အခန်း ၂၆၇
Vol. 26 Ch. 267
Chapter 267
~
အခန်း ၂၆၇ : ပြဿနာကို လမ်းလွှဲခြင်း...
~
" ပိုက်ဆံတွေ အကုန်လုံး ဒီမှာပါ.. ယွီဆွေ..ဦးလေးမှာ တခြား ရည်ရွယ်ချက် မရှိဘူးနော်... တကယ်ပဲ မင်းတို့အတွက် သိမ်းထားပေးချင်ရုံ သက်သက်ပါ .. "
ယီကျုံးဟိုင် ထွက်လာပြီးနောက် ပိုက်ဆံအားလုံးကို ဟဲယွီဆွေထံ ပေးလိုက်သည် ။
ဟဲယွီဆွေက ပိုက်ဆံကို ယူ၍ သေချာရေတွက်ကြည့်လိုက်ရာ တစ်ထောင် ကွက်စတိ ရှိလေသည် ။ အတိအကျကိုတော့ သူမ ယီကျုံးဟိုင်နှင့် ဆက်၍ အပိုစကား မပြောချင်တော့ပေ ။
သို့သော် သူမ ချက်ချင်း ထွက်မသွားသေးဘဲ ယီကျုံးဟိုင်ထံသို့ လက်တစ်ဖက် ထပ်ကမ်းပေးလိုက်သည် ။
ယီကျုံးဟိုင် ကြောင်အမ်းသွားပြီး ချက်ချင်းပင် အကူအညီမဲ့ဟန်ဖြင့်..
" ယွီဆွေ.. တကယ်ပဲ ဒီလောက်ပါပဲ .. "
ဟဲယွီဆွေ သူ့ကို မယုံဟု သူ ထင်သွားလေသည် ။
ဟဲယွီဆွေက..
" အဖေ ကျွန်မကို ရေးထားတဲ့ စာတွေရော .. "
ယီကျုံးဟိုင်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ရှက်ရွံ့ဟန်ဖြင့်..
" မင်းတို့တွေ အဘိုးကြီးဟဲကို အဲ့ဒီလောက်တောင် မုန်းနေကြတာ မြင်လို့ ငါ လွှင့်ပစ်လိုက်ပြီ .. "
" ဒီတစ်ကြိမ်တော့ ဒေါ်လေးယီ မျက်နှာကို ထောက်ပြီး ထားလိုက်တော့မယ် .. "
ဟဲယွီဆွေက သူ့ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားသည် ။ ယန်ကျီဝမ်ကလည်း သူ့ကို ပြုံးပြလိုက်ပြီး ဟဲယွီဆွေ နောက်မှ လိုက်သွားလေ၏ ။
အရှေ့ဘက်ခြံဝင်းသို့ ပြန်ရောက်သောအခါ..
ဟဲယွီဆွေက ပိုက်ဆံ နှစ်ဆယ်ကို ထုတ်ယူလိုက်ပြီးနောက် ကျန်သည့်ငွေများကို ယန်ကျီဝမ်ထံ ကမ်းပေးလိုက်သည် ။
" အကိုကျီဝမ်.. ဒီပိုက်ဆံတွေကို ညီမလေး အပ်ထားချင်လို့ပါ .. "
ယန်ကျီဝမ် အံ့သြသွားပြီးနောက် နောက်ပြောင်လိုက်သည် ။
" ယီကျုံးဟိုင်လို ပြန်မပေးဘဲ ယူထားမှာ မကြောက်ဘူးလား .. "
ဟဲယွီဆွေက လေးနက်စွာဖြင့်..
" အစ်ကိုနဲ့ သူက မတူပါဘူး .. "
ယန်ကျီဝမ် ပခုံးတွန့်လိုက်ပြီး အကူအညီမဲ့ဟန်ဖြင့်..
" မင်း ဘဏ်မှာ သွားစုထားလို့ ရတာပဲလေ.. ငါ့ကို ပေးနေစရာ မလိုပါဘူး .. "
ဟဲယွီဆွေက ခေါင်းခါ၍..
" ဟင့်အင်း.. ပိုက်ဆံ ညီမလေး လက်ထဲရှိနေရင် စိတ်မချဘူး.. အစ်ကို့ဆီမှာ ထားတာက အကောင်းဆုံးပဲ .. "
ယနေ့ သူမ ပိုက်ဆံရလာခဲ့သော်လည်း နောက်ပိုင်း ရှာကျူး ပြဿနာရှာလာမည်ကို ခန့်မှန်းမိသည် ။ သူမနှင့် ရှာကျူးက အိမ်ထောင်စု မခွဲရသေးပေ ။
" ကောင်းပြီလေ.. မင်းအတွက် အရင် သိမ်းထားပေးမယ် .. "
ယန်ကျီဝမ် ခဏ စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် သဘောတူလိုက်သည် ။
" အကိုကျီဝမ်.. ကျေးဇူးတင်ပါတယ် .. "
ကျေးဇူးတင်စကား ပြောပြီးနောက် ဟဲယွီဆွေက ရှာကျူး ပိုက်ဆံလာတောင်းမည်ကို စိုးရိမ်သဖြင့် ကျောင်းသို့ ထွက်သွားလေတော့သည် ။
တခြားတစ်ဖက်တွင်တော့..
ယီကျုံးဟိုင်က ဟဲယွီဆွေထံမှ အရှက်ကွဲခဲ့ရသဖြင့် ရင်ထဲတွင် အလွန် နေရခက်နေသည် ။ ထို့အပြင် သူသည် သူတစ်ပါး၏ ထောက်ပံ့ကြေးကို အလွဲသုံးစားလုပ်ခဲ့သည်ကို သိမ်းဆည်းပေးထားသည်ဟူသော စကားဖြင့် ပြောင်းလဲနိုင်ရန်အတွက် ရှာကျူးကို ရှင်းပြရပေမည် ။
ထို့ကြောင့် ဟဲယွီဆွေနှင့် ယန်ကျီဝမ်တို့ ထွက်သွားပြီးနောက် သူက ချက်ချင်းပင် ရှာကျူးကို သွားရှာလေသည် ။
ရှာကျူးက အိပ်နေဆဲဖြစ်ပြီး တံခါးခေါက်သံကြောင့် နိုးလာခဲ့သည် ။ တံခါးဖွင့်လိုက်သည်နှင့် ယီကျုံးဟိုင်ကို မြင်သောအခါ...
" ဦးလေးက တကယ် အားမနာ တက်ဘူးပဲ.. ကျုပ် အိပ်လို့ ကောင်းနေတုန်းကို.... ကျုပ်ရဲ့ အိပ်မက်လှလှလေးတော့ ဦးလေး ဖျက်ဆီးလိုက်လို့ ပျက်ပါပြီ .. "
ယီကျုံးဟိုင်က သူ့စနောက်မှုကို ဂရုမစိုက်ဘဲ လေးနက်စွာဖြင့်..
" ကျူးဇီ.. မင်းကို ငါ ပြောစရာ တစ်ခုရှိတယ် .. "
" ဘာကိစ္စလဲ .. "
ရှာကျူး သမ်းဝေလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည် ။
ယီကျုံးဟိုင်က စကားလုံးများကို သေချာ စီစဉ်လိုက်ပြီးမှ စကားစလိုက်သည် ။
" ကျူးဇီ.. တကယ်တော့ အဲ့ဒီတုန်းက မင်းအဖေ ထွက်သွားပြီးတဲ့နောက် လတိုင်း မင်းတို့ မောင်နှမအတွက် ပိုက်ဆံတွေ ပို့ပေးခဲ့တယ် .. "
ပြောပြီးသည်နှင့် သူက ရှာကျူး၏ မျက်နှာအမူအရာကို စူးစိုက်ကြည့်နေလိုက်သည် ။
ရှာကျူး ကြောင်အသွားပြီး သံသယဖြင့်..
" ဦးလေး... ခင်ဗျား တကယ်ပြောနေတာလား.. အဲ့ဒီ အဘိုးကြီးက ကျုပ်တို့ကို တကယ်ပဲ ပိုက်ဆံပို့ပေးတယ်ပေါ့ .. "
ပိုက်ဆံက ဟဲယွီဆွေကို ပေးလိုက်ရပြီဖြစ်၍ သူ ဆက်၍ ဖုံးကွယ်ထားလျှင်လည်း အဓိပ္ပါယ်မရှိတော့ပေ ။ ထို့ကြောင့် သူ ခေါင်းညိတ်လိုက်ပြီး..
" ဟုတ်တယ်.. ဒီနှစ်တွေထဲ သူ ပို့ပေးနေခဲ့တာ.. ပြီးတော့ ငါ့ဆီကို ပို့ပေးခဲ့တာ.. မင်း ပိုက်ဆံတွေ ဖြစ်သလို သုံးပစ်မှာ စိုးလို့ မင်း မိန်းမယူတဲ့အခါ သုံးဖို့ စုထားပေးမယ်လို့ တွေးထားခဲ့တာပါ .. "
ထို့နောက် သူက လေးနက်စွာဖြင့် မေးလိုက်သည် ။
" ကျူးဇီ.. မင်း ငါ့ကို အပြစ်မတင်ပါဘူးနော် .. "
" ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ.. ခင်ဗျားက ကျုပ်အတွက် ကောင်းစေချင်လို့ပဲလေ .. "
ရှာကျူးက ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည် ။ အရင်တုန်းက သူ ငတ်သေလုမတတ် ဖြစ်ခဲ့ရသည့် အချိန်ကိုတော့ လုံးဝ မေ့ပစ်လိုက်လေပြီ ။
ထိုစကားကို ကြားသောအခါ ယီကျုံးဟိုင် ချက်ချင်းပင် သက်ပြင်းချနိုင်သွားသည် ။
အကယ်၍ ရှာကျူးက ဤကိစ္စကြောင့် စိတ်ခုသွားခဲ့လျှင် သူ အိုမင်းမစွမ်းဖြစ်ချိန်၌ သူ့ကို ပြုစုစောင့်ရှောက်ရန် ရှာကျူးအား မည်သို့ ကြံစည်နိုင်တော့မည်နည်း ။ အခု ကြည့်ရသည်မှာ သူ၏ ဤနှစ်များအတွင်း ပြောဆိုသင်ကြားမှုများက အသုံးဝင်နေဆဲပင် ။
ရှာကျူးက မေးလိုက်သည် ။
" အဲ့ အဘိုးကြီး စုစုပေါင်း ဘယ်လောက်တောင် ပို့ခဲ့တာလဲ .. "
" တစ်ထောင် .. "
" ဘာ.. တစ်ထောင် .. "
ရှာကျူး လန့်သွားပြီး အသံကျယ်ကြီးဖြင့်..
" ဒါဆို ပိုက်ဆံရော .. "
မေးပြီးပြီးချင်း သူ တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည် ။ ထို့ကြောင့် ဆက်မေးလိုက်သည် ။
" နေပါဦး.. ဦးလေး... ခင်ဗျားက ဘာလို့ အခုမှ လာပြောပြရတာလဲ .. "
ယီကျုံးဟိုင် သက်ပြင်းချလိုက်ပြီး အကူအညီမဲ့ဟန် ဆောင်ကာ..
" အစကတော့ မင်း လက်ထပ်တဲ့အချိန်ကျမှ ထုတ်ပေးမယ်လို့ တွေးထားတာ.. ဒါပေမဲ့ ဒီနေ့ ယွီဆွေ လာရှာပြီး ပိုက်ဆံတွေ အကုန်လုံး ယူသွားတယ်လေ .. "
" ဘာ.. တစ်ထောင်လုံး အကုန် ယူသွားတယ် .. "
ရှာကျူး မျက်နှာပျက်သွားသည် ။
ယီကျုံးဟိုင် ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချကာ..
" ယန်လောင်အာက ယွီဆွေကို မြှောက်ပင့်ပြီး ပေါင်တင်းက အဘိုးကြီးဟဲဆီ သွားရှာဖို့ လုပ်ခဲ့ပုံရတယ်.. အဲ့ဒါနဲ့ အဘိုးကြီးဟဲ ဆီကနေ ဒီကိစ္စကို သိသွားတာ ဖြစ်မယ် .. "
ရှာကျူး ထိုစကားကို ကြားသည်နှင့် ဒေါသတကြီးဖြင့်..
" ဒီယန်လောင်အာ ထပ်ပြီး ပါလာပြန်ပြီလား.. ဘာလို့ နေရာတကာ သူချည်းပဲ ဖြစ်နေရတာလဲ .. "
ယီကျုံးဟိုင်က စိတ်ရှုပ်ထွေးဟန် ဆောင်ကာ..
" ငါက ယွီဆွေကို တစ်ဝက်ပဲ ပေးပြီး ကျန်တဲ့ တစ်ဝက်ကို မင်းအတွက် ချန်ထားပေးဖို့ စဉ်းစားထားတာ.. ဒါပေမဲ့ ယွီဆွေက ဒီပိုက်ဆံတွေက အဘိုးကြီးဟဲ သူ့ကိုပေးတဲ့ ထောက်ပံ့ကြေးတွေလို့ ပြောနေတော့ ငါလည်း ဘာမှ မတတ်နိုင်ဘူးလေ .. "
ရှာကျူးက ဒေါသတကြီး အော်ဟစ်လိုက်သည် ။
" တကယ့်ကို ကျေးဇူးကန်းတဲ့ကောင်မလေး..အဲ့ဒီအဘိုးကြီး ထွက်ပြေးသွားတော့ ကျုပ် သူ့ကို ပင်ပင်ပန်းပန်းနဲ့ ပြုစုပျိုးထောင်လာခဲ့ရတာကို သူ မေ့သွားပြီလား .. "
" ဟုတ်တယ်မလား .. "
ယီကျုံးဟိုင် ရင်ထဲတွင် ဝမ်းသာသွားပြီး ချက်ချင်းပင် ဆက်ပြောလိုက်သည် ။
" ဒီကိစ္စက ယန်လောင်အာရဲ့ အကြံပဲ ဖြစ်ရမယ်လို့ ငါ ထင်တယ်.. ယွီဆွေက အမြဲတမ်း လိမ္မာတဲ့သူလေ .. "
" ဝုန်း..ယန်လောင်အာ.. ဒီခွေးကောင်..ကျုပ်နဲ့ တွေ့မယ် .. "
ရှာကျူး ဒေါသတကြီးဖြင့် ထိုင်ခုံတစ်လုံးကို ကန်လိုက်ပြီးနောက် ယန်ကျီဝမ်နှင့် စာရင်းရှင်းရန် အပြင်သို့ ဒေါသတကြီး ပြေးထွက်သွားရန် ပြင်လိုက်သည် ။
သို့သော် တံခါးဝသို့ ရောက်သည်နှင့် ရှာကျူး သတိဝင်လာသည် ။
သူ ယန်ကျီဝမ်ကို မယှဉ်နိုင် ။ ဤသို့ သွားလျှင် အရိုက်ခံ ရရုံသာ အဖက်တင်မည် ။ ခဏတာ စဉ်းစားလိုက်ပြီးနောက် သူက လမ်းကြောင်းပြောင်းကာ ဟဲယွီဆွေ၏ အခန်းသို့ သွားလိုက်သည် ။
" ဘုန်း .. ဘုန်း .. ဘုန်း .."
ရှာကျူးက တံခါးကို အကျယ်ကြီး ခေါက်လိုက်သည် ။
" ဟဲယွီဆွေ.. နင် ထွက်ခဲ့စမ်း .. "
အတော်ကြာအောင် အော်ခေါ်နေသော်လည်း အထဲမှ မည်သည့် တုံ့ပြန်မှုမှ မရှိ ။ ရှာကျူး ဒေါသထွက်ကာ တံခါးကို ဆောင့်ကန်ဖွင့်လိုက်မှ အထဲတွင် လူမရှိမှန်း သိလိုက်ရသည် ။
ဤသည်က ရှာကျူးကို အလွန် စိတ်ပျက်သွားစေသည် ။ ဘာမှ မတတ်နိုင်တော့သဖြင့် မနက်ဖြန်မှ ကျောင်းသို့ သွားရှာရန်သာ တွေးလိုက်တော့သည် ။
ညစာစားချိန်တွင်..
ရန်ရွေ့ဟွားက ယန်ကျီဝမ်အား စပ်စုဟန်ဖြင့် မေးလိုက်သည် ။
" ဒုတိယသား.. ဟဲတာချင်းက ဒီနှစ်တွေ တစ်လျှောက်လုံး ရှာကျူးနဲ့ ယွီဆွေဆီ ပိုက်ဆံတွေ ပို့ပေးနေခဲ့တယ်ဆိုတာ ကြားတယ်.. အဲ့ဒါ တကယ်ပဲလား .. "
မနေ့က ယန်ကျီဝမ်သည် ဟဲယွီဆွေနှင့် အတူ ပေါင်တင်းသို့ ဟဲတာချင်းအား သွားရှာခဲ့သည်ကို သူမ သိထားသော်လည်း ပိုက်ဆံပို့သည့် ကိစ္စကိုတော့ မသိခဲ့ပေ ။
" ဒီလို ကိစ္စလည်း ရှိသေးတာလား .. "
ယန်ဖူကွေ့လည်း နားစွင့်လိုက်သည် ။
ယွီလီက သံသယဖြင့် ယန်ကျီဝမ်ကို ကြည့်လိုက်သည် ။
မနေ့က ယန်ကျီဝမ်သည် ဤကိစ္စကို ယန်ဖူကွေ့ ထံမှ ကြားခဲ့သည်ဟု ပြောခဲ့သည်ကို သူမ မှတ်မိနေသေးသည် ။ သို့သော် အခု ယန်ဖူကွေ့၏ ပုံစံကို ကြည့်ရသည်မှာ သိထားသည့်ပုံ မပေါ် ။ သို့သော် အသေးစိတ် မေးရမည့် အချိန် မဟုတ်သဖြင့် သူမ နှုတ်ဆိတ်နေလိုက်သည် ။
ယန်ကျီဝမ်က မန်ထိုကို တစ်ကိုက် ကိုက်လိုက်ပြီး ....
" အမေ.. ဘယ်ကနေ ကြားလာတာလဲ .. "
ဤကိစ္စကို သူနှင့် ဟဲယွီဆွေမှလွဲ၍ ယီကျုံးဟိုင်သာ သိထားသည် ။ ဟဲယွီဆွေက ကျောင်းသွားပြီဖြစ်၍ သတင်းဖြန့်သူက ယီကျုံးဟိုင်သာ ဖြစ်ရမည် ။
ရန်ရွေ့ဟွားက..
" အခု ခြံဝင်းထဲမှာ အကုန်လုံး ပြောနေကြတာ.. ဟဲတာချင်းက ဒီနှစ်တွေမှာ ပိုက်ဆံ အမြဲတမ်း ပို့ပေးခဲ့တယ်တဲ့.. ဒါပေမဲ့ ရှာကျူးတို့တွေ ဖြစ်သလို သုံးပစ်မှာစိုးလို့ ယီကျုံးဟိုင်ကို သိမ်းထားခိုင်းခဲ့တာလို့ ပြောနေကြတယ် .. "
" သောက်ရှက်မရှိတဲ့ စကားတွေ .. "
ယန်ဖူကွေ့က လှောင်ရယ် ရယ်လိုက်ပြီး...
" သိမ်းပေးထားတာတဲ့လား.. ဘယ်သူက ဒီလောက် နှစ်တွေ အကြာကြီး သိမ်းပေးထားမှာလဲ.. ငါထင်တာ ဒီအထဲမှာ တခြားကိစ္စတွေ ရှိဦးမယ်.. ဒါနဲ့ မိန်းမ.. အဘိုးကြီးဟဲက စုစုပေါင်း ဘယ်လောက်တောင် ပို့ခဲ့တာလဲ .. "
" တစ်ထောင်တောင်တဲ့.. ဒါပေမဲ့ ကြားတာတော့ ယွီဆွေက အကုန်လုံး ယူသွားတယ်တဲ့.. ရှာကျူးက ဒီကိစ္စကို ကြားတော့ အရမ်း ဒေါသထွက်သွားတယ်တဲ့လေ.. ယွီဆွေက သူ့ဝေစုကိုပါ ယူသွားတယ်ဆိုပြီး ယွီဆွေနဲ့ သွားရှင်းမယ်လို့ ပြောနေတယ် .. "
ရန်ရွေ့ဟွားက ကြားလာခဲ့သည့် သတင်းကို တစ်ခေါက် ပြန် ပြောပြလိုက်သည် ။
ယန်ကျီဝမ် နားထောင်ပြီးသွားသောအခါ ယီကျုံးဟိုင်၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားသည် ။
သူတစ်ပါး၏ ထောက်ပံ့ကြေးကို အလွဲသုံးစားလုပ်ခဲ့သည့် အမှန်တရားမှ ရုန်းထွက်နိုင်ရန်အတွက် ဤကိစ္စကို လူသိရှင်ကြား ဖြစ်အောင် လုပ်လိုက်ခြင်း ဖြစ်ချေသည် ။ ထို့နောက် ရှာကျူးကို အသုံးချကာ ပြဿနာကို ကြီးထွားအောင် လုပ်လိုက်သည် ။ သို့ဆိုလျှင် သူ အလွယ်တကူ လွတ်မြောက်သွားပေလိမ့်မည် ။
ပြဿနာကို လမ်းလွှဲလိုက်သည့် ဤနည်းလမ်းကို ယီကျုံးဟိုင်က အလွန် ပိုင်နိုင်စွာ အသုံးချသွားခြင်းပင် ။