← Chapters

အခန်း ၃၆၁

Vol. 37 Ch. 361

အခန်း ၃၆၁

Vol. 37 Ch. 361

အခန်း (၃၆၁) အရုပ်စစ်ပွဲ - ၁၄

ဖုန်းပုကြွယ်သည် သူ့ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုများကို တုန်လှုပ်ခြင်းမရှိဘဲ ဆက်ပြောလိုက်သည်။

"မင်း ဘီလီနဲ့ အယ်လ်ဒန်တို့ကို ‘အပြစ်မရှိကြောင်း’ မဲပေးခဲ့တယ်လို့ ပြောခဲ့တုန်းက မင်းရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြခဲ့ပြီးပြီလို့ ငါထင်တယ်"

စာပေပညာရှင်ကြီးက နှာခေါင်းရှုံ့လိုက်သည်။

"အဲဒီနှစ်ကောင်က ‘ရှုပ်ထွေးမှုတွေ ဖြန့်ဝေတယ်’ ဆိုပြီး မတရား စွပ်စွဲခံခဲ့ရတာ၊ သူတို့ အပြစ်ကနေ လွတ်ငြိမ်းခွင့်ရသွားရင်ပဲ ထူးဆန်းနေဦးမှာ"

သူပြောပြီး ပခုံးတွန့်ပြသည်။

"ဘီလီက ‘လူတွေကို ပိတ်လှောင်ပြီး ဂိမ်းကစားရတာ’ ကို နှစ်သက်တယ်၊ အယ်လ်ဒန်ကျတော့ ‘မင်း ငါ့ကို သရဲပုံပြင်တစ်ပုဒ် မပြောပြရင် မင်းကို သတ်ပစ်မယ်’ ဆိုတာမျိုးပဲ၊ ရာဗစ်နဲ့ ဘတ်စ်ဘန်နီတို့ ကျတော့လည်း... ဟဲ..."

ပရောဖက်သည် တိတ်ဆိတ်နေဆဲ ဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ လီဂိုတုံးများမှာမူ ပိုမို ပြင်းထန်စွာ တုန်ခါလာခဲ့သည်။

ဖုန်းပုကြွယ်က ဆက်လက်တွေးဆလိုက်သည်။

"ငါ ပြောနိုင်တာကတော့... အဲဒီနေ့ တရားခွင်မှာ အဲဒီယုန်နှစ်ကောင်အပြင် မင်းလည်း ငြိမ်ငြိမ်နေခဲ့တာ မဟုတ်ဘူး၊ ရာဗစ်ရဲ့ သူငယ်ချင်းဟောင်းအနေနဲ့ မင်းက သူ့ဘက်က ရပ်တည်ပေးခဲ့တာ ထင်ရှားတယ်၊ ရှုပ်ထွေးမှုအုပ်စု အပေါ်ထားတဲ့ မင်းတို့ရဲ့ သဘောထားကလည်း အတူတူပဲ၊ ဒါကြောင့်..."

သူသည် သူ့လက်ကို ဝှေ့ယမ်းကာ စိန်ပွင့်ပုံသဏ္ဍာန် အရာဝတ္ထုကို လက်ညှိုးထိုး၍ ပြောလိုက်လေသည်။

"အမှန်တရားက တစ်ခုတည်းပဲ ရှိတယ်"

"ရုတ်တရက်ကြီး ဘာမဆိုင်ညာမဆိုင်နဲ့ နာမည်ကြီးစကားတစ်ခွန်းကို သူပြောချင်တိုင်း ပြောလိုက်ပြန်ပြီ..."

ရှောင်တန်က နှုတ်ခမ်းတစ်ချက်တွန့်သွားရင်း ညည်းတွားလိုက်မိသည်။

အစ်ကိုကြွယ်က ဆက်ပြောပြီး ပရောဖက်ဘက်သို့ လှည့်လိုက်သည်။

"မင်းနဲ့ ရာဗစ် နှစ်ယောက်လုံးဟာ ရုံးတော်ကို စော်ကားခဲ့လို့ ထောင်ချခံခဲ့ရတာ... ဟမ့်... မင်းတို့ ပိတ်လှောင်ခံရတဲ့ နေရာနဲ့ ပုံစံပဲ ကွဲပြားသွားတာ၊ ရာဗစ်၊ ဘီလီနဲ့ အယ်လ်ဒန်တို့က အချိန်သခင် ဖန်တီးထားတဲ့ ထောင်ထဲမှာ ပိတ်လှောင်ခံရပြီး မင်းကျတော့ ဒီနေရာမှာ ပိတ်လှောင်ခံထားရတာပဲ"

သူ့စကားအဆုံးတွင် နံရံများနှင့် ကြမ်းပြင်ပေါ်ရှိ လီဂိုတုံးများမှာ ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။ စိန်ပွင့်ပုံသဏ္ဍာန် အရာဝတ္ထုသည်လည်း ရုတ်ချည်း ပြိုလဲပျက်စီးသွားပြီး လီဂိုတုံးများ နေရာအနှံ့ လွင့်စင်သွားကာ ကြီးမားသော ဦးခေါင်းကြီးတစ်ခု (အရုပ်အရွယ်အစားရှိသည့် အစ်ကိုကြွယ်နှင့် ရှောင်တန်အတွက်) ပေါ်ထွက်လာလေသည်။ ထင်ရှားသည်မှာ ဤအရာက ပရောဖက်၏ ဦးခေါင်းအစစ်အမှန်ဖြစ်ပြီး မည်သည့်ရုပ်ထွက်ပုံရိပ်မှ မဟုတ်ဘဲ သူ၏ အမှန်တကယ်ဖြစ်တည်မှုမှာ ဤနေရာတွင် ရှိနေခြင်း ဖြစ်သည်။

"ဝါး"

ရှောင်တန်သည် ပရောဖက်၏ ရုပ်သွင်ကို မြင်လိုက်ရသောအခါ အော်ဟစ်မိသွားလေသည်။

"ဒါဆို မင်းက ဝူကီး (Wookiee - စတားဝါးစ်ဇာတ်လမ်းထဲက အမွေးအမှင်များ ဖုံးလွှမ်းနေပြီး ရှီဟွာဟွာယုန်ခွေးလို မျက်နှာမျိုးရှိသည့် လုပ်ကြံဖန်တီးထားသော သက်ရှိမျိုးနွယ်) တစ်ကောင်ပေါ့ ဟုတ်လား"

ဦးခေါင်းသီးသန့်သာ ကြည့်ပါက ပရောဖက်သည် ဝူကီးတစ်ကောင်၏ ရုပ်သွင်နှင့် အမှန်တကယ် ကိုက်ညီနေသော်လည်း သူက မကျေမနပ်ဖြစ်ရုံမျှ လေသံဖြင့် ပြန်ဖြေလိုက်သည်။

"မဟုတ်ဘူး"

"တကယ်တော့ မင်းရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေက ဝူကီးတစ်ကောင်နဲ့ မတူပါဘူး"

ဖုန်းပုကြွယ် ပြောလိုက်သည်။

"ဒါပေမဲ့... မင်းရဲ့ မျက်နှာအစစ်ကို မြင်ပြီးတဲ့နောက် ငါမတွေးဘဲ မနေနိုင်တာက မင်းတို့ပြောတဲ့ ‘၁၂ယောက်သော ဂျူရီအဖွဲ့’ ထဲမှာ တကယ့် ‘လူသား’ ရော ပါရဲ့လား ဆိုတာပဲ"

သူ ဤသို့မေးမြန်းရခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။ အကြောင်းမှာ သူ သိထားသော ဂျူရီအဖွဲ့ဝင် သုံးဦးလုံးမှာ တစ်ဦးမှ လူသားမဟုတ်ကြသောကြောင့် ဖြစ်သည်။

"ဟမ့်..."

လေထဲတွင် လွင့်မျောနေသော ပရောဖက်ဦးခေါင်းက လှောင်ပြုံးပြုံးလိုက်သည်။

"ဒီစကြဝဠာအနှံ့မှာ မျိုးနွယ်စု ဘယ်လောက်တောင် ရှိတယ်လို့ မင်းထင်လဲ၊ မင်းတို့ လူသားတွေဆိုတာ အဲဒီထဲက အရမ်းသေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်ခုပဲ"

"ကောင်းပါပြီ၊ အဲဒီမေးခွန်းကို ခဏဘေးဖယ်ထားကြရအောင်၊ မင်းလည်း ဟန်ဆောင်မနေတော့ဘူးဆိုမှတော့ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးကြတာပေါ့"

ဖုန်းပုကြွယ်က ပြောလိုက်သည်။

ဤနေရာတွင် ပရောဖက်သည် တစ်စုံတစ်ခုကို ဖုံးကွယ်ထားရန် ပျင်းရိသွားပြီ ဖြစ်သည်။ ယင်းမှာ ပြောပြလိုက်သော်လည်း သူ့အတွက် ထိခိုက်မှုမရှိနိုင်သည့် အရာမျိုးလည်း ဖြစ်သည်။

"မင်းက အဆုံးထိ လိုက်ရှာဖို့ အတင်းအကျပ် လုပ်နေမှတော့ အမှန်တရားကို ရင်ဆိုင်ဖို့ ပြင်ထားလိုက်ပါ"

"စိတ်မပူပါနဲ့၊ ငါ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက မင်းထင်ထားတာထက် ပိုပါတယ်"

ဖုန်းပုကြွယ် ပြန်ဖြေလိုက်သည်။

ပရောဖက်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ ပြောလာသည်။

"ငါက ဒီနေရာရဲ့ အကျဉ်းသား ဖြစ်သလို ဒီနေရာရဲ့ အစောင့်အရှောက်လည်း ဖြစ်တယ်"

"အိုး... ဒါဆို အဲဒီအကျဉ်းသားတွေရဲ့ အသိစိတ်ကို ထိန်းချုပ်ခဲ့တာက မင်းပေါ့"

ဖုန်းပုကြွယ် ဆက်မေးမြန်းလိုက်သည်။

"အမှန်ပဲ"

ပရောဖက်က ပြန်ဖြေကြားလိုက်သည်။

"ဒါတင်မကဘူး၊ သူတို့ကို အရုပ်တွေဖြစ်အောင် ပြောင်းလဲပစ်ခဲ့တာလည်း ငါပဲ"

သူ ခဏရပ်လိုက်သည်။

"ညဆိုင်း လုံခြုံရေးဝန်ထမ်းတွေဆိုတာလည်း အသိစိတ်မရှိတဲ့ ရုပ်သေးရုပ်တွေ သက်သက်ပဲ၊ အဲဒါတွေကို ဖန်တီးပြီး ထိန်းချုပ်ထားတာလည်း ငါပဲ"

"ဟင်၊ မင်းက ဘာလို့ ဒါတွေကို လုပ်ခဲ့ရတာလဲ"

ရှောင်တန်က မေးလိုက်သည်။

"ငါ... ပုံပြင်တစ်ပုဒ် ပြောပြမယ်"

ပရောဖက်သည် သက်ပြင်းချလိုက်ရင်း သူ့စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေပုံရသည်။

"တစ်ခါတုန်းက ထောင်တစ်ခု ရှိခဲ့တယ်၊ အဲဒီထောင်က ကြီးမားတဲ့ စူပါမားကတ်တစ်ခုနဲ့ တူတယ်၊ အဲဒီထဲမှာ စားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ လောင်စာဆီတွေ၊ အသုံးအဆောင်တွေ၊ ကိရိယာတွေ၊ လက်နက်တွေ အစရှိတဲ့ ကုန်ပစ္စည်းတွေ ဒါမှမဟုတ် ‘အရင်းအမြစ်တွေ’ အားလုံးရှိတယ်...

ဒီထောင်ထဲမှာ စကြဝဠာ ၄၂ ခုက လာတဲ့ လူသားအကျဉ်းသား အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ် ထောင်ပေါင်းများစွာကို ထိန်းသိမ်းထားတယ်။

နေ့တိုင်းနေ့တိုင်း အဲ့ဒီထောင်ထဲက အရာအားလုံးဟာ ပြန်အသစ်ဖြစ် (Reset) သွားတတ်တယ်၊ ပျက်စီးသွားတဲ့ ပစ္စည်းတွေဟာ မူလအတိုင်း ပြန်ဖြစ်သွားတတ်ပြီး အလွတ်ဖြစ်သွားတဲ့ စင်တွေမှာ ကုန်ပစ္စည်းတွေ ပြန်ပြည့်လာတယ်၊ သွေးကွက်တွေ ကင်းစင်သွားပြီး အလောင်းတွေတောင် ပျောက်ကွယ်သွားတတ်တယ်၊ ရက်စွဲတွေကို မှတ်တမ်းတင်ထားတဲ့ အရာတွေပဲ ပြောင်းလဲသွားတာပေါ့၊ ပြက္ခဒိန်တွေက နေ့တိုင်း တစ်ရက်စီ အလိုအလျောက်တိုးသွားပြီး စားသောက်ကုန်တွေပေါ်က ထုတ်လုပ်တဲ့ ရက်စွဲတွေလည်း တစ်ရက်စီ နောက်ကျသွားတတ်တယ်။

စူပါမားကတ်ရဲ့ တံခါးတွေနှင့် ပြတင်းပေါက်တွေကို လွတ်လွတ်လပ်လပ် ဖွင့်နိုင်ပေမယ့်လည်း အပြင်ဘက်က မြို့ပြကြီးကတော့ ပုံရိပ်ယောင်သက်သက်ပဲ၊ တကယ်လို့ အကျဉ်းသားတစ်ယောက်က အဆောက်အအုံအပြင်သို့ ထွက်ခွာသွားရင် သူတို့ဟာ အဆုံးမရှိတဲ့ ဟင်းလင်းပြင်ထဲကို ပြုတ်ကျသွားပြီး ချက်ချင်း သေဆုံးသွားလိမ့်မယ်။

မှန်တာပေါ့ ဒီထောင်ထဲတွင် နေထိုင်တာက ပြဿနာမရှိဘူးပေါ့၊ ဘယ်သူမှ ငတ်မွတ်ခေါင်းပါးတာ မရှိသလို ဖျော်ဖြေရေး အစီအစဉ်တွေလည်း ရှိကြတယ်၊ အရင်းအမြစ်တွေလည်း ဘယ်တော့မှ မကုန်ခမ်းသွားဘူး။

အနည်းဆုံးတော့ ပထမဆုံး ရက်အနည်းငယ်မှာ လူတွေက အဲဒီလိုပဲ ထင်ခဲ့ကြတာ...

ဒါပေမဲ့ ပြဿနာတွေက မကြာခင်မှာပဲ ပေါ်ပေါက်လာခဲ့တယ်... နေ့စဉ် ပြန်လည်ဆန်းသစ်ပြီးနောက်မှာ အကျဉ်းသားအသစ်တွေက စူပါမားကတ်ရဲ့ နေရာအနှံ့မှာ ကျပန်း ပေါ်လာတတ်ကြတယ်၊ တစ်ခါပေါ်လာရင် အနည်းငယ်ကနေ ရာဂဏန်းအထိ ရှိတတ်တယ်။

တစ်ပတ်လောက် ကြာပြီးနောက်တော့ လူဦးရေတိုးလာနဲ့အမျှ အကျဉ်းသားတွေကြားက ပဋိပက္ခတွေက အကြိမ်ရေ ပိုများလာခဲ့တယ်။

အစပိုင်းမှာတော့ သန်မာပြီး တိုက်ခိုက်လိုစိတ်ရှိတဲ့ အကျဉ်းသားအုပ်စုလေးတွေက ဖျော်ဖြေရေး အစီအစဉ်တွေ၊ ဇိမ်ခံပစ္စည်းတွေ၊ တန်ဖိုးကြီး အစားအစာတွေနဲ့ လှပတဲ့ အမျိုးသမီးတွေကို လုယူတိုက်ခိုက်ကြတာပေါ့၊ အဲဒီအချိန်တုန်းက အကျဉ်းသားတွေရဲ့ အခြေခံ ရှင်သန်ရေး လိုအပ်ချက်တွေကို မခြိမ်းခြောက်နိုင်သေးဘူး၊ အစားအစာနဲ့ သောက်ရေက အလျှံပယ် ရှိနေတာမို့ အများစုကတော့ တော်တော်လေး စည်းကမ်းရှိကြသေးတယ်။

နောက်လာမယ့် ရက်သတ္တပတ်တွေမှာတော့ လူဦးရေက မသိမသာ ဆက်လက် တိုးပွားနေခဲ့တယ်၊ တစ်လကြာတဲ့အခါမှာတော့ နည်းပါးလွန်းတဲ့ အိမ်သာတွေရဲ့ အပြင်ဘက်မှာ လူတန်းကြီးတွေ ဖြစ်ပေါ်လာခဲ့တယ်၊ နှစ်လကြာတဲ့အခါမှာတော့ စူပါမားကတ်ရဲ့ သုံးပုံတစ်ပုံမှာ အညစ်အကြေးနံ့တွေ နံစော်နေပြီး ကျန်တဲ့သုံးပုံနှစ်ပုံကတော့ အစားအစာအတွက် ပြုံတိုးနေကြရတယ်၊ သုံးလမြောက်ရဲ့ ဒသမမြောက်နေ့မှာတော့... အုပ်စုဖွဲ့ပြီး အစားအစာတွေ၊ အမျိုးသမီးတွေနဲ့ ဖျော်ဖြေရေး နယ်မြေတွေကို မောင်ပိုင်စီးထားတဲ့ အကျဉ်းသားတွေဟာ တစ်နေ့ကို အစားတစ်နပ်ပဲ စားရပြီး စွန့်ပစ်ဖို့ နေရာမရှိတော့တဲ့ တခြားအကျဉ်းသားတွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ကြရတယ်။

အဲဒီဖြစ်ရပ်ပြီးနောက်မှာ အရင်းအမြစ်ပြဿနာက နည်းနည်းသက်သာသွားခဲ့ပေမဲ့ လူတွေရဲ့ စိတ်ထဲမှာတော့ ကြောက်ရွံ့မှုတွေ ကျန်နေခဲ့တယ်၊ ဒါကြောင့် အစိုးရနဲ့ တူတဲ့ အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာခဲ့တယ်၊ သူတို့က စည်းကမ်းချက်တွေ သတ်မှတ်ပြီး အစားအစာတွေကို ကျိုးကြောင်းဆီလျော်စွာ ခွဲဝေပေးဖို့၊ ဇိမ်ခံပစ္စည်းတွေကို အလှည့်ကျ သုံးစွဲဖို့နဲ့ လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု စတဲ့ တခြားလူတွေကို နာကျင်စေတဲ့ လုပ်ရပ်တွေကို အပြစ်ပေးဖို့ သတ်မှတ်ခဲ့ကြတယ်၊ သူတို့က လူဦးရေမှတ်ပုံတင်တဲ့ စနစ်ကိုတောင် ဖော်ဆောင်ခဲ့ကြသေးတယ်..."

"ဒါက ငါကြားဖူးသမျှထဲမှာ အဓိပ္ပာယ်အရှိဆုံး အရာပဲ"

ဖုန်းပုကြွယ်က ဆက်ပြောသည်။

"ထောင်ထဲက အကျဉ်းသားအုပ်စုတစ်စုက ဥပဒေတွေနဲ့ စည်းကမ်းတွေကို ဖော်ဆောင်ဖို့ ကြိုးစားနေကြတာပဲ"

"ဒါက လူ့သဘာဝရဲ့ ဆန့်ကျင်ဘက် အချက်ပဲ..."

ရှောင်တန်က စဉ်းစားဟန်ဖြင့် တီးတိုးပြောလိုက်သည်။

"ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်ရတဲ့အခါ လူတွေက လွတ်လပ်မှုနဲ့ အလိုလိုက်မှုကို တောင်းတကြတယ်၊ ဒါပေမဲ့ တောတွင်းစည်းကမ်းအောက် ရောက်သွားတဲ့အခါကျတော့ လုံခြုံမှုနဲ့ စနစ်တကျရှိမှုကို ပြန်ပြီး တောင့်တကြပြန်ရော"

ပရောဖက်က ထပ်မံသက်ပြင်းချရင်း ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ နိုင်ငံရေးဆိုတာ နောက်ဆုံးတော့ ညစ်ပတ်တဲ့ အရာတစ်ခုပဲ၊ စနစ်တစ်ခုကို ဖော်ဆောင်ပြီးတာနဲ့ အကောင်အထည်ဖော်မယ့်သူ ရှိရမယ်၊ ကြီးကြပ်တဲ့သူတွေက အလုပ်လုပ်ရတဲ့အတွက် အရင်းအမြစ်တွေကို ပိုလိုချင်ကြတာ သဘာဝပဲ၊ ထောင်ထဲက လူဦးရေ တိုးပွားလာတဲ့ ပြဿနာက အခြေခံကျကျ မဖြေရှင်းနိုင်သေးဘူးလေ။

ဒါကြောင့် အချိန်တစ်ခု ကြာပြီးတဲ့နောက် အတိအကျ ပြောရရင် ပထမဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီး နှစ်လနဲ့ သုံးရက်အကြာမှာ... အရင်းအမြစ်တွေက ပြင်းထန်တဲ့ အကျပ်အတည်းထဲကို ထပ်မံ ကျရောက်သွားပြန်တယ်၊ အဲဒီအခါကျမှ လူတွေဟာ စီမံခန့်ခွဲရေး အဖွဲ့အစည်းဟာ မူလက အသတ်ခံလိုက်ရတဲ့ လူမိုက်အုပ်စုတွေလိုပဲ နောက်ထပ် ဖိနှိပ်တဲ့ အုပ်စုတစ်ခု ဖြစ်လာခဲ့ပြီဆိုတာ သဘောပေါက်သွားကြတယ်။

မဆန်းပါဘူးလေ၊ ဒုတိယအကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ထပ်မံဖြစ်ပွားခဲ့ပြန်တယ်၊ သွေးချောင်းစီးပြီးတဲ့နောက်တော့ အသက်ရှင်ကျန်ရစ်သူတွေဟာ ငြိမ်းချမ်းမှုကို ထိန်းသိမ်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကို သဘောပေါက်သွားခဲ့ကြတယ်၊ အဲဒါကတော့ ထောင်ထဲက အကျဉ်းသား အရေအတွက်ကို ဘေးကင်းတဲ့ အဆင့်တစ်ခုမှာပဲ ထာဝရ ထိန်းသိမ်းထားဖို့ပဲ။

ဒါကြောင့် အသက်ရှင်ကျန်ရစ်သူ ရာပေါင်းများစွာက သဘောတူညီချက်တစ်ခု ရရှိခဲ့ကြတယ်၊ အဲဒီနေ့ကစပြီး ရောက်လာသမျှ အကျဉ်းသားအသစ်တွေကို အကုန် သတ်ပစ်ဖို့ပဲ"

ဒါက အချိန်အကြာကြီး ဆက်လက်ဖြစ်ပွားခဲ့တယ်၊ အဲဒီအချိန်တုန်းက ဝါရင့်အကျဉ်းသားတွေ ညဘက် ပြန်လည်ဆန်းသစ်ပြီးနောက် အရင်ဆုံးလုပ်ရတဲ့အလုပ်က စူပါမားကတ်ထဲမှာ ပေါ်လာသမျှ အကျဉ်းသားအသစ်တွေကို လိုက်ရှာပြီး အကုန်သတ်ပစ်ဖို့ပဲ၊ အဲဒီလို လုပ်ပြီးမှပဲ သူတို့ဟာ ငြိမ်းချမ်းတဲ့ နေ့တစ်နေ့ကို ဖြတ်သန်းနိုင်မှာ ဖြစ်တယ်။

ဒါပေမဲ့ နေ့တိုင်း တိုးပွားလာတဲ့ အကျဉ်းသားအသစ် အရေအတွက်က အတိအကျ မရှိလှဘူး၊ အချိန်ကြာလာတာနဲ့အမျှ ကွန်ရက်ထဲကနေ လွတ်မြောက်သွားတဲ့သူတွေ အမြဲ ရှိနေတတ်တယ်၊ တချို့လူတွေက ကိုယ်ကျိုးအတွက် လှပတဲ့ အမျိုးသမီးအချို့ကို လျှို့ဝှက်ထိန်းသိမ်းထားပြီး မသတ်ပစ်ဖို့ အခြေအနေနဲ့ ကျွန်ပြုခိုင်းစေတာမျိုးတွေ ရှိလာခဲ့တယ်။

အတိုချုပ်ပြောရရင်... အချိန်တစ်ခုအထိ စုပုံလာပြီးတဲ့နောက်မှာ ပဋိပက္ခက နောက်ဆုံးတော့ ပေါက်ကွဲသွားခဲ့တာပေါ့၊ အဲဒီနောက်မှာ အခြေအနေအသစ်တစ်ခု ပေါ်ပေါက်လာပြီး အကျဉ်းသားတွေက အုပ်စုတချို့ ကွဲသွားပြီး နယ်မြေတစ်ခုစီကို အပိုင်စီးလိုက်ကြတယ်၊ အုပ်စုတစ်ခုစီမှာ ကိုယ်ပိုင် လုပ်ဆောင်ပုံနည်းလမ်း၊ မူဝါဒနဲ့ ရပ်တည်ချက်တွေ ရှိကြတယ်၊ သူတို့က အရင်းအမြစ်တွေအတွက် အချင်းချင်း တိုက်ခိုက်နေကြတာပဲ၊ နှစ်ဖက်စလုံးမှာ ထိခိုက်ကျဆုံးမှုတွေ ရှိနေပေမဲ့ အကျဉ်းသားအသစ်တွေကနေ ပြန်လည် ဖြည့်တင်းနိုင်ခဲ့ကြတယ်"

"ဟင်"

ရှောင်တန်က ရုတ်တရက် သဘောပေါက်သွားသည်၊

"ဒါက အခု လက်ရှိ အခြေအနေနဲ့ အတူတူပဲ မဟုတ်ဘူးလား..."

"ဟုတ်တယ်၊ အတူတူနီးပါးပဲ"

ပရောဖက်က ဆက်ပြော၏။

"ဒါပေမဲ့ မတူညီတဲ့ အချက်လည်း ရှိသေးတယ်"

သူက ကစားသမားနှစ်ဦးကို ငုံ့ကြည့်လိုက်သည်။

"တကယ်လို့ မင်းတို့သာ ငါ့နေရာမှာဆိုရင် လူသားအုပ်စုတစ်စုက မင်းတို့ရှေ့မှာ နေ့တိုင်းလိုလို ညစ်ပတ်ပြီး သွေးထွက်သံယို ဖြစ်စရာ ဇာတ်လမ်းတွေကို ကပြနေတာကိုပဲ ကြည့်ချင်မလား... ဒါမှမဟုတ် သွေးထွက်သံယို မရှိတဲ့ အရုပ်အုပ်စုတစ်စုရဲ့ စစ်ပွဲကိုပဲ ကြည့်ချင်မလား"

"ဒါဆို... မင်းက မင်းစွမ်းရည်တွေကိုသုံးပြီး ဒီထောင်ကြီးကို ပြောင်းလဲပစ်ခဲ့တာပေါ့..."

ဖုန်းပုကြွယ် ဆက်ပြောလိုက်သည်။

"ဟုတ်တယ်၊ အသိစိတ်ချိန်ညှိမှု လုပ်ပြီးတဲ့နောက်မှာ ဒီအကျဉ်းသားတွေက သူတို့ကိုယ်သူတို့ ‘Toy Story’ ထဲက ဇာတ်ကောင်တွေလိုပဲ လူသားကမ္ဘာက စူပါမားကတ်တစ်ခုထဲမှာ နေထိုင်နေကြတယ်လို့ ထင်သွားကြတာ၊ နေ့စဉ်ဆိုင်ပိတ်ချိန် ပြီးသွားတာနဲ့ သူတို့က အသက်ဝင်လာပြီး ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ကြတယ်၊ နေ့ခင်းဘက်မှာတော့ သူတို့က ငါ့ စွမ်းရည်အောက်မှာ သတိမရှိတဲ့ အိပ်စက်ခြင်း အခြေအနေထဲကို ဝင်ရောက်သွားကြတယ်"

ပရောဖက်က ဆက်ပြော၏။

"စမ်းသပ်မှုတွေနဲ့ ပြုပြင်မွမ်းမံမှုတွေ အများကြီး လုပ်ပြီးတဲ့နောက်မှာ ငါဟာ သူတို့စိတ်ထဲက နယ်ပယ်အတော်များများကို ပိတ်ဆို့ထားနိုင်ခဲ့ပြီ၊ အခု လက်ရှိအဆင့်တော့ ဒီလုပ်ဆောင်ချက်က ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီ၊ အရုပ်တွေက ငါလွှတ်လိုက်တဲ့ လုံခြုံရေး ရုပ်သေးရုပ်တွေကို ရှောင်ကွင်းနေကြဦးမှာ ဖြစ်ပေမဲ့ ‘လူသားတွေ မတွေ့ရှိစေဖို့’ ဆိုတဲ့ သူတို့ရဲ့ အသိစိတ်ကတော့ အဲဒီအတိုင်းပဲ ကန့်သတ်ခံထားရတာ ဖြစ်တယ်"

ပရောဖက်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဆက်ပြောသည်။

"ငါ ဒီထောင်ထဲမှာ ပိတ်လှောင်ခံရတုန်းက ပြစ်မှုက ရုံးတော်ကို စော်ကားမော်ကား ပြုမူမှုတင်မကဘူး၊ ပိုအရေးကြီးတာက ငါ့ရဲ့ ‘ရှုပ်ထွေးမှုဆီ ဦးတည်တဲ့ စရိုက်’ ကြောင့်ပဲ၊ ငါ့ကို အပြစ်ပေးဖို့အတွက် အမှန်တရားရုံးတော်က ငါ့ရှေ့မှောက်မှာ မကောင်းမှုတွေ၊ အဆုံးမရှိတဲ့ မကောင်းမှုတွေကို ပြသဖို့ ဒီထောင်ကြီးကို အထူးဒီဇိုင်းဆွဲခဲ့တာပဲ... ဒါက နှိပ်စက်ခြင်း တစ်မျိုးပဲ။

ပြီးတော့ မင်းတို့ လူသားတွေက အကောင်းဆုံး သရုပ်ဆောင်တွေပဲ၊ အတ္တကြီးတယ်၊ ခေါင်းမာတယ်၊ မာနထောင်လွှားတယ်၊ ကောက်ကျစ်တယ်၊ အားနည်းတယ်၊ လူမိုက်ဆန်တယ်၊ အရိုင်းအစိုင်းဆန်တယ်၊ ဟန်ဆောင်ကောင်းတယ်၊ ညစ်ပတ်တယ်၊ ရက်စက်တယ်၊ မနာလိုဝန်တိုတတ်တယ်၊ လောဘကြီးတယ်၊ ကာမဂုဏ် လိုက်စားတယ်၊ ဒေါသထွက်လွယ်တယ်၊ တုံးအပြီး နောင်တရရမှန်း မသိကြဘူး။

ဒါပေမဲ့ ငါ နောက်ဆုံးတော့ ငါ့ကိုယ်ငါ လွတ်မြောက်စေမယ့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီ...

ငါဟာ အကျဉ်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖယ်ရှားပေးခဲ့တယ်၊ လူဦးရေကို ထိရောက်စွာ ထိန်းသိမ်းပေးခဲ့တယ်၊ ပြီးတော့ သူတို့ရဲ့ လှုပ်ရှားမှု အချိန်ကို ကန့်သတ်ပေးခဲ့ပြီး ထာဝရ တည်တံ့နိုင်မယ့် ဒီစနစ်ကို ထူထောင်ခဲ့တယ်၊ သူတို့ရဲ့ ဝိညာဉ်ပင်ကိုယ်စရိုက်ကို ထိန်းသိမ်းပေးထားချိန်အတွင်း လူ့သဘာဝရဲ့ ရှုပ်ထွေးတဲ့ အလိုဆန္ဒတွေနဲ့ အရုပ်ဆိုးမှုတွေကို သန့်စင်ပြီး ရက်စက်ခြင်းမရှိတဲ့ တိုက်ခိုက်လိုစိတ်အဖြစ် ပြောင်းလဲပစ်ခဲ့တာ၊ ငါ မင်းတို့ လူသားတွေကို… ဒီကုသလို့မရတဲ့ မျိုးနွယ်စုကို ထိန်းချုပ်မှုအောက် ရောက်အောင် လုပ်နိုင်ခဲ့ပြီ"

ပရောဖက်၏ စိတ်ခံစားမှုမှာ ဤနေရာတွင် ပိုမို ပြင်းထန်လာလေသည်။

"အခု မင်းတို့ သဘောပေါက်ပြီလား၊ ဒီနေရာမှာ မင်းတို့ ‘အဆုံးသတ်’ ပေးဖို့ လိုအပ်တဲ့အရာ ဘာမှ မရှိဘူး"

သူက လေးနက်သော လေသံဖြင့် ပြောသည်။

"ငါ ဒီလောက်အထိ အများကြီး မပြောချင်ခဲ့ပါဘူး၊ ဒါပေမဲ့ အခု ငါ ပြောပြပြီးပြီဆိုတော့ မင်းတို့ ကျေနပ်လောက်ပြီ မဟုတ်လား၊ ဖုန်းပုကြွယ်"

အစ်ကိုကြွယ်က သူ့ချွေးများကို သုတ်လိုက်သည်။

"အာ... ကောင်းပါပြီ၊ မင်း တကယ်ကြိုးစားခဲ့တာပဲ..."

ဤအခိုက်အတန့်တွင် ကြမ်းပြင်ပေါ်ရှိ လီဂိုတုံးအပိုင်းအစများ ထပ်မံ ပျံတက်လာပြီး ပရောဖက်၏ ဦးခေါင်းပတ်လည်တွင် ပြန်လည်စုစည်းသွားကာ မျက်နှာပြင်အရောင်များ အဆက်မပြတ် ပြောင်းလဲနေသော စိန်ပွင့်ပုံသဏ္ဍာန် အရာဝတ္ထုအဖြစ်သို့ ပြန်လည် အသွင်ပြောင်းသွားခဲ့သည်။

"အရမ်းကောင်းတယ်၊ ဒါဆို..."

ပရောဖက်က သက်ပြင်းချကာ ပြောလိုက်သည်။

"လွန်ခဲ့တဲ့ ဆယ်မိနစ်တုန်းက မင်း ငါ့ရဲ့ အကျဉ်းသားအဆင့်အတန်းကို မဆင်မခြင် ဖော်ထုတ်ပြီး အသေးစိတ် အချက်အလက်တွေကို မမေးမြန်းခင် ငါမင်းကို ဒီစကားပြောဖို့ ကြိုးစားနေခဲ့တာ..."

သူ ခဏရပ်လိုက်သည်။

"ဒီစစ်ပွဲထဲမှာ ကြားဖြတ်နှောင့်ယှက်နေတာကို ရပ်လိုက်တော့၊ တခြားကမ္ဘာကလာတဲ့ ကျန်တဲ့ ခရီးသွားနှစ်ယောက်ကို သွားရှာပြီး ဒီနေရာကနေ အခုချက်ချင်း ထွက်သွားကြတော့"

All Chapters