အခန်း ၂၆၅
Vol. 26 Ch. 265
Chapter 265
~
အခန်း ၂၆၅ : စာရင်းရှင်းမှာလား.. ဒါမှမဟုတ်
~
"ဒုန်း.."
" ရှာကျူး.. ခွေးမသား.. ယွီဆွေကို ဒီလို ဆက်ဆံရဲတယ်လား.. "
ဟဲတာချင်းက စားပွဲကို ရိုက်လိုက်ပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲနေလေ၏ ။
ယီကျုံးဟိုင်က အလွန်ရိုးအေးသူဟု ထင်ရသော်လည်း သမီးဖြစ်သူဆီ ပို့ပေးသော ထောက်ပံ့ကြေးကို ကြားဖြတ်ခိုးယူလိမ့်မယ်လို့ ထင်မထားခဲ့ပေ ။ ယုတ်မာ လွန်းလှ၏ ။
ကုန်လွန်ခဲ့သည့် နှစ်များကို သူ၏ သမီးလေး မည်ကဲ့သို့ ဖြတ်သန်းရမည် ဆိုသည်ကို သူ လုံးဝ မတွေးရဲတော့ပေ ။
သူမ ပင်ပန်းဆင်းရဲ ဒုက္ခရောက်ခဲ့ရမည်မှာ သေချာသည် ။
ဒေါသများကို ပေါက်ကွဲပြီးနောက်..
ဟဲတာချင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး စိတ်မကောင်းစွာဖြင့် ...
" ယွီဆွေ.. အဖေ့ကိုပဲ အပြစ်တင်ပါ.. အဲ့ဒီတုန်းက အဖေသာ သမီးတို့ကို စွန့်ပစ်ပြီး ထွက်မသွားခဲ့ရင် သမီး ဒီလောက်အထိ ဒုက္ခရောက်မှာ မဟုတ်ဘူး.. "
" တကယ်တော့ အရင်တုန်းက အဆင်ပြေပါတယ်.. အစ်ကိုကြီးကလည်း သမီးအပေါ် ကောင်းတယ်.. ဒါပေမဲ့ မကြာသေးခင် နှစ်ပိုင်းတွေကမှ...... "
ဟဲယွီဆွေက ခေါင်းခါပြကာ တိုးတိုးလေး ပြောသည် ။
" သမီး သူ့ဘက်ကနေ ကာကွယ်ပေးနေစရာ မလိုဘူး.. အဲ့ ခွေးမသားက မုဆိုးမတစ်ယောက်အတွက်နဲ့ ညီမအရင်းခေါက်ခေါက်ကို ဒီလို ဆက်ဆံရဲတယ်ပေါ့.. ငါသာ ပြန်ဖြစ်ရင် သူ့ကို ပါးရိုက်ပြီး သတ်ပစ်ချင်စမ်းတယ်.. "
ဟဲတာချင်းက လက်ယမ်းပြကာ ဒေါသတကြီး ဆဲဆိုလိုက်သည် ။
ယန်ကျီဝမ် ထိုစကားကို ကြားလျှင် ရယ်ချင်စိတ်ကို အတင်းမျိုသိပ် ထားရ၏ ။
သူ့စိတ်ထဲမှတွင် ....
' ဒါ ခင်ဗျားတို့ ဟဲမိသားစုရဲ့ အစဉ်အလာပဲ မဟုတ်ဘူးလား.. လူကြီးကလည်း ဒီလို.. လူငယ်ကလည်း ဒီလို.. နှစ်ယောက်စလုံး မုဆိုးမတွေရဲ့ နောက် အရူးလို လိုက်နေတာ...အဖေနဲ့ သား ဘာကွာလို့လဲ.. .. '
ယန်ကျီဝမ်က သိချင်စိတ်ဖြင့် မေးလိုက်သည် ။
" ဦးလေးဟဲ.. ဦးလေး ဘာဖြစ်လို့ ယွီဆွေကို ထားခဲ့ပြီး ထွက်ပြေးခဲ့တာလဲ.. တကယ်လို့ ဦးလေး မိန်းမယူရင်လဲ လက်ထပ်ပြီး အိမ်ကိုပဲ ခေါ်လာလို့ ရတာပဲလေ.. ပေါင်တင်းအထိ ပြေးလာစရာ မလိုပါဘူး.. "
ဟဲယွီဆွေ ခေါင်းမော့ကာ ဟဲတာချင်းကို စိုက်ကြည့်လိုက်သည် ။
ဟဲတာချင်း ကြောင်အသွားပြီးနောက် တစ်ခုခု ပြောရန် ပါးစပ်ပြင်လိုက်သော်လည်း နောက်ဆုံးတွင် လက်ယမ်းကာ သက်ပြင်းသာ ချလိုက်တော့သည် ။
" ဟူး.. ငါ့မျက်စိ ကန်းခဲ့လို့ အလှည့်စား ခံလိုက်ရတာပါပဲ.. ဒီအကြောင်းတွေကို ထပ်မပြောတာ ပိုကောင်းပါတယ်.. "
မုဆိုးမပိုင်နှင့် ပတ်သက်သည့် ကိစ္စက နောက်ပိုင်းကျမှသာ သူသည် သူများ၏ အကွက်ချ စီစဉ်ခြင်းကို ခံလိုက်ရမှန်း သိခဲ့ရသည် ။
သို့သော် မုဆိုးမပိုင်က သူမနှင့်အတူ ပေကျင်းမှ ထွက်မသွားပါက ဟဲတာချင်းအား ကာမကျူးလွန်မှုဖြင့် တိုင်တန်းမည်ဟု ခြိမ်းခြောက်ခဲ့သည် ။
ထို့အပြင် သူမက သူ၏ လျှို့ဝှက်ချက် အချို့ကိုလည်း သိနေခဲ့၏ ။
နောက်ဆုံးတွင် မတတ်သာတော့ဘဲ သူသည် ရှာကျူးနှင့် ဟဲယွီဆွေကို ထားခဲ့ကာ မုဆိုးမပိုင်နှင့်အတူ ပေါင်တင်းသို့ လိုက်လာခဲ့ရခြင်း ဖြစ်သည် ။
သို့သော် ဤကဲ့သို့သော အရှက်ရဖွယ် ကိစ္စကို မျိုးဆက်သစ် လူငယ်များ၏ ရှေ့တွင် မပြောရဲသဖြင့် ဝေဝေဝါးဝါးသာ ပြောလိုက်လေသည် ။
သူက ဤသို့ ပြောသဖြင့် ယန်ကျီဝမ်လည်း ထပ်ပြီး မမေးတော့ပေ ။
အတန်ကြာပြီးနောက်..
ဟဲတာချင်းက ဆက်မေးလိုက်သည် ။
" ယွီဆွေ.. သမီး ဒီတစ်ခေါက် အဖေ့ဆီ လာတာက အဲ့ဒီ ပိုက်ဆံတွေကို ပြန်ယူဖို့လား.. "
ဟဲယွီဆွေက ခေါင်းခါလိုက်ပြီးနောက် တစ်ဖန် ပြန်၍ ခေါင်းညိတ်ပြလိုက်သည် ။
" ပိုက်ဆံကတော့ သေချာပေါက် ပြန်ယူရမှာပေါ့.. အဲ့တာက အဖေ သမီးအတွက် ပို့ပေးခဲ့တဲ့ ထောက်ပံ့ကြေးတွေပဲလေ.. သမီး အခုထိ စာသင်နေရတုန်းဆိုတော့ ဘာဝင်ငွေမှ မရှိသေးဘူး.. သမီးအတွက် အဲ့ဒီပိုက်ဆံ လိုအပ်ပါတယ်.. "
" ပြီးတော့ သမီး ရှာကျူးနဲ့ အိမ်ခွဲချင်တယ်.. "
" အိမ်ခွဲမယ်.. "
ဟဲတာချင်း လန့်သွားပြီး..
" ဘယ်လိုလုပ်ပြီး ဒီအခြေအနေအထိ ရောက်သွားရတာလဲ.. "
ဟဲယွီဆွေက စိတ်ပျက်လက်ပျက် ပြုံးကာ..
" မတတ်နိုင်ဘူးလေ.. အိမ်မခွဲဘူးဆိုရင် အစ်ကိုက အိမ်က ပစ္စည်းတွေကို ကျားမိသားစုကိုပဲ ထောက်ပံ့နေအုံးမှာ ... .. သမီး ထပ်ပြီး အငတ် မနေချင် တော့ဘူး ... "
"ဟူး.."
ဟဲတာချင်းက သက်ပြင်းရှည်ကြီး ချလိုက်ကာ..
" သမီး ဆုံးဖြတ်ပြီးပြီဆိုရင် အဖေ ထောက်ခံပါတယ်.. အဖေ ဒီနှစ်တွေထဲ ပို့ပေးခဲ့တဲ့ ပိုက်ဆံတွေက သမီးအတွက် ထောက်ပံ့ကြေးတွေချည်းပဲမို့ ရှာကျူးကို ခွဲပေးစရာ မလိုဘူး.. "
" သူ သဘောတူပါ့မလား.. "
ဟဲယွီဆွေက အနည်းငယ် စိုးရိမ်နေသည် ။
မည်သို့ပင် ဆိုစေကာမူ ရှာကျူးက သူမကို ကျွေးမွေး စောင့်ရှောက်ခဲ့သဖြင့် ထိုပိုက်ဆံထဲတွင် ရှာကျူး တစ်စိတ်တစ်ပိုင်း ရသင့်သည်ဟု တွေးမိသောကြောင့်ပင် ။
ဟဲတာချင်းက ဟဲယွီဆွေ၏ အတွေးကို ခန့်မှန်းမိပုံရကာ နှာခေါင်းရှုံ့၍...
" ဟမ့်...သူက မတူဘဲ နေရဲလား.. သူက အစ်ကိုတစ်ယောက် ဖြစ်ပြီးတော့ သမီးကို သေချာ မစောင့်ရှောက်နိုင်တာက သူ့အမှားပဲ.. ပြီးတေ့ သူ့ အလုပ်ကလည်း အဖေ ချန်ထားပေးခဲ့တာလေ.. အဓိကက သမီးကို ကောင်းကောင်း စောင့်ရှောက်ဖို့အတွက်ပဲ.. "
ဟဲယွီဆွေ၏ ရင်ထဲတွင် လှုပ်ခတ်သွားပြီး စိတ်ထဲတွင်...
' အစ်ကို့ရဲ့ အလုပ်က အဖေ စီစဉ်ပေးခဲ့တာတဲ့လား... အကိုကျီဝမ်ပြောတာ တကယ် ဟုတ်နေတာပဲ.. '
ယန်ကျီဝမ်ကလည်း ဖျောင်းဖျလိုက်သည် ။
" ယွီဆွေ.. မင်းအဖေ ပြောသလိုပဲ လုပ်လိုက်ပါ.. ရှာကျူးက သံမဏိစက်ရုံရဲ့ ခေါင်းဆောင်စားဖိုမှူးပဲလေ.. သူ အမြဲတမ်း ပြောနေကျအတိုင်း သူတစ်ယောက်တည်း ဗိုက်ဝရင် တစ်မိသားစုလုံး မငတ်တော့ဘူးဆိုတာမျိုးပေါ့.. မင်း ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါ.. "
ဟဲယွီဆွေ ထိုအချိန်ကျမှ ခေါင်းညိတ်လိုက်တော့သည် ။
ယန်ကျီဝမ်က ဟဲတာချင်းကို ဆက်ပြောလိုက်သည် ။
" ဦးလေးဟဲ.. ဦးလေးဆီမှာ ပိုက်ဆံ ပို့ခဲ့တဲ့ ပြေစာ အထောက်အထားတွေ ရှိသေးလား.. တကယ်လို့ ဒီတိုင်း သွားမေးရင် ယီကျုံးဟိုင်က ငြင်းမှာ စိုးလို့ပါ.. "
ဟဲတာချင်းက ခေါင်းညိတ်ကာ..
" ရှိပါတယ်.. အိမ်မှာ သိမ်းထားတယ်.. ခဏနေရင် ငါ သွားယူပေးမယ်.. "
" ဒါဆို အဆင်ပြေတာပေါ့.. "
ယန်ကျီဝမ် စိတ်အေးသွားသည် ။
ဤအထောက်အထားများ ရှိနေသရွေ့ ယီကျုံးဟိုင် ငြင်း၍ မရနိုင်တော့ ။
ထို့နောက် သူတို့နှစ်ယောက်သည် ဟဲတာချင်းနှင့်အတူ အိမ်သို့ လိုက်သွားကြ၏ ။
တိုက်တိုက်ဆိုင်ဆိုင်ပင် မုဆိုးမပိုင်နှင့် သူမ၏ သားနှစ်ယောက် အိမ်တွင် မရှိကြချေ ။
ဟဲတာချင်း ခဏကြာ ရှာဖွေပြီးနောက် ပြေစာများကို ရှာတွေ့သွားပြီး ယန်ကျီဝမ်ထံသို့ အပ်နှံလိုက်သည် ။
" ကျီဝမ်.. ငါ အခုလောလောဆယ် ပြန်ဖို့ အချိန်မပေးနိုင်သေးဘူး.. ယွီဆွေရဲ့ ကိစ္စကို မင်းကိုပဲ အပ်ပါတယ်.. "
" စိတ်ချပါ ဦးလေး.. ကျွန်တော် ယွီဆွေကို ညီမအရင်းလိုပဲ သဘောထားပါတယ်.. "
ယန်ကျီဝမ်က ကတိပေးလိုက်သည် ။
" အင်း.. ဒါဆိုရင်တော့ ကောင်းတာပေါ့.. "
ဟဲတာချင်းက သူ၏ အိတ်ကပ်ထဲမှ ၁၀ ယွမ်တန် ငွေစက္ကူအထပ်လိုက်ကို ထုတ်ယူကာ ဟဲယွီဆွေအား ပေးလိုက်သည် ။
" ယွီဆွေ.. ဒီပိုက်ဆံတွေက အဖေ တိတ်တိတ်လေး စုထားတာ.. မင်းရဲ့ အဒေါ်ပိုင်လည်း မသိဘူး.. နောက်ပိုင်း အခက်အခဲ ရှိရင် အဖေ့ဆီ စာရေးလိုက်ပါ.. ဪ.. ဒါနဲ့.. အိမ်ကို စာမပို့နဲ့နော်.. စက်ရုံကို တိုက်ရိုက် ပို့လိုက်.. "
" သမီး မှတ်ထားပါ့မယ်.. "
ဟဲယွီဆွေက ခေါင်းကို ထပ်ခါထပ်ခါ ညိတ်ပြလိုက်ပြီး မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲနေချေသည် ။
ဟဲတာချင်းက လက်ယမ်းပြကာ နှုတ်ဆက်လိုက်သည် ။
" သွားကြတော့.. အချိန်စောသေးတော့ ပေကျင်းကို ပြန်ဖို့ မီသေးတယ်.. "
" ဒါဆို အဖေ.. သမီးတို့ ပြန်ပြီနော်.. "
" အေး.. ပြန်ကြတော့.. "
ဟဲယွီဆွေ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုတ်တရက် လှည့်ပြန်လာပြီး ဟဲတာချင်းကို ပြေးဖက်လိုက်သည် ။
ဟဲတာချင်း တစ်ချက် ကြောင်သွားပြီးနောက် ပြုံးလိုက်ကာ သမီးဖြစ်သူ၏ ကျောပြင်ကို သာသာလေး ပုတ်ပေးပြီး ....
" ကိုယ့်ကိုကိုယ် ကောင်းကောင်း ဂရုစိုက်နော်.. ကိစ္စရှိရင် အဖေ့ဆီ စာရေးပါ.. "
အတန်ကြာမှ..
ဟဲယွီဆွေက ဟဲတာချင်းကို လွှတ်ပေးလိုက်ပြီး ယန်ကျီဝမ်နှင့်အတူ ထွက်ခွာလာခဲ့ကြသည် ။
ညနေစောင်းသို့ ရောက်သောအခါမှသာ သူတို့နှစ်ယောက် ခြံဝင်းသို့ ပြန်ရောက်လာကြ၏ ။
အိမ်သို့ ပြန်ရောက်သောအခါ ယန်ကျီဝမ်က အထဲသို့ လှမ်းအော်လိုက်သည် ။
" ယွီလီ.. ကိုယ်တို့ ပြန်ရောက်ပြီ.. "
ယွီလီက အခန်းထဲမှ ထွက်လာပြီး သူတို့နှစ်ယောက်၏ ပင်ပန်းနွမ်းနယ်နေသော ပုံစံကို မြင်သောအခါ စိုးရိမ်တကြီး မေးလိုက်သည် ။
" ပြန်လာပြီလား.. ကိစ္စတွေ အဆင်ပြေခဲ့ရဲ့လား.. စားရော စားပြီးကြပြီလား.. "
" အဆင်ပြေပါတယ်.. "
ယန်ကျီဝမ်က ရှင်းပြလိုက်ပြီးနောက်...
" ဒါပေမဲ့ ဘာမှမစားရသေးဘူး.. ယွီလီ.. ဗီရိုထဲကနေ ခေါက်ဆွဲ နှစ်ဘူးလောက် ယွီဆွေကို ပေးလိုက်ပါ.. ဒီညတော့ ဒီတိုင်းပဲ လွယ်တာ စားလိုက်ကြတာပေါ့.. "
" ဟုတ်ကဲ့.. "
ယွီလီက ပစ္စည်းယူရန် အခန်းထဲသို့ ဝင်သွားသည် ။
ဟဲယွီဆွေက ငြင်းရန် ပြင်လိုက်သော်လည်း ယန်ကျီဝမ်၏ တင်းမာသော မျက်နှာထားကို မြင်သောအခါ အသာတကြည် ငြိမ်သက်သွားလေ၏ ။
သူမ၏ စိတ်ထဲတွင်တော့....
' ဘာပဲဖြစ်ဖြစ် အကြွေးတင်နေတာ အများကြီးပဲ.. ဒါလေးကိုလည်း အားနာမနေတော့ပါဘူး.. နောက်ပိုင်းမှအကိုကျီဝမ်တို့ မိသားစုကို ကောင်းကောင်း ပြန်ကျေးဇူးဆပ်ရမယ်.. '
မကြာမီတွင် ယွီလီက ခေါက်ဆွဲဘူး နှစ်ဘူးကို ယူလာပြီး ဟဲယွီဆွေကို ပေးကာ ...
" ယွီဆွေ.. ဒါကို ခေါက်ဆွဲခြောက်ဘူးလို့ ခေါ်တယ်.. အထဲမှာ အမွှေးအကြိုင်အထုပ် ပါတယ်... ညီမလေး ဒီထဲကို ရေနွေးထည့်ပြီး ခဏစိမ်ထားလိုက်ပြီ .. လေးငါး မိနစ်လောက်ဆို စားလို့ရပြီ .... "
" ကျေးဇူးတင်ပါတယ် မမ.. "
ဟဲယွီဆွေက ကျေးဇူးတင်စကား ပြောပြီးနောက် ယန်ကျီဝမ်အား မေးလိုက်သည် ။
" အကိုကျီဝမ်.. အခုပဲ ယီကျုံးဟိုင်ဆီ သွားရှာမလား.. ဒါမှမဟုတ်...... "
ယန်ကျီဝမ်က ပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်သည် ။
" ယွီဆွေ.. မင်းက ပိုက်ဆံကိုပဲ တောင်းပြီး ပြီးသွားစေချင်တာလား.. ဒါမှမဟုတ် စာရင်းကို သေသေချာချာ ရှင်းချင်တာလား.. "
ဟဲယွီဆွေ ခဏ စဉ်းစားပြီးနောက် ...
" ပိုက်ဆံပဲ ပြန်တောင်းလိုက်တာ ကောင်းလိမ့်မယ် ထင်တယ်.. "
သူမ ပထမဦးလေးကို ဂရုမစိုက်သော်လည်း အဒေါ်ယီက သူမအပေါ် အမှန်တကယ် ကောင်းခဲ့၏ ။
ထို့ကြောင့် ကိစ္စများကို ကြီးကြီးမားမား မဖြစ်စေချင်ပေ ။
" ကောင်းပြီ.. ဒါဆို မနက်ဖြန်ကျရင် ငါ မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်.. မနက်ဖြန်က ပိတ်ရက်ဆိုတော့ အဆင်ပြေတယ်... "
ယန်ကျီဝမ်က ယွီဆွေ၏ အကြံကို ငြင်းပယ်ချင်းမရှိ ။
အကယ်၍ ဟဲယွီဆွေသာ စာရင်းရှင်းချင်လျှင် ခြံဝင်းအစည်းအဝေးတစ်ခု ကျင်းပရန် သူ တွေးထားခဲ့ခြင်း ဖြစ်သည် ။
" ဟုတ်ကဲ့.. "
ထို့နောက် ဟဲယွီဆွေ အနားယူရန် ပြန်သွားလေတော့သည် ။