← Chapters

အခန်း ၃၈၄

Vol. 35 Ch. 384

အခန်း ၃၈၄

Vol. 35 Ch. 384

အခန်း (၃၈၄) ဂုဏ်ပြုစကားများ

"ဒါကြောင့်ကိုး..."

"ရိုးရိုးသားသား ပြောရရင် ဒီတစ်ခေါက်မှာ လောင်းကစားဆန်တဲ့ အစိတ်အပိုင်းတစ်ခု ပါဝင်နေခဲ့ပေမဲ့ ကျွန်တော်တို့ နိုင်ခဲ့တယ်..."

"လီရှန်းဟယ်လို လုပ်ငန်းရှင်ကြီး တစ်ယောက်အနေနဲ့ သူ့ရဲ့ ကိုယ်ပိုင်အသက်ကို ကယ်တင်ဖို့အတွက်ဆိုရင် Six Starလုပ်ငန်းစုကို စွန့်လွှတ်ရမယ်ဆိုရင်တောင် တွန့်ဆုတ်နေမှာ မဟုတ်ဘူး..."

"လူတွေရဲ့ သဘာဝက ဒီလိုပါပဲ..."

ကျောက်ဟွေ့ဟွမ်က ရေရွတ်လိုက်၏။

"ဟုတ်ပါတယ်..."

"ဒီအော်ဒါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျွန်တော်တို့ ထုတ်ပြန်လို့ ရပါပြီ... ဘာပဲဖြစ်ဖြစ် ဒါက Lithography စက်အတွက် ကျွန်တော်တို့ရဲ့ ပထမဆုံး အော်ဒါဆိုတော့ ကြီးကြီးကျယ်ကျယ်လေး လုပ်သင့်တာပေါ့..."

စုယွမ်က ပြောလိုက်သည်။

"ဟုတ်တယ်... ငါလည်း အဲဒီလိုပဲ စီစဉ်ထားတာ..."

ကျောက်ဟွေ့ဟွမ်က ပြောဆိုလိုက်၏။

ထို့နောက် သူတို့နှစ်ဦးသည် အချို့သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီးနောက် လူစုခွဲလိုက်ကြလေသည်။

ထိုနေ့ညနေပိုင်းတွင် တရားဝင် သတင်းထုတ်ပြန်ချက်တစ်ခုသည် တရုတ်၏ မီဒီယာများတစ်ခွင်သို့ ချက်ချင်း ပြန့်နှံ့သွားခဲ့ပေ၏။

အင်တာနက် တစ်ခွင်လုံးတွင် ဆွေးနွေးမှုများဖြင့် ဆူညံနေခဲ့သည်။

[တရုတ်၏ ကိုယ်ပိုင်တီထွင်ထားသော Lithography စက်အတွက် ပထမဆုံး အော်ဒါကို လက်မှတ်ရေးထိုးပြီးပါပြီ။ တစ်လုံးလျှင် ၄.၅ ဘီလီယံနှုန်းဖြင့် စုစုပေါင်း ခြောက်လုံးဖြစ်ပြီး တရုတ်ငွေ ယွမ် ၂၇ ဘီလီယံ ကျသင့်မည်ဖြစ်ပါသည်။]

ဤသတင်း ထွက်ပေါ်လာပြီးနောက် အဓိက ဆော့ဖ်ဝဲပလက်ဖောင်းများပေါ်တွင် ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့လေ၏။

သန်းပေါင်းရာနှင့်ချီသော အင်တာနက် အသုံးပြုသူများသည် ၎င်းနှင့် ပတ်သက်၍ အပြင်းအထန် ဆွေးနွေးနေခဲ့ကြသည်။

[နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာပြီပေါ့။ ကျွန်တော်တို့ တရုတ်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေထဲကနေ နောက်ဆုံးတော့ လွတ်မြောက်သွားပြီပဲ။ ဟားဟား... တကယ်ကို ခံစားလို့ကောင်းတာပဲ။]

[မှန်တယ်။ Six Starလုပ်ငန်းစုလို ကမ္ဘာ့ထိပ်တန်း နည်းပညာကော်ပိုရေးရှင်းကြီးကတောင် ငါတို့ရဲ့ ထုတ်ကုန်ကို ဝယ်ယူဖို့ အခုလို ဈေးနှုန်းကို သုံးစွဲနေပြီ။ ဒါက ငါတို့ရဲ့ နောက်ဆုံးပေါ် နည်းပညာ တိုးတက်လာမှုအတွက် အလွန် အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုပါပဲ။]

[သုတေသီပညာရှင်ဟောင်း တစ်ယောက်အနေနဲ့ ဒီကိစ္စက ဘယ်လောက် ခက်ခဲလဲဆိုတာ ငါသိတယ်။ ဒီသတင်းက ငါ့ကို တကယ်မျက်ရည်ဝဲစေခဲ့တာပဲ.. ငါတို့ တရုတ်က တခြား ဘယ်နိုင်ငံရဲ့ လက်အောက်မှာမှ မရှိဘူး။]

[မှန်တယ်။ နေ့မအား ညမနား ကြိုးစားလုပ်ဆောင်ခဲ့ကြတဲ့ ဒီသုတေသီတွေကို ကျေးဇူးတင်ပါတယ်။ ဒါက သူတို့ရဲ့ အောင်မြင်မှုပါပဲ။ တရုတ်နိုင်ငံရဲ့ Lithography စက် လုပ်ငန်းအတွက် ဒီလို ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ပေးခဲ့တဲ့ ဥက္ကဋ္ဌစုကိုလည်း ကျေးဇူးတင်ပါတယ်။]

[တကယ်လို့ ယွမ်ဟိုင်လုပ်ငန်းစုက ကျွန်တော် တတ်နိုင်တဲ့ တခြားထုတ်ကုန်တွေကို ဈေးကွက်တင်လာမယ်ဆိုရင် သူတို့ကို အားပေးဖို့ သေချာပေါက် ဝယ်ယူမှာပါ။]

အင်တာနက် တစ်ခွင်လုံးတွင် စိတ်လှုပ်ရှားမှုများဖြင့် ဆူညံနေခဲ့ပြီး တရုတ်ရှိ မိုဘိုင်းဖုန်း လုပ်ငန်းစုများသည် ဤသတင်းကို ကြားရချိန်၌ သံသယဖြစ်စရာမလိုဘဲ အပျော်ရွှင်ဆုံးပင် ဖြစ်ပေ၏။

အဓိက မိုဘိုင်းဖုန်း ကုမ္ပဏီကြီးများသည် ဤအောင်မြင်မှုအတွက် ယွမ်ဟိုင်လုပ်ငန်းစုအား ဂုဏ်ပြုသော မက်ဆေ့ခ်ျများ တင်ခဲ့ကြသည်။

[ဟာနာအမှတ်တံဆိပ်မိုဘိုင်းဖုန်း - ဒါက ယွမ်ဟိုင်လုပ်ငန်းစုအတွက် ထွန်းတောက်တဲ့ အစပျိုးမှုတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ယွမ်ဟိုင်အတွက် လုံးဝ အသစ်စက်စက် နေ့တစ်နေ့ပါပဲ။ ဆက်ကြိုးစားပါ။]

[ယွမ်ဟိုင်လုပ်ငန်းစု - ဒီအချိန်မှာ စကားလုံးတွေက ပိုလျှံနေပါပြီ။ ကျွန်တော်တို့ရဲ့ ထက်သန်ပြီး စိတ်လှုပ်ရှားနေတဲ့ နှလုံးသားတွေကသာ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ဖော်ပြနိုင်ပါတယ်။ ယွမ်ဟိုင်လုပ်ငန်းစုရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ်။]

[OV NOTE - အိပ်မက်တွေက လက်တွေ့ဖြစ်လာတဲ့အခါ ဒါက ဘယ်လောက် အံ့သြစရာကောင်းလဲဆိုတာ သင် သိလာပါလိမ့်မယ်။ ယွမ်ဟိုင်လုပ်ငန်းစုကို ဂုဏ်ပြုပါတယ်။]

ဤကုမ္ပဏီများသာမက သင် အမည်တပ်နိုင်သော တရုတ်ရှိ အဓိက ကုမ္ပဏီကြီးများ အားလုံးကပါ သူတို့၏ ဂုဏ်ပြုစကားများ ပေးပို့ခဲ့ကြလေသည်။

[Tencent လုပ်ငန်းစု - ယွမ်ဟိုင်လုပ်ငန်းစုရဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုက ကျွန်တော်တို့ရဲ့ တိုးတက်မှုကို သက်သေပြနေတာပါပဲ။ ဥက္ကဋ္ဌစုကို ဂုဏ်ပြုပါတယ်၊ ယွမ်ဟိုင်လုပ်ငန်းစုကို ဂုဏ်ပြုပါတယ်၊ ပြီးတော့ တရုတ်ကိုလည်း ဂုဏ်ပြုပါတယ်။]

[Aba လုပ်ငန်းစု - ယွမ်ဟိုင်လုပ်ငန်းစုက ကျွန်တော်တို့ အမီလိုက်ရမယ့် ပစ်မှတ်ပါပဲ။ ဥက္ကဋ္ဌစုရဲ့ ဦးဆောင်မှုအောက်မှာ ယွမ်ဟိုင်လုပ်ငန်းစုက နောင်တစ်ချိန်မှာ ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ ရလဒ်တွေကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။]

ဤသတင်း၏ စွမ်းအားသည် တရုတ်နိုင်ငံရှိ လုပ်ငန်းနယ်ပယ်တိုင်းကို တုန်လှုပ်သွားစေခဲ့ပေ၏။

အဆင့်မြင့် Lithography စက်များ ရောင်းချရခြင်းသည် တရုတ်၏ လုပ်ငန်းနယ်ပယ်များတွင် အပြောင်းအလဲတစ်ခုကို ကိုယ်စားပြုနေပြီး လူ့အဖွဲ့အစည်း တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိနေလေသည်။

ထို့ပြင် သတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ပါ ပြန့်နှံ့သွားခဲ့၏။

တောင်ကိုရီးယားမှ လူများ ဤသတင်းကို မြင်တွေ့ချိန်တွင် သူတို့သည် ရှင်းလင်းစွာပင် မယုံကြည်နိုင်ဖြစ်နေခဲ့ကြပြီး ပို၍ အရေးကြီးသည်မှာ ၎င်းကို ယုံကြည်ရန် ဆန္ဒမရှိခဲ့ကြခြင်းပင်။

တောင်ကိုရီးယားသည် တရုတ်တို့ အမီလိုက်ရန် ကြိုးစားနေသည့် ပန်းတိုင်တခုဖြစ်ပြီး တရုတ်သည် တောင်ကိုရီးယား၏ နောက်တွင် အနည်းဆုံး ဆယ်စုနှစ်များစွာ ကျန်ရစ်နေသေးသည်ဟု သူတို့က အမြဲတစေ ယုံကြည်ထားခဲ့ကြသည်။

သို့သော် ယခုအခါတွင် တရုတ်သည် ဤကိစ္စရပ်၌ တောင်ကိုရီးယားကို ကျော်လွန်သွားခဲ့ပြီဟု ထင်ရပေ၏။

တစ်ခဏအတွင်းမှာပင် မရေမတွက်နိုင်သော လူများစွာ ဒေါသထွက်သွားခဲ့ကြသည်။

[သောက်ခွေး... ငါတို့ တောင်ကိုရီးယားရဲ့ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Six Starလုပ်ငန်းစုက ဘာလို့ တရုတ်ရဲ့ Lithography စက်ကို ဝယ်ယူရတာလဲ...]

[အေကွာ... ဘာလို့ ဒီလိုဖြစ်ရတာလဲ။ တရုတ်က အဆင့်မြင့် Lithography စက်ကို ဘာလို့ ပထမဆုံး တီထွင်နိုင်ခဲ့တာလဲဆိုတာ တစ်ယောက်ယောက် ငါကို ပြောပြနိုင်မလား။]

[တရုတ်က ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်နေရတာလဲ။]

[Six Starလုပ်ငန်းစုက ဘာတွေ လုပ်နေတာလဲ။ ၄.၅ ဘီလီယံတောင်လေ။ တရုတ်ဆီက ပစ္စည်းတွေဝယ်ဖို့ ဘာလို့ ဒီလောက် ပိုက်ဆံအများကြီး သုံးရတာလဲ... သောက်ချီးးပဲ...]

[ဒါက သတင်းအမှန်လား။ အရင်က နာမည်မရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ယွမ်ဟိုင်လုပ်ငန်းစုက ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်နေရတာလဲ။]

[ဒီယွမ်ဟိုင်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ စုယွမ်က မူလက တောင်ကိုရီးယားကလို့ ကျွန်တော် မှတ်မိတယ် မဟုတ်လား။ တကယ်လို့ သူက တောင်ကိုရီးယား မျိုးနွယ်ဆင်းသက်လာသူဆိုရင်တော့ အဓိပ္ပာယ်ရှိသွားပြီ။ တရုတ်က လူတွေက ဒီလို အဆင့်မြင့် နည်းပညာကို ဘယ်လိုလုပ် သုတေသန လုပ်နိုင်မှာလဲ။]

[မှန်တယ်။ စုယွမ်က ကိုရီးယား မျိုးနွယ်ဖွားတစ်ယောက်ဖြစ်ပြီး ဒီအဆင့်မြင့် နည်းပညာကို ငါတို့ဆီ ပြန်ပေးသင့်တယ်။ ဒါက သူ လုံးဝကို လုပ်ရမယ့်ကိစ္စပဲ၊ မဟုတ်ရင် သူ့ကို ကိုရီးယားမျိုးနွယ်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ဟားဟားဟား။ စုယွမ်... မြန်မြန်လုပ်ပြီး နည်းပညာကို လွှဲပေးလိုက်စမ်း။]

[ဟူး... အသိဉာဏ်မဲ့တဲ့ လူတစ်စု... ဘာလို့ သူတို့ကိုယ်သူတို့ ဆန်းစစ်မကြည့်နိုင်ကြတာလဲ။ ဘာလို့ ဒီလို မသက်ဆိုင်တဲ့ စကားတွေကို ပြောနေရတာလဲ။ တကယ်ကို...]

ဤမှတ်ချက် ကဏ္ဍများတွင် တုံ့ပြန်သူများ၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုမှာ တရုတ်၏ အောင်မြင်မှုကို မယုံကြည်ကြဘဲ Six Starလုပ်ငန်းစုထံမှ ရှင်းလင်းချက်တစ်ခုကို တောင်းဆိုခဲ့ကြပေသည်။

ဤပြောဆိုချက်များကို ယုံကြည်သူအချို့သည် စုယွမ်၏ ဇာတိမြေမှာ သူတို့နိုင်ငံတွင် ရှိနေသည်ဟု သံသယရှိကြပြီး စုယွမ်အား သူ၏နည်းပညာ သို့မဟုတ် အလားတူတစ်ခုခုကို လွှဲပြောင်းပေးရန် အရှက်ကင်းမဲ့စွာ တောင်းဆိုနေကြ၏။

အခြားလူတစ်စုမှာမူ နှလုံးကွဲကြေနေခဲ့ကြသည်။ သူတို့သည် အမှန်တရားကို သိရှိကြပြီး ဤမှတ်ချက်များကြောင့် အကြီးအကျယ် စိတ်ပျက်နေခဲ့ကြချေ၏။

သို့သော် ဘာပဲဖြစ်ဖြစ် သူတို့ မည်မျှပင် အသရေဖျက်ပါစေ တရုတ်သည် ဤနယ်ပယ်တွင် အဆင့်မြင့် နည်းပညာကို ပိုင်ဆိုင်ထားပြီးဖြစ်ကာ ၎င်းသည် အဆက်မပြတ် တိုးတက်နေပေသည်။

မန်နေဂျာ လီမေ့ကျူသည် Six Starလုပ်ငန်းစု၏ မှတ်ချက်ကဏ္ဍသို့ ဝင်ရောက်လာသော ရူးသွပ်နေသည့် လူများ၏ အလုံးအရင်းကြောင့် ပြဿနာတက်နေခဲ့ရ၏။

"ဘာလို့လဲ..."

"အစ်ကို... အများပြည်သူရဲ့ သဘောထားက ဒီလောက်အထိ ပြင်းထန်လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး..."

သူမသည် ကြီးမားသော ဖိအားကို ခံစားနေရသည်။

" ဒါက ဘာများ ထူးဆန်းနေလို့လဲ..."

အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းတို့နှိုင်းယှဉ်ပါက ဤအရာများသည် အသေးအဖွဲ ကိစ္စရပ်များသာ ဖြစ်ပေသည်။

"အင်တာနက် အသုံးပြုသူအချို့ရဲ့ အစွမ်းအစမဲ့တဲ့ ဒေါသတွေက အဆုံးမှာ ဘာကို ပြောင်းလဲပေးနိုင်မှာမို့လဲ..."

"ငါတို့က ဖျက်ဆီးလို့မရတဲ့ ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုဖြစ်တဲ့ မိုးမျှော်တိုက်ကြီးတစ်ခုထဲမှာ နေထိုင်နေတာလေ... အောက်ခြေက ပုရွက်ဆိတ်အုပ်တွေရဲ့ တိုက်ခိုက်မှုကို ခံရရင်တောင် မင်း ဂရုစိုက်နေမှာလား..."

"ဒါတွေက အဓိက ပြဿနာတွေ မဟုတ်ဘူး..."

"ဒီလိုဖြစ်လာမယ်ဆိုတာကို ငါ ကြိုတင် ခန့်မှန်းထားပြီးသားပါ... ပြီးတော့ ဒီထက်ပိုပြီး ပြင်းထန်လိမ့်မယ်လို့တောင် ငါ မျှော်လင့်ထားခဲ့တာ..."

"ဒါပေမဲ့ တကယ်တမ်းကျတော့ မျှော်လင့်ထားသလိုတောင် ဖြစ်မလာခဲ့တာလေးပါပဲ..."

လီရှန်းဟယ်သည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ပြတင်းပေါက်နားတွင် ရပ်ကာ စည်ကားနေသော ညရှုခင်းကို ငုံ့ကြည့်နေခဲ့၏။

သူ့အတွက်မူ သူ လိုချင်သမျှ အရာအားလုံးကို ရယူနိုင်စွမ်း ရှိနေပေသည်။

သို့သော် ၎င်းက မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို မတွန်းလှန်နိုင်သကဲ့သို့ ကမ္ဘာကြီး၏ နိယာမများကိုလည်း မကျော်လွှားနိုင်ချေ။

ဤအလင်းရောင်တွင် မျက်စိရှေ့ရှိ ကြီးပွားချမ်းသာမှုအားလုံးသည် အထင်အမြင်လွဲမှားစေသော ပူဖောင်းများမှလွဲ၍ အခြားမဟုတ်ပေ။

အရာအားလုံးသည် အဆုံးတွင် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိသွားရမည်သာ။

မရေမတွက်နိုင်သော လူများစွာအား နည်းပညာနိုင်ငံတော်တစ်ခုအတွက် တမ်းတစေခဲ့သည့် ဤဧရာမ Six Starလုပ်ငန်းစုကြီး ပြိုကျသွားမည်ဆိုလျှင်ကော ဘာဖြစ်မည်နည်း။

"ငါ ရသင့်ရထိုက်တဲ့ အရာအားလုံးကို ငါ ရရှိပြီးသွားပြီပဲ..."

"အသက်ရှင်ကျန်ရစ်ဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ရမယ်ဆိုရင်တောင် အဲဒါက အရေးအကြီးဆုံးပဲ..."

"မေ့ကျူ... တရုတ်က ကင်ဆာရောဂါ ကုသမှုရဲ့ တိုးတက်မှုကို သေချာ စောင့်ကြည့်ထားပါ..."

"Lithography စက်လို အသေးအဖွဲ ကိစ္စတစ်ခုနဲ့ နှိုင်းယှဉ်ရင် ဒီအရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ သုတေသန အောင်မြင်မှုအပေါ်ကို ငါက ပိုပြီး စိတ်ဝင်စားတယ်..."

လီရှန်းဟယ်သည် စကားပြောအပြီးတွင် သူ၏ စီးကရက်တိုကို ၆၆ ထပ်မှနေ၍ အောက်သို့ ပစ်ချလိုက်လေ၏။

ထိုအခိုက်အတန့်တွင် ၎င်းသည် ကောင်းကင်ယံကို ဖြတ်သန်းသွားသော ကြယ်ကြွေတစ်ခုအလား မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေတော့သည်။

All Chapters