အခန်း ၂၆၈
Vol. 26 Ch. 268
Chapter 268
~
အခန်း ၂၆၈ : အရက်သမား၏ စိတ်သည် အရက်ခွက်ထဲမှာ မဟုတ်
~
" ကျီဝမ်.. တကယ်ပဲ အဲ့ဒီလိုလား.. "
ယွီလီက ယန်ကျီဝမ်ထံသို့ စူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ဟဲယွီဆွေအတွက် အနည်းငယ် စိုးရိမ်မိ၏ ။ ရှာကျူးက လူမိုက်တစ်ယောက် ဖြစ်သဖြင့် ဟဲယွီဆွေအပေါ် တစ်ခုခု လုပ်နိုင်သည် ။
ယန်ဖူကွေ့က ရှုပ်ထွေးဟန်ဖြင့်...
" ဘာဖြစ်လို့လဲ.. ဒီကိစ္စထဲမှာ ဒုတိယသားလည်း ပါနေတာလား.. "
ရန်ရွေ့ဟွားက...
" မနေ့က ဒုတိယသား ယွီဆွေနဲ့အတူ ပေါင်တင်းကို လိုက်သွားတာလေ.. "
ထို့နောက် ယန်ဖူကွေ့က ယန်ကျီဝမ်ကို ကြည့်ကာ ရှင်းပြမည်ကို စောင့်နေလေ၏ ။
ယန်ကျီဝမ်က...
" ကြီးကြီးမားမားတော့ မဟုတ်ပါဘူး.. ရှာကျူးက ဒီနောက်ပိုင်းတွေ ပိုပိုပြီး လွန်လာတယ်လေ... ယွီဆွေကို စားစရိတ်မပေးတဲ့အပြင် အိမ်က ရိက္ခာကူပွန်တွေ အကုန်လုံး ကျားမိသားစုကို ပေးပစ်တယ်.. ယွီဆွေက ဆက်ပြီး သည်းမခံနိုင်တော့လို့ အိမ်ခွဲချင်နေတာ.. အဲ့တာကြောင့် ကျွန်တော်က ဟဲတာချင်းဆီ သွားမေးဖို့ အကြံပေးလိုက်တာ.. "
" ဒါဆို လောင်ယီကရော.. "
" ဟားဟား.... အဲ့အဘိုးကြီးက ပိုက်ဆံထုတ် မပေးချင်ဘူးလေ.. ယွီဆွေက ရဲတိုင်မယ်လို့ ပြောမှ ပိုက်ဆံတစ်ထောင် ထုတ်ပေးတာ.. အခု ဒီကိစ္စကို ချပြတာကလည်း သူ့ကိုယ်သူ အပြစ်လွတ်အောင် ရှင်းချင်လို့ပဲ ဖြစ်လိမ့်မယ်.. "
ယန်ကျီဝမ်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏ ။
" အင်း.. လောင်ယီက အမြဲတမ်း ဂုဏ်သိက္ခာကို အလေးထားတတ်တော့ ဒီလိုလုပ်တာ မထူးဆန်းပါဘူး.. "
ယန်ဖူကွေ့က ခေါင်းညိတ်၍ သဘောတူလိုက်ပြီး ဆက်လက်၍ စိတ်ဝင်တစားဖြင့်...
" ဒါနဲ့ အဲ့ဒီပိုက်ဆံက ဟဲတာချင်းက ယွီဆွေအတွက် ပေးတဲ့ ထောက်ပံ့ကြေးလို့ တကယ်ပြောတာလား.. "
သူသည်လည်း ရှာကျူး ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် မေးနေခြင်း ဖြစ်သည် ။
ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်ပြီး...
" ဦးလေးဟဲကတော့ အဲ့ဒီလို တကယ်ပြောတာပဲ.. ဒါပေမဲ့လည်း...... "
ယန်ကျီဝမ်က ခေါင်းခါလိုက်၏ ။ ထိုပိုက်ဆံကို ရှာကျူးအား အနည်းငယ် ပေးရနိုင်ချေ ရှိပေသည် ။ မည်သို့ပင် ဆိုစေကာမူ ရှာကျူးက ဟဲယွီဆွေကို နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်ခဲ့သည်က အမှန်ပင် ဖြစ်၏ ။ ထိုအချက်ကို ထုတ်ပြောလာလျှင် ဟဲယွီဆွေ လက်ခံရုံမှတစ်ပါး အခြားမရှိချေ ။
သို့သော် ထိုအဆင့်အထိ ရောက်သွားလျှင်တော့ သူတို့မောင်နှမကြားက သံယောဇဉ်နှောင်ကြိုး ပြန်လည် ပြုပြင်ရန် ခက်ခဲသွားပေလိမ့်မည် ။ တခြားသူတွေကတော့ ကိစ္စမရှိသော်လည်း ကျားမိသားစုသည်တော့......
တစ်ဖက်တွင်... ကျားမိသားစုအိမ်၌....
ယနေ့ည ကျားမိသားစု စားရသည်က ပြောင်းဖူးပေါင်းနှင့် အချဉ်ဖတ်သာ ဖြစ်သည် ။ ပိတ်ရက်ဖြစ်သဖြင့် ရှာကျူး အလုပ်မဆင်းရ၍ ယူလာပေးမည့် ထမင်းဘူး မရှိချေ ။ ထို့ကြောင့် ကျားပန့်ကန့်က ငိုယိုကာ ဂဂျီဂဂျောင် လုပ်နေခဲ့သေး၏ ။
ကျားကျန်းရှီက လက်ထဲမှ ပြောင်းဖူးပေါင်းကို ဒေါသဖြေသည့်အလား အားရပါးရ ကိုက်လိုက်ပြီးနောက် ချင်ဟွိုင်ရုကို ကြည့်ကာ...
" ဟဲယွီဆွေက ယီကျုံးဟိုင်ဆီကနေ ပိုက်ဆံတစ်ထောင် ရသွားတယ်ဆိုတဲ့ ကိစ္စကို ညည်း ကြားပြီးပြီလား.. "
" ကြားပါတယ်.. တစ်ဝင်းလုံးလည်း ပြောနေကြတာပဲ.. "
ချင်ဟွိုင်ရုက ခေါင်းလေး ညိတ်ပြလိုက်ပြီး သူမ၏ အသံက မနာလိုအားကျမှုများ ပြည့်နှက်နေ၏ ။ သူမတို့ မိသားစုသာ ထိုပိုက်ဆံကို ရလိုက်လျှင် ဤမျှ ဆင်းရဲဒုက္ခ ရောက်နေတော့မည် မဟုတ်ချေ ။
" ဘန်း..."
ကျားကျန်းရှီက စားပွဲကို ရုတ်တရက် ရိုက်လိုက်ပြီး ဒေါသတကြီးဖြင့်...
" ဒါဆို ညည်း ဘာလို့ ဒီမှာ အေးအေးဆေးဆေး ထိုင်နေသေးတာလဲ.. "
ချင်ဟွိုင်ရု ဆွံ့အသွားပြီး ရှုပ်ထွေးဟန်ဖြင့်...
" အဲ့ဒါ သူ့အဖေက သမီးအတွက် ပို့ပေးတဲ့ ထောက်ပံ့ကြေးလေ.. ကျွန်မနဲ့ ဘာဆိုင်လို့လဲ.. "
" ဝက်ငတုံးမ .. သောက်ဖြစ် မရှိတဲ့ဟာမ ... "
ကျားကျန်းရှီက အားရအောင်ဆဲလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့်...
" အဲ့ဒါ ဟဲတာချင်း ပို့လိုက်တဲ့ ပိုက်ဆံလေ.. ရှာကျူးလည်း တစ်ဝက် ရသင့်တာ မဟုတ်ဘူးလား.. "
ချင်ဟွိုင်ရုက သဘောပေါက်သွားပြီး မျက်လုံးများ ဝင်းပသွားကာ...
" အမေ.. အမေ့သဘောက ကျွန်မကို ရှာကျူးဆီကနေ... သွားချေးခိုင်းတာလား.. "
" အေးလေ.. ညည်းနှယ် တုံးလိုက်တာ .. ဒါလေးတောင် ချက်ချင်း မမြင်တက်ဘူး .... "
ကျားကျန်းရှီက ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်၏ ။ ချေးသည် ဆိုသည်က အကြောင်းပြချက်သက်သက်သာ ဖြစ်ပြီး ပြန်ဆပ် မဆပ်ဆိုသည်မှာ သူတို့အပေါ်တွင်သာ မူတည်ပေသည် ။ အကယ်၍ ချင်ဟွိုင်ရုက ရှာကျူးကိုပင် မကိုင်တွယ်နိုင်လျှင် မည်သည့်နေရာ၌ အသုံးဝင်ပါမည်နည်း ။
" ဒါဆို ကျွန်မ အခုပဲ သွားလိုက်ရမလား.. "
ချင်ဟွိုင်ရု၏ မျက်လုံးများက ပိုမို တောက်ပလာပြီး ရှာကျူးထံသို့ သွားရန် အလွန် စိတ်အားထက်သန်နေပုံ ရ၏ ။
" မသွားနဲ့.... "
ကျားကျန်းရှီက စိတ်တိုဟန်ဖြင့်...
" အချိန် ကြည့်အုံးလေ.. ညည်း သူ့အိမ်မှာ ညအိပ်မလို့လား.. "
ချင်ဟွိုင်ရုက စိတ်ထဲတွင် မကျေမနပ် ရေရွတ်လိုက်မိ၏ ။
' ဒီအဘွားကြီးက ငါ့ကို မယုံဘူးပဲ.. ငါ့ကို ဘယ်လိုလူစားမျိုး ထင်နေတာလဲ.. အခု ဗိုက်ထဲမှာ ကလေးတစ်ယောက် ရှိနေတာကို ထားဦး.. ရှာကျူးရဲ့ ညစ်ပတ် စုတ်ပြတ် ပေရေ ရှုံ့တွ နေတဲ့ ပုံစံကို ကြည့်ရုံနဲ့တင် ငါ အန်ချင်နေပြီ.. '
သို့သော် သူမက နာခံစွာဖြင့်သာ ခေါင်းညိတ်လိုက်ပြီး...
" သိပါပြီ.. မနက်ဖြန်မှပဲ သွားရှာလိုက်တော့မယ်.. "
...
နောက်တစ်နေ့တွင် ....
ရှာကျူး အိပ်ရာမှ နိုးလာသောအခါ သူနှင့် ဟဲယွီဆွေက မောင်နှမအရင်း ဖြစ်သဖြင့် ဤမျှအထိ ဆက်ဆံရေး တင်းမာမနေသင့်ဟု တွေးမိ၏ ။ ထို့ကြောင့် ကျောင်းသို့သွား၍ ဟဲယွီဆွေကို စစ်ဆေးမေးမြန်းမည့် စိတ်ကူးကို ဖျက်လိုက်ပြီး သောကြာနေ့ ကျောင်းပိတ်၍ သူမ ပြန်လာမည့်အချိန်ကျမှ ထောက်ပံ့ကြေးကိစ္စကို အေးအေးဆေးဆေး တိုင်ပင်ရန် ဆုံးဖြတ်လိုက်လေသည် ။
ညနေဘက် အလုပ်ဆင်းချိန်တွင်တော့ သူ၏ ထုံးစံအတိုင်း ထမင်းဘူး နှစ်လုံးကို ဆွဲကာ ပြန်ရောက်လာခဲ့၏ ။ အလယ်ဝင်းသို့ ရောက်လျှင်ပင် ချင်ဟွိုင်ရုက စောင့်နေကြ နေရာ၌ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည် ။ ရှာကျူးက လျှောက်သွားပြီး ပြုံးရွှင်စွာဖြင့် ထမင်းဘူးကို ကမ်းပေးလိုက်ကာ...
" ညီမချင်.. ရော့.. ဒါက ဒီနေ့အတွက် ထမင်းဘူး.. "
ချင်ဟွိုင်ရုက အားနာ၍ နူးညံ့သော အပြုံးဖြင့် ထမင်းဘူးကို လှမ်းယူလိုက်ပြီး ယူခါနီးတွင် သူမ၏ လက်ချောင်းလေးများဖြင့် ရှာကျူး၏ လက်ဖမိုးကို သာသာလေး ပွတ်ဆွဲလိုက်ပြီး ...
" ကျေးဇူးတင်ပါတယ် ရှာကျူး.. နင်က တကယ်ကို လူကောင်းတစ်ယောက်ပဲ.. "
" ဟီးဟီးဟီးဟီး... ဒါ ငါ လုပ်သင့်တာပါ.. "
ချင်ဟွိုင်ရု ဤမျှ ပျော်ရွှင်နေသည်ကို မြင်လျှင် ရှာကျူးက သူလုပ်ဆောင်သမျှ အရာအားလုံး ထိုက်တန်သည်ဟု ခံစားလိုက်ရ၏ ။ သူက ညီမချင် ပြုံးနေသည်ကို မြင်ရုံနှင့်တင် ကျေနပ်နေသူ ဖြစ်ပေသည် ။ ညီမချင်က သူ့ကမ္ဘာကြီးပင် ။
ထမင်းဘူးကို ယူပြီးနောက် ချင်ဟွိုင်ရုက တစ်ခုခုကို ပြောချင်သလိုလို မပြောချင်သလိုလို တွေဝေနေသည့် အမူအရာကို တမင်တကာ လုပ်ပြလိုက်သည် ။
ရှာကျူးက ချင်ဟွိုင်ရုအပေါ် အရိပ်တကြည့်ကြည့် နေသူဖြစ်၍ သူမ၏ အမူအရာကို ချက်ချင်း သတိပြုမိသွားကာ စိုးရိမ်ဟန်ဖြင့်...
" ညီမချင်.. ဘာဖြစ်လို့လဲ.. တစ်ခုခု ဖြစ်လို့လား.. "
" ဘာမှမဖြစ်ပါဘူး.. "
ချင်ဟွိုင်ရုက ခေါင်းကို အသာခါယမ်းလိုက်ပြီး မျက်နှာတွင် ဝမ်းနည်းရိပ်များ ထင်ဟပ်လာကာ သက်ပြင်းချလိုက်၏ ။
ရှာကျူး ပို၍ စိတ်လှုပ်ရှားသွားပြီး...
" အာ .. ညီ မချင် ဘာဖြစ်လို့လဲ ...လူကို စိတ်ပူအောင် မလုပ်ပါနဲ့ .. ကိစ္စရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါ.. ငါ လုပ်ပေးနိုင်တာဆိုရင် ဘာမဆို လုပ်ပေးဖို့ အဆင်သင့်ပဲ.. "
ချင်ဟွိုင်ရုက အခက်တွေ့နေဟန် ဟန်ဆောင်ကာ...
" တကယ်တော့ ကြီးကြီးမားမား မဟုတ်ပါဘူး.. နင့်ကို ထပ်ပြီး ဒုက္ခမပေးချင်တော့လို့ပါ.. ဒါပေမဲ့ ပန့်ကန့်ရဲ့ ကျောင်းလခက မပေးရသေးဘူးလေ.. ဆရာမကလည်း ခဏခဏ လာတောင်းနေတာ.... "
ရှာကျူးက ကြောင်အသွားပြီးနောက် ရယ်လိုက်ကာ ရက်ရောဟန်ဖြင့်..
" ဟားဟား... ငါက ဘာအရေးကြီးကိစ္စ လဲလို့.. ဒီလို ကိစ္စအသေးအဖွဲလေးကို.. "
ထိုသို့ပြောပြီး သူက အိတ်ကပ်ထဲမှ ပိုက်ဆံနှစ်ယွမ်ကို နှိုက်ယူကာ ပြုံး၍ ကမ်းပေးလိုက်၏ ။
" ရော့.. ဒီပိုက်ဆံကို အရင်ယူသုံးလိုက်ပါ.. ဘယ်အချိန်ပြန်ဆပ်ဆပ် ရတယ်.. "
ချင်ဟွိုင်ရု၏ ရည်ရွယ်ချက်က ပိုက်ဆံနှစ်ယွမ် မဟုတ်သဖြင့် သူမက မယူဘဲ သနားစဖွယ် ပုံစံမျိုးကို ထပ်မံ လုပ်ပြနေပြန်၏ ။ ရှာကျူး စိတ်ညစ်သွားကာ...
" ညီမချင်.. ဘာလို့ ဒီလို ထပ်လုပ်နေပြန်တာလဲ.. ကိစ္စရှိရင်လည်း တစ်ခါတည်း အပြတ်ပြောလိုက်.. "
ချင်ဟွိုင်ရုက ထိုစကားကို ကြားသောအခါ မျက်ရည် ပုလဲလုံးများ ကျဆင်းလာပြီး ....
" ဟင့်ဟင့်..တကယ်တော့ ဘာမှမဟုတ်ပါဘူး.. အခု ငါ့ ဗိုက်ထဲမှာ နောက်ထပ် ကလေးတစ်ယောက် ရှိနေတယ်လေ.. လူတစ်ယောက်တည်းက နှစ်ယောက်စာတောင် စားရတာ.. ဒါပေမဲ့ အခုလို ခေတ်ကာလမှာ ငတ်မသေ တာနဲ့တင် ကံကောင်းလှပါပြီ.. ငါ့ ထိုက်နဲ့ ငါ့ကံပေါ့..ငါ ကပဲ အဖြစ်မရှိလို့ ကလေးအတွက် အာဟာရ ပြည့်အောင် မကျွေးနိုင်တာပါ.. ကလေးမွေးလာရင် ကျန်းကျန်းမာမာ ရှိပါ့မလားတောင် မသိဘူး..ငါတော့ သေသာ သေလိုက်ချင်တော့တယ်... "
ရှာကျူး ရှုပ်ထွေးသွားပြီး...
" အာဟာရဖြစ်မယ့် အစားအစာတွေ ဝယ်ကျွေးလို့ ရတာပဲလေ.. ကြက်တစ်ကောင် ဝယ်တာဖြစ်ဖြစ်.. ဒါမှမဟုတ် အဘိုးယန်ဆီကနေ ငါးအသေးလေးတွေ ဝယ်တာဖြစ်ဖြစ် လုပ်ပါလား.. အဲ့ဒါတွေက အာဟာရဖြစ်စေတယ်.. "
ယန်ဖူကွေ့က ငါးမျှားသွားတိုင်း ငါးအသေးလေးများကိုလည်း ယူလာတတ်၏ ။ သူက အိမ်နောက်ဘက်တွင် ရေကန်ငယ်လေး လုပ်ကာ ငါးများကို ထည့်မွေးထားပြီး ခြံဝင်းထဲကလူများ ပစ္စည်းတစ်ခုခုနှင့် လဲတက်ကြသည် ။
ချင်ဟွိုင်ရုက ခါးသီးစွာ ပြုံးလိုက်ပြီး...
" အဲ့ဒါကလည်း ပိုက်ဆံရှိမှ ဖြစ်မှာလေ.. နင် လည်း သိသားပဲ.. အိမ်က ပိုက်ဆံတွေအကုန်လုံးက ယောက္ခမဆီမှာ ရှိတာ.. ငါ့မှာ ဘယ်က ပိုက်ဆံရှိမှာလဲ.. ဟင့်.. ဟင့်.. "
ရှာကျူး ထိုအခါမှ သဘောပေါက်သွားသည် ။ အမှန်တော့ ပိုက်ဆံနည်းလွန်း၍ မကျေမနပ် ဖြစ်နေခြင်းပင် ။ သူ အိတ်ကပ်ထဲကို ထပ်နှိုက်ကြည့်သော်လည်း ပြောင်သလင်းခါနေလေပြီ ။ သူ က ရှက်ရွံ့ဟန်ဖြင့်...
" စိတ်မကောင်းပါဘူး ညီမချင်.. ဒီလအတွက် လစာက အကုန် သုံးပစ်လိုက်မိပြီ.. "
ရှာကျူး၏ လစာက သူ မသုံးရပေ ။ တစ်လစာ လစာထဲမှ ဆေးလိပ်နှင့် အရက်ဖိုး အနည်းငယ်မှအပ ကျန်သည်များကို ချင်ဟွိုင်ရုထံသို့သာ ချေးပေးထားခဲ့ခြင်း ဖြစ်ပေသည် ။
ချင်ဟွိုင်ရုက ခေါင်းလေးအသာ ခါယမ်းလိုက်ပြီး...
" ရပါတယ်.. နင် ငါ့ကို အများကြီး ကူညီပေးခဲ့ပြီးသားပဲ.. "
ထိုသို့ပြောရင်း သူမက ထပ်မံ ရှိုက်ငိုနေပြန်၏ ။ ရှာကျူးက ဤကဲ့သို့ အခြေအနေကို မည်သို့ ကြည့်ရက်ပါမည်နည်း ။ သူ၏ ဘယ်ဘက် ရင်ဘက်နေရာမှ ပူလောင် လာချေသည် ။ ထို့ကြောင့် သူ့တွင် ပိုက်ဆံရှိ မရှိကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အံကြိတ်ကာ တည့်တည့်ပင် မေးလိုက်တော့၏ ။
" ညီမချင်.. အပြတ်ပဲ ပြောပါတော့.. ပိုက်ဆံ ဘယ်လောက် လိုချင်လို့လဲ.. "