အခန်း ၄၀၄
Vol. 41 Ch. 404
အခန်း ၄၀၄။ အလာစကာခွေးကြီး... ကိုယ်က ခွေးဆိုးဆိုရင် သူတို့တွေက ဘာတွေလဲ
တိုက်ရိုက်ထုတ်လွှင့်မှုက ဆက်လက်ရှိနေဆဲပင် ဖြစ်လေသည်။
ရွှီယန်က တောင်ခြေမှနေ၍ တောင်ပေါ်သို့ တက်ရန် ပြင်ဆင်နေစဉ် သစ်ပင်တစ်ပင်ပေါ်မှ နှင်းခွေးလေး တစ်ကောင်က ပျော်ရွှင်စွာ ထွက်ပေါ်လာပြီး သစ်ကိုင်းပေါ်တွင် ရပ်လျက် ရွှီယန်ကို လှမ်းအော်နေသည်ကို မြင်တွေ့လိုက်ရသည်။
နှင်းခွေးလေး၏ ရုပ်ရည်က ဖော်ပြ၍မရနိုင်လောက်အောင်ပင် လှပလွန်းလှပေသည်။
၎င်းက သစ်ကိုင်းပေါ်တွင် ဝပ်နေပြီး ခန္ဓာကိုယ်လေးက အနည်းငယ် ယိမ်းယိုင်နေလေသည်။
ရွှီယန်၏ ဘေးနားတွင် ခွေးအချို့ ရှိနေသဖြင့် ၎င်းက အောက်သို့ ဆင်းမလာရဲဘဲ သစ်ပင်ပေါ်တွင်သာ နေနေလေသည်။
သို့သော် မျက်လုံးများထဲတွင်တော့ တောင့်တသည့် အရိပ်အယောင် အချို့ ပါဝင်နေလေသည်။
"ဟို... နောက်ထပ် တွေ့ပြန်ပြီပဲ"
"အားလုံးကို မိတ်ဆက်ပေးမယ်... ဒါက နှင်းခွေးလေး... နိုင်ငံတော်အဆင့် တစ် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ပဲ"
"မနှစ်က ဆောင်းရာသီတုန်းက ကျွန်တော့် လယ်ယာခြံဝင်းကို အစာလာရှာတာနဲ့ ကျွန်တော် နည်းနည်း ကျွေးလိုက်ဖူးတယ်"
"ဆောင်းရာသီ ကုန်သွားတော့ အဝေးကို ထွက်ပြေးသွားတာပဲ"
"ဒီနေ့တော့ တော်တော်လေး တိုက်ဆိုင်သွားတယ်"
ရွှီယန်က ပွင့်လင်းစွာ ပြောပြလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲရှိ သစ်တောတွင်းမှ ချစ်စရာ နှင်းခွေးလေးကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ ထပ်မံ၍ အံ့အားသင့်သွားကြရပြန်သည်။
ဘာတဲ့လဲ... နှင်းခွေး ကိုတောင် မွေးထားတာလား ဟု တွေးနေကြလေသည်။
[လောင်ရွှီ မင်းက အဆင့် တစ် ကာကွယ်ရမယ့် တိရစ္ဆာန် ကိုတောင် ရဲရဲတင်းတင်း မွေးထားရဲတယ်ပေါ့... အသက်ကို မနှမြောတော့ဘူး ထင်တယ်]
[ထောင်ထဲမှာ တစ်သက်လုံး သွားနေဖို့ အကြံပြုတယ်]
[မင်းဆီမှာ ဘယ်လိုလုပ်ပြီး ချစ်စရာကောင်းတဲ့ တိရစ္ဆာန်တွေ ဒီလောက်တောင် များနေရတာလဲ ဆိုတာ စဉ်းစားလို့ကို မရဘူး]
[ငါ တကယ်ကို အားကျလွန်းလို့ သေတော့မယ်]
ကွန်မန့်စာသားများက ချက်ချင်းပင် လိမ့်တက်လာတော့သည်။
ရွှီယန်က ကွန်မန့်များကို တစ်ချက်ကြည့်လိုက်ပြီး အားလုံး၏ ပြောစကားများကို မြင်သောအခါ ချက်ချင်း ရှင်းပြလိုက်သည်။
"ဒီစကားတွေက လျှောက်ပြောလို့ မရဘူးနော်... နှင်းခွေး တွေက ဆောင်းရာသီမှာ အစားအစာ မရှိတော့ ခေါင်တဲ့ ရွာတွေနဲ့ လယ်ယာခြံဝင်း တွေဆီ သွားပြီး အစာရှာစားတာက ပုံမှန်ပါပဲ"
"ဒီလိုမျိုးက နှစ်တိုင်း ဆောင်းရာသီ ဆိုရင် ရှိတတ်ပါတယ်"
"သူတို့ကို နည်းနည်းပါးပါး ကူညီပေးလို့ ရပါတယ်"
"ဒီနှင်းခွေးလေး က တော်တော်လေး ဉာဏ်ကောင်းတယ်... ကျွန်တော် နှစ်ခါသုံးခါလောက် ကျွေးလိုက်တော့ သူ ကျွန်တော့်ကို မကြောက်တော့တာ"
ရွှီယန်က စကားပြောနေရင်း မြင်းပေါ်မှ ဆင်းလာကာ သစ်ကိုင်းအောက်သို့ လျှောက်သွားပြီး လက်ကို မြှောက်လိုက်ရာ နှင်းခွေးလေးကို အတိအကျ ထိတွေ့နိုင်လေသည်။
ကောင်လေးက ရွှီယန် လက်ဆန့်ထုတ်လိုက်သည်ကို မြင်သောအခါ ရှောင်တိမ်းခြင်း မရှိဘဲ စူးစမ်းချင်စိတ်ဖြင့် ခေါင်းပြူထွက်လာကာ ရွှီယန်၏ လက်အနံ့ကို နမ်းရှူနေလေသည်။
စားစရာ မရှိသည်ကို တွေ့သောအခါလည်း စိတ်ပျက်သွားခြင်း မရှိချေ။
ရွှီယန်က ၎င်း၏ ခေါင်းငယ်လေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
မြင်ကွင်းက ဤအခိုက်အတန့်တွင် ရပ်တန့်သွားလေသည်။
အင်တာနက်သုံးစွဲသူများ အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။
မဟုတ်သေးပါဘူး... မင်းရဲ့ လယ်ယာခြံဝင်း နယ်မြေက တိရစ္ဆာန်တွေ အားလုံးက ဒီလောက်တောင် စကားနားထောင်ကြတာလား ဟု တွေးနေကြသည်။
ဒါ တောရိုင်း တိရစ္ဆာန် ဟုတ်ပါရဲ့လား ဟု အံ့ဩနေကြလေသည်။
တကယ်တမ်းတွင် ဟုတ်လေသည်။ တောရိုင်း တိရစ္ဆာန်များ အားလုံးက ရွှီယန် တစ်ယောက်တည်းကိုသာ ရင်းနှီးကြပြီး အခြားသူများ ဆိုလျှင် မြင်တွေ့ရရန်ပင် ခဲယဉ်းလှပေသည်။
မည်သို့ပင်ဖြစ်စေ ဤနေရာက ရွှီယန်၏ နယ်မြေ ပင်ဖြစ်လေသည်။
နှင်းခွေးလေးက အထူးပင် ချစ်စရာကောင်းပြီး အမွေးအမျှင်များက အလွန် ချောမွေ့နေလေသည်။
ရွှီယန်နှင့် နှုတ်ဆက်ပြီးနောက် ၎င်းက သစ်ပင်ပေါ်သို့ ပြန်ပြေးတက်သွားကာ အတွင်းပိုင်းသို့ ဝင်ရောက် ဆော့ကစားရန် ရည်ရွယ်လိုက်သည်။
ယနေ့ ရွှီယန်၏ နေ့စဉ်ဘဝ တိုက်ရိုက်ထုတ်လွှင့်မှုက အားလုံးကို မျက်စိပွင့်သွားစေခဲ့သည်။
လူအချို့က ရွှီယန်၏ လွန်ခဲ့သော နှစ်နှစ်က လယ်ယာခြံဝင်း ဗီဒီယိုနှင့် ယခု လယ်ယာခြံဝင်း ဗီဒီယိုကို ယှဉ်တွဲ ပြသကြလေသည်။
ကွာခြားချက်က နည်းနည်းနောနော မဟုတ်ချေ။ ယခုအခါ လုံးဝကို ခေတ်မီ လယ်ယာခြံဝင်းကြီး တစ်ခု ဖြစ်နေပြီ ဖြစ်လေသည်။
ဘဝနေထိုင်မှုက ကြည့်ရုံဖြင့် အားကျချင်စရာ ကောင်းနေလေသည်။
ဤသည်မှာ ငယ်ငယ်ရွယ်ရွယ်နှင့် အနားယူသွားခြင်း ပင်ဖြစ်သည်။
ဤသည်မှာ ရွှီယန်က အခြေအနေကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားပြီး ဝက်ဝံနက်နှင့် ကျားသစ်တို့ကို အားလုံးအား ထုတ်မပြထားသောကြောင့် ပင်ဖြစ်သည်။
မဟုတ်ပါက သေချာပေါက် ရေပန်းစား သတင်းများထဲ ရောက်သွားမည် ဖြစ်လေသည်။
အားလုံးက သူ့ကို အဆင့် တစ် ကာကွယ်ရမည့် တိရစ္ဆာန်ကို အမှန်တကယ် မွေးမြူထားသည်ဟု သတ်မှတ်သွားမည်ကို စိုးရိမ်သဖြင့် ပြဿနာ ကြီးထွားသွားပါက မကောင်းသောကြောင့် ရွှီယန်က ထုတ်မပြတော့ခြင်း ပင်ဖြစ်သည်။
ဤတိုက်ရိုက်ထုတ်လွှင့်မှုက ပျော်ရွှင်စွာဖြင့် အဆုံးသတ်သွားခဲ့ပြီး မြင်ကွင်းက အတော်လေး စည်ကားသိုက်မြိုက်ခဲ့လေသည်။
ဒုတိယနေ့ သို့ ရောက်ရှိလာခဲ့သည်။
ရွှီယန်က ခြံဝင်းထဲတွင် ခွေးများကို အစာကျွေးနေလေသည်။
ဤအချိန်တွင် အပြင်ဘက်မှ လူတစ်ယောက် ရောက်လာပြီး ကြည့်လိုက်ရာ ဘေးရွာမှ ဖြစ်ကာ အဖြူရောင် ပစ်ကပ်ကား တစ်စီးကိုလည်း မောင်းနှင်လာခဲ့လေသည်။
ရွှီယန်က အပြင်သို့ ထွက်လာကာ ဘာကိစ္စလဲ ဟု စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်သည်။
လူငယ်တစ်ယောက် ဆင်းလာသည်ကို မြင်တွေ့လိုက်ရပြီး ထိုလူငယ်က ရွှီယန်ကို မြင်သောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ခြံရှင်... ခင်ဗျားကို နောက်ဆုံးတော့ ရှာတွေ့သွားပြီ"
ရွှီယန်က လူငယ်၏ လက်ပေါ်တွင် ပတ်တီး စည်းထားသည်ကို သတိထားမိလိုက်ပြီး ပြန်ဖြေလိုက်သည်။
"မင်္ဂလာပါ... ဘာကိစ္စများ ရှိလို့လဲ"
လူငယ်က ဆက်ပြောလိုက်သည်။
"ခြံရှင်... ပွင့်ပွင့်လင်းလင်းပဲ ပြောရရင် ကျွန်တော့် အိမ်မှာ အလာစကာ ခွေးတစ်ကောင် မွေးထားတာ တစ်နှစ် ရှိပြီ... အစားအသောက် ဆို အရမ်း ကပ်စေးနှဲပြီး လူကိုပါ ကိုက်တယ်"
"အရမ်း ကြမ်းတာ... ကျွန်တော် ဆိုရင် သူ့ကိုက်တာ ခံလိုက်ရတာ"
"ဒီမှာ ခွေးလေ့ကျင့်ပေးတာမျိုး လုပ်ပေးလို့ ရမလားလို့ မေးချင်လို့ပါ... ပိုက်ဆံ ပေးရလည်း ရပါတယ်"
"ဒီခွေးက အရမ်း ကြမ်းလွန်းတယ်... ခင်ဗျား သူ့ကို ဘယ်လိုပဲ လုပ်လုပ် ရပါတယ်... တစ်ခုခု ဖြစ်သွားရင်တောင် ကျွန်တော် ဘာလျော်ကြေးမှ လုံးဝ မတောင်းပါဘူး"
သူ၏ စကားကို ကြားသောအခါ ရွှီယန် တစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။
"ခွေးလေ့ကျင့်ပေးရမယ်... မင်း နေရာ မှားလာပြီ ထင်တယ်"
"ဒီကိစ္စကို အင်တာနက် ပေါ်က ခွေးလေ့ကျင့်ရေး လိုက်ဖ်လွှင့်တဲ့ သူတွေနဲ့ ဆက်သွယ်လိုက်ပါ... သူတို့နဲ့ ချိတ်ဆက်ပြီး ခွေးရဲ့ ဗီဒီယို ကို ရိုက်ပြလိုက်"
"တကယ် ကြမ်းတယ် ဆိုရင် သူ အလုပ်ရသွားမှာပါ"
"ကျွန်တော့် ဆီမှာ ခွေး လေ့ကျင့်လို့ မရဘူး... ခွေးလည်း လက်မခံဘူး"
ရွှီယန်က လက်ခါပြလိုက်သည်။
ဤကိစ္စက အတော်လေး အဓိပ္ပာယ်မဲ့လွန်းလှပေသည်။ သူ့ကို လာပြီး ခွေးလေ့ကျင့်ခိုင်းသူ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ရွှီယန်က စူးစမ်းချင်စိတ်ဖြင့် ပစ်ကပ်ကား ပေါ်ရှိ သံလှောင်အိမ်ကို လှမ်းကြည့်လိုက်သည်။
လက်မခံဘူး ဆိုသော်လည်း ကြည့်လိုက်ရုံဖြင့် ဘာမှ မဖြစ်နိုင်ချေ။
"ရပါတယ်... ကျွန်တော်က လာမေးကြည့်တာပါ... အားလုံးက ခင်ဗျား ခွေးလေ့ကျင့်တာ တော်တယ် ဆိုလို့ လေ့ကျင့်ပေးနိုင်မလား လို့ တွေးမိလို့ပါ"
လူငယ်က ပြန်ဖြေလိုက်သည်။
"ကျွန်တော် အရင် ကြည့်ကြည့်မယ်... ဘယ်လောက်တောင် ကြမ်းလဲ ဆိုတာကို"
"ဒါပေမဲ့ ဒီခွေး က တကယ်ကို တော်တော် ကြီးတာပဲ"
ရွှီယန်က စူးစမ်းချင်စိတ်ဖြင့် ပစ်ကပ်ကား၏ နောက်ခန်း ပေါ်သို့ တက်သွားလိုက်သည်။
ဤအချိန်တွင် လယ်ယာခြံဝင်းမှ မွေးမြူထားသော ခွေးများနှင့် ဝံပုလွေပေါက်လေး ပါ အကုန်လုံး ထွက်လာကြပြီး အောက်ဘက်မှနေ၍ စူးစမ်းချင်စိတ်ဖြင့် ခေါင်းမော့ကာ ကြည့်ရှုနေကြလေသည်။
အလာစကာ ကဲ့သို့သော အကောင်ကြီး က ဘယ်လိုများ ဤမျှ ကြီးမားသော သံလှောင်အိမ်ကြီး ထဲတွင် ပိတ်လှောင် ခံထားရသနည်း ဟု တွေးတောနေကြပုံ ရလေသည်။
ရွှီယန်က သံလှောင်အိမ် ဘေးတွင် ရပ်လျက် အနီးကပ် ကြည့်ရှုနေလိုက်သည်။ သူ လည်း လျှောက်မလုပ်ရဲချေ။
ဤကဲ့သို့သော ခွေးမျိုး က သွားစ၍ မရနိုင်ပေ။
ဤသို့ ရိုးရိုးရှင်းရှင်း နှစ်ချက်ခန့် ကြည့်လိုက်ရုံဖြင့် ဤခွေးက မဆိုးလှဘဲ ပြောသလောက်ကြီးလည်း မကြမ်းဘူးဟု ခံစားရလေသည်။
သို့သော် ထိုစဉ်မှာပင် အလာစကာ က ၎င်းကို အထင်သေးခံလိုက်ရသည်ဟု ခံစားမိသွားပုံရပြီး ချက်ချင်းပင် ခေါင်းကိုမော့ကာ အစွယ်များကို ထုတ်ပြလျက် ရွှီယန်ကို အသံကျယ်ကြီးဖြင့် နှစ်ချက် ဟောင်လိုက်တော့သည်။
ဤခွေးဟောင်သံ နှစ်ချက် က အလွန် ကျယ်လောင်လှပြီး ခြိမ်းခြောက်မှုနှင့် တိုက်ခိုက်လိုမှု များ ပြည့်နှက်နေလေသည်။
ခွေးပိုင်ရှင် က စကားပြောရန် အချိန်မရလိုက်ခင်မှာပင် နောက်တစ်စက္ကန့် တွင် ရွှီယန် မွေးထားသော ခွေးများနှင့် ဝံပုလွေတို့ က ကားနောက်ခန်း ပေါ်သို့ အကုန်လုံး ခုန်တက်သွားကြသည်ကို မြင်တွေ့လိုက်ရသည်။
ရှောင်ဟေး... ယွမ်ပေါင်... ကျည်ဆန် နှင့် ဝံပုလွေပေါက်လေး တို့ပင် ဖြစ်သည်။
ခွေးသုံးကောင်နှင့် ဝံပုလွေ တစ်ကောင်တို့က လှောင်အိမ် ဘေးသို့ ချက်ချင်း ပြေးသွားကြပြီး အလားတူပင် အစွယ်များကို ထုတ်ပြကာ အလာစကာ ကို ကြမ်းကြုတ်စွာ စိုက်ကြည့်နေကြတော့သည်။
တစ်ချိန်တည်းမှာပင် ၎င်းတို့က သတိပေးဟိန်းဟောက်သံ များကိုပါ အဆက်မပြတ် ပြုလုပ်နေကြလေသည်။
တောခွေး... မာလီနွိုက်ခွေး... တောခွေးကြီး နှင့် ဝံပုလွေ... ဤကောင်များ အားလုံးက ရန်စရန် လွယ်ကူသော ကောင်များ မဟုတ်ကြချေ။
၎င်းတို့က တိုက်ခိုက်မည့် အနေအထား ကို ပြင်ဆင်လိုက်သောအခါ အလာစကာ မှာ ချက်ချင်းပင် ကြောက်ရွံ့သွားတော့သည်။
၎င်း၏ မျက်နှာပေါ်တွင် ကြောက်လန့်နေသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး ထပ်မံ၍ မဟောင်ရဲတော့ချေ။
'မင်း ထပ်ဟောင်ကြည့်စမ်း... ဘာတွေ ဖြစ်ကုန်မလဲ လို့ ငါ ကြည့်ချင်သေးတယ်'
ရှောင်ဟေး က တွေးနေပုံ ရလေသည်။
'မင်း ဘယ်သူ့ နယ်မြေ ရောက်နေလဲ ဆိုတာကို မကြည့်ဘူးလား'
ဝံပုလွေပေါက်လေး က တွေးနေပုံ ရလေသည်။
အလာစကာ မှာ ဤကဲ့သို့သော အခြေအနေမျိုး ကို တစ်ခါမှ မမြင်တွေ့ဖူးခဲ့ရာ အသံ တစ်သံမျှပင် မထွက်ရဲတော့ချေ။
အမြဲတမ်း အနိုင်ကျင့် ဗိုလ်ကျရသည်ကို အသားကျနေခဲ့ရာ ယခုတစ်ကြိမ် တွင်တော့ သံပြားကြီးကို သွားကန်မိသွားပြီ ဖြစ်လေသည်။
ရွှီယန် ကိုယ်တိုင် ဝင်ပါရန်ပင် မလိုအပ်ဘဲ ဤခွေး အနည်းငယ် နှင့်တင် ၎င်း အနေဖြင့် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
ရွှီယန် ကတော့ အလွန် တည်ငြိမ်နေလေသည်။
မည်သို့ပင်ဖြစ်စေ လှောင်အိမ် ခြားထားသဖြင့် သူ က ကြည့်ရုံသာ ကြည့်နေပြီး လက်ဆန့်ထုတ်ရန် မဖြစ်နိုင်ချေ။
"တကယ် ကြမ်းတာပဲ"
ရွှီယန်က မှတ်ချက်ပေးလိုက်သည်။
"ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို ခင်ဗျား ဘာသာ စဉ်းစားကြည့်ပါ... အကယ်၍ သေချာ လေ့ကျင့်ချင်တယ် ဆိုရင်တော့ ကြမ်းတဲ့ နည်းလမ်း ကို သုံးမှ ရမယ်"
"ခွေးဆိုး တွေက အဲဒီလို လုပ်မှ ရတာ... မဟုတ်ရင် ပြင်လို့ မရဘူး"
"ကျွန်တော့် ဆီမှာ ခွေးဆိုး တွေ လက်မခံဘူး... ခင်ဗျား ဖန်ဟုန် ကို ရှာကြည့်လိုက်... ပြီးရင် ညဘက် ကျရင် သူနဲ့ ချိတ်ဆက်လိုက်"
ရွှီယန်က ခွေးများကို ကားပေါ်မှ ဆင်းရန် ခေါ်ဆောင်လိုက်ပြီး ဝံပုလွေပေါက်လေး က အလာစကာ ကို စက္ကန့် အနည်းငယ်မျှ ကြမ်းကြုတ်စွာ စိုက်ကြည့်ပြီးမှ ကားပေါ်မှ ဆင်းလာခဲ့လေသည်။
ဤအချိန်တွင် အလာစကာ ၏ ရင်ထဲတွင် ပြိုလဲနေပြီ ဖြစ်လေသည်။
'ထိန်းမယ့် သူ မရှိကြဘူးလား... ငါက ခွေးဆိုး နဲ့ တူလို့လား... ဒီကောင်တွေ ထဲက ဘယ်ကောင် က ငါ့ထက် ပိုမဆိုးလို့လဲ'
အလာစကာ က တွေးနေပုံ ရလေသည်။
ခွေးပိုင်ရှင်က ရွှီယန်၏ စကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။
"ဖန်ဟုန် ဟုတ်လား... ကျွန်တော် တကယ်ကို မသိတာ... ညကျရင် သွားကြည့်လိုက်မယ်"
"ဒီကောင် က အခု အရမ်း ကြမ်းနေတယ်... အနားကို ပေးမကပ်ဘူး... ဒါပေမဲ့ တစ်နှစ်လောက် မွေးထားတာ ဆိုတော့ သူ့ကို သတ်ပစ်ဖို့ လည်း လက်မရက်ဘူး... အပြင်မှာ သွားပစ်ထားလို့ လည်း မရဘူးလေ"
"ဖြေရှင်းရတာ တော်တော် ခက်ခဲတယ်"
"ခင်ဗျား ပြောတဲ့ လူ က လေ့ကျင့်ပေးနိုင်မလား ဆိုတာ ကျွန်တော် ကြည့်ကြည့်လိုက်ပါ့မယ်"
ခွေးပိုင်ရှင် က အလာစကာ ကို တင်ကာ ထွက်ခွာသွားလေသည်။
ရွှီယန် ကတော့ သူ့အတွက် လမ်းမှန် တစ်ခုကို ညွှန်ပြပေးလိုက်ခြင်း ပင်ဖြစ်သည်။
ရွှီယန် လည်း မမျှော်လင့်ထားခဲ့ချေ။
ထိုနေ့ ညတွင်ပင် ဤအလာစကာ က ဖန်ဟုန် နှင့် တကယ်ပင် ချိတ်ဆက် မိသွားခဲ့လေသည်။
ရလဒ် အနေဖြင့် အလုပ် ဝင်ခွင့် ရရှိသွားခဲ့လေသည်။
"ပို့လိုက်"
ဟူသော စကား တစ်ခွန်းဖြင့် ဤကြမ်းကြုတ်သော အလာစကာ မှာ ရာထူးသစ် ဆီသို့ ထွက်ခွာ သွားရတော့သည်။
ရွှီယန်၏ လယ်ယာခြံဝင်း လေထု က အလွန် ကောင်းမွန်ပြီး ခွေးများ အားလုံး က ဖော်ရွေကြကာ ဘယ်သောအခါမှ အရင် စတင် တိုက်ခိုက်လေ့ မရှိကြချေ။
ရွှီယန် ကလည်း အကြမ်းဖက် လေ့ကျင့်ပေးသည့် ပုံစံမျိုး မဟုတ်ပေ။
ထို့ကြောင့် ခွေးဆိုး များကို ကိုင်တွယ် ဖြေရှင်းရန် မှာ လူဆိုးများ လာမှသာ ရမည် ဖြစ်လေသည်။
ယခုအခါ လယ်ယာခြံဝင်း က ပို၍ စည်ကား သိုက်မြိုက် နေလေပြီ။
ကျည်ဆန် ရောက်ရှိလာပြီးနောက် ကြောင်စင်းကျားလေး ဆန်းပြောင် ကလည်း နံရံပေါ်တွင် ထပ်မံ ပေါ်ထွက်လာပြီး တိတ်တဆိတ် စောင့်ကြည့် အကဲခတ် နေလေသည်။
အသစ်ရောက်လာသော ကောင်၏ စွမ်းရည် က မည်မျှ ရှိသည်ကို ခန့်မှန်း အကဲဖြတ် နေပုံ ရလေသည်။
ရွှီယန် က ၎င်းကို မြင်သောအခါ ကြောင်အစာ အနည်းငယ် ကျွေးလိုက်သည်။
ဤကောင်လေး က ထပ်မံ ထွက်ပြေးသွားပြီး ဘယ်နေရာသို့ ရောက်သွားမှန်း မသိတော့ချေ။
ဒုတိယနေ့ သို့ ရောက်သောအခါ ရှောင်ဟွာ နှင့် နာနာ သားအဖ နှစ်ကောင် က ရွှီယန်၏ လယ်ယာခြံဝင်း သို့ လည်ပတ်ရန် ရောက်လာကြလေသည်။
ကျားသစ် များကို မတွေ့ရသည်မှာ ကြာပြီ ဖြစ်ရာ ပြန်လည် မြင်တွေ့ရသောအခါ အတော်လေး စိတ်လှုပ်ရှား နေဆဲပင် ဖြစ်လေသည်။
ရှောင်ဟွာ က ရွှီယန်၏ ရင်ထဲမှ အသည်းကျော်လေး ဖြစ်ပြီး ၎င်းကို အလွန် ရှားပါး မြတ်နိုးလေသည်။
၎င်းတို့ နှစ်ကောင် က လယ်ယာခြံဝင်း ကို အလွန် ရင်းနှီးကျွမ်းဝင် နေလေပြီ။
ပုံမှန်အားဖြင့် ၎င်းတို့ နှစ်ကောင် ပေါ်လာပါက အခြား တိရစ္ဆာန်များ အားလုံး အနား မလာရဲကြတော့ချေ။
ရှောင်ဟေး တစ်ကောင်တည်းသာ သတ္တိကောင်းပြီး အနားသို့ လာရဲလေသည်။
ကျားသစ်များ က တောခွေး များကို အဓိကထား စားသောက်တတ်ကြောင်း ကြိုတင် သိရှိထားရမည် ဖြစ်သည်။
ရှောင်ဟေး ကတော့ တကယ် ကြမ်းလှပေသည်။
တစ်ခါတစ်ရံ ရှောင်ဟွာ နှင့် နှုတ်ဆက်သောအခါ ရှောင်ဟွာ က ရှောင်ဟေး ကို လျက်ပေးတတ်သေးသည်။
'ညီအစ်ကို... မင်း က တော်တော်လေး မွှေးတာပဲ'
၎င်း က တွေးနေပုံ ရလေသည်။
ရှောင်ဟွာ နှင့် နာနာ တို့ နှစ်ကောင်စလုံး က အလွန် ဖော်ရွေကြောင်း ရွှီယန် သိရှိထားသော်လည်း နာနာ ကတော့ မည်သို့ပင်ဖြစ်စေ အမဲလိုက်တတ်ပြီး သတ်ဖြတ်တတ်သဖြင့် ရှောင်ဟေး အနား ရောက်လာသည်ကို မြင်သောအခါ ရွှီယန် က ၎င်းကို အဝေးသို့ သွားရောက် ဆော့ကစားစေလေသည်။
ဤကျားသစ် နှစ်ကောင် ကိုတော့ သူ ကိုယ်တိုင် လိုက်ကြည့်နေရမည်သာ ဖြစ်လေသည်။
လယ်ယာခြံဝင်း က နေရာ ကျယ်ဝန်းလှရာ ရွှီယန် က အသား နှင့် နို့ အချို့ ကို ဆွဲယူကာ ထွက်လာခဲ့လေသည်။
ထို့နောက် ကျားသစ် ကို ပွတ်သပ်ရင်း တစ်ဖက်မှ အစာကျွေး နေလိုက်သည်။
ဤခံစားချက် က တကယ်ကို အလွန် သက်သောင့်သက်သာ ရှိလှပေသည်။
"ရှောင်ဟွာ... ငါ က အမြဲတမ်း မရှိတတ်ဘူး... မင်း လည်း တစ်ခါတလေ အလုပ် နည်းနည်းပါးပါး လုပ်ဦးလေ... နာနာ ကိုချည်းပဲ သားကောင် သွားဖမ်းခိုင်း မနေနဲ့"
"ဒီလောက်တောင် ဝဖြိုးနေပြီ... မင်းကို မွေးထားရတာ တော်တော် ခက်ခဲတာပဲ"
ရွှီယန် က ရှောင်ဟွာ ၏ တင်ပါး ကို ပုတ်လိုက်ပြီး ပြုံးကာ စကား အနည်းငယ် ပြောလိုက်သည်။
ရှောင်ဟွာ က မျက်တောင်များ ပုတ်ခတ် ပုတ်ခတ် လုပ်နေပြီး အူကြောင်ကြောင် ပုံစံလေး အတိုင်း သာ ရှိနေဆဲပင် ဖြစ်လေသည်။
'အမဲလိုက်ရမယ်... မဖြစ်နိုင်ပါဘူး... အလကား စားသောက်ရတာ လောက် ဘယ်အရာက သက်သောင့်သက်သာ ရှိမှာလဲ'
၎င်းက တွေးနေပုံ ရလေသည်။ အဓိက အချက် မှာ ၎င်း က အလကား စားသောက်ခွင့် ရနေခြင်း ပင်ဖြစ်သည်။
နာနာ လည်း ကျေနပ် နေလေသည်။
မည်သို့ပင်ဖြစ်စေ ယခုအခါ သစ်တော ထဲတွင် တိရစ္ဆာန်များ အလွန် များပြား နေပြီး ယုန် ကြွက် နှင့် ရှဉ့် တို့ အားလုံး က တက်ကြွ လှုပ်ရှား နေကြရာ ၎င်းတို့ အနေဖြင့် တကယ်ကို အစားအစာ မရှားပါးကြချေ။
လယ်ယာခြံဝင်း ၏ ဘဝ က အရင်အတိုင်း ပင် တိတ်ဆိတ် ငြိမ်သက်ပြီး အေးချမ်း နေလေသည်။
သို့သော် ရက်အနည်းငယ်ခန့် အနားယူပြီးနောက် အနည်းငယ် ပျင်းရိလာသည် ဟု ခံစားရလေသည်။
ယခင်က လယ်ယာခြံဝင်း တွင် အလုပ်များပြားပြီး နေ့စဉ် နည်းနည်းစီ လိုက်လုပ်ရသဖြင့် အချိန် ကုန်မြန်ခဲ့လေသည်။
ယခုအခါ အရာအားလုံး ကို စနစ်တကျ စီစဉ်ထားပြီး ဖြစ်ရာ ထိုမျှလောက် စိတ်ဝင်စားစရာ မကောင်းတော့ချေ။
ထို့ကြောင့် လူဆိုသည်မှာ အလုပ် တစ်ခုခု ရှိနေရန် သို့မဟုတ် ဝါသနာ တစ်ခု ရှိနေရန် လိုအပ်ပေသည်။
ရွှီယန် က အာရှ နှင့် သြစတြေးလျ တိုက် ဘက်သို့ အပြင်ထွက် လည်ပတ်ရန် စဉ်းစား တွေးတော နေလိုက်သည်။
ဤတစ်ကြိမ် တွင်တော့ သတိထားရမည် ဖြစ်ပြီး ဘေးကင်းလုံခြုံသော နေရာသို့ သွားရောက်မှသာ ရမည် ဖြစ်လေသည်။
နွေရာသီ အလယ်ပိုင်း သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရာသီဥတု က အလွန် ကောင်းမွန် နေလေသည်။
အီကွေတာ နှင့် နီးသော နေရာများ က မြောက်ပိုင်း ဒေသများ ထက် အပူချိန် ပို၍ နိမ့်ကျနေတတ်လေသည်။
သွားရောက် လည်ပတ်ရန် အထူး သင့်တော်သော နေရာကောင်း ပင် ဖြစ်လေသည်။
တိုက်တိုက်ဆိုင်ဆိုင် ပင် ရွှီယန် က ရတနာရှာဖွေရေး မြေပုံ ကို ကြည့်ရှုလိုက်ရာ ထိုဘက်ရှိ ရတနာရှာဖွေရေး အဆင့် က ကောင်းမွန် သည် ဟု ရှိနေလေသည်။
ထို့ကြောင့် သူ က မိမိ၏ ရတနာရှာဖွေရေး နှင့် စွန့်စား သွားလာရေး ခရီးစဉ် ကို ဆက်လက် စတင်ရန် တွက်ချက် ပြင်ဆင် နေလိုက်တော့သည်။