တယ်..."
"အခုချိန်မှာ သခင်လေးလီက မြစ်ရဲ့ အနောက်ဘက်ကမ်းမှာ ရှိနေသလား အရှေ့ဘက်ကမ်းမှာ ရှိနေသလားဆိုတာ သိချင်မိတယ်..."
စုယွမ်က လီကျန်းရှီးအား မေးမြန်းလိုက်သည်။
"ဟမ့်..."
လီကျန်းရှီးသည် အလွန်အမင်း အရှက်ရသွားသလို ခံစားလိုက်ရ၏။
"ဥက္ကဋ္ဌစု... စိတ်မပူပါနဲ့..."
"ဒါက မတော်တဆမှုတစ်ခု သက်သက်ပါပဲ..."
"စောင့်ကြည့်နေလိုက်... မြစ်ရဲ့ အရှေ့ဘက်ကမ်းလား အနောက်ဘက်ကမ်းလားဆိုတာ နောက်မှ မင်းကို ငါ ပြန်ပြောမယ်..."
"ငါ နိုင်ငံကို ပြန်ရောက်လို့ Six Starလုပ်ငန်းစုကို ထိန်းချုပ်နိုင်တဲ့အချိန်ကျရင် ငါ ဘယ်အဆင့်မှာ ရှိနေလဲဆိုတာ မင်း တွေ့ရလိမ့်မယ်..."
လီကျန်းရှီးက ပြောဆိုပြီးနောက် ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားလေသည်။
ဤမျှကြီးမားသော အော်ဒါတစ်ခုကို ရရှိခဲ့သောကြောင့် စုယွမ်သည် အလွန်အမင်း ကျေနပ်နေခဲ့ပေ၏။
ဒုတိယဥက္ကဋ္ဌ နှစ်ဦးနှင့် အရောင်းဌာနမှူးတို့သည် စုယွမ်အပေါ် အလွန်ပင် သဘောကျလေးစားသွားခဲ့ကြသည်။
တကယ်တော့ ဘာတွေဖြစ်သွားခဲ့သည်ကို မည်သူမျှ မသိချေ။ Six Starလုပ်ငန်းစုက ဤမျှ မိုးထိအောင် မြင့်မားနေသော ဈေးနှုန်းကို အဘယ်ကြောင့် သဘောတူခဲ့သည်မှာ စဉ်းစားစရာပင်။
ဤသည်မှာ လုံးဝ မယုံနိုင်စရာပင် ဖြစ်ပေ၏။
ထို့အပြင် တစ်ဖက်လူ သဘောတူမည်ဖြစ်ကြောင်း စုယွမ်က အဘယ်ကြောင့် ဤမျှ သေချာနေရသည်ကိုလည်း နားမလည်နိုင်အောင် ဖြစ်နေကြရသည်။ ဤအတွက် ရှင်းပြချက်တစ်ခုခု ရှိရပေမည်။
"ဥက္ကဋ္ဌစု... ဒီမှာ တကယ်တော့ ဘာတွေဖြစ်နေတာလဲလို့ ကျွန်တော် မေးလို့ရမလား..."
"၃ ဘီလီယံနဲ့တင် ကျွန်တော်တို့ အကြီးအကျယ် အမြတ်ထွက်နေပြီလို့ ခံစားရပေမဲ့ ခင်ဗျားရဲ့ ၄.၅ ဘီလီယံဆိုတဲ့ ဈေးနှုန်းကို သူတို့ ဘာလို့ သဘောတူခဲ့ကြတာလဲ..."
"ကျွန်တော် နားမလည်နိုင်တော့ဘူး..."
"ဘာပဲဖြစ်ဖြစ် Six Starလုပ်ငန်းစုဆိုတာ သာမန်ကုမ္ပဏီတစ်ခုမှ မဟုတ်တာ..."
လူတိုင်း၏ စိတ်ထဲရှိ မေးခွန်းကို ထုတ်ဖော်ကာ ဒုတိယဥက္ကဋ္ဌတစ်ဦးက မေးမြန်းလိုက်၏။
"အရမ်း ရိုးရှင်းပါတယ်..."
"ရိုးရိုးသားသား ပြောရရင် ဒီနေ့ ကျွန်တော်က ၅ ဘီလီယံလို့ ဈေးခေါ်လိုက်ရင်တောင် သူတို့က သဘောတူကြမှာပါပဲ..."
"ဒါပေမဲ့ ကျွန်တော် အဲဒီလို မလုပ်ခဲ့ဘူး..."
"အချင်းချင်း မျက်နှာထောက်ထားပေးမှ နောင်တစ်ချိန်မှာ အတူတူ စီးပွားရေးလုပ်ရတာ ပိုလွယ်ကူမှာလေ..."
"Six Starလုပ်ငန်းစုမှာ သူတို့ရဲ့ ကိုယ်ပိုင် စဉ်းစားတွေးခေါ်မှုတွေ ရှိနေပါတယ်... အခုချိန်မှာ ကျွန်တော် ရှင်းမပြနိုင်သေးပေမဲ့ မဝေးတော့တဲ့ အနာဂတ်မှာ ခင်ဗျားတို့ သိလာရပါလိမ့်မယ်..."
စုယွမ်က ရှင်းပြလိုက်သည်။
"ကဲ... အားလုံးပဲ အရမ်းကြီး စပ်စုမနေကြပါနဲ့... အားလုံး သိသင့်တဲ့အချိန် ရောက်လာတာနဲ့ သဘာဝကျကျ သိလာရမှာပဲမလား.."ကျောက်ဟွေ့ဟွမ်က သူ၏ မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်၏။
"အခုကစပြီး ဒုတိယဥက္ကဋ္ဌ နှစ်ဦးက ဒီတာဝန်ကို အလေးအနက်ထားပြီး ဆောင်ရွက်ရမယ်..."
"ဒါက ငါတို့ တရုတ်ရဲ့ အဆင့်မြင့် နည်းပညာနဲ့ နောက်ဆုံးပေါ် နည်းပညာနယ်ပယ်မှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုပဲ... အရည်အသွေးကို အထူး ဂရုစိုက်ရပါမယ်..."
ဝန်ကြီးကျောက်က ညွှန်ကြားလိုက်သည်။
ယွမ်ဟိုင်လုပ်ငန်းစုသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် စုယွမ်တို့ ပူးတွဲပိုင်ဆိုင်သောကြောင့် ကျောက်ဟွေ့ဟွမ်အနေဖြင့် သဘာဝကျကျပင် ပါဝင်ပတ်သက်ခွင့် ရှိနေပေ၏။
"ကောင်းပါပြီ... နောက်တစ်ဆင့်အတွက် ကျွန်တော်တို့ အခုချက်ချင်း စီစဉ်လိုက်ပါမယ်... ဒီတစ်ခေါက် တစ်ခုခု မှားယွင်းသွားခဲ့ရင် ကျွန်တော်တို့ နှစ်ယောက်က အဓိက တာဝန်ယူပါမယ်..."
သူတို့နှစ်ဦးသည် ကတိပေးလိုက်ပြီးနောက် နောက်တစ်ဆင့်အတွက် လျင်မြန်စွာ စတင် စီစဉ်ကြတော့သည်။
ဤလူနှစ်ဦးသည် အခြားကုမ္ပဏီများမှနေ၍ ယွမ်ဟိုင်သို့ လာရောက်ရန် မိမိသဘောဆန္ဒအလျောက် တောင်းဆိုခဲ့ကြသူများ ဖြစ်ပြီး ရာထူးလျှော့ချခံရမှုကိုပင် မိမိသဘောဆန္ဒအလျောက် လက်ခံခဲ့ကြသူများ ဖြစ်ပေသည်။ သူတို့၏ စွမ်းဆောင်ရည်နှင့် အကျင့်စရိုက်များသည် လုံးဝ အာမခံချက် ရှိပြီး နောက်ဆက်တွဲ ကိစ္စရပ်များကို တာဝန်ယူရာတွင် မည်သည့် ပြဿနာမျှ ရှိမည်မဟုတ်ချေ။
အခြားသူများ ထွက်ခွာသွားပြီးချိန်တွင် ကျောက်ဟွေ့ဟွမ်နှင့် စုယွမ်တို့ စကားစမြည် ပြောဆိုနေခဲ့ကြ၏။
"ရှောင်စု... ဦးလေးလည်း သိပ်နားမလည်နိုင်ဘူး... လီရှန်းဟယ်က ဘာလို့ ဈေးတင်တာကို သဘောတူရတာလဲ..."
ကျောက်ဟွေ့ဟွမ်က မေးမြန်းလိုက်သည်။
စုယွမ်သည် သူတို့၏ သံသယများကို သဘာဝကျကျပင် နားလည်ထားပေ၏။
ဤသည်မှာ သတင်းအချက်အလက် ကွာဟမှု ပြဿနာတစ်ခုပင်။
"ဦးလေးကျောက်... ကျွန်တော်တို့ တရုတ်က နယ်ပယ်နှစ်ခုမှာ အချက်ပြမှုတွေ ပေးပို့ထားပြီးပါပြီ..."
"တစ်ခုက Lithography စက်ဖြစ်ပြီး နောက်တစ်ခုက Lithography စက်ထက် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ သုတေသန တွေ့ရှိချက်ပဲ..."
"Lithography စက်တွေဆိုတာ ဒီကနေ့ ကမ္ဘာပေါ်မှာ ရှိပြီးသား ထုတ်ကုန်တစ်ခုပါ... ကျွန်တော်တို့က မထုတ်လုပ်ဘူးဆိုရင်တောင် တခြားကုမ္ပဏီတွေက ဘာဆုံးရှုံးမှုမှ မရှိသလို သူတို့အတွက်လည်း မလိုအပ်ဘူးလေ..."
"ဒါပေမဲ့ နောက်တစ်ခုကရော ဘယ်လိုလဲ..."
"ဒီအရာက လိုချင်တဲ့အချိန်တိုင်း အလွယ်တကူ ရနိုင်တဲ့အရာမျိုး မဟုတ်ဘူး..."
စုယွမ်က စတင် ရှင်းပြလိုက်သည်။
"ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ သုတေသနကို ပြောတာလား..."
ကျောက်ဟွေ့ဟွမ်က မျက်မှောင်ကြုတ်လိုက်၏။
"မှန်ပါတယ်..."
"အဲဒါပါပဲ..."
"Six Starလုပ်ငန်းစုက ဧရာမ လုပ်ငန်းစုကြီးတစ်ခုလေ... ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီတွေထဲက တစ်ခုပဲ..."
"သူတို့လို ကုမ္ပဏီမျိုးက Lithography စက်ကို ဝယ်ယူဖို့ ကျွန်တော်တို့ကို ရွေးချယ်ခဲ့တာက ကိုယ်တိုင်ကကို မေးခွန်းထုတ်စရာတစ်ခုပဲ..."
"ကျွန်တော်တို့ ပထမဆုံး သတင်းထုတ်ပြန်တုန်းက သူတို့ဆီမှာ ဒီလို စိတ်ကူးမျိုး ရှိခဲ့ကြပေမဲ့ တခြားကုမ္ပဏီတွေကတော့ စိတ်မဝင်စားကြတာ ဒါမှမဟုတ် စောင့်ကြည့်နေခဲ့ကြတာပဲ..."
"ဒါပေမဲ့ Six Starလုပ်ငန်းစုက လျင်မြန်စွာ ဆုံးဖြတ်ချက်ချခဲ့တယ်... ကျွန်တော်တို့ရဲ့ Lithography စက်ကို ဝယ်ယူဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြတယ်..."
"ဒီကိစ္စက အစကတည်းက တစ်ခုခုတော့ သံသယဖြစ်စရာ ရှိနေခဲ့တယ်..."
"သူတို့ရဲ့ အလုပ်လုပ်တဲ့ ပုံစံအရဆိုရင် သူတို့က တည်ထောင်ပြီးသား ကုမ္ပဏီတွေနဲ့ပဲ သေချာပေါက် ပူးပေါင်းဆောင်ရွက်မှာပါ... ဒါပေမဲ့ သူတို့က ကျွန်တော်တို့ဆီကို လာဖို့ ရွေးချယ်ခဲ့တယ်..."
"ဒါက အချက်တစ်ချက်ကို ရှင်းရှင်းလင်းလင်း ပြသနေတယ်..."
"ဒီတစ်ခေါက် လီရှန်းဟယ်ရဲ့ ရည်ရွယ်ချက်က Lithography စက် မဟုတ်ဘူး..."
"ဒါက ကင်ဆာရောဂါ ကုသမှုပဲ..."
စုယွမ် စကားပြောအပြီးတွင် ကျောက်ဟွေ့ဟွမ်သည် လုံးဝ အံ့အားသင့်သွားရလေ၏။
အမှန်ပင်။
ဤကောက်ချက်ချမှုသည် လုံးဝ အဓိပ္ပာယ်ရှိပေသည်။
"တကယ်လို့ ကျွန်တော်တို့က ရလဒ်တစ်ခုကို အရင် ကောက်ချက်ချလိုက်ပြီးမှ ရှေ့ကဖြစ်ရပ်တွေကို နောက်ပြန်လှည့်ပြီး ရှင်းပြမယ်ဆိုရင် တကယ်ပဲ ရှင်းပြရတာ အများကြီး ပိုလွယ်သွားလိမ့်မယ်..."
"တရုတ်က ကျွန်တော်တို့ရဲ့ ကင်ဆာရောဂါ ကုသရေးနည်းပညာဟာ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းပဲ..."
"တကယ်လို့ တစ်ယောက်ယောက်က ကင်ဆာရောဂါ ခံစားနေရပြီး အသက်ရှင်ချင်သေးတယ်ဆိုရင် ကျွန်တော်တို့က သူတို့ရဲ့ ပထမဆုံး ရွေးချယ်စရာပဲ..."
"တကယ်လို့ သူတို့သာ ကျွန်တော်တို့ရဲ့ ရန်သူတွေဆိုရင်တော့ ရလဒ်က ခန့်မှန်းလို့ ရနိုင်ပါတယ်..."
"ဒါကြောင့် Six Starလုပ်ငန်းစုရဲ့ အကြီးအကဲ လီရှန်းဟယ်က ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပဲ..."
"ကျွန်တော်တို့ကြားက ဆက်ဆံရေးကောင်းမွန်မှုကို တိုးမြှင့်လိုက်ကြတာပေါ့..."
"ကျွန်တော်တို့ရဲ့ ကင်ဆာရောဂါ ကုသရေးနည်းပညာ တရားဝင် အောင်မြင်သွားတဲ့ သတင်း ပြန့်နှံ့သွားတာနဲ့ အကျိုးအမြတ် အများဆုံး ရရှိမယ့်သူက သူပဲ ဖြစ်လိမ့်မယ်..."
"တစ်နည်းအားဖြင့် ပြောရရင် လီရှန်းဟယ်က လက်ရှိမှာ ကင်ဆာရောဂါ ခံစားနေရတယ်... သူလုပ်နေသမျှ အရာအားလုံးက အသက်ရှင်နေနိုင်ဖို့ ကြိုးစားနေတာပဲ..."
"ဒီကမ္ဘာ သူဌေးတွေက သေရမှာကို အကြောက်ဆုံးပဲ..."
"ကင်ဆာရောဂါ ကုသခွင့်ရဖို့အတွက် နောက်ထပ် ၇ ဘီလီယံ ထပ်သုံးလိုက်မှာပေါ့..."
"သူ့အနေနဲ့ ဒါကို မလုပ်စရာ အကြောင်းမရှိဘူးလေ..."
စုယွမ်က ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
###