လျှို့ဝှက်နယ်မြေ
Vol. 24 Ch. 333
အခန်း (၃၃၃) : လျှို့ဝှက်နယ်မြေ
တောင်ဘက်ကုန်းမြေ၊ မူလဆေးလုံးတာအိုဂိုဏ်း
ဝမ်ဝေ့က သူ့ဂူမှ ပျံသန်းလာကာ ဆရာ့ဆီ ဦးတည်လိုက်သည်။ သူက လူအိုကြီးယဲ့လောင်က တင်ပျဉ်ခွေလျက် သူ့အား စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။
“ ဆရာ ကျွန်တော်ကို ခေါ်တယ်ဆိုလို့ပါ”
“ မင်းလည်း မြောက်ပိုင်းကုန်းမြေမှာ လွန်ခဲ့တဲ့သုံးလက ရှာတွေ့ထားတဲ့ လျှို့ဝှက်နယ်မြေအကြောင်း ကြားတယ်မလား။”
“ ကျွန်တော် ဂိုဏ်းသားတွေဆီကတော့ သတင်းကြားထားပါတယ်။ ဒါပေမဲ့ ကျွန်တော် သေချာတော့ မသိဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ ဟုတ်တယ်။ ဂိုဏ်းတချို့က လေဟာနယ်အဆင့်နှင့်အောက် တပည့်တွေပဲ ဝင်နိုင်တယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒါကြောင့် မင်း ဝင်ဖို့ စိတ်ဝင်စားလား ”
ဝမ်ဝေ့က ထိုကိစ္စကို ခဏစဉ်းစားချင်ယောင်ဆောင်လိုက်သည်။
သူ့တပည့်အား ပါဝင်လိုသည့် ယဲ့လောင်က ပြောလိုက်သည် “ အစတုန်းက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်နဲ့အောက် ကျင့်ကြံသူတွေကို ဝင်ခွင့်ပြုဖို့ ပြောကြပေမဲ့ တာအိုအခွင့်အလမ်းဂိုဏ်းက လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူတွေအထိ ဝင်ခွင့်ပေးဖို့ အတင်းပြောနေတာ။ သူတို့ရဲ့ အကြောင်းအရင်းကိုတော့ နားမလည်ဘူး။ ဒါပေမဲ့ မင်းရဲ့ ဆရာတူ အစ်ကို၊ အစ်မတွေလည်း ပါမယ်ဆိုတော့ ငါတို့အတွက်တော့ သတင်းဆိုး မဟုတ်ဘူး”
“ ဆရာ တခြားအစ်ကိုတွေ အစ်မတွေရော သွားမှာလား”
“ မင်းရဲ့ အစ်ကို (၁)နဲ့ အစ်မ (၃)လည်း လိုက်လိမ့်မယ်။ တကယ်လို့ မင်း အကူအညီလိုရင် သူတို့တွေ ကူညီနိုင်တာပေါ့”
“ အစ်ကို (၂)ကရော”
“ သူက သီးသန့်လေ့ကျင့်နေတာဆိုတော့ ပါဝင်မှာ မဟုတ်ဘူး။ ဒါနဲ့ မင်းဆုံးဖြတ်ချက်ကရော”
“ ဒီလျှို့ဝှက်နယ်မြေက ကျွန်တော်အတွက် အခွင့်အရေးကောင်းဖြစ်မယ်လို့ ခံစားချက်ရနေတယ်” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။
“ မင်းက မင်းရဲ့ အစ်မ(၃)နဲ့ အချိန်အတူတူ ကုန်ဆုံးရမှာမလို့ ပျော်နေတာနေမှာပါ”
“ ဆရာ ကျွန်တော်ကို မစပါနဲ့ဗျာ”
“ ကောင်းပြီ။ မင်းတို့ရဲ့ လူငယ်ကိစ္စကို ငါ ဝင်မပါတော့ဘူး” ယဲ့လောင်က ပြောလိုက်သည်။
“ နောက်ထပ် တခြားမေးစရာတွေရော ရှိသေးလား”
“ ဟုတ် ဆရာ။ ကျွန်တော် ဒီလျှို့ဝှက်နယ်မြေနဲ့ ပတ်သက်ပြီး သိထားဖို့ တခြား ဘာအချက်အလက်များ ရှိထားသေးလဲ ခင်ဗျ”
“ သိထားရသလောက် ဒီထဲမှာ အရင်းအမြစ်တွေအများကြီး ပါတယ်ဆိုတာအပြင် ငါတို့ ဘာမှ သိပ်မသိရသေးဘူး။ ဒီလျှို့ဝှက်နယ်မြေရဲ့ ဗဟိုချက်ကို အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေတောင် အလွယ်တကူ ဖြတ်သန်းလို့မရအောင် အစီအရင် အထပ်ထပ်နဲ့ ကာကွယ်ထားတာ။”
“ ဆရာ အဲဒါဆို အစစ်အမှန် အုပ်ချုပ်သူတွေကရော ဒီလျှို့ဝှက်နယ်မြေကို ဝင်မှာလား”
“ ဟုတ်တယ်”
“ စောစောလေးကပြောတော့ လေဟာနယ်ဖြိုခွင်းခြင်းအဆင့်နဲ့အောက်ပဲ ဝင်နိုင်တာဆို”
“ အဲဒါက အပြင်ဘက်ပိုင်းကိုပဲ ပြောတာ” ယဲ့လောင်က ပြန်ဖြေလိုက်သည်။
“ အစစ်အမှန် အုပ်ချုပ်သူတွေက ဗဟိုချက်နေရာမှာ နေပြီးတော့ တပည့်တွေ အချင်းချင်းကြားက တိုက်ပွဲကို ကာကွယ်ပေးကြလိမ့်မယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည့်အချိန် ယဲ့လောင်က သူ့အား သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ပေးလာသည်။
“ ဒီထဲမှာ ကောင်းကင်အဆင့် အသုံးအဆောင်ပစ္စည်း တစ်ခုပါတယ်။ အဲဒါက မင်းကို လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူတွေလက်ထဲကနေ ကာကွယ်ပေးနိုင်မှာပါ။ ပြီးတော့ တကယ်လို့ အန္တရာယ် ကျရောက်လာတဲ့အခါ မင်း အသက်ကို ကယ်တင်ဖို့ လွတ်မြောက်ရေး အဆောင်တချို့လည်း ပါတယ်”
ဝမ်ဝေ့က အံ့ဖွယ်အသိစိတ်ဖြင့် သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ အဆောင်များစွာ ရှိနေပြီး ဒိုင်းတစ်ခုကိုပါ မြင်လိုက်ရသည်။ ထောင့်တစ်နေရာတွင် ကုသရေးဆေးလုံးများ ပါဝင်သည့် ဆေးလုံးအပုံလိုက်လေး တစ်ခု ရှိနေသေးသည်။
“ ဆရာကို ကျေးဇူးတင်ပါတယ်”
ရက်အနည်းငယ်ကြာမြင့်ပြီးနောက် ဝမ်ဝေ့က လူအုပ်စုရှိရာ ဂိုဏ်း၏ အဝင်ဝဆီ ပျံသန်းသွားလိုက်သည်။ အဖွဲ့၏ ထိပ်ဆုံးတွင် လူနှစ်ယောက် ရှိနေသည်။ ထိုလူများက လော့ချန်၏ အစ်ကို(၁) ဝမ်လော့နှင့် အစ်မ(၃) လန်လင်းတို့ဖြစ်ကြသည်။
သူတို့နှင့် တွေ့ဆုံပြီးနောက် ဝမ်ဝေ့က ပြုံးကာ နှုတ်ဆက်လိုက်၏ “ အစ်မ(၃) … အစ်ကို(၁)”
သို့သော်လည်း သူ့လေသံက ပထမပိုင်းတွေ နွေးထွေးကာ အားတက်သရောဖြစ်သော်လည်း နောက်ပိုင်း သူ့အစ်ကိုကို နှုတ်ဆက်သည့်အခါ အေးစက်စက် ဖြစ်သွားလေသည်။
လော့ချန်နှင့် သူ့အစ်ကို၏ ဆက်ဆံရေးက အကောင်းကြီး မဟုတ်ပေ။ အကြောင်းမှာ အစ်မ(၃)အတွက် အချစ်ပြိုင်ဘက် ဖြစ်နေ၍ ဖြစ်သည်။ ဝမ်ဝေ့က စိတ်ထဲမှ ညည်းတွားနေသော်လည်း သူက ထိုအပိုင်းကို သရုပ်ဆောင်လိုက်ရလေသည်။
လန်လင်းက ပြုံးကာ လော့ချန်နှင့် စကားပြောစဉ် ဝမ်လော့က ခေါင်းအသာညိတ်ပြီး လျစ်လျူရှုထားလေသည်။ ထိုစဉ် ဝမ်ဝေ့က ထိုလျှို့ဝှက်နယ်မြေထဲဝင်ပြီး တခြားလူများအား စစ်ဆေးကြည့်လိုက်သည်။
သူက လူအများစုသည် ဖူချိုက်ယွင်၏ အင်အားစုများဖြစ်ကြောင်း သတိပြုမိလိုက်၏။ သူ့ဆရာ၏ တိုက်ရိုက်တပည့်များအနက် သူတို့သုံးဦးတည်းသာ လာရောက်ပြီး ကျန်လေးယောက်က ဂိုဏ်းတွင် နေခဲ့ကြသည်။
သူ့ ညီမ(၆)နှင့် ညီလေး (၇)တို့က ကျင့်ကြံဆင့် နိမ့်နေသည့်အတွက် သူတို့မလာရောက်သည့် အကြောင်းအရင်းကို နားလည်လေသည်။ သူ့အစ်ကို(၂)က သီးသန့်လေ့ကျင့်နေသည်။ သို့သော်လည်း သူ့အစ်ကို(၄) ရောက်မလာသည့် အကြောင်းအရင်းကိုတော့ မသိရပေ။
“ ကျွန်တော်တို့က ဘာကိုစောင့်နေတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ ဖူချိုက်ယွင်ရဲ့ တတိယတပည့်က ငါတို့နဲ့ အတူတူလိုက်လာလိမ့်မယ်” လန်လင်းက ပြန်ဖြေလိုက်သည်။ ထိုမေးခွန်းကို မေးပြီးနောက် သိပ်မကြာခင် အဖွဲ့နှင့် မနီးမဝေးမှ လေဟာနယ်ကို ဖြိုခွင်းကာ တိမ်တိုက်ပုံသဏ္ဌာန်ပါဝင်ပြီး အနက်ရောင် ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦး ထွက်ပေါ်လာသည်။
သူ့အသွင်အပြင်က အတော်လေးကို သတိပြုမိစရာကောင်းလှသည်။ အကြောင်းမှာ သူ့မျက်ဝန်းအောက်တွင် နှစ်တစ်သောင်းလောက် မအိပ်ဘဲ ဖြတ်သန်းလာရသည့်အလား မျက်ကွင်းညိုများ ရှိနေလေသည်။ သူ့ခန္ဓာကိုယ်ပတ်ဝန်းကျင်ရှိ မှုန်မှိုင်းမှိုင်း အငွေ့အသက်များက လူများအား သူ့အား မချဉ်းကပ်စေရန် ကာကွယ်ထားလေ၏။
“ ကျီယွီလို့ … မင်းနောက်ကျတယ်” ဝမ်လော့က အေးစက်စက်ဖြင့် ပြောလိုက်သည်။ ကံဆိုးစွာဖြင့် ထိုတစ်ယောက်က သူ့အား လျစ်လျူရှုထားလေသည်။ သူ့ သိုလှောင်လက်စွပ်အတွင်းမှ လေသင်္ဘောငယ်ကို ထုတ်လိုက်ပြီးနောက် လူထောင်ချီကို သယ်ဆောင်နိုင်လောက်သည်အထိ ကြီးမားလာလေသည်။
ကျီယွိလို့က သင်္ဘောပေါ်ရှိ အခန်းတစ်ခန်းအတွင်းသို့ ပျံသန်းသွားလိုက်သည်။ ထိုစဉ် ဝမ်လော့က ဒေါသထွက်သွားပြီး နောက်မှလိုက်သွားလေသည်။
ထိုစဉ် ဝမ်ဝေ့က ကျီယွိလို့အား တိတ်တဆိတ်လေ့လာနေသည်။
တကယ်လို့ ငါမှတ်မိသလောက်သာ မှန်မယ်ဆိုရင် ဒီလူက ဖူချိုက်ယွင်ရဲ့ တပည့်ဖြစ်လာဖို့ တန်ကြေး မြင့်မြင့်ပေးထားတဲ့ ကျီမိသားစုကပဲ။ ဒီလျှို့ဝှက်နယ်မြေအတွင်း သူ့တည်ရှိမှုက သူ့ဆရာက သူနဲ့ ပူးပေါင်းပြီးတော့ လျူမိန်ရှုကို ရင်ဆိုင်တယ်ဆိုတာကို ပြသနေတာပဲ
ဆွေကြီးမျိုးကြီး မိသားစုအများစုက သူတို့၏ အငယ်လေးများအား တခြားသော အားကောင်းသည့် ဂိုဏ်းများသို့ ပို့လွှတ်ကာ မဟာမိတ်အဖြစ် စေလွှတ်ခြင်း၊ ဂိုဏ်း၏ အရင်းအမြစ်များကို အသုံးပြုကာ သူတို့အား မြှင့်တင်ပေးခြင်း သို့မဟုတ် သူတို့ မျိုးနွယ်၏ ဆန့်ကျင်ဘက်အင်အားစုများအား ယှဉ်နိုင်ဖို့အတွက် ခိုလှုံသူအဖြစ် နေခြင်းတို့ ပြုလုပ်ကြသည်။ တာအိုအခွင့်အလမ်းဂိုဏ်းတွင်လည်း အများစု ရှိ၏။
ထိုဂိုဏ်းများက ထိုလူများကို လက်ခံသည်မှာ သူတို့က အဓိကအင်အားထဲ ပါဝင်လာမည်မဟုတ်သောကြောင့် ဖြစ်သည်။ ထို့အပြင် သူတို့ကို သူလျှိုအဖြစ် ပြောင်းလဲနိုင်လျှင် သူတို့က ပြီးပြည့်စုံသည့် နှစ်ဖက်ချွန် ဖြစ်လာလိမ့်မည်။
…………………..
ဝမ်ဝေ့က လျူမိန်ရှုကို စဉ်းစားမိသည့်အခါ သတ်ဖြတ်ငွေ့တို့ ထွက်ပေါ်လာသည်။ ချီကံကောင်းမှု စစ်ဆေးပွဲအတွင်း သူက သူမက စည်းမျဉ်းချိုးဖောက်ပြီး သူမ၏ ချီကံကောင်းမှုကို တိုးမြှင့်ဖို့အတွက် တစ်ကမ္ဘာလုံးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့သည့်အတွက် သူလည်း အများအပြားဆုံးရှုံးခဲ့ရသည်။
သူ့ တိုင်းသူပြည်သား သန်းချီက သူမ ဖန်တီးသည့် သားရဲဒီရေလှိုင်းကြောင့် သေဆုံးသွားရသည်။ အကယ်၍ ထိုစစ်ဆေးမှုကို အလယ်အလတ်ကမ္ဘာမှာသာ ပြုလုပ်ခဲ့မည်ဆိုလျှင် သူက အုပ်ချုပ်သူတစ်ပါးအနေနှင့် ကံကြမ္မာဝဋ်ကြွေး တန်ပြန်သက်ရောက်မှုကို ခံစားရမည် ဖြစ်သည်။
ထို့ကြောင့် ဝမ်ဝေ့က ထိုအကြွေးကို သေချာမှတ်ထားတာ သွေးဖြင့် ပြန်လည်ပေးဆပ်ခိုင်းမည်။
ငါက လျူမိန်ရှုကို သေစေချင်ပေမဲ့ သူမက တခြားသူတွေထက် အားသာတဲ့ အရေးသာချက်တွေ ရှိနေတယ်ဆိုတော့ လျှို့ဝှက်နယ်မြေရဲ့ ဗဟိုချက်ကို ရောက်ရှိဖို့ သူမကို လိုသေးတယ်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ငါ ဖူချိုက်ယွင်နဲ့ ကျီမိသားစုရဲ့ လူတွေကို တားဆီးရမယ်။
သုံးရက်ကြာပြီးသည့်နောက်တွင် အဖွဲ့တွင် မြောက်ပိုင်း လိပ်နက်ကုန်းမြေသို့ ရောက်ရှိသွားကြသည်။ ပထမဦးဆုံး ဝမ်ဝေ့၏ စိတ်ထဲ ပေါ်လာသည့်အရာကား ဝိညာဉ်စွမ်းအား နည်းပါးမှုဖြစ်၏။
နောက်ဆုံးတွင် သူက နတ်ဆိုးမျိုးနွယ်သည် တစ်မျိုးဆက်ပြီး တစ်မျိုးဆက် လူသားများအပေါ် ပိုမုန်းတီးနေသည့် အကြောင်းအရင်းကို နားလည်သွားလေသည်။ ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် နေထိုင်ခြင်းက ကျင့်ကြံရေးကို ပုံမှန်ထက် ဆယ်ဆမက ပို၍ ခက်ခဲစေသည်။ သို့သော်လည်း လူသားမျိုးနွယ်ဘက်မှ ကြည့်မည်ဆိုလျှင် ထိုမျိုးနွယ်စုကို သုတ်သင်ပစ်ခြင်းအပြင် ဤသည်က အကောင်းဆုံးရွေးချယ်မှု ဖြစ်၏။ နတ်ဆိုးမျိုးနွယ်၏ ကျင့်ကြံရေးက အခြားလူများနှင့် ကွဲပြားလေသည်။
သူတို့က သူတို့၏ သွေးမျိုးဆက်အပေါ်သာ မှီခိုကြလေသည်။ ထိုအရာက သွေးမျိုးဆက် နိမ့်ကျသည့် နတ်ဆိုးများ ရောက်ရှိနိုင်သည့်အမြင့်ကို ဆုံးဖြတ်ပေးနိုင်သော်လည်း အဆင့်မြင့် သွေးမျိုးဆက်များကမူ အထွတ်အထိပ်နယ်မြေရရှိဖို့ အရင်းအမြစ် လုံလုံလောက်လောက်သာ လိုအပ်ပေသည်။ သူတို့အတွက် အတားအဆီးများ မရှိပေ။
ထို့အပြင် နတ်ဆိုးမျိုးနွယ်သည် မဟာဧကရာဇ်ဖြစ်လာဖို့အတွက် သူတို့၏ ကိုယ်ပိုင်တာအိုအကြောင်း စဉ်းစားနေဖို့ မလိုအပ်ပေ။ ထိုအရာက ကူညီပေးနိုင်သော်လည်း အလှဆင်ရုံမျှသာ ဖြစ်ပြီး ဘာမှမပိုပေ။
သူတို့က ကောင်းကင်အလိုဆန္ဒကို ရယူနိုင်သရွေ့ သူတို့၏ သွေးမျိုးဆက်က ဆင့်ကဲ ပြောင်းလဲသွားလိမ့်မည်။ သူတို့က တာအိုနှလုံးသားအစ ရှိသည့်အရာများကို စိတ်ပူနေစရာ မလိုပေ။ ထိုအရာ၏ ဆိုးကျိုးက နတ်ဆိုးမျိုးနွယ်သည် ထာဝရဧကရာဇ်ကို မွေးဖွားပေးဖို့ အလွန်ခက်ခဲခြင်း ဖြစ်၏။
ထို့ကြောင့် သမိုင်းကြောင်းတစ်လျှောက်တွင် တစ်ယောက်မှ မပေါ်ထွက်ခဲ့ဖူးပေ။
ကျားအုပ်စိုးရေး နယ်မြေသို့ ရောက်ရှိပြီးသည့်နောက်တွင် အဖွဲ့က လူသားများနေထိုင်သည့် မြို့လေးဖြစ်သည့် မျှော်လင့်ချက်မြို့ဆီ ဦးတည်လိုက်ကြသည်။ ထိုအရာက ရှားပါးသော်လည်း မြောက်ဘက်တွင် နေထိုင်သည့် လူသားများ ရှိနေဆဲ ဖြစ်၏။
သူတို့အများစုက သူတို့၏ ရန်သူများလက်မှ ပုန်းအောင်းရှောင်ကွင်းရင်း နတ်ဆိုးမျိုးနွယ်၏ ပိုင်နက်ထဲတွင် နေကြသည့် လူမျိုးများ၏ မျိုးဆက်များသာ ဖြစ်ကြသည်။ ကျန်လူများကမူ မပြောင်းရွှေ့နိုင်သည့်လူများ သို့မဟုတ် ပြောင်းရွှေ့ဖို့ နည်းလမ်းမရှိသည့်သူများ ဖြစ်ကြသည်။
ထိုလူများအတွက် ကံကောင်းသည်က နတ်ဆိုးမျိုးနွယ်သည် လူသားများအပေါ် ကြောက်ရွံ့မှုကြောင့် သူတို့ကို သတ်ဖြတ်ခြင်း၊ အစားအစာအဖြစ် အသုံးပြုခြင်းမျိုး မခံရပေ။ အနည်းဆုံးတော့ အပေါ်ယံတွင် ဖြစ်၏။
မူလဆေးလုံး တာအိုဂိုဏ်းမှ လူများသည် ဦးတည်ရာသို့ ရောက်ရှိလာသည့်အခါ လေထဲတွင် မြောလွင့်နေသည့် သင်္ဘောပျံများကို မြင်လိုက်ရသည်။ ထိုအရာက လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ဖို့ သင့်တော်သည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။
ဝမ်ဝေ့က တစ်ချက်ထဲ ကြည့်ရုံဖြင့် ဤလျှို့ဝှက်နယ်မြေကို စိတ်ဝင်စားသူမှာ ဧကရာဇ်မျိုးနွယ် တချို့သာရှိကြောင်း သိလိုက်ရသည်။ ကျန်လူအများစုကမူ အထွတ်အထိပ်နယ်မြေနှင့် တော်ဝင်နယ်မြေမှ ဖြစ်ကြသည်။
ဝမ်ဝေ့က ခေတ္တစဉ်းစားပြီးသည့်နောက်တွင် အကြောင်းအရင်းကို သဘောပေါက်သွားလေသည်။ ဤလျှို့ဝှက်နယ်မြေ၏ ဗဟိုချက်က မဖွင့်ရသေးသည့်အတွက် လူများစွာက တန်ဖိုးအစစ်အမှန်ကို မသိရသေးပေ။ ထို့ကြောင့် လူများစွာက လှုပ်ရှားဖို့ အချိန်ကောင်းကို စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
သို့သော်လည်း လျူမိန်ရှုက ဗဟိုချက်ကို ရောက်ရှိဖို့ နှစ်ရာချီကုန်ဆုံးထားသည့်အချိန်ကို တွက်ချက်ကြည့်လျှင် ဝမ်ဝေ့အနေဖြင့် သူမသည် တခြားလူများထက် ပိုသိထားပြီး ထိုအထဲတွင် တန်ဖိုးရှိတာ တစ်ခုခုရှိနေကြောင်း လောင်းရဲလေသည်။
ဝမ်ဝေ့က သူ့ဘာသာသူ စဉ်းစားပြီးသည့်နောက် သူ့အမြင်အာရုံက သင်္ဘောပျံတစ်ခုအပေါ် ကျရောက်သွားလေသည်။ ထိုနေရာတွင် ခဲဖြူရောင်ဆံပင်နှင့် ရုပ်ချောချော အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ ပြောရလျှင် သူ၏ ကိုယ်ပွား ဖြစ်၏။ ထိုကိုယ်ပွားတွင် သူ့ခန္ဓာကိုယ်အစစ်အမှန်၏ အင်အား ၆၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားသော်လည်း အစစ်အမှန် အုပ်ချုပ်သူနှင့် တိုက်ခိုက်နိုင်သေးသည်။
“ ရှောင်ဝူ … မင်းက အမွေခံသားတော် ဝမ်ဝေ့ကို သိတယ်လား”