← Chapters

အခန်း ၂၆၁

Vol. 26 Ch. 261

အခန်း ၂၆၁

Vol. 26 Ch. 261

Chapter 261

~

အခန်း ၂၆၁ : ဟဲယွီဆွေ အိမ်ထောင်စု ခွဲချင်သည်

~

​" ဒီနေ့က သောကြာနေ့လေ.. "

​ဟဲယွီဆွေက အေးစက်စွာ ပြောလိုက်သည် ။

​ရှာကျူးက တန့်သွားပြီး ရှက်ရွံ့စွာဖြင့် ခေါင်းကို ကုတ်လိုက်ကာ..

​" တောင်းပန်ပါတယ်.. ငါ အဲ့ဒါကို သတိမထားမိလိုက်ဘူး.. "

​ဟဲယွီဆွေက သိပ်ဂရုမစိုက်ပေ ။ ဤလူက ညီမတစ်ယောက် ရှိနေသေးသည်ကိုပင် မေ့နေလောက်ပေပြီ ။

​ဤကဲ့သို့ ကိစ္စသေးသေးလေးတွေကိုသာ လိုက်မှတ်နေမည်ဆိုပါက သူမ ဒေါသထွက်လွန်း၍ ဘယ်နှကြိမ် သေဆုံးရမည်ကိုပင် မသိနိုင်တော့ချေ ။

​သူမက တည်ငြိမ်စွာပင် စကားစလိုက်သည် ။

​" ရှာကျူး.. ငါ့ဝေစု ရိက္ခာကူပွန်တွေရော.. "

​ရှာကျူး၏ မျက်နှာက ပြောင်းလဲသွားပြီး စကားကို ထစ်အစွာဖြင့်..

​" ဒီ..ဒီလအတွက် ကူပွန်တွေ ငါ သွားမထုတ်ရသေးဘူး.. "

​" သွားမထုတ်ရသေးတာလား.. ဒါမှမဟုတ် တခြားသူကို ထောက်ပံ့ဖို့ ယူသွားတာလား.. "

​ဟဲယွီဆွေက ဆက်မေးလိုက်သည် ။

​" သေချာပေါက် မထုတ်ရသေးတာပေါ့.. ငါ ဒီနေ့ တစ်နေကုန် အလုပ်ရှုပ်ထားလို့ အရမ်း ပင်ပန်းနေပြီ.. အရင်ပြန်နားတော့မယ်.. "

​စကားပြောရင်း ရှာကျူးက အိမ်ထဲသို့ ဝင်ရန် ပြင်လိုက်သော်လည်း ဟဲယွီဆွေက တားဆီးလိုက်သည် ။

​ဟဲယွီဆွေက ရှာကျူးဘက်သို့ လက်ဖြန့်ပေးလိုက်ပြီး..

​" ပေး.. "

​" ဘာကိုပေးရမှာလဲ.. "

​ရှာကျူးက အနည်းငယ် မကျေမနပ်ဖြင့် မေးလိုက်သည် ။

​" ရိက္ခာစာအုပ်လေ.. "

​ဟဲယွီဆွေက ပုံမှန်ကိစ္စတစ်ခုလိုပင် ပြောလိုက်သည် ။

​" နင် မထုတ်ရသေးဘူးလို့ ပြောတယ်မလား.. အဲ့ဒါဆို ငါ့ဘာသာ သွားထုတ်မယ်.. "

​ရှာကျူး၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး အကြည့်များကို ရှောင်လွှဲကာ ဟဲယွီဆွေကို မကြည့်ရဲတော့ဘဲ..

​" နင် ဝင်မပါနဲ့တော့.. ဘာပဲဖြစ်ဖြစ် သဘက်ခါ နင် ကျောင်းသွားတဲ့အခါ ငါ ယူပေးပါ့မယ်.. "

​ဟဲယွီဆွေ ကြားလိုက်သည်နှင့် ရှာကျူးက ထုတ်ပြီးသွားပြီ ဖြစ်သလို အကုန်လုံးလည်း သုံးပစ်လိုက်ပြီဆိုသည်ကို တန်းသိလိုက်သည် ။

​သူမ ခဏတာ တိတ်ဆိတ်သွားပြီးမှ..

​" ကောင်းပြီလေ.. အဲ့ဒါဆို အခု ငါ ဘာစားရမလဲ.. "

​ရှာကျူးက စိတ်မရှည်စွာဖြင့်..

​" အိမ်မှာ ရိက္ခာတွေ ရှိသေးတယ် မဟုတ်ဘူးလား.. "

​ဟဲယွီဆွေက အေးစက်စက် ရယ်လိုက်ပြီး..

​"ဟားဟား.. နင် ဗီရိုထဲကို မကြည့်တာ ဘယ်လောက်တောင် ကြာနေပြီလဲ.. အထဲမှာ ဘာမှမရှိလို့ ကြွက်တွေတောင် လာဖို့ ပျင်းနေလောက်ပြီ.. "

​ထိုအခါမှသာ အိမ်ရှိ ရိက္ခာများကို ချင်ဟွိုင်ရုအား ထောက်ပံ့ရန် သူ အကုန်ယူသွားခဲ့သည်ကို ရှာကျူး သတိရသွားသည် ။

​ရိက္ခာကူပွန်များသာမက သူ၏ လစာ ထက်ဝက်ကျော်ကိုပါ ချင်ဟွိုင်ရုထံသို့ ချေးငှားထားခဲ့သည် ။

​ယီကျုံးဟိုင် ပြောခဲ့သလိုပင် သူသည် ဤတစ်လကျော် ကာလအတွင်း ကျားမိသားစုကို အစွမ်းကုန် အင်တိုက်အားတိုက် ထောက်ပံ့ပေးနေခဲ့ခြင်း ဖြစ်သည် ။

​ထို့ကြောင့်ပင် ကျားမိသားစု၏ လူနေမှုအဆင့်အတန်းက မျက်မြင်ကိုယ်တွေ့ပင် တိုးတက်လာခဲ့သည် ။

​သို့သော် ရှာကျူးသည်တော့ နေ့တိုင်း အိမ်ပြန်ရောက်လျှင် ထမင်းလည်း မစားဘဲ အရက်နှစ်ခွက်ခန့် သောက်ကာ တစ်နပ်စာအဖြစ် ဖြေရှင်းနေခဲ့သည် ။

​သူ၏ ဤလုပ်ရပ်က ကြားသူတိုင်းကို ဆွံ့အသွားစေနိုင်သည် ။

​ကိုယ်တိုင် ငတ်ခံပြီး တခြားမိသားစုကို ထောက်ပံ့နေသည့်သူမျိုး မြင်ဖူးကြမည် မဟုတ်ချေ ။

​သို့သော် သူက အမြဲတမ်း ခေါင်းမာပြီး မိုက်ရူးရဲဆန်သူဖြစ်၍ ဟဲယွီဆွေက ဤကဲ့သို့ ဆက်ဆံလေ သူ ပို၍ မခံမရပ်နိုင် ဖြစ်လေပင် ။

​သူက စိတ်မရှည်စွာ လက်ကာပြလိုက်ပြီး..

​" တစ်နပ်လောက် လျှော့စားရုံနဲ့ ဘာမှမဖြစ်ပါဘူး.. ဘာကိစ္စပဲရှိရှိ မနက်ဖြန်မှ ဆက်ပြော.. "

​ဟဲယွီဆွေ ထိုစကားကို ကြားသောအခါ ဒေါသထွက်လွန်း၍ ဆွံ့အနေတော့သည် ။ မနက်ဖြန်မှ ဆက်ပြောမည်လော ။

​ရှယကျူးက မနက်ဖြန် အလုပ်ဆင်းချိန် စက်ရုံတွင် စား၍ရသော်လည်း သူမ မည်သည်ကို စားမည်နည်း ။ သူမ တစ်နေကုန် အငတ်နေရတော့မည် ။

​ရှာကျူးက သူမ၏ ကိစ္စကို ဂရုမစိုက်မှတော့ သူမကလည်း အားနာနေစရာ အကြောင်းမရှိတော့ပေ ။

​သူမက ရှာကျူးကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်ကာ အေးစက်စက် ပြောလိုက်သည် ။

​" ရှာကျူး.. ငါတို့ အိမ်ထောင်စု ခွဲကြအောင်.. "

​ရှာကျူးက ရပ်တန့်သွားပြီး နောက်လှည့်ကာ ဟဲယွီဆွေကို ဒေါသတကြီး စိုက်ကြည့်လိုက်သည် ။

​" နင် ဘာပြောလိုက်တယ်.. နင်က ငါနဲ့ အိမ်ခွဲမယ်လို့ ပြောလိုက်တာလား.. ဟဲတာချင်း ထွက်သွားတုန်းက နင့်ကို ပြုစုပျိုးထောင်ပေးခဲ့တာ ငါဆိုတာကို မေ့သွားပြီလား.. ငါသာ မရှိရင် နင် အစောကြီးကတည်းက ငတ်သေနေလောက်ပြီ.. ကျေးဇူးမတင်တာ ထားဦးတော့.. ငါနဲ့တောင် အိမ်ခွဲချင်နေသေးတယ်ပေါ့.. "

​ဟဲယွီဆွေက တည်ငြိမ်စွာပင်..

​" ဘာကွာခြားလို့လဲ.. နင် ငါ့ကို စားစရိတ် မပေးတာ ဘယ်လောက်တောင် ကြာနေပြီလဲဆိုတာ မှတ်မိသေးရဲ့လား.. ကျောင်းလခဆိုရင်လည်း ငါ့ဘာသာ စုထားရတာချည်းပဲ.. နင့်မှာ ညီမတစ်ယောက် ရှိသေးတယ်ဆိုတာကိုရော နင်မှတ်မိရဲ့လား.. "

​ရှာကျူး၏ ဒေါသအဟုန်က အနည်းငယ် ကျဆင်းသွားပြီး ခေါင်းမာမာဖြင့်..

​" ငါ အလုပ်တွေ ရှုပ်နေလို့ပါ.. ပြီးတော့ နင်လည်း ကလေးမှ မဟုတ်တော့တာ.. ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်ဘူးလား.. "

​ဟဲယွီဆွေက လှောင်ပြုံး ပြုံးလိုက်ပြီး..

​" အလုပ်ရှုပ်နေလို့.. ငါ ကြည့်ရသလောက်တော့ နင်က ကျားမိသားစုကို အရမ်း ရက်ရောနေတာပဲ.. နေ့တိုင်း သူတို့အတွက် ထမင်းဘူးတောင် သယ်သွားပေးသေးတာ.. အိမ်က ရိက္ခာတွေကိုတောင် ပေးလိုက်သေးတယ်လေ.. "

​ရှာကျူးက ခေါင်းမာစွာ ဆင်ခြေပေးလိုက်သည် ။

​" သူတို့မိသားစု အခက်အခဲ ဖြစ်နေတာကို နင်မမြင်ဘူးလား.. အားလုံးက အိမ်နီးနားချင်းတွေပဲလေ.. အချင်းချင်း ကူညီပေးသင့်တယ် .. အရင်တုန်းက အစ်ကိုဒုံရွှီ ငါတို့ကို ဘယ်လို ကူညီပေးခဲ့လဲဆိုတာ နင် မေ့သွားပြီလား.. "

​ဟဲယွီဆွေက ပြန်မေးလိုက်သည် ။

​" အဲ့တာဆို အဲ့တုန်းက သူ ငါတို့ကို ဘာတွေ ကူညီပေးခဲ့လို့လဲ.. "

​" အဲ့ဒါ...... အဲ့ဒါက...... "

​ရှာကျူး ဘာပြန်ပြောရမည်ကို မသိတော့ ။

​" ငါ ရှင်းပြမယ်.. အဲ့တုန်းက သူ ငါတို့ကို ပြောင်းဖူးမှုန့် နည်းနည်း ချေးပေးခဲ့တာ မဟုတ်ဘူးလား.. ဒါပေမဲ့ နောက်ပိုင်းမှာ ငါတို့က သူ့ကို နှစ်ဆ ပြန်ဆပ်ခဲ့ပြီးပြီလေ.. ဒါတောင် မလုံလောက်သေးဘူးလား.. "

​ခဏရပ်ပြီးနောက် ဟဲယွီဆွေက ဆက်ပြောသည် ။

​" ကောင်းပြီ.. ဒါတွေ မလုံလောက်သေးဘူး ဆိုရင်တောင် နင် အရင်က သူတို့မိသားစုကို ကူညီပေးခဲ့တာ နည်းမှမနည်းခဲ့တာ.. ဒါတွေကရော မလုံလောက်သေးဘူးလား.. အခုဆို ငါ့ရဲ့ ရိက္ခာဝေစုကိုပါ ပေးပစ်လိုက်ရတဲ့အထိပဲလား.. "

ရှာကျူးက သူ၏ ဝေစုကိုသာ ပေးလိုက်မည်ဆိုပါက ကိစ္စမရှိပေ ။ သူ၏ ကိုယ်ပိုင် ပစ္စည်းဖြစ်၍ သူမ ဝင်ပြောစရာ ဘာအကြောင်းမှ မရှိ ။

​သို့သော် ယခုတော့ ဤလူက သူမ၏ ဝေစုကိုပါ ပေးပစ်လိုက်ပြီး သူမအတွက် လုံးဝ ထည့်မစဉ်းစားပေးခဲ့ပေ ။ သူမ ဒေါသမထွက်ဘဲ နေပါမည်လော ။

​ရှာကျူးက ခေါင်းကိုက်လာသဖြင့် မကျေမနပ် ပြောလိုက်သည် ။

​" ပါးစပ်ပိတ်ထား.. ဆက်မပြောနဲ့တော့.. ငါ ပြောပြီးပြီလေ.. စနေတနင်္ဂနွေ ရောက်ရင် နင့်ကို ပေးမယ်လို့.. နင် ဘာတွေ ပြဿနာ ရှာနေတာလဲ.. "

​ဟဲယွီဆွေက လက်ဖြန့်ပေးလိုက်သည် ။

​" ကောင်းပြီလေ.. အဲ့ဒါဆို အခု ညစာနဲ့ မနက်ဖြန်အတွက် ရိက္ခာ အရင်ပေး.. "

​ရှာကျူးက မကျေမနပ်ဖြင့်..

​" ဒီအချိန်ကြီးကို ငါ ဘယ်ကနေ သွားရှာပေးရမှာလဲ.. "

​ဟဲယွီဆွေက တည်ငြိမ်စွာပင်..

​" အဲ့ဒါဆို ငါကပဲ အငတ်နေရမှာလား.. နင် တခြားသူဆီ သွားချေးလို့ ရတာပဲ.. "

​ရှာကျူးက မသွားချင်ပေ ။

​" အခုက ထမင်းစားချိန်ကြီးလေ.. ငါ သူများအိမ်ကို ဘယ်လို မျက်နှာနဲ့ သွားရမှာလဲ.. "

​ဟဲယွီဆွေကလည်း သူ့ကို အတင်းအကျပ် မဖိအားပေးဘဲ..

​" ကောင်းပြီလေ.. ထမင်းစားချိန် ကျော်သွားမှ နင် သွားချေး.. ဒါပေမဲ့ ဒီနေ့တော့ ရိက္ခာ ရအောင် ယူခဲ့.. "

​" အေးပါဟာ.. "

​ရှာကျူးက သဘောတူလိုက်သည်ကို မြင်မှသာ ဟဲယွီဆွေသည် သူမ၏ အခန်းသို့ ပြန်သွားခဲ့သည် ။

​...

​ညနေ ခုနစ်နာရီခန့်တွင် ။ ထိုအခါမှသာ ရှာကျူးသည် ယီကျုံးဟိုင်၏ အိမ်သို့ ထွက်သွားခဲ့သည် ။

​" ဦးလေးယီ.. အိမ်မှာ ရှိလား.. "

​သိပ်မကြာမီ ယီကျုံးဟိုင်က တံခါးလာဖွင့်ပေးပြီး သံသယဖြစ်ဟန်ဖြင့်..

​" ရှာကျူး.. ဘာကိစ္စရှိလို့လဲ.. "

​ရှာကျူးက မျက်နှာရဲသွားပြီး အားနာစွာဖြင့်..

​" ဦးလေးယီ.. အခု ယွီဆွေ ပြန်ရောက်လာလို့လေ.. အိမ်မှာလည်း ရိက္ခာ မရှိတော့လို့ ဦးလေးဆီက နည်းနည်းလောက် ချေးချင်လို့ပါ.. "

​ရှာကျူး၏ ဤကာလအတွင်း လုပ်ဆောင်ချက်များအပေါ် ယီကျုံးဟိုင် အလွန် ကျေနပ်မိသည် ။

​သို့သော် သူ အာရုံစိုက်ထားသည်က ရှာကျူးသာ ဖြစ်ပြီး ဟဲယွီဆွေကိုတော့ အသက်ရှိသေးသည်ဟုပင် မထင်မိ ။

​ထို့အပြင် သူက ဟဲယွီဆွေကို ဝန်ထုပ်ဝန်ပိုး တစ်ခုဟုပင် ထင်မြင်နေသေးသည် ။

​ထို့ကြောင့် သူက အခက်တွေ့ဟန်ဆောင်ကာ..

​" ရှာကျူး...ဦးလေးက မချေးချင်လို့ မဟုတ်ပါဘူး.. အရင်ရက်တွေတုန်းက အိမ်က ရိက္ခာတွေကို ကျားမိသားစုအတွက် ထောက်ပံ့ပေးလိုက်လို့ အခု အိမ်မှာ ရိက္ခာ သိပ်မကျန်တော့ဘူး.. "

​" ဒီလိုလား.. အဲ့ဒါဆိုလည်း ထားလိုက်ပါတော့.. "

​ရှာကျူးက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာခဲ့ပြီးနောက် နောက်ဘက်ခြံဝင်းရှိ နားမကြားသောအဘွားကြီးထံသို့ ထပ်သွားခဲ့သည် ။

​သို့သော် နားမကြားသောအဘွားကြီးက ဟဲယွီဆွေအတွက်ဟု ကြားသည်နှင့် မရှိဘူးဟု ဆင်ခြေပေးလိုက်၏ ။

​အကယ်၍ ရှာကျူးအတွက်သာ ဆိုလျှင် သူမ ပေးကောင်း ပေးနိုင်သော်လည်း ဟဲယွီဆွေအတွက် ဆိုပါက သူမ မပေးချင် ။

​ရှာကျူးသည် နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရပြီးနောက် စိတ်ပျက်စွာဖြင့် အိမ်ပြန်လာကာ ကုတင်ပေါ်တွင် လှဲနေလိုက်သည် ။

​မနက်ဖြန်မှ နည်းလမ်းရှာမည်ဟု တွေးလိုက်ပြီး ဟဲယွီဆွေ တစ်နပ်လောက် အငတ်နေရုံဖြင့် ဘာမှမဖြစ်နိုင်ဟု သတ်မှတ်လိုက်သည် ။

​သို့သော် သိပ်မကြာမီပင် ဟဲယွီဆွေက အခန်းထဲသို့ ဝင်လာခဲ့သည် ။

​တံခါးဝသို့ ဝင်လာသည်နှင့် ကုတင်ပေါ်တွင် လှဲနေသော ရှာကျူးကို မေးလိုက်သည် ။

​" ရိက္ခာရော.. "

​ရှာကျူးက စိတ်အခြေအနေ မကောင်းသဖြင့် စိတ်မရှည်စွာ ပြန်ဖြေလိုက်ပြီးနောက် တစ်ဖက်သို့ လှည့်သွားကာ ဟဲယွီဆွေကို ဂရုမစိုက်တော့ပေ ။

​" မရှိဘူး.. "

​ဟဲယွီဆွေ၏ ရင်ထဲတွင် အလွန် အေးစက်သွားသည် ။ ရှာကျူးအပေါ် ထားရှိသည့် သူမ၏ နောက်ဆုံးသော သည်းခံနိုင်စွမ်းများကလည်း ယခုအချိန်တွင် လုံးဝ ကုန်ခမ်းသွားခဲ့လေပြီ ။

​သူမက အေးစက်စက်ဖြင့် ...

​" ဒီလိုဆိုမှတော့ ငါတို့ ဆက်ပြောစရာ ဘာမှမရှိတော့ဘူး.. အိမ်ခွဲကြတာပေါ့.. "

​ရှာကျူးက ကုတင်ပေါ်မှ ဗြုန်းခနဲ ထထိုင်လိုက်ပြီး သွားကြားထဲမှ ထွက်သော လေသံနှင့်....

​" နင် ထပ်ပြောစမ်း.. "

​ဟဲယွီဆွေက မကြောက် ။ ထပ်ပြောလိုက်သည် ။

​" ငါတို့ အိမ်ခွဲကြမယ်.. "

​ရှာကျူးက ဒေါသထွက်လွန်းသဖြင့် ရယ်လိုက်မိပြီး..

​" ဟားဟား....ကောင်းတယ်.. သိပ်ကိုကောင်းတယ်.. နင်က အိမ်ခွဲချင်တယ်ဆိုမှတော့ ခွဲတာပေါ့.. ငါမရှိရင် နင် ဘာစားပြီး ကျောင်းလခ ဘယ်ကရမလဲဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့.. "

All Chapters