← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

Chapter 259

~

အခန်း ၂၅၉ : ရှာကျူး.... " ညီမချင်ကို ကျုပ်သေချာ ဂရုစိုက်ပေးပါ့မယ်.."

~

​ယီကျုံးဟိုင်က ရယ်လိုက်ပြီး...

​" ဟားဟား...အဘွားကြီး.. မင်းပြောပုံအရဆိုရင် ရှာကျူးကို ငါတို့အိုမင်းတဲ့အခါ လုပ်ကျွေးမယ့်သူအဖြစ် သတ်မှတ်ထားတဲ့ သဘောပေါ့ .. "

​အဒေါ်ယီက ခေါင်းညိတ်ကာ..

​" ဟုတ်ပါ့တော်.. ကျုပ် ရှာကျူးကို အထင်ကြီးတယ်.. ရှာကျူးက စိတ်ဆတ်တတ်ပေမဲ့ စိတ်ရင်းကောင်းပါတယ် ..သိလည်း သိတတ်တယ် .. "

​" လွန်ခဲ့တဲ့ နှစ်တွေ ကျုပ်တို့နဲ့ အဆင်ပြေပြေ နေလာခဲ့တာပဲ.. သူ့အပေါ် ကောင်းကောင်းဆက်ဆံသရွေ့ သူကလည်း လိုလိုလားလား ရှိမှာ သေချာတယ် .. "

​နောက်ဖေးခြံထဲက နားမကြားတဲ့ အဘွားကြီးနှင့် ရှာကျူးတို့၏ ဆက်ဆံရေးကိုသာ ကြည့်ပါလော့ ။

​ရှာကျူးနဲ့ ထိုအဘွားအိုက မည်သည့်တော်စပ်မှုမှ မရှိသော်လည်း ရှာကျူးက ကောင်းတာလေးတွေရတိုင်း နားမကြားတဲ့ အဘွားကြီးအတွက် အမြဲတမ်း ဖဲ့ချန်ထားလေ့ရှိသည် ။

​ထို့ပြင် နားမကြားတဲ့ အဘွားကြီးကလည်း ရှာကျူးကို သူမ၏ မြေးအရင်းကဲ့သို့ ဆက်ဆံရှာ၏ ။

​ထို့ကြောင့် ဆက်ဆံရေးဟူသည် အပြန်အလှန် ရှိရပေမည် ။

​သူတစ်ပါးအပေါ် ကောင်းကောင်း ဆက်ဆံလျှင် သူတို့ကလည်း သံယောဇဥ် အစစ်အမှန်ဖြင့် ပြန်လည် ဆက်ဆံလာကြမည်သာ ။

​ယီကျုံးဟိုင်က ခေါင်းညိတ်လိုက်ပြီး....

​" ငါလည်း ရှာကျူးက တော်တော်လေး သင့်တော်တယ်လို့ ထင်တယ် .. "

​တခြားသူ မဖြစ်နိုင်ချေ ။ ခြံဝင်းထဲရှိ လူငယ်များထဲတွင် ရှာကျူးတစ်ယောက်သာ သူအတည်ပြုထားသည့် အရန်လူဖြစ်၏ ။

​ထို့ကြောင့်လည်း ငယ်စဥ်ကတည်းက သူ့ကို လူကြီးမိဘ ရိုသေရမည်ဟူသော အတွေးအခေါ်ကို ရိုက်သွင်းပေးထားခြင်း ဖြစ်သည် ။

​ဤသည်ကို ကြားလျှင် အဒေါ်ယီက ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး..

​" ဒါဆို လောင်ယီ.. ရှာကျူးနဲ့ ဘယ်တော့ သွားပြောမှာလဲ .. "

​" လောလောဆယ် မလောပါနဲ့ဦး .. "

​ယီကျုံးဟိုင်က လက်ဝှေ့ယမ်းကာ ..

​" ငါ ရှာကျူးကို အထင်ကြီးတယ်ဆိုပေမဲ့ ဒီဖြစ်ရပ် ဖြစ်ပြီးတဲ့နောက် ဒီလိုကိစ္စမျိုးကို သေချာ စမ်းသပ်ဖို့ လိုအပ်သေးတယ်လို့ ခံစားရတယ်.. မဟုတ်ရင် နှစ်ပေါင်းများစွာ အားထုတ်ခဲ့သမျှ နောက်ဆုံးမှာ ဘာမှမရဘဲ အချည်းနှီး ဖြစ်သွားနိုင်တယ် .. "

​ဥပမာ အားဖြင့် ကျားဒုံရွှီ ။ ကျားဒုံရွှီ ဆယ်ကျော်သက်အရွယ် စက်ရုံထဲ စဝင်ကတည်းက သူ့ကို တပည့်အဖြစ် ခေါ်ယူထားခဲ့သည် ။

​ကျားဒုံရွှီအပေါ် သူ အစွမ်းကုန် အားထုတ်ခဲ့သည်ဟု ပြောလျှင်ပင် ရနိုင်ပေသည် ။

​သို့သော် အခုကော ..

​မည်သည့်အကျိုးအမြတ်မှ ပြန်မရသည့်အပြင် ကျားဒုံရွှီ လုံးဝထွက်ခွာသွားခြင်းက တစ်ကြောင်း ။ ထို့အပြင် အခုအချိန်၌ သူ့အဘွားကြီးက လာရောက် ခြိမ်းခြောက်နေလေသည် ။

​အမှန်တကယ်ပင် စိတ်ပျက်စရာ ကောင်းလှ၏ ။ နှစ်ပေါင်းများစွာ အားထုတ်ခဲ့သမျှ အချည်းနှီး ဖြစ်ခဲ့ရသည် ။

​ထို့ကြောင့် စမ်းသပ်မှုက မဖြစ်မနေ လိုအပ်ပေမည် ။

​ထို့ပြင် ဤသည်က ကျားကျန်းရှီ၏ တောင်းဆိုမှုများကိုလည်း လွယ်ကူစွာ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည် ။

​အဒေါ်ယီက သဘောတူဟန်ဖြင့် ခေါင်းညိတ်ကာ..

​" ဒါဆို လောင်ယီ.. သူ့ကို ဘယ်လို စမ်းသပ်ဖို့ စီစဥ်ထားလဲ .. "

​အဒေါ်ယီက ယီကျုံးဟိုင်လောက် အမြော်အမြင် မရှိချေ ။

​သို့သော် ကျားဒုံရွှီ ဖြစ်ရပ်ပြီးနောက် အိုမင်းချိန် လုပ်ကျွေးမည့် ကိစ္စကို သေချာစွာ ထည့်သွင်းစဥ်းစားရန် လိုအပ်ကြောင်း သူမ ခံစားမိသည် ။

​နောက်တစ်ကြိမ် အလဟပ်သပ် ဖြစ်ရမည့်အရေးကို စိုးရိမ်မိ၏ ။

​သူတို့လည်း မငယ်တော့သဖြင့် ထပ်မံ၍ အခက်အခဲ မကြုံလိုတော့ချေ ။

​" ငါ့မှာ အကြံရှိပြီးသားပါ .. "

​ယီကျုံးဟိုင်က ရယ်ရင်း..

​"ဟဲဟဲ.. ရှာကျူးက ကန်တင်းမှာ စားဖိုမှူးခေါင်းဆောင် မဟုတ်လား.. သူက နေ့တိုင်း စားကြွင်းစားကျန်တွေကို ပြန်သယ်လာတတ်တာပဲ ..ပြီးတော့ သူတစ်ယောက်တည်းလည်း အများကြီး မစားနိုင်ပါဘူး.. သူ့ကို ကျားမိသားစုကို ကူညီခိုင်းရမယ်လေ.. ဒီလိုဆိုရင် ကျားမိသားစုရဲ့ ပြဿနာတွေလည်း ပြေလည်သွားနိုင်တယ် .. "

​ ဗိုက်ဝနေသရွေ့ ကျားကျန်းရှီက သူ့ကို ထပ်ပြီး လာနှောင့်ယှက်စရာ အကြောင်းမရှိတော့ချေ ။

​အမြင်လှအောင်တော့ သူကိုယ်တိုင်လည်း ရံဖန်ရံခါ ကူညီပေးရဦးမည် ။

​အများကြီး မဟုတ်ဘဲ ပြောင်းဖူးမှုန့် အနည်းငယ်ပေးလျှင် ရလေပြီ ။ အနည်းဆုံးတော့ အပြင်လူများ အပြစ် ပြောစရာ စကား ရှိတော့မည် မဟုတ်ချေ ။

​" ရှာကျူးကို ကျားမိသားစုကို ကူညီခိုင်းမယ် ဟုတ်လား .. "

​အဒေါ်ယီက မျက်မှောင်ကြုတ်ကာ..

​" ဒါပေမဲ့ ရှာကျူးက သူပြန်သယ်လာတဲ့ ထမင်းဘူးတွေကို ကျားမိသားစုကို ပေးနေကျပဲ မဟုတ်လား .. "

​ယီကျုံးဟိုင်က ခေါင်းခါလိုက်ပြီး..

​" အဲ့ဒါကို ပြောတာ မဟုတ်ဘူး.. ငါဆိုလိုတာက ရှာကျူးကို အပြည့်အဝ ထောက်ပံ့ခိုင်းဖို့ပဲ .. "

​"အပြည့်အဝ ထောက်ပံ့ဖို့ ဟုတ်လား .."

​အဒေါ်ယီ၏ မျက်လုံးများက အံ့သြလွန်းသဖြင့် ပြူးကျယ်သွားပြီး...

​" ဒါဆို ဟဲယွီဆွေကော ဘယ်လိုလုပ်မလဲ .. "

​ရှာကျူးနှင့် သူ၏ ညီမဖြစ်သူတို့ ဆက်ဆံရေးက အလွန် အေးစက်နေသည်ကို အဒေါ်ယီ မသိရှာ ။ ရှာကျူးက ဟဲယွီဆွေကို ထောက်ပံ့နေဆဲဟု ထင်မှတ်နေသည် ။

​သူမ မသိသည်က အခုအချိန်တွင် ဟဲယွီဆွေ၏ စားစရိတ်နှင့် ကျောင်းလခများမှာ သူမကိုယ်တိုင် လက်မှုလုပ်ငန်း လုပ်ကိုင်၍ စုဆောင်းထားခြင်း ဖြစ်သည် ။

​ရှာကျူးသည်တော့ သူ့ညီမအား လုံးဝ မေ့လျော့ နေချေသည် ။

​ယီကျုံးဟိုင်က ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းကာ..

​" သူ့လို မိန်းကလေးတစ်ယောက် နည်းနည်းပါးပါး လျှော့စားရတာ ဘာမှမဖြစ်ပါဘူး .. "

​သူ့ဇနီးက သဘောမတူမည်ကို စိုးရိမ်သဖြင့် ယီကျုံးဟိုင်က ဆက်ပြောသည် ။

​" ဒါတွေအားလုံးက ငါတို့ရဲ့ အိုမင်းချိန်အတွက်ပဲ.. ဒီစမ်းသပ်မှုက မဖြစ်မနေ လိုအပ်တယ်.. ဟဲယွီဆွေ နည်းနည်း ဒုက္ခရောက်ရင်တောင် နောက်မှ ငါတို့ ပြန်ပြီး အစားထိုး ပေးလို့ရတာပဲ .. "

​" .. ကောင်းပါပြီ .. "

​အဒေါ်ယီက ကိစ္စများတွင် ပြောပိုင်ခွင့် အနည်းငယ်သာ ရှိပြီး ယီကျုံးဟိုင်က အိုမင်းချိန် ကိစ္စကိုပင် ထုတ်ပြောလာသဖြင့် သူမ သဘောတူလိုက်ရန်သာ ရှိတော့သည် ။

ယီကျုံးဟိုင်အတွက် ကလေးတစ်ယောက် မွေးမပေးနိုင်သည့် သူမကိုယ် သူမသာ အပြစ်တင်ရပေမည် ။

​" ဟုတ်ပြီ.. စောစောလုပ်လေ ပိုကောင်းလေပဲ.. ငါ အခုပဲ ရှာကျူးဆီ သွားပြီး သေချာ စကားပြောလိုက်ဦးမယ် .. "

​ထိုသို့ပြောပြီး ယီကျုံးဟိုင် ထလိုက်ကာ အခန်းထဲသို့ ပြန်၍ သူ နှစ်ပေါင်းများစွာ သိမ်းဆည်းထားသော အရက်ကောင်းကို ယူဆောင်ကာ ထွက်လာခဲ့သည် ။

​"ဟူး .."

​အဒေါ်ကြီးက သက်ပြင်းတစ်ချက် ချလိုက်ပြီး စားပွဲကို ရှင်းလင်းရန် ထလိုက်တော့သည် ။

​...

​ယီကျုံးဟိုင်က ရှာကျူးတို့အိမ်သို့ ရောက်ရှိလာပြီး တံခါးကို ခေါက်လိုက်၏ ။

​" ရှာကျူး.. အိမ်မှာ ရှိလား .. "

​" ရှိပါတယ် .. "

​ရှာကျူး၏ အသံ ထွက်ပေါ်လာပြီး မကြာမီ တံခါး ပွင့်သွားသည် ။ သူက .....

​" သြော်.. ဦးလေးယီပါလား.. ဘာကိစ္စရှိလို့လဲ... "

​ယီကျုံးဟိုင်က လက်ထဲမှ အရက်ပုလင်းကို မြှောက်ပြကာ ....

​" ငါ အားနေတာနဲ့ မင်းနဲ့ အရက်အတူတူ သောက်ရအောင် လာခဲ့တာ .. "

​" ဟဲဟဲ.. ကောင်းတာပေါ့.. ဦးလေးယီ.. အထဲကိုဝင်ပါ .. "

​ရှာကျူးက ချက်ချင်းပင် သွားဖြဲ၍ ရယ်လိုက်သည် ။

​သူက ယီကျုံးဟိုင်အတွက် ထိုင်ခုံတစ်ခု ယူပေးလိုက်ပြီး နှစ်ယောက်သား အရက်သောက်ကြတော့သည် ။

​ခဏကြာသော် ယီကျုံးဟိုင်က စကားစလိုက်သည် ။

​" ရှာကျူး.. အမှန်တော့ ငါ ဒီတစ်ခေါက် လာတာ မင်းကို ပြောစရာ ကိစ္စတစ်ခု ရှိလို့ပါ .. "

​ရှာကျူးက လက်ဝှေ့ယမ်းကာ..

​" ကျုပ် သိသားပဲ.. ဦးလေးက အကြောင်းမရှိဘဲ မလာပါဘူး.. ဘာကိစ္စလဲဆိုတာသာ ပြောပါ.. ကျုပ် လုပ်ပေးနိုင်တာဆိုရင် အကောင်းဆုံး ဖြစ်အောင် သေချာ ဆောင်ရွက်ပေးပါ့မယ် .. "

​"ဟူး .."

​ယီကျုံးဟိုင်က သက်ပြင်းချရင်း..

​" မင်းလည်း သိတဲ့အတိုင်း မင်းရဲ့ အစ်ကို ဒုံရွှီ မရှိတော့တော့ ကျားမိသားစုမှာ မင်းရဲ့ ဒေါ်ကြီးကျန်းနဲ့ မင်းရဲ့ မရီး.. မိန်းမသား နှစ်ယောက်တည်း ကျန်ခဲ့ရှာတယ်.. ဘဝက ခက်ခဲလွန်းတယ် .. "

​" မှန်ပါတယ် .. "

​ရှာကျူးက သဘောတူညီစွာ ခေါင်းညိတ်ကာ သက်ပြင်းချသည် ။

​" ဦးလေးလည်း သိတဲ့အတိုင်း အစ်ကို ဒုံရွှီကတော့ တကယ်ပဲ.. ဘယ်လိုလုပ်ပြီး ဒီလိုကြီး ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ မသိဘူး .. "

​" ဒါတွေကို မပြောပါနဲ့တော့ .. "

​ယီကျုံးဟိုင်က ဆက်ပြောသည် ။

​" ငါ ဆိုလိုတာက အခု ဒုံရွှီ မရှိတော့ပေမဲ့ ဘဝက ဆက်လျှောက်ရဦးမယ်.. ဒါပေမဲ့ မင်းရဲ့ မရီးက ကိုယ်ဝန်ရှိနေတော့ ချက်ချင်း အလုပ်မဆင်းနိုင်သေးဘူး.. မိသားစုမှာ ဝင်ငွေမရှိတော့ သူတို့ ဘာစားကြမလဲ .. "

​" ငါ စဥ်းစားတာက ငါတို့အားလုံးက ခြံဝင်းထဲက အိမ်နီးနားချင်းတွေပဲ .. ပြီးတော့ မင်းရဲ့ အစ်ကို ဒုံရွှီကလည်း မင်းအပေါ် ကောင်းခဲ့တာပဲ.. ဒါကြောင့် မင်းကို ကျားမိသားစုကို ကူညီပေးဖို့ တောင်းဆိုချင်တာ .. "

​ရှာကျူးက တွေဝေခြင်းမရှိ သဘောတူလိုက်သည် ။

​" ဒါ လုံးဝ ပြဿနာမရှိပါဘူး.. ဦးလေး ဘာမှမပြောရင်တောင် ကျုပ်က ကျားမိသားစုကို အများကြီး ကူညီပေးနေကျပဲ .. "

​" အဲ့ဒါကို ပြောတာ မဟုတ်ဘူး .. "

​ယီကျုံးဟိုင်က ခေါင်းခါရင်း..

​" ရံဖန်ရံခါ ထမင်းဘူးလေး ကူညီပေးတာက ဘာထူးမှာလဲ.. ကူညီမယ်ဆိုရင် အဆုံးထိ ကူညီရမယ် .. "

​ရှာကျူးက မျက်မှောင်ကြုတ်ကာ..

​" ဒါဆို ဦးလေး ဘာကို ဆိုလိုတာလဲ .. "

​ယီကျုံးဟိုင်က..

​" ငါ ဆိုလိုတာက မင်းအနေနဲ့ နေ့တိုင်း ထမင်းဘူး ပြန်သယ်လာပေးတာမျိုး ...ဒါမှမဟုတ် မသယ်နိုင်ရင်တောင် အစားအသောက် အချို့ ပို့ပေးတာမျိုး လုပ်သင့်တယ်.. ပြီးတော့ ကျားမိသားစု အခက်အခဲ ကြုံရတဲ့အခါ မင်း ကူညီနိုင်သမျှ ကူညီပေးရမယ် .. "

​" ရှာကျူး.. အခု ချင်ဟွိုင်ရုက လင်ယောက်ျား ဆုံးရှုံးသွားခါစပဲ ရှိသေးတယ်.. ပြီးတော့ သူနဲ့ ဒုံရွှီက မင်းအပေါ် ကောင်းကောင်း ဆက်ဆံခဲ့တာပဲ.. မင်းက သူတို့မိသားစုရဲ့ ဒုက္ခကို ဒီအတိုင်း ပစ်ထားမှာ မဟုတ်ဘူးမလား .. "

​"ဗျာ .."

​ရှာကျူး၏ မျက်မှောင်က ပိုမို တွန့်ကွေးသွားသည် ။

​ယီကျုံးဟိုင်က မည်သို့ကြောင့် ညီမချင်၏ ယောကျ်ားဆုံးသည်ကို ရုတ်တရက် ထုတ်ပြော ရသနည်း ။

​'ဟမ် ..'

​' ဒါက... မဟုတ်သေးပါဘူး .. ညီမချင်က ယောက်ျား မရှိတော့ဘူး .. ဒါဆိုရင်.. ငါ့အတွက် အခွင့်အရေး ရှိလာပြီဆိုတဲ့ သဘောပေါ့ .. '

​ကျားဒုံရွှီ ပြောသည်က မှန်ပေသည် ။ ချင်ဟွိုင်ရု ခြံဝင်းထဲသို့ စရောက်ကတည်းက ရှာကျူး၏ နှလုံးသားက ချင်ဟွိုင်ရုအပေါ် လှုပ်ရှားသွားခဲ့ခြင်း ဖြစ်သည် ။

​ဤသည်ကို ကျားဒုံရွှီ သိရုံသာမက ရွှီတာမော့ပင် သိပေသည် ။

​ရွှီတာမော့သည် ဤကိစ္စနှင့် ပတ်သက်၍ ရှာကျူးကို ခဏခဏ စနောက်လေ့ရှိသဖြင့် ရှာကျူး၏ အရိုက်ကို မကြာခဏ ခံခဲ့ရသည် ။

​သို့သော် အတိတ်တုန်းက ကျားဒုံရွှီ ရှိနေသေးသဖြင့် စိတ်ကူး ရှိခဲ့လျှင်ပင် သူ မလုပ်ရဲခဲ့ချေ ။

​သို့သော် ယခု ကျားဒုံရွှီ မရှိတော့ ။ သူ့အတွက် အခွင့်အရေး ရောက်လာလေပြီ ။

​သူက အပျိုစင်ကိုသာ လိုချင်သော်လည်း အခုအချိန်တွင် သူက လူပျိုကြီး ဖြစ်နေဆဲပင် ။

​လောလောဆယ် အာသာပြေအောင် အဆာပြေ စားနိုင်လည်း မဆိုးဟု သူတွေးလိုက်သည် ။

​ဤသည်ကို တွေးမိလျှင် ရှာကျူးက စိတ်လှုပ်ရှားစွာဖြင့် ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည် ။

​" .ဦးလေး. ကျုပ် ဦးလေး ဆိုလိုတာကို နားလည်ပါပြီ.. စိတ်မပူပါနဲ့.. ကျုပ် ညီမချင်ကို သေချာ စောင့်ရှောက်ပါ့မယ် .. "

​" အင်း.. ရှာကျူး.. မင်းက တကယ်ပဲ လူကောင်းတစ်ယောက်ပါ.. ငါ မင်းကို လူရွေးမမှားခဲ့ဘူး .. "

​ယီကျုံးဟိုင်က ရှာကျူး၏ ပုခုံးကို ပုတ်ကာ စိတ်သက်သာရာရသော အမူအရာကို ပြလိုက်သည် ။

​ချင်ဟွိုင်ရုက အခု မုဆိုးမ ဖြစ်သွားပြီ ဖြစ်ကြောင်း ရှာကျူးကို တမင် သတိပေးခဲ့ရခြင်းမှာ အလကား မဟုတ်ချေ ။

​မှန်ပေသည် ။ ရှာကျူးက ချင်ဟွိုင်ရုကို သဘောကျနေသည်ကို မျိုးဆက်သစ် လူငယ်တွေ သိရုံသာမက ယီကျုံးဟိုင်လည်း သိရှိထားသည် ။ ခြံဝင်းတစ်ခုလုံး မသိသူ မရှိ ။

​ထို့ကြောင့် ထိုစကားကို သူ တမင်တကာ ပြောခဲ့သည် ။

​မျှော်လင့်ထားသည့်အတိုင်းပင် သူ ထိုသို့ ပြောလိုက်သည်နှင့် ရှာကျူးက ချက်ချင်း သဘောတူလိုက်တော့သည် ။

All Chapters