အခန်း ၂၆၄
Vol. 26 Ch. 264
Chapter 264
~
အခန်း ၂၆၄ : အဖေနှင့် သမီး၏ တွေ့ဆုံမှု
~
သူတို့နှစ်ယောက် ခေါက်ဆွဲစားပြီးသွားသောအခါ ယန်ကျီဝမ်က ဟဲယွီဆွေကို ခေါ်၍ ဒေသခံ လမ်းရုံးသို့ အရင်သွားလိုက်သည် ။
မိတ်ဆက်စာ ထုတ်ပေးပြီးနောက် အတန်ကြာ အားထုတ်ရှာဖွေပြီးမှ ဟဲတာချင်း အလုပ်လုပ်နေသော နေရာကို စုံစမ်းသိရှိသွားခဲ့သည် ။
ဟဲတာချင်း အလုပ်လုပ်သော နေရာမှာ အထည်ချုပ်စက်ရုံငယ်လေး တစ်ခုဖြစ်သည် ။
သူတို့နှစ်ယောက် ဝင်ပေါက်ရှိ လုံခြုံရေး အခန်းသို့ ရောက်လာကြ၏ ။
" ရဲဘော်.. မင်္ဂလာပါ.. ကျွန်တော်တို့က ဟဲတာချင်းရဲ့ ဆွေမျိုးတွေပါ.. သူ့ကို ကိစ္စလေးဆစ်ခုရှိလို့ လာရှာတာ .. သူ့ကို ခဏလောက် သွားခေါ်ပေးလို့ ရမလားဗျ... "
ယန်ကျီဝမ်က လုံခြုံရေးဦးလေးကြီးကို လာရင်းကိစ္စအား ရှင်းပြလိုက်ပြီး စီးကရက်တစ်လိပ်ကိုပါ ကျွမ်းကျင်စွာ ကမ်းပေးလိုက်သည် ။
" ဆရာဟဲကို လာရှာတာလား.. ရပါတယ်.. ငါ အခုပဲ သွားခေါ်ပေးမယ်.. "
စီးကရက်ကြောင့်ရယ် ပဲလားတော့ မသိ ။ လုံခြုံရေးဦးလေးကြီးက သူတို့ကို တစ်ချက်သာ အကဲခတ်ကြည့်လိုက်ပြီးနောက် လှည့်ဝင်သွားလေသည် ။
ယန်ကျီဝမ်က ဟဲယွီဆွေကို လှည့်ကြည့်လိုက်သည် ။ ကောင်မလေးက အင်္ကျီစကို ဆုပ်ကိုင်ထားပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုနှင့် တင်းမာမှု အနည်းငယ် ရှိနေ၏ ။
ယန်ကျီဝမ်က သူမ၏ ပခုံးကို ဖွဖွလေး ပုတ်ပေးကာ စိတ်လျှော့ထားရန် အချက်ပြလိုက်သည် ။
ဟဲယွီဆွေက ထိုအခါမှ အနည်းငယ် စိတ်သက်သာရာ ရသွားသည် ။အကယ်၍ သူမ တစ်ယောက်တည်းသာ လာခဲ့ရလျှင် အရင်တုန်းကလိုပင် လူကို မတွေ့ရဘဲ ပြန်လှည့်သွားရလောက်ပေသည် ။
များမကြာမီ လုံခြုံရေးဦးလေးကြီး ပြန်ရောက်လာပြီး သူ၏ဘေးတွင် မျက်နှာမည်းမည်းနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပါလာသည် ။
ယန်ကျီဝမ် မော့ကြည့်လိုက်၏ ။
ထိုသူ၏ မျက်နှာက အရူးကျူးနှင့် ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ဆင်တူနေသည်ကို မြင်လိုက်ရသဖြင့် ထိုသူမှာ ဟဲတာချင်း ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည် ။
စဉ်းစားကြည့်လျှင် ထူးဆန်းလှသည် ။ ပုံမှန်အားဖြင့် သမီးဖြစ်သူက ဖခင်နှင့် ပိုတူရချေမည် ။ သို့သော် ဟဲမိသားစုတွင်တော့ ပြောင်းပြန်ဖြစ်နေပြီး သားဖြစ်သူက ဖခင်နှင့် ပိုတူနေ၏ ။ သားအဖနှစ်ယောက်လုံးက ရုပ်ရင့်သော မျက်နှာပေါက်မျိုး ရှိကြသော်လည်း ဟဲယွီဆွေမှာမူ ထိုသို့မဟုတ်ဘဲ အတော်လေး လှပနေသဖြင့် တကယ်ကို အံ့ဩစရာပင် ။
တခြားတစ်ဖက်တွင်လည်း..
ဟဲတာချင်းသည် ဝင်ပေါက်တွင် ဆွေမျိုးများ လာရှာနေသည်ဟု လုံခြုံရေး ပြောသဖြင့် ထွက်လာခဲ့ခြင်း ဖြစ်သည် ။
သို့သော် သူ၏ စိတ်ထဲတွင်တော့ သံသယဝင်နေမိ၏ ။ မုဆိုးမပိုင်နှင့် သူမ၏ သားနှစ်ယောက်မှလွဲ၍ ပေါင်တုန်း၌ မည်သည့်ဆွေမျိုးမှ မရှိ ။
သို့သော် တံခါးဝရှိ ဟဲယွီဆွေကို မြင်လိုက်ရသောအခါ သူ ချက်ချင်းပင် ကြက်သေသေသွားသည် ။
ဟဲယွီဆွေနှင့် မတွေ့ရသည်မှာ ဆယ်နှစ်နီးပါး ရှိနေပြီဖြစ်သော်လည်း သူ၏သမီး ဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည် ။
ထို့ကြောင့် သူ ခြေလှမ်းများကို အမြန်သွက်လိုက်၏ ။ ဟဲယွီဆွေ၏ ရှေ့သို့ ရောက်သောအခါ မသေချာသော လေသံဖြင့် ...
" ယွီဆွေ.. သမီးလေးလား.. "
" ..... အဖေ.. "
ဟဲယွီဆွေ ခဏတာ တုံ့ဆိုင်းနေပြီးနောက် အဖေ ဟု ခေါ်လိုက်သည် ။
မတွေ့ရခင်က သူမ တွေးထားသည်များ အများကြီး ရှိခဲ့သည် ။ တွေ့သည့်အခါကျလျှင် မည်သို့ကြောင့် သူမအား စွန့်ပစ်ခဲ့ရသနည်းဟု မေးမည်ဟုပင် တွေးထားခဲ့၏ ။ သို့သော် တကယ်တမ်း တွေ့ဆုံရသောအခါတွင်မူ စကားလုံးပေါင်း ထောင်သောင်းမက ရှိနေသော်လည်း တစ်ခွန်းမှ ထွက်မလာခဲ့ချေ ။
" အင်း.. "
ဟဲတာချင်းက လေးလေးနက်နက် ထူးလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ...
" လိမ္မာလိုက်တဲ့ သမီးလေး.. ဒီလောက်တောင် ကြီးလာပြီပဲ.. ဒီနှစ်တွေထဲ သမီး နေကောင်းရဲ့လား.. အဆင်ရော ပြေရဲ့လား.. "
ဟဲယွီဆွေက ထိုစကားကို ကြားသောအခါ မျက်ဝန်းများမှ မျက်ရည်ပူများ ချက်ချင်း စီးကျလာပြီး ဝမ်းနည်းစွာဖြင့် ခေါင်းခါပြလိုက်သည် ။
ဟဲတာချင်း၏ ရင်ထဲတွင် နာကျင်သွားပြီး အနေခက်စွာဖြင့် ခေါင်းကုတ်ကာ တောင်းပန်လိုက်၏ ။
" တောင်းပန်ပါတယ် ယွီဆွေရယ်.. အားလုံးက အဖေ့အမှားတွေပါ.. "
သူ တွေးမိသည်မှာ သမီးဖြစ်သူ ငယ်ရွယ်စဉ်ကပင် သူ ထွက်လာခဲ့ခြင်း ဖြစ်သည် ။ အဖေမရှိသော ကလေးတစ်ယောက် မည်သို့ အဆင်ပြေနိုင်ပါမည်နည်း ။
" ဦးလေးဟဲ.. ကျွန်တော်တို့ စကားပြောဖို့ နေရာတစ်ခုခု သွားရှာကြမလား.. "
ယန်ကျီဝမ်က ဤနေရာတွင် စကားပြောရန် မသင့်တော်ဟု ယူဆသဖြင့် အကြံပြုလိုက်သည် ။
'အမ်..'
ဟဲတာချင်း ထိုအချိန်မှသာ သမီးဖြစ်သူ၏ ဘေးတွင် ရပ်နေသော ယန်ကျီဝမ်ကို သတိထားမိသွားပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည် ။
ယန်ကျီဝမ်ကို ဟဲယွီဆွေ၏ ချစ်သူဟု သူ ထင်သွားခြင်း ဖြစ်သည် ။ ဖခင်တိုင်းက ဤသို့သော စိတ်သဘောထားမျိုး ရှိတတ်ကြ၏ ။
သမီးဖြစ်သူ၏ ချစ်သူကို ပထမဆုံးအကြိမ် တွေ့ရချိန်တွင် မည်သို့ ပျော်နိုင်ပါမည်နည်း ။ မျက်စိအောက်တွင် အမြတ်တနိုး ကျွေးမွေးထားသော သမီးလေးကို သူများက လာလုသွားပြီဟု တွေးမိသဖြင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်မိကြပေမည် ။
သို့သော် သမီးဖြစ်သူ အရွယ်ရောက်လာပြီ ဖြစ်၍ အိမ်ထောင်ဘက် ရှာရမည့် အရွယ်သို့ ရောက်နေပြီဟု တွေးမိလိုက်သည် ။ ထို့အပြင် သမီးအပေါ် သူကိုယ်တိုင်က နှစ်ပေါင်းများစွာ တာဝန်ပျက်ကွက်ခဲ့သည်ဟု ခံစားရသဖြင့် အပြင်ပန်းတွင် သိပ်မသိသာအောင် ထိန်းထားလိုက်သည် ။ ထို့နောက် သူက ခပ်အေးအေးပင် မေးလိုက်၏ ။
" ယွီဆွေ.. သူက ဘယ်သူလဲ.. "
ဟဲယွီဆွေ စကားမပြောရသေးခင်မှာပင် ယန်ကျီဝမ်က ရယ်၍ ဝင်ပြောလိုက်သည် ။
" ဟားဟား..ဦးလေးဟဲ.. ကျွန်တော်က အရှေ့ခြံဝင်းက ယန်မိသားစုရဲ့ ဒုတိယသားလေ.. ဦးလေး မမှတ်မိတော့ဘူးလား.. "
ဟဲတာချင်း တစ်ချက် ကြောင်သွားပြီး အံ့ဩတကြီးဖြင့်..
" မင်း... ဟိုးအရင်တုန်းက စာကြမ်းပိုးလေးလား.. "
ယန်ကျီဝမ်၏ နှုတ်ခမ်းထောင့်များ တဆက်ဆက်တုန်ရီသွားသည် ။
" အို.. တောင်းပန်ပါတယ်.. ငါ လွှတ်ခနဲ ပြောမိသွားတယ်.. "
ဟဲတာချင်းသည် ယန်ကျီဝမ်၏ မျက်နှာအမူအရာကို သတိထားမိသွားကာ တောင်းပန်လိုက်သည် ။ သို့သော် ယန်မိသားစု၏ အကျင့်စရိုက်ကို တွေးမိသောအခါ သူ၏စိတ်ထဲတွင် မကျေမနပ် ဖြစ်လာ၏ ။
ယန်မိသားစုအပေါ် သူ၏ အမြင်က သူ ထွက်မသွားခင် အချိန်ကတည်းက ရပ်တန့်နေခဲ့ခြင်း ဖြစ်သည် ။ ယန်မိသားစုသည် အလွန့်အလွန် ကပ်စေးနဲလှသဖြင့် သူ၏သမီးသာ အိမ်ထောင်ကျသွားပါက ဒုက္ခရောက်ရမည် မဟုတ်ပါလော ။
ထို့ကြောင့် သူက ဟဲယွီဆွေအား ဆုံးမလိုက်သည် ။
" ယွီဆွေ.. သမီးက ငယ်ပါသေးတယ်.. စာကိုပဲ သေချာ အာရုံစိုက်ပြီး သင်ယူသင့်တယ်.. အိမ်ထောင်ပြုဖို့ မလောပါနဲ့ဦး.. "
ဟဲယွီဆွေ ကြောင်သွားပြီး ရှုပ်ထွေးသွား၏ ။
ယန်ကျီဝမ်က နားလည်သဖြင့် ရှင်းပြသည် ။
" ဦးလေးဟဲ အထင်လွဲနေပြီ.. ကျွန်တော်က အိမ်ထောင်ကျပြီးပါပြီ.. ဒီတစ်ခေါက် ယွီဆွေက ဦးလေးကို လာရှာစရာ ကိစ္စရှိလို့.. မိန်းကလေး တစ်ယောက်ထဲ ခရီးဝေး သွားမှာကို ကျွန်တော် စိတ်မချလို့ အဖော်လိုက်လာပေးတာပါ.. "
ဟဲယွီဆွေ ထိုစကားကို ကြားမှ သဘောပေါက်သွားပြီး ဟဲတာချင်းကို မျက်စောင်းထိုးလိုက်ကာ ရှက်ရွံဟန်ဖြင့်...
" အဖေကလည်း.. ဘာတွေ ပြောနေတာလဲ.. "
မိန်းကလေးတစ်ယောက် ဖြစ်သဖြင့် မည်သို့ မရှက်ဘဲ နေမည်နည်း ။ ထို့အပြင် အကိုကျီဝမ်က အလွန်ကောင်းမွန်၏ ။ သူမတွင် ဤမျှကောင်းမွန်သော အမျိုးသားမျိုးကို ရနိုင်သည့် ကံကောင်းမှုမျိုး အဘယ်မှာ ရှိပါအံ့နည်း ။
" ဪ.. မဟုတ်ဘူးလား.. ဟားဟား.. "
ဟဲတာချင်းက အနေခက်စွာဖြင့် ခေါင်းကုတ်လိုက်ပြီးနောက် စကားလမ်းကြောင်းပြောင်းလိုက်သည် ။
" ကျီဝမ် ပြောတာ မှန်တယ်.. ဒီနေရာက စကားပြောဖို့ မကောင်းဘူး.. ငါတို့ ထိုင်လို့ရမယ့် နေရာ တစ်ခုခုကို အရင် ရှာကြတာပေါ့.. "
စားသောက်ဆိုင် တစ်ဆိုင်တွင် ...
ဟဲတာချင်းက အသားဟင်း တစ်ပွဲ ၊ အရွက်ဟင်း တစ်ပွဲနှင့် မန်ထိုအနည်းငယ်ကို မှာလိုက်သည် ။ ထို့နောက် သမီးဖြစ်သူကို ....
" ယွီဆွေ.. အများကြီးစားနော် ..မလောက်ရင် ထပ်မှာပေးမယ်.. အဖေ့ကို အားမနာနဲ့.. "
ဟဲယွီဆွေက ခေါင်းခါလိုက်သည် ။
" အဖေ.. သမီး ရထားပေါ်က ဆင်းကတည်းက စားပြီးပြီ.. "
ယန်ကျီဝမ် အနည်းငယ် ရယ်ချင်သွားသည် ။ ဟဲတာချင်းက သူတို့ကို ခေါ်လာပြီးနောက် ဘာမှမမေးဘဲ ဟင်း တန်းမှာလိုက်သဖြင့် ရှင်းပြချိန်ပင် မရလိုက်ချေ ။
ဟဲတာချင်းက ဂရုမစိုက်ဘဲ လက်ခါပြပြီး...
" ရပါတယ်.. မကုန်ရင် ပါဆယ် ထုပ်သွားလို့ ရတာပဲဟာ.. "
" ဒါနဲ့.. ယွီဆွေ.. ဒီတစ်ခေါက် အဖေ့ဆီ လာရှာတာ ဘာကိစ္စ ရှိလို့လဲ.. "
ပြောပြီးနောက် သူက သမီးဖြစ်သူကို ကြည့်လိုက်သည် ။ အခက်အခဲ မကြုံရပါက သမီးဖြစ်သူက သူ့ကို လာရှာမည် မဟုတ်ကြောင်း သူ ခန့်မှန်းမိ၏ ။ ဤသည်မှာလည်း သမီးဖြစ်သူကို အပြစ်တင်၍မရပေ ။ ငယ်ရွယ်သေးသော သမီးကို ရက်စက်စွာ စွန့်ပစ်ခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သဖြင့် သမီးဖြစ်သူက သူ့ကို အပြစ်တင်ခြင်းမှာ ပုံမှန်သာ ဖြစ်သည် ။
ဟဲယွီဆွေက ခဏ တုံ့ဆိုင်းနေပြီးနောက် အံကြိတ်ကာ ...
" အဖေ.. တကယ်တော့ သမီး ဒီတစ်ခေါက် လာတာက အဖေ့ကို မေးစရာရှိလို့ပါ.. ဒီနှစ်တွေထဲမှာ အဖေက လတိုင်း အိမ်ကို ပိုက်ဆံပို့ပေးခဲ့တယ် ဆိုတာ ဟုတ်လားဟင်... "
" ဒီကိစ္စအတွက်လား.. "
ဟဲတာချင်း ကြောင်သွားပြီးနောက် ခေါင်းညိတ်လိုက်သည် ။
" ဒါပေါ့.. အဖေ ထွက်သွားတာက မှားပေမဲ့ အဖေ့ သမီးကိုတော့ မငတ်စေရပါဘူး... "
" ဒါဆို အဖေက ပိုက်ဆံကို ဘယ်သူ့ဆီ ပို့လိုက်တာလဲ.. "
ဟဲယွီဆွေက ဆက်မေးလိုက်သည် ။
ဟဲတာချင်းက..
" အဲ့ဒီတုန်းက သမီးတို့ ငယ်သေးတော့ ယီကျုံးဟိုင်ဆီ ပို့ပေးလိုက်တာလေ.. သူကနေတစ်ဆင့် သမီးတို့ကို ပေးဖို့ ပြောထားတာ.. "
ဟဲယွီဆွေ၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး စိတ်ထဲတွင် တွေးလိုက်သည် ။
' တကယ်ပဲ... အကိုကျီဝမ် ခန့်မှန်းထားသလို ဖြစ်နေတာပဲ.. '
ဟဲတာချင်းက တစ်ခုခုကို ရိပ်မိသွားသလို မျက်မှောင်ကြုတ်ကာ..
" ဘာဖြစ်လို့လဲ.. ဒီနှစ်တွေထဲ သမီးတို့ ပိုက်ဆံ မရကြဘူးလား.. "
ဟဲယွီဆွေက ခေါင်းခါပြလိုက်သည် ။
ယန်ကျီဝမ်က ဝင်ပြောလိုက်၏ ။
" ဦးလေးဟဲ.. ဒီနှစ်တွေထဲ ယွီဆွေ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရလဲဆိုတာ ဦးလေး မသိပါဘူး.. "
ထို့နောက် ယန်ကျီဝမ်က ကုန်လွန်ခဲ့သော နှစ်များအတွင်း ဟဲယွီဆွေ၏ အခြေအနေများကို ဟဲတာချင်းအား အကြမ်းဖျင်း ရှင်းပြလိုက်သည် ။
ဟဲတာချင်း နားထောင်လေလေ မျက်နှာပျက်လေလေပင် ။ သူ၏ သားသမီးများ ဆင်းရဲဒုက္ခ ရောက်မည်ကို စိုးရိမ်သဖြင့် အရာအားလုံးကို သေချာ စီစဉ်ပေးခဲ့သော်လည်း ရလဒ်က ဤသို့ ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ ။