← Chapters

အခန်း ၂၆၆

Vol. 26 Ch. 266

အခန်း ၂၆၆

Vol. 26 Ch. 266

Chapter 266

~

အခန်း ၂၆၆ : လမ်းမဆုံးရင် လက်မလျှော့သူ

~

​နောက်တစ်နေ့..

​ယနေ့က ပိတ်ရက်ဖြစ်သဖြင့် ခြံဝင်းထဲရှိ လူတိုင်းနီးပါး အိမ်၌ ရှိနေကြသည် ။ မနက်စောစောမှာပင် ယန်ကျီဝမ်က ဟဲယွီဆွေကို ခေါ်ပြီး ယီအိမ်ကို ရောက်လာခဲ့ကြ၏ ။

​ယီကျုံးဟိုင်က မနက်စာ စားပြီးခါစဖြစ်ကာ တံခါးဝတွင် ထိုင်၍ ဆေးလိပ်သောက်နေသည် ။ ယန်ကျီဝမ်နှင့် ဟဲယွီဆွေတို့ လာနေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်၍..

​" မင်းတို့ ကိစ္စရှိလို့လား .. "

​သူ့ရင်ထဲတွင် မကောင်းသော နမိတ်တစ်ခု ခံစားမိလိုက်သည် ။ ပုံမှန်အားဖြင့် သူတို့ နှစ်ယောက်ထဲမှ တစ်ယောက်ယောက် လာလျှင် သူ အံ့သြမည် မဟုတ်ချေ ။ သို့သော် ဤနှစ်ယောက် အတူတူ လာရှာသည်ဆိုလျှင်တော့ ကောင်းသောကိစ္စ မဖြစ်နိုင် ။

​ဟဲယွီဆွေက ယန်ကျီဝမ်ကို လှမ်းကြည့်လိုက်သည် ။

​ယန်ကျီဝမ်က တည်ငြိမ်သော လေသံဖြင့်..

​" ပထမဦးလေး.. ဦးလေးဟဲ ထွက်သွားပြီးတဲ့နောက် လစဉ်တိုင်း ယွီဆွေအတွက် ပိုက်ဆံတွေ ပို့ပေးခဲ့တယ်လို့ ကြားတယ်.. ဦးလေးက ခြံဝင်းရဲ့ ပထမဦးလေးဆိုတော့ ဒီကိစ္စကို သိထားလား .. "

​စကားဆုံးသည်နှင့် ယီကျုံးဟိုင်၏ မျက်နှာ အမူအရာက ချက်ချင်း ပြောင်းလဲသွားသော်လည်း နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူပီပီ ချက်ချင်းပင် ပြန်ထိန်းလိုက်နိုင်သည် ။ သူက ရင်ထဲမှ တုန်လှုပ်မှုကို ဖိနှိပ်လိုက်ပြီး အံ့သြသွားဟန် ဖြင့်..

​"ဟေ... ဒီလိုကိစ္စ ရှိလို့လား.. ငါတော့ မကြားမိပါဘူး .. "

သူ့စိတ်ထဲတွင်...

' ဒီကိစ္စကို သူတို့ ဘယ်ကနေများ ကြားလာတာလဲ.. '

​' ဒါမှမဟုတ် လောင်ယန်များလား.. ဒါပေမဲ့ အဲ့ဒီတုန်းက ဟဲတာချင်း ကမန်းကတန်း ထွက်သွားခဲ့တာဆိုတော့ ငါတစ်ယောက်တည်းကိုပဲ ပြောပြခဲ့တာပါ ..'

' နောက်ပိုင်း ပိုက်ဆံပို့တဲ့ ကိစ္စဆို ပိုတောင် ဆိုးသေးတယ်.. အကြိမ်တိုင်း ငါကိုယ်တိုင် စာတိုက်ကို သွားထုတ်ခဲ့တာဆိုတော့ တခြားဘယ်သူမှ သိစရာ အကြောင်းမရှိဘူး .. '

​ထိုစကားကို ကြားပြီးနောက် ဟဲယွီဆွေ၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည် ။ သူမ၏ မူလရည်ရွယ်ချက်က အဒေါ်ယီ၏ မျက်နှာကို ထောက်ထားပြီး ပိုက်ဆံပြန်ရလျှင် ဤကိစ္စကို အဆုံးသတ်လိုက်ရန် ဖြစ်သည် ။

​သို့သော် ယီကျုံးဟိုင်က ဘူးခံနေမည်ဟု မျှော်လင့် မထားခဲ့ပေ ။ အကိုကျီဝမ်၏ စကားကို နားထောင်ပြီး ပေါင်တင်းအထိ သွားကာ သူမ၏ အဖေ့ထံမှ အထောက်အထားများ မယူခဲ့လျှင် ဖျင်ပိတ်ငြင်းမည့် သူမျိုးပင် ။

​ယန်ကျီဝမ်က ယီကျုံးဟိုင်ကို ပြုံးစိစိဖြင့် ကြည့်ကာ...

​" ပထမဦးလေး တကယ်ပဲ မသိတာ သေချာလို့လား .. "

​' ဒီအဘိုးကြီးက အဆုံးထိ မရောက်မချင်း လက်မလျှော့ချင်သေးတာပဲ .. '

​ယန်ကျီဝမ်၏ အမူအရာကို မြင်လျှင် ယီကျုံးဟိုင်၏ ရင်ထဲတွင် အကြောင်းရင်းမရှိဘဲ လေးလံလာသည် ။

​' ဒီကောင်လေးမှာ အမြဲတမ်း ကောက်ကျစ်တဲ့ အကြံတွေ ရှိတတ်တာ.. သူ့ရဲ့ ပုံစံကို ကြည့်ရတာ တစ်ခုခု အထောက်အထားများ ရှာတွေ့ထားတာလား.. ဒါပေမဲ့ ဒီကိစ္စကို ငါ တိတ်တိတ်လေး လုပ်ခဲ့တာဆိုတော့ တတိယလူ သိစရာ အကြောင်းမရှိဘူး.. တကယ်လို့ သူတို့ ပေါင်တင်းကို သွားပြီး ဟဲတာချင်းကို ရှာခဲ့ရင်တော့ တစ်မျိုးပေါ့.. ဒါပေမဲ့ အရင်တုန်းက ကိစ္စတွေကြောင့် ရှာကျူးနဲ့ ဟဲယွီဆွေက ဟဲတာချင်းကို အရမ်းမုန်းတီးနေကြတာဆိုတော့ ပုံမှန်ဆို သွားစရာ အကြောင်းမရှိဘူး .. '

​ဤသို့ တွေးမိလိုက်သောအခါ သူ အတော်လေး တည်ငြိမ်သွားပြန်သည် ။

​သူက ခေါင်းခါ၍..

​" ငါ တကယ် မသိတာပါ.. အဲ့တုန်းက အဘိုးကြီးဟဲက မုဆိုးမနဲ့ ထွက်ပြေးသွားပြီး ကျူးဇီနဲ့ ယွီဆွေကို ရက်ရက်စက်စက် ပစ်ထားခဲ့တာလေ.. သူ ဘယ်လိုလုပ် ပိုက်ဆံ ပြန်ပို့ပေးနိုင်မှာလဲ .. "

​ဟဲယွီဆွေက ထိုစကားကို ကြားသောအခါ ဒေါသတကြီးဖြင့် ...

​" ပထမဦးလေးး.. ကျွန်မက ဒေါ်လေးယီကို ထောက်ထားပြီး ပိုက်ဆံ ပြန်ရရင် တော်ပြီလို့ပဲ တွေးထားတာ.. ဒါပေမဲ့ ရှင်က ကျွန်မအဖေကို ဒီလို အပုတ်ချလိမ့်မယ်လို့ ထင်မထားဘူး.. အကိုကျီဝမ် တော်ပြီ.. ကျွန်မ တစ်ခါတည်းပဲ သွားတိုင်လိုက်ရအောင် .. "

​ယန်ကျီဝမ် အနည်းငယ် အံ့သြသွားသည် ။

​သူ ဤသို့ လုပ်ချင်ခဲ့သော်လည်း ဟဲယွီဆွေက ဤမျှအထိ ပြင်းထန်မည်ကို မလိုလားသဖြင့် ဒုတိယနည်းလမ်းကို ရွေးချယ်ကာ ခြံဝင်းအစည်းအဝေးခေါ်၍ ယီကျုံးဟိုင်ကို ဝေဖန်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည် ။

​ဤသို့ဆိုလျှင် ယီကျုံးဟိုင်၏ နာမည် ပျက်သွားပေလိမ့်မည် ။ အုပ်ချုပ်သူ ဦးလေး နေရာကိုတော့ တွေးကြည့်စရာပင် မလိုတော့ဘဲ နောက်ပိုင်း အပြင်ထွက်လျှင်ပင် မျက်နှာပြရဲတော့မည် မဟုတ်ချေ ။

​ရဲတိုင်မည်ဆိုလျှင်တော့ ပို၍ ပြင်းထန်သွားပေမည် ။ ဟဲတာချင်း ထွက်သွားခဲ့သည်မှာ ဆယ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး တစ်လလျှင် ဆယ်ယွမ် ပို့သည်ဟု တွက်လျှင်ပင် ဆယ်နှစ်ဆိုပါက အတော်ကြီးမားသော ငွေပမာဏ ဖြစ်သည် ။ ဤမျှများပြားသော ငွေကြေးကို အလွဲသုံးစား လုပ်ထားခြင်းအတွက် ယီကျုံးဟိုင်သာ ထောင်ထဲရောက်သွားပါက ကျန်ရှိနေသေးသော ဘဝတစ်လျှောက်လုံး ပြန်ထွက်လာနိုင်ရန် မျှော်လင့်ချက် မရှိတော့ပေ ။

​ရဲတိုင်မည်ဟူသော စကားကို ကြားလိုက်ရသည်နှင့် ယီကျုံးဟိုင် ငြိမ်ထိုင် မနေနိုင်တော့ဘဲ အလျင်အမြန် မတ်တတ်ရပ်ကာ ...

​" ဟ..နေ.. နေပါအုံး.. ခြံဝင်းထဲက ကိစ္စကို ခြံဝင်းထဲမှာပဲ ဖြေရှင်းရမယ်ဆိုတာ အမြဲတမ်း သတ်မှတ်ထားတဲ့ စည်းမျဉ်းပဲလေ.. ကိစ္စရှိရင် သေချာ တိုင်ပင်လို့ ရပါတယ်.. ရဲတိုင်လို့ မဖြစ်ဘူး .. "

​ဟဲယွီဆွေက သူ့ကို အေးစက်စက် ကြည့်ကာ..

​" ကျွန်မ ရှင့်ကို အခွင့်အရေး ပေးခဲ့ပြီးပြီလေ .. "

​ယန်ကျီဝမ်က စပ်ဖြီးဖြီးနှင့် ...

​" ဒါဆို ခြံဝင်းအစည်းအဝေး ခေါ်ပြီး သေချာ ရှင်းပြခိုင်းရမလား .. "

​ယီကျုံးဟိုင်၏ မျက်နှာ မည်းမှောင်သွားသည် ။

​' ခြံဝင်းအစည်းအဝေး ခေါ်မယ်.. ငါ့ကို ဝေဖန်ချင်လို့ ဖြစ်ရမယ်.. '

​သူတို့ မည်သို့ကြောင့် ဤမျှ သေချာနေရသနည်းဆိုတာကို သူ မသိသော်လည်း အမှန်တကယ်ပင် အထောက်အထား တစ်ခုခု ရထားသည်ဟု ခန့်မှန်းမိလိုက်သည် ။

​သူ ခဏ စဉ်းစားလိုက်ပြီးနောက် ဟဲယွီဆွေကို ကြည့်ကာ မေးလိုက်သည် ။

​" ယွီဆွေ.. မင်း ပေါင်တင်းကို သွားပြီး မင်းအဖေကို ရှာခဲ့တာလား .. "

​ဟဲယွီဆွေက ဟဲတာချင်းအား ကာကွယ်ပြောဆိုနေသည့် အနေအထားကို ပေါင်းစပ်ကြည့်၍ ယီကျုံးဟိုင် တစ်စုံတစ်ရာကို ရိပ်မိသွားခြင်း ဖြစ်သည် ။

​ဟဲယွီဆွေက သူနှင့် အပိုစကားများ မပြောချင်တော့ဘဲ အေးစက်စက် ပြောလိုက်သည် ။

​" ယီကျုံးဟိုင်.. ပိုက်ဆံ ပြန်ပေးမလား ဒါမှမဟုတ် ကျွန်မ သွားတိုင်ရမလား .. "

​ယန်ကျီဝမ်က ရဲတိုင်ချင်သော်လည်း ဤကိစ္စတွင် ဟဲယွီဆွေကသာ ကာယကံရှင် ဖြစ်နေသဖြင့် သူ များများစားစား ဝင်မပြောလို ။ သူနှင့် ယီကျုံးဟိုင်ကြားက ပဋိပက္ခကလည်း ဤအဆင့်အထိ မရောက်သေးသဖြင့် ရေနစ်နေသူ​ကို ဝါးလုံးဖြင့် ထိုးရန် မလိုအပ်ပေ ။

​ထိုစကားကို ကြားသောအခါ ယီကျုံးဟိုင်၏ မျက်နှာက မှုန်ကုပ်သွားသည် ။

​သို့သော် သူ လောင်းကြေး မထပ်ရဲသလို လောင်းကြေးထပ်ရန်လည်း အရင်းအနှီး မရှိပေ ။ အကယ်၍ သူတို့၏ လက်ထဲတွင် အထောက်အထားများ အမှန်တကယ် ရှိနေသည်ဆိုလျှင်... ။ ဤမျှကြီးမားသော ငွေပမာဏက ကြီးလေးသော ပြစ်မှုပင် ။

​ယီကျုံးဟိုင်က အံကြိတ်ကာ ...

​" ကောင်းပြီ.. မင်း စောင့်နေ .. "

​ထိုစကားကို ပြောပြီးသည်နှင့် သူ အိမ်ထဲသို့ ပြန်လှည့်ဝင်ကာ ပိုက်ဆံသွားယူတော့သည် ။

​ဟဲယွီဆွေ ဤမြင်ကွင်းကို မြင်သောအခါမှ ရင်ထဲတွင် သက်ပြင်းချနိုင်တော့သည် ။ ဤပိုက်ဆံများ ရှိလျှင် သူမ ငတ်ပြတ်နေမည်ကို စိုးရိမ်စရာ မလိုတော့ပေ ။ ဤငွေများက သူမ အထက်တန်းကျောင်း ပြီးဆုံးသည်အထိ လုံလောက်ရုံသာမက အတော်များများပင် ပိုနေပေဦးမည် ။

​ယန်ကျီဝမ်သည်တော့ သူမလောက် အကောင်းမမြင်ဘဲ ယီကျုံးဟိုင်က တစ်ခုခု လုပ်ဦးမည်ဟု ထင်နေသည် ။

​ထင်သည့်အတိုင်းပင်....

​ယီကျုံးဟိုင် ပြန်ထွက်လာချိန်တွင် သူ၏ လက်ထဲ၌ ဆယ်ယွမ်တန် ငွေစက္ကူအထပ်လိုက် ပါလာသည် ။ သို့သော် အရေအတွက်ကို ကြည့်ရလျှင် ရာဂဏန်းလောက်သာ ရှိမည်ဟု ထင်ရပေသည် ။ သို့သော် ဟဲတာချင်းက ဆယ်နှစ်နီးပါး ပိုက်ဆံပို့ခဲ့ခြင်းဖြစ်၍ အနည်းဆုံး ယွမ်တစ်ထောင်ကျော်တော့ ရှိရမည် ။

​ယီကျုံးဟိုင်က ပိုက်ဆံများကို ပေးရင်း ...

​" ယွီဆွေ.. ဒါ မင်းအဖေ မင်းတို့အတွက် ပို့ပေးခဲ့တဲ့ ပိုက်ဆံတွေပဲ.. စုစုပေါင်း တစ်ထောင်လောက် ရှိတယ်.. ဒီမှာက ငါးရာ.. ကျန်တဲ့ ငါးရာကတော့ မင်းအစ်ကိုအတွက်ပေါ့.. အရင်က မင်းတို့ကို မပေးခဲ့တာက မင်းတို့ ပိုက်ဆံကို ဖြစ်သလို သုံးပစ်မှာစိုးလို့ သိမ်းထားပေးချင်လို့ပါ .. "

​ယီကျုံးဟိုင်က ဟဲယွီဆွေထံ ပိုက်ဆံလှမ်းပေးရင်း သူ၏ လုပ်ရပ်အတွက် အကြောင်းပြချက် ရှာနေသည် ။

​သို့သော် ထိုအကြောင်းပြချက်ကို ဟဲယွီဆွေ လုံးဝ လုံးဝ မယုံကြည်ပေ ။

​' ပိုက်ဆံကို ဖြစ်သလို သုံးပစ်မှာ စိုးလို့တဲ့လား.. အရင်တုန်းက ငါတို့ မောင်နှမ ငတ်သေတော့မယ့် အချိန်တုန်းကတောင် ထုတ်ပေးတာ မမြင်ခဲ့ရပါဘူး.. စဉ်းစားနေစရာတောင် မလိုဘူး သေချာပေါက် အပိုင်စီးချင်လို့ပဲ.. အခု အကွက်ပေါ်သွားတော့မှ သိမ်းထားပေးတယ်လို့ ပြောနေတယ်.. ရယ်စရာကောင်းလိုက်တာ .. '

​ဟဲယွီဆွေက ပိုက်ဆံကို လှမ်းမယူဘဲ မျက်မှောင်ကြုတ်ကာ ...

​" ပထမဦးလေး.. အဖေက ပြောတယ်.. အစ်ကို့ရဲ့ အလုပ်က သူစီစဉ်ပေးခဲ့တာတဲ့.. ပို့ပေးတဲ့ ပိုက်ဆံတွေက ကျွန်မအတွက် ထောက်ပံ့ကြေးတွေပဲတဲ့ .. "

​ယီကျုံးဟိုင်၏ ရင်ထဲတွင် တုန်လှုပ်သွားသည် ။

​' ဒီဟဲယွီဆွေက တကယ်ပဲ ဟဲတာချင်းဆီ သွားရှာခဲ့တာကိုး ...'

သို့သော် သူက ခေါင်းခါ၍..

​" မင်းစကားက မမှန်သေးဘူးလေ.. ဘာပဲပြောပြော ကျူးဇီက မင်းကို ဒီနှစ်တွေ အများကြီး ပြုစုပျိုးထောင်လာခဲ့တာပဲ.. ပြီးတော့ ကျူးဇီက အခုထိ လူပျိုလူလွတ် ဖြစ်နေတုန်းဆိုတော့ မင်းက နှမတစ်ယောက်အနေနဲ့ သူ့အတွက် စဉ်းစားပေးသင့်တာပေါ့ .. "

​ဟဲယွီဆွေ၏ မျက်နှာက မှုန်ကုပ်သွားပြီး ခပ်တည်တည်ဖြင့် ...

​" ဒါက ကျွန်မတို့ မိသားစု ကိစ္စ.... ရှင် ပူပန်ပေးနေစရာ မလိုပါဘူး .. "

​' သူ့အတွက် စဉ်းစားပေးရမယ်.. သူက ညီမအရင်းကိုတောင် ငတ်သေအောင် ထားချင်နေတဲ့သူကို ငါက ဘာလို့ သူ့အတွက် စဉ်းစားပေးရမှာလဲ.. နောက်ပြီး သူ့ရင်ထဲမှာလည်း အဲ့ဒီ မုဆိုးမပဲ ရှိနေတာ.. ပြောမရဘူးလေ သူက အဲ့ဒီထဲမှာပဲ ပျော်မွေ့နေတာဆိုတော့ ဒီတစ်သက် မိန်းမရဖို့ ဖြစ်နိုင်မယ် မထင်ဘူး .. '

​ယီကျုံးဟိုင်က မကျေမနပ်ဖြင့်..

​" ဟဲယွီဆွေ.. မင်းက လူကြီးသူမကို ဒီလို စကားပြောရသလား .. "

​ဟဲယွီဆွေက အေးတိအေးစက်ဖြင့်..

​" ကျွန်မမှာ လူကြီးဆိုလို့ ကျွန်မအဖေ တစ်ယောက်ပဲ ရှိတယ် .. ပထမဦးလေး.... ဒီနေ့ ပိုက်ဆံကို အကုန်ပေးမလား ဒါမှမဟုတ် ရဲစခန်းကို သွားတိုင်ရမလား... ကျွန်မ လက်ထဲမှာ ပိုက်ဆံပို့ထားတဲ့ အထောက်အထားတွေ ရှိတယ်.. စာတိုက်ကို သွားစစ်လိုက်တာနဲ့ ချက်ချင်း သိနိုင်တယ်.. ရှင် သေချာ စဉ်းစားပါ .. "

​ပြောပြီးသည်နှင့် ဟဲယွီဆွေက လှည့်ထွက်သွားရန် ပြင်လိုက်သည် ။

​ဤသည်ကို မြင်သောအခါ ယီကျုံးဟိုင် မည်သို့ ငြိမ်နေနိုင်မည်နည်း ။ အလျင်အမြန်ပင်..

​" နေပါဦး .. ကောင်းပါပြီ.. အကုန်လုံး ယူပေးပါ့မယ် .. "

​သူ အမှန်တကယ်ပင် လန့်သွားခဲ့လေပြီ ။ အဖမ်းခံရမည်ကို အလွန်ကြောက်ရွံ့သွားသည် ။

ဟဲယွီဆွေ တစ်ယောက်တည်းဆိုလျှင် တော်သေး၏ ။ သူ ကြိုက်သလို လှည့်စား၍ ရသည် ။ ပြဿနာမှာ ယန်လောင်အာ ရှိနေခြင်းပင် ။ အဘိုးကြီးယန်၏ ဒုတိယသားက ဟဲယွီဆွေလောက် လှည့်စားရ လွယ်ကူမည် မဟုတ် ။ ထို့အပြင် သူ့ပုံစံကို ကြည့်ရသည်မှာ အကြောင်းစုံကို သိထားပုံရသဖြင့် သူ ဆက်၍ လောင်းကြေး မထပ်ရဲတော့ပေ ။

All Chapters