အခန်း ၃၆၃
Vol. 37 Ch. 363
အခန်း (၃၆၃) အရုပ်စစ်ပွဲ - ၁၆
“အာ... ပရော်ဖက်ဆာ X လား”
ဖုန်းပုကြွယ်က မေးလိုက်သည်။
“ဟုတ်တယ်”
ပရော်ဖက်ဆာ X က သူ၏ ဆွဲဆောင်မှုရှိပြီး ခင်မင်ရင်းနှီးသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ဟယ်လို”
“ခဏလေး...”
ရှောင်တန် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ဖုန်းပုကြွယ်၏ နားနားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။
“ခဏလေး၊ ဒီလူက လူတွေရဲ့ စိတ်ကို ဖတ်နိုင်တယ် မဟုတ်လား... တကယ်လို့ သူက ပရောဖက်ရဲ့ စိတ်ကို ဖတ်လိုက်ရင်...”
“ပရော်ဖက်ဆာ၊ ငါ မေးပါရစေ၊ မင်းရဲ့ စူပါပါဝါက ဘာလဲ”
ဖုန်းပုကြွယ်သည် ရှောင်တန်ကို လျစ်လျူရှု၍ ပရော်ဖက်ဆာအား သိလျက်နှင့် မေးလိုက်သည်။
မမျှော်လင့်ထားစွာဖြင့် လီဂို ပရော်ဖက်ဆာ X ပြန်ဖြေလာသည်မှာ- “ငါ့မှာ စူပါပါဝါ မရှိပါဘူး” ။
“ဟင်”
ရှောင်တန် အံ့အားသင့်သွားသည်။
“တကယ်လား”
“ဒါက သိသာနေတာပဲလေ”
ဖုန်းပုကြွယ်က သူ့အသင်းဖော်ဘက်သို့ လှည့်ကာ တီးတိုးပြောလိုက်သည်။
“အရုပ်တွေမှာ ‘မှတ်ဉာဏ်ဖတ်တာ’ ဒါမှမဟုတ် ‘စိတ်ကို ထိန်းချုပ်တာ’ လိုမျိုး စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး”
သူက ပခုံးတွန့်ပြသည်။
“တကယ်လို့ သူတို့မှာ အဲဒီလိုစွမ်းရည် ရှိနေရင်... မင်း စောစောက အသံနှိမ့်ပြီးပြောတာက ဘာအဓိပ္ပာယ်မှ မရှိတော့ဘူးလေ၊ ဘာလို့လဲဆိုတော့ မင်း စကားမပြောခင်ကတည်းက မင်း ဘာပြောမလဲဆိုတာ သူသိနေလို့ပဲ”
“အိုး...”
ရှောင်တန် ခေါင်းညိတ်လိုက်ပြီး စက္ကန့်အနည်းငယ် ကြာပြီးနောက် အခြားတစ်ဖက်သို့ ရွှေ့လိုက်သည်။
“အာ၊ ဒါဆို ပရော်ဖက်ဆာ... မင်းမှာ တိုက်ခိုက်ရေး စွမ်းရည်လည်း မရှိဘူးဆိုတဲ့ သဘောလား”
“ဟီးဟီး... အသိပညာက စွမ်းအားပဲကွ၊ စူပါပါဝါ မရှိရင်တောင် ငါ အများကြီး လုပ်နိုင်ပါသေးတယ်”
ပရော်ဖက်ဆာ X က ပြုံးလျက် ပြောလိုက်သည်။
“သဘာဝကျကျပဲ မင်းငါ့ကို ဝှီးချဲပေါ်က သာမန်ကတုံးလူကြီးတစ်ယောက်လို့လည်း မြင်နိုင်ပါတယ်”
“နိုး ၊ နိုး၊ နိုး၊ ငါက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး”
ကြင်နာတတ်သော ရှောင်တန်က မဟုတ်ကြောင်း ငြင်းဆိုရန် သူ့လက်များကို ကပျာကယာ ယမ်းပြလိုက်သည်။
“အင်း၊ အရမ်းကောင်းတယ်”
ပရော်ဖက်ဆာ X သည် သူ၏ အေးချမ်းသော အပြုံးကို ဆက်လက်ထိန်းထား၏။
“ဘာလို့လဲဆိုတော့ တကယ်လို့ မင်းက ‘ဝှီးချဲ’ ဒါမှမဟုတ် ‘ကတုံး’ ဆိုတဲ့ စကားလုံးတွေကို ပြောရဲရင် ငါ့ကျောင်းသားတွေကို မင်းကို မြေကြီးပေါ် ဖိထားခိုင်းပြီး ဝှီးချဲနဲ့ မင်းခေါင်းကို ကြေမွသွားအောင် လုပ်ခိုင်းမှာ မို့လို့ပဲ”
“ဟေး... သူတော့ လုံးဝဗီလိန်ဖြစ်သွားပြီပဲ... သူက စူပါပါဝါမရှိတာကို သေချာပေါက် စိတ်ထဲထားနေတာပဲ... ပြီးတော့ သူကိုယ်တိုင်လည်း အဲဒီ စကားလုံးနှစ်လုံးကို နှစ်ကြိမ်တောင် ပြောပြီးသွားပြီ”
ရှောင်တန်က ရေရွတ်လိုက်သည်။
ဖုန်းပုကြွယ်က ရှေ့တိုးကာ အကြောင်းအရာကို ပြောင်းလိုက်သည်။
“အင်း... ပရော်ဖက်ဆာ၊ မင်းက စိတ်ချင်းဆက်သွယ်လို့ မရဘူးဆိုမှတော့ ‘သူတို့ ရောက်လာပြီ’ ဆိုတာကို ဘယ်လို သိတာလဲ”
“ငါက ပရောဖက်အတွက် အလုပ်တစ်ခု လုပ်ပေးရုံတင်ပါ၊ သတင်းစကား လာပါးတာပေါ့”
ပရော်ဖက်ဆာ X က ပြန်ဖြေပြီးနောက် ရုတ်တရက် ဖြည့်စွက်ပြောလာလေသည်။
“ဘာလဲ၊ မင်းက ငါ့မှာ သတင်းသွားပါးဖို့ ခြေထောက်မရှိဘူးလို့ ပြောချင်တာလား”
ထို့နောက် သူသည် သူ့ဂျာကင်အင်္ကျီ အိတ်ကပ်ထဲမှ ပစ္စတိုတစ်လက်ကို ဆွဲထုတ်လိုက်တော့သည်။
“သေကြစမ်း၊ ရိုင်းစိုင်းတဲ့ ကြွက်စုတ်လေးနှစ်ကောင်”
ဤသို့ ပြောပြီးနောက် သူသည် သူ့ဝှီးချဲပေါ်မှ ခုန်တက်ကာ စတင်၍ ရမ်းသန်းပစ်ခတ်တော့သည်။
အစ်ကိုကြွယ်နှင့် ရှောင်တန်တို့မှာ ချက်ချင်း ထိတ်လန့်သွားပြီး ဘေးတစ်ဖက်စီသို့ လိမ့်ကာ ကပျာကယာ ထွက်ပြေးကြတော့သည်။
ကံကောင်းသည်မှာ “ပရော်ဖက်ဆာ X” သည် သေနတ်ပစ် အလွန်ညံ့ဖျင်းသဖြင့် တစ်ချက်မျှ မထိခဲ့ပေ။ ထို့အပြင် သူသုံးသော သေနတ်နှင့် သူ ပစ်ခတ်သော ကျည်ဆန်များသည် အလွန်သေးငယ်သော လီဂို အပိုင်းအစများသာ ဖြစ်သဖြင့် ပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ဖြစ်စေခဲ့သည်။
ထိုအခိုက်အတန့်တွင် “ဝှစ်” ခနဲ အသံနှင့်အတူ အနီရောင်ပုံရိပ်တစ်ခု ချက်ချင်း ပေါ်လာလေသည်။ သူသည် “ပရော်ဖက်ဆာ X” လက်ထဲမှ သေနတ်ကို လုယူလိုက်သည်။
“ဟေး၊ လျှောက်လုပ်မနေနဲ့ လက်စ်လူသာ (Lex Luthor - စူပါမန်းရဲ့ ရန်သူတော်၊ ဂန္ထဝင် ဗီလိန်များထဲက တစ်ယောက်)၊ မင်း ဆေးသောက်ရမယ့်အချိန် ရောက်ပြီ”
ပြောပြောဆိုဆိုဖြင့် လီဂို ဖလက်ရှ်က လူသာကို ဝှီးချဲပေါ်သို့ ပြန်တွန်းတင်လိုက်ပြီး ဝှီးချဲနောက်ဘက်က ခလုတ်တစ်ခုကို နှိပ်လိုက်လေသည်။ ဝှီးချဲ၏ ဘေးနှစ်ဖက်မှ လီဂိုကြိုးပြားအချို့ ပေါ်ထွက်လာပြီး ရူးသွပ်နေသော ကတုံးလူကြီးကို မလှုပ်ရှားနိုင်အောင် တုပ်နှောင်လိုက်တော့သည်။
“အား ငါ့ကို လွှတ်စမ်း၊ ငါက ပရော်ဖက်ဆာ X ပဲကွ၊ သူတို့က မသန်စွမ်းသူတွေကို ခွဲခြားဆက်ဆံနေကြတာ၊ အား”
လူသာက အတင်းအကျပ် ရုန်းကန်ရင်း ရမ်းသန်းကန်ကျောက်နေသော်လည်း ဖလက်ရှ်က သူ့ကို တွန်းထုတ်သွားလိုက်လေသည်။
“စိတ်မကောင်းပါဘူး”
နောက်ထပ် အပြာရောင်ပုံရိပ်တစ်ခုမှာ လျှပ်စီးကြောင်းကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိတို့၏ ဘေးတွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ လီဂို ကွစ်ဆဲဗား (Quicksilver - မက်ဂါထရွန်၏ သား၊ အခြေခံအားဖြင့် မာဗယ်၏ ဖလက်ရှ် ) ဖြစ်သည်။
“သူက ဆေးသောက်တာ ရပ်လိုက်ရင် စိတ်ကွဲရောဂါ နည်းနည်း ဖြစ်တတ်လို့ပါ၊ ပြီးခဲ့တဲ့ အပတ်ကဆိုရင် သူက အင်္ကျီမပါဘဲ ဆေးရောင်တွေခြယ်ပြီး ခရာတိုစ့် (Kratos) အဖြစ် ဟန်ဆောင်ဖို့ ကြိုးစားခဲ့သေးတယ်၊ နောက်တော့ ဟော့ခ် ပါးရိုက်တာ ခံလိုက်ရပြီး ပန်ကိတ်မုန့်လို ပြားသွားခဲ့တာပေါ့”
“ဘာလို့ ဒီလိုလူမျိုးကို သတင်းစကားပါးဖို့ လွှတ်လိုက်ရတာလဲ...”
ဝမ်တန်ကျိက ပြန်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်... ပရောဖက်ရဲ့ သတင်းအချက်အလက်အရ နိုဗယ်က အဖွဲ့ဝင်နှစ်ယောက်က လုံခြုံရေး ကင်းလှည့်တာကို ဂရုမစိုက်ဘဲ လီဂိုအိမ်ဆီ ချဉ်းကပ်လာနေကြတယ်၊ သူတို့ မကြာခင် ရောက်လာလိမ့်မယ်”
ကွစ်ဆဲဗားက ဆက်ပြော၏။
“ပရောဖက်ရဲ့ အကြံဉာဏ်ကတော့ မင်းတို့ အပြင်ဘက်မှာ သူတို့ကို ဖြေရှင်းပေးဖို့ပဲ”
“အိုး သူတို့ကိုယ်တိုင် ငါတို့အိမ်တံခါးဝအထိ လာပို့တာပေါ့”
ဖုန်းပုကြွယ် အေးစက်စွာ ပြုံးသည်။
“ဟွန်း... တော်တော်သတ္တိရှိတဲ့ ကင်းထောက်တပ်ဖွဲ့ဝင်တွေပဲ...”
“မင်း ဒီဝတ်စုံအကြောင်းပြက်လုံးကို ဘယ်နှစ်ခါတောင် ထပ်သုံးနေဦးမှာလဲ...”
ဝမ်တန်ကျိက အားနည်းသော လေသံဖြင့် ပြောလိုက်သည်။ ထင်ရှားသည်မှာ “ချန်လင်ဓားပြိုင်ပွဲ” ပြီးဆုံးချိန်နှင့် “ငါက စာရေးဆရာတစ်ယောက်ပါ” ကြားရှိ နှစ်ပတ်အတွင်းမှာပင် ဖုန်းပုကြွယ်သည် ရီရူလီ၏ ဝတ်စုံနှင့် ပတ်သက်၍ ပြက်လုံးများစွာ ပြုလုပ်ခဲ့ဖူးလေသည်။
“ကောင်းပြီ၊ ငါတို့ အခုသွားကြစို့”
ဖုန်းပုကြွယ်က ပြောရင်း “လီဂို ငါးပူတင်း စစ်သည်တော်” ပေါ်သို့ ခုန်တက်ကာ ကွပ်ကဲရေးခန်းတံခါးကို ဖွင့်လိုက်သည်။
စက်ရုပ်၏ ပုံသဏ္ဍာန်မှာ ခြေတံရှည်ငါးပူတင်းတစ်ကောင်နှင့် ဆင်တူလှသည်။ စက်တစ်ခုလုံးတွင် အစိတ်အပိုင်း နှစ်ခုသာ ပါဝင်ပေသည်။၎င်းမှာ ကိုယ်ထည် (ငါးတွေမှာတော့ ကိုယ်ထည် ဒါမှမဟုတ် ဦးခေါင်းရယ်လို့ သီးခြားမရှိပါဘူး) နှင့် ခြေထောက်နှစ်ချောင်း (မျဉ်းကွေးပုံသဏ္ဍာန် ခြေထောက်များ ဖြစ်ပြီး ဆန့်ထုတ်၍မရသလို ပုံမှန်မဟုတ်သော အရိုးဖွဲ့စည်းပုံ) ဖြစ်သည်။
ထို့အပြင် ဤလီဂိုငါးပူတင်းစစ်သည်တော် (အောက်တွင် ငါးပူတင်းစစ်သည်တော်ဟု ခေါ်ဆိုပါမည်) တွင် ခြေထောက်များသာပါပြီး လက်များ မပါပေ။ မူဆာရှီ ကိုဂါနဲ၏ “ပြီးသွားပြီ” ဆိုသည့် မှတ်ချက်အရ ကြည့်မည်ဆိုလျှင် သူသည် အချိန်ကန့်သတ်ချက်ကြောင့် လက်များကို ချန်လှပ်ထားခဲ့ခြင်း မဟုတ်ဘဲ စက်ရုပ်ကို ထူးထူးဆန်းဆန်းပုံစံ ဖြစ်စေရန်အတွက်သာ ဖြစ်ပေသည်။
ကွပ်ကဲရေးခန်းမှာ အင်ဂျင်နှစ်လုံးတပ်လေယာဉ်နှင့် တူပြီး ရှေ့တစ်ဦး၊ နောက်တစ်ဦးဖြင့် စုစုပေါင်း လူနှစ်ဦး ထိုင်နိုင်လေသည်။ ပို၍စိတ်ရှုပ်စေသည်မှာ ဤအရာဖြင့် အမှန်တကယ် မည်သို့ တိုက်ခိုက်ရမည်နည်း။ ပြီးတော့... လက်မပါတဲ့ စက်ရုပ်တစ်ရုပ်အတွက် မောင်းနှင်သူနှစ်ယောက် ထားရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။ သူတို့က တစ်ယောက်ကို ခြေထောက်တစ်ဖက်စီ ထိန်းချုပ်နေကြတာလား။
“အော်၊ ထိန်းချုပ်ရေးစနစ်က ရိုးရှင်းပြီး တိုက်ရိုက်ကျတာပဲ”
ဖုန်းပုကြွယ်သည် အဓိက ကွပ်ကဲရေးခန်းထဲသို့ ခုန်ဝင်လိုက်ရာ မောင်းနှင်တံနှစ်ခုနှင့် လည်ပတ်ခလုတ် တစ်ခုကိုသာ တွေ့လိုက်ရသည်။ ခလုတ်၏ ဘယ်ဘက်ခြမ်းမှာ “ပိတ်” ဖြစ်ပြီး ညာဘက်ခြမ်းမှာ “ဖွင့်” ဟူ၍ ဖြစ်သည်။ မောင်းနှင်တံနှစ်ခုမှာ သေချာပေါက်ပင် ခြေထောက်များ၏ လှုပ်ရှားမှုကို ထိန်းချုပ်ခြင်း ဖြစ်သည်။ ကွပ်ကဲရေးဘောင်ကွက်ရှေ့တွင် မလိုအပ်သော စာတန်းတစ်ခု ကပ်ထားလေသည်။
“လှုပ်ရှားမှု ထိန်းချုပ်ရေးစနစ်”
ရှောင်တန်လည်း နမူနာအတိုင်း လိုက်လုပ်ရင်း စက်ရုပ်ပေါ်သို့ ခုန်တက်ကာ တွဲဖက်မောင်းနှင်သူ၏ ကွပ်ကဲရေးခန်းထဲသို့ ဝင်ရောက်သွားလေသည်။ သူ ချက်ချင်းပင် အံ့အားသင့်သွားရသည်။
“ဟေး၊ ခလုတ်တွေ ဘာလို့ ဒီလောက်အထိ အများကြီး ရှိနေတာလဲ”
“ဟင်”
ဖုန်းပုကြွယ်မှာ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ သူ၏ အဓိက ကွပ်ကဲရေးခန်းထဲတွင် ထိန်းချုပ်နိုင်သော အစိတ်အပိုင်းသုံးခုသာ ရှိပြီး စတုတ္ထမြောက်တစ်ခု လိုအပ်ပုံမရပေ။ နောက်ဘက်မှာ ဘာတွေများ ရှိနိုင်မှာလဲ။
“ငါ ကြည့်ပါဦးမယ်”
ဖုန်းပုကြွယ်သည် သူ၏ ကွပ်ကဲရေးခန်းထဲမှ ပြန်တက်လာပြီး စက်ရုပ်အပေါ်ဘက်တွင် ခြေနှစ်လှမ်းခန့် လှမ်းကာ “ငါးအမြီး” နောက်ဘက်မှ တွဲဖက်မောင်းနှင်သူ၏ ကွပ်ကဲရေးခန်းထဲသို့ ငုံ့ကြည့်လိုက်သည်။
သင်မမြင်ရရင် ယုံနိုင်မှာတောင် မဟုတ်ပါဘူး...။ရှောင်တန်၏ ကွပ်ကဲရေးခန်း ရှေ့နှင့် ဘေးဘက်တွင် အနည်းဆုံး ခလုတ်ပေါင်း ရာဂဏန်းခန့် ရှိနေပြီး ၎င်းအပြင် လီဗာများ၊ လှည့်ခလုတ်များ၊ ထိတွေ့ခလုတ်များ၊ အမျိုးမျိုးသော တိုင်းတာရေး ကိရိယာများနှင့် အချက်ပြမီးများ စသည်တို့ ပါဝင်နေလေသည်။ အဆိုးရွားဆုံး အချက်မှာ... အလွန်ထင်ရှားသော နေရာတစ်ခုတွင် ဖန်အုပ်ဆောင်းအသေးလေးဖြင့် ဖုံးအုပ်ထားသော ခလုတ်တစ်ခု ရှိနေခြင်း ဖြစ်သည်။ ၎င်း၏ ဘေးတွင် အဝါရောင်နှင့် အမည်းရောင် ပေါင်းစပ်ထားသော နျူကလီးယားလက်နက် သတိပေးချက်သင်္ကေတတစ်ခု ရှိနေလေသည်...။
နောက်ဆုံးတွင် တွဲဖက်မောင်းနှင်သူ ကွပ်ကဲရေးခန်းရှေ့ရှိ ထိန်းချုပ်ရေးဘောင်ကွက်ပေါ်တွင် စာလုံးလေးလုံး ရေးသားထားလေသည်။လက်နက် စနစ်။
“ဒါကတော့ သောက်ရမ်း ရူးချင်စရာပဲဟေ့”
ဖုန်းပုကြွယ်ပင်လျှင် မနေနိုင်ဘဲ အော်ဟစ်မိလိုက်တော့သည်။
“လှုပ်ရှားမှု စနစ်က ကစားကွင်းက ကားတိုက်ဂိမ်းထက်တောင် ပိုအခြေခံဆန်နေပေမဲ့ လက်နက်စနစ်ကျတော့ အထွေထွေ တစ်ဖက်သတ် အာရုံကြောချိတ်ဆက်မှုဆိုင်ရာ သီးခြားမောင်းနှင်စနစ်လိုမျိုး ဖြစ်နေတယ်”
“ငါ ဘာလို့လဲ မသိပေမဲ့... ဒီထဲမှာထိုင်ပြီး ငါ့မျက်နှာနဲ့ ကီးဘုတ်ကိုသာ လျှောက်ဖိလိုက်ရင် ကမ္ဘာကြီး ပျက်စီးသွားနိုင်သလိုမျိုး ခံစားနေရတယ်...”
ရှောင်တန်က မျက်စိများမှေးကျဉ်းရင်း ဆက်ပြောလိုက်သည်။
“အင်း... မဟုတ်ဘူး၊ ငါတို့ စိတ်အေးအေးထားပြီး စဉ်းစားကြည့်ရအောင်... လီဂိုတုံး တစ်သေတ္တာစာတောင် မပြည့်တဲ့ အရာတွေနဲ့ မိနစ်နှစ်ဆယ်အတွင်း ဖန်တီးထားတဲ့ လက်နက်တစ်ခုက ဒီလောက်အထိ အစွမ်းထက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ဖုန်းပုကြွယ် တွေးတောလိုက်သည်။
“ဖြစ်နိုင်တာက... ခလုတ်တွေ အများကြီး ရှိပုံရပေမဲ့ အဲ့ဒါတွေထဲက အများစုက အသုံးမဝင်တဲ့ ကိရိယာလေးတွေပဲ ဖြစ်လိမ့်မယ်၊ ဥပမာ ခလုတ်အများစုက ကွပ်ကဲရေးခန်းထဲက စိုထိုင်းဆနဲ့ အပူချိန်ကို ညှိဖို့ဖြစ်ပြီး တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်ပဲ တကယ့်လက်နက်ဖြစ်လိမ့်မယ်”
“ဟီးဟီး... မင်း အဲဒါတွေကို ဖြည်းဖြည်းချင်း စမ်းကြည့်လို့ ရတာပဲ...”
ရှောင်တန်က ပြောရင်း တွဲဖက်မောင်းနှင်သူ ကွပ်ကဲရေးခန်းတံခါးကို တွန်းဖွင့်ကာ မတ်တတ်ရပ်လိုက်သည်။ သူသည် သူ့လက်မောင်းကို တွန်းလှန်လိုက်ရာ ရှေ့ဘက် ကွပ်ကဲရေးခန်းထဲသို့ ရောက်ရှိသွားလေသည်။
“ငါ လှုပ်ရှားမှုကို ထိန်းချုပ်လိုက်မယ်”
ဖုန်းပုကြွယ်က ဂရုမစိုက်ပေ။ သူက “ငါးအမြီး” ပေါ်မှ ခုန်ဆင်းကာ ချိန်ညှိစရာ အစိတ်အပိုင်းများစွာ ပါရှိသည့် တွဲဖက်မောင်းနှင်သူ ကွပ်ကဲရေးခန်းထဲသို့ ဝင်ရောက်လိုက်သည်။
“ဘာပဲဖြစ်ဖြစ်... သွားကြစို့”
ယင်းကို ကြားသောအခါ ရှောင်တန်သည် သူ့ရှေ့ရှိ လှည့်ခလုတ်ကို “ဖွင့်” ဘက်သို့ လှည့်လိုက်ပြီးနောက် မောင်းနှင်တံကိုဆွဲကာ ငါးပူတင်း စစ်သည်တော်ကို ရှေ့သို့ ရွေ့လျားရန် ထိန်းချုပ်လိုက်လေသည်။
“ဟေး... တွန်းလိုက် ဆွဲလိုက် လုပ်တာက တစ်ကြိမ်မှာ တစ်လှမ်းပဲ သွားတာပဲ...”
ရှောင်တန်သည် စက်ရုပ်ကို ဆယ်လှမ်းမပြည့်တပြည့် ခြေလှမ်းလှမ်းအောင် ထိန်းချုပ်ပြီးနောက် ပြင်းထန်သော ပြဿနာတစ်ခုကို သတိပြုမိသွားခဲ့သည်။
“ပြီးတော့ ငါ့ခြေထောက် လှုပ်ရှားမှုအရှိန်နဲ့ အကြိမ်ရေက ငါမောင်းနှင်တံဆွဲတဲ့ အရှိန်နဲ့ အတိအကျ အတူတူပဲကွ”
“ဒါဆို ဘာဖြစ်လဲ”
ဖုန်းပုကြွယ်က မေးလိုက်သည်။
“မောင်းနှင်တံကို ထပ်ခါထပ်ခါ တွန်းလိုက်ဆွဲလိုက်လုပ်ရတဲ့ ဒီနည်းလမ်းကိုသုံးရင် ခန္ဓာကိုယ်စွမ်းအင် စိုက်ထုတ်ရတာက လက်နဲ့ ဇောက်ထိုးလမ်းလျှောက်ရသလိုမျိုး အတူတူပဲလေ...”
ရှောင်တန်က ပြန်ဖြေသည်။
“ဟမ့်...”
ဖုန်းပုကြွယ်က အထင်သေးသော လေသံဖြင့် နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို မြှောက်လိုက်သည်။
“ဒါက မင်းမှာ ခွန်အား မလုံလောက်လို့ပဲ၊ ငါဆို လက်တစ်ဖက်တည်းနဲ့ လုပ်နိုင်တယ်...”
“ဟေး”
ရှောင်တန်က အော်ဟစ်ကာ သူ့စကားကို ဖြတ်ပြောလိုက်သည်။
“ဒီလို စျေးပေါတဲ့ယုံကြည်မှုမှာ ဘာက အဲလောက်အထိ ကြီးကျယ်နေလို့လဲ”
...
တစ်ချိန်တည်းမှာပင် လီဂိုဆိုင်အပြင်ဘက်၊ စင်တစ်ခုပေါ်၌။
အမှောင်ရိပ်ထဲတွင် စူးရှသော အကြည့်တစ်ခု ရှိနေလေသည်။ စနိုက်ပါရိုင်ဖယ်၏ မှန်ပြောင်းမှတစ်ဆင့် လီဂိုဆိုင်၏ တစ်ခုတည်းသော ထွက်ပေါက်ကို ချိန်ရွယ်ထားခြင်းဖြစ်သည်။
နေရာ မြင့်မားပြီး၊ လေငြိမ်ကာ သင့်တော်သော အကွာအဝေး ရှိသည့် ပြီးပြည့်စုံသော ချောင်းမြောင်းပစ်ခတ်ရေးနယ်မြေ ဖြစ်သည်။ လီဂိုဆိုင်၏ ထွက်ပေါက်တွင် မည်သည့် အကာအကွယ်မှ မရှိဘဲ ကွင်းပြင်သက်သက်သာ ဖြစ်သည်။
ညကြည့်မှန်ပြောင်း၏ အကူအညီဖြင့် ရီရူယွီသည် ထိုနေရာက အခြေအနေကို ရှင်းလင်းစွာ စောင့်ကြည့်နိုင်ပေသည်။ ယင်ကောင်တစ်ကောင်ပင် (မှန်တာပေါ့ အခုတော့ ယင်ကောင်တွေက သူတို့အတွက် ကြွက်အရွယ်အစားလောက် ရှိနိုင်တယ်လေ) ပျံသန်းမသွားနိုင်ပေ။
“အခု ငါတို့ လုပ်ရမှာက စောင့်ဖို့ပဲ...”
ရီရူလီသည် ညကြည့်မှန်ပြောင်းကို ကိုင်ကာ ရီရူယွီ့ဘေးတွင် ဝပ်နေရင်း ပြောလိုက်သည်။ သူမတို့၏ စနိုက်ပါနှင့် အကဲခတ်စောင်ကြည့်သူပေါင်းစပ်မှုက အလွန်ကောင်းမွန်စွာ ချိန်ညှိထားခြင်း ဖြစ်သည်။ ရီရူလီသည် ရီရူယွီ၏ မြင်ကွင်းပြင်ပမှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို ရှာဖွေဖော်ထုတ်ရန် တာဝန်ယူထားပြီး မည်သည့်အမှားအယွင်းမှ မရှိစေရန် အာမခံနိုင်ပေသည်။
“အမှန်တော့ သူတို့က လီဂိုအိမ်ကနေ ထွက်သွားပြီး CLS ရဲ့ ကိုယ်ပိုင်နယ်မြေကို ပြန်သွားတာလည်း ဖြစ်နိုင်တာပဲ”
ရီရူယွီက ချိန်ရွယ်ထားသည့် ပုံစံအတိုင်း မလှုပ်မယှက် ပြောလိုက်သည်။
ရီရူလီက ဆက်ပြောလိုက်သည်။
“ငါတို့ တော်ဝင်အစောင့်တပ်ဖွဲ့ဆီက သတင်းကို ၁ နာရီ ၅၃ မိနစ်မှာ ရခဲ့တာ၊ ပြီးတော့ ပုကြွယ်နဲ့ ဝမ်တန်ကျိတို့က လီဂိုအိမ်ထဲကို ၁ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ ဝင်သွားကြတာ၊ တကယ်လို့ သူတို့က တာဝန်တစ်ခုခုကို ပြီးမြောက်ဖို့ ဒါမှမဟုတ် ဇာတ်လမ်းကို ရှေ့ဆက်ဖို့ သွားတာဆိုရင် ဒီလောက်ထိ မြန်မြန်ကြီး ပြန်ထွက်လာမှာ မဟုတ်ဘူး”
“တကယ်လို့ သူတို့က ငါတို့လိုပဲ ညဘက်လုံခြုံရေး ကင်းလှည့်တာကို ဂရုမစိုက်ဘဲ ၁ နာရီ ၅၅ မိနစ်နောက်ပိုင်း အပြင်မှာ လှုပ်ရှားရဲကြရင်ကော”
ရီရူယွီက ဆိုသည်။
“ဒါဆိုရင် ငါတို့ မရောက်ခင် သူတို့မှာ ထွက်ပြေးဖို့ ဆယ်မိနစ်လောက် အချိန်ရလိမ့်မယ်”
“အင်း... ဒီယူဆချက်မှာ အခြေခံအချက်နှစ်ချက် ရှိတယ်... ပထမတစ်ခုက သူတို့ လီဂိုအိမ်ထဲမှာ လုပ်စရာရှိတာကို အရမ်းမြန်မြန်ပြီးသွားခဲ့တာ၊ ဒုတိယတစ်ခုက သူတို့က ငါတို့နဲ့ မတိုက်ခိုက်ချင်သေးတာပဲ”
ရီရူလီက စဉ်းစားဟန်ဖြင့် ပြောသည်။
“ပုကြွယ်ရဲ့ စတိုင်အရ ဆိုရင်တော့...”
“ဘေးထွက်တာဝန် ဒါမှမဟုတ် လျှို့ဝှက်တာဝန် တစ်ခုခုအတွက်ဆိုရင် ခေါင်းဆောင်က ငါတို့ကို ယာယီ ရှောင်နေလောက်တယ်”
ရီရူယွီက ဆိုသည်။
“ပြီးတော့ ဒီလို ရှောင်ရှားတာကို စနစ်က ‘ဂိမ်းအပေါ်စိတ်မပါသူ’ လို့ သတ်မှတ်မှာ မဟုတ်ပါဘူး၊ ဒါက ဗျူဟာမြောက် ရှောင်လွှဲခြင်းသက်သက်ပဲ”
“တကယ်လို့ သူတို့က CLSs ကိုယ်ပိုင်နယ်မြေကို တကယ် ပြန်သွားကြပြီဆိုရင် ဒီမှာရှိနေတဲ့ ငါတို့အခြေအနေက အရမ်းအန္တရာယ်များတယ်”
ရီရူလီက ပြောလိုက်သည်။
ရီရူယွီ သက်ပြင်းချလိုက်သည်။
“ငါ ဒါကို သေချာ စဉ်းစားပြီးပါပြီ၊ လုံခြုံရေး ကင်းလှည့်တာက မနက် ၂ နာရီ ၁၅ မှာ ပြီးမှာ၊ ငါတို့ အဲဒီအချိန်ကစပြီး နောက်ထပ် ၁၅ မိနစ်လောက် ထပ်စောင့်ကြည့်မယ်၊ တကယ်လို့ ၂ နာရီ ၃၀ အထိ ဘယ်သူ့ကိုမှ မမြင်ရဘူးဆိုရင် ဒါမှမဟုတ် အဲဒီအချိန်အတွင်းမှာ ရန်သူ့အရုပ်တွေက ငါတို့ကို တွေ့သွားရင် ငါတို့ အရင်ဆုတ်ကြမယ်၊ ပြီးမှ ငါတို့ရဲ့ စစ်အင်အားကို သုံးပြီး လှည့်ပတ် လှုပ်ရှားကြတာပေါ့”
ထိုအခိုက်အတန့်တွင် ကောင်မလေးနှစ်ဦးသည် အမျိုးမျိုးသော ကျိုးကြောင်းဆီလျော်သည့် နည်းဗျူဟာများကို သုံးသပ်ဆွေးနွေးနေကြစဉ် ထူးထူးဆန်းဆန်း စက်ရုပ်ကြီးကို မောင်းနှင်နေသည့် လူကြီးလူကောင်းကောင်လေးနှစ်ဦးမှာမူ လီဂိုအိမ်၏ ထွက်ပေါက်ဆီသို့ ချဉ်းကပ်လာနေကြပြီ ဖြစ်သည်။
ထပ် ထပ် ထပ် ထပ် ထပ်... ငါးပူတင်း စစ်သည်တော်မှာ ရှေ့သို့ ချီတက်နေလေသည်။
အဓိက ကွပ်ကဲရေးခန်းထဲတွင် ထိုင်နေသော ရှောင်တန်မှာမူ မြေးတစ်ဦးကဲ့သို့ အလွန်ပင်ပန်းနွမ်းနယ်နေလေသည်...။ အစ်ကိုကြွယ်ကတော့ တွဲဖက်မောင်းနှင်သူ အခန်းထဲတွင် သမ်းဝေနေပြီး မေးစေ့ကို လက်ဖြင့်ထောက်ကာ အလွန်ပျင်းရိနေခဲ့သည်။
“ဒါနဲ့ ပြောရဦးမယ်၊ ငါတို့ မူဆာရှီ ကိုဂါနဲကို ယာဉ်ပျံတစ်စီး ဖန်တီးခိုင်းသင့်တာ မဟုတ်လား၊ လေကြောင်းကနေ ရန်သူ့ဆီ ချဉ်းကပ်တာက အမြန်ဆုံးနဲ့ အန္တရာယ်အကင်းဆုံး ဖြစ်မှာပဲလေ”
ရှောင်တန်က ပင်ပန်းကြီးစွာ ညည်းတွားလိုက်သည်။
“မင်းပြောပုံအရ ဆိုရင်တော့... ငါတို့ စင်ပေါ်ကနေ ရန်သူ့ဆီ တိုက်ရိုက်ချဉ်းကပ်တာ ဒါမှမဟုတ် ငါက မွန်းဝေါ့ခ်ကိုသုံးပြီး မင်းကို ပန်းတိုင်နဲ့ ပိုနီးတဲ့ ပိုမြင့်တဲ့နေရာကို ခေါ်သွားတာက ပိုအဆင်မပြေဘူးလား”
ဖုန်းပုကြွယ်က ဆိုသည်။
“အာ ဟုတ်သားပဲ”
ရှောင်တန်က ဝင်ပြော၏။
“အင်း၊ သေချာပြောရရင် ငါအဲဒီအစီအစဉ်တွေ အားလုံးကို တွေးခဲ့ပြီးသားပါ”
ဖုန်းပုကြွယ်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဒါဆိုရင် ငါပဲ မောဟိုက်ပြီး လျှာထွက်သွားမယ့်သူ ဖြစ်မနေဘူးလား”
“ဟင်”
ရှောင်တန်က စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လိုက်သည်။
“မင်းက မင်းအသင်းဖော်ကို တမင် နှောင့်ယှက်နေတာပဲကွ”
“မဟုတ်ဘူး၊ အဲလို မဟုတ်ပါဘူး”
ဖုန်းပုကြွယ်က သူ့လက်များကို ခေါင်းပေါ်တင်ကာ ကုလားထိုင်တွင် နောက်မှီလိုက်သည်။
“မမေ့နဲ့ဦး... ကွပ်ကဲရေးခန်းထဲကို မင်းကိုယ်တိုင် တက်လာခဲ့တာနော်...”
စက္ကန့်အနည်းငယ် ကြာပြီးနောက် ရှေ့ဘက်မှ “ဖြန်း” ခနဲ အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထင်ရှားသည်မှာ ရှောင်တန်သည် သူ့ကိုယ်သူ ပါးရိုက်လိုက်ခြင်း ဖြစ်သည်။
“တစ်ခုခု... ထွက်လာ... နေပြီ...”
ရီရူယွီက ရုတ်တရက် ပြောလိုက်သည်။
သူမ သေနတ်မပစ်သည်ကို မြင်သောအခါ ရီရူလီက တစ်ခုခုမှားယွင်းနေကြောင်း သိသဖြင့် သူမသည်လည်း လီဂိုအိမ်ရှေ့ဘက်နယ်မြေဆီသို့ မှန်ပြောင်းဖြင့် ချိန်ရွယ်လိုက်လေသည်။ သူမမြင်ကွင်းထဲ ထိုအရာကြီးပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူမသည် မှန်ပြောင်းကို ချလိုက်ပြီး... မျက်လုံးကို ပွတ်သပ်ကာ ပြန်လည်ကြည့်ရှုလိုက်ပြန်သည်။
“အထဲမှာ ဘယ်သူရှိနေလဲ ငါမသိဘူးဆိုတာကို ငါ ငါးပြားကြေး လောင်းကြေးထပ်ရဲတယ်”
ရီရူလီက အေးစက်သော လေသံဖြင့် မှတ်ချက်ချလိုက်သည်။
“ဒီအရူးနှစ်ယောက်က ဒီလီဂိုမကောင်းဆိုးဝါးကို သူတို့ဘာသာ တည်ဆောက်ခဲ့တာ ဖြစ်မယ်...”
ရီရူယွီက “ဒီနှစ်ယောက်ကတော့ ကယ်တင်လို့ မရတော့ဘူး” ဆိုသည့် သဘောမျိုးဖြင့် လေးနက်စွာ တုန့်ပြန်လိုက်လေသည်။
“တကယ်လို့ ဒါက ဇာတ်လမ်းထဲမှာ ပါပြီးသား အရုပ်တစ်ခု ဆိုရင်တော့...”
ရီရူလီ ဆက်ပြောလိုက်သည်။
“ဒါက ဘယ်တော့မှ ရောင်းထွက်မှာ မဟုတ်ဘူး”
“ဒါ့အပြင်၊ အရုပ်တွေက လုံခြုံရေးကင်းလှည့်နေတဲ့ အချိန်မှာ ဒီအတိုင်း လျှောက်ပြေးနေလို့ မရဘူးလေ”
ရီရူယွီက ပြောရင်း သူမ၏ စနိုက်ပါရိုင်ဖယ်ထဲသို့ အထူးကျည်ဆန်တစ်တောင့်ကို ထည့်သွင်းလိုက်လေသည်။
“စိတ်ဝင်စားစရာပဲ... တကယ်လို့ သူတို့ရဲ့ယာဉ်က ရုတ်တရက် ပေါက်ကွဲသွားရင် သူတို့ အသက်ရှင်နိုင်ပါ့မလား...”
သူမသည် ငါးပူတင်းစစ်သည်တော်၏ ကိုယ်ထည်ဆီသို့ သေနတ်ဖြင့် ချိန်ရွယ်ရင်း သူမနှုတ်ခမ်းဖျားတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဘန်း။
ရီရူယွီ မောင်းခလုတ်ကို ဆွဲလိုက်သည့် အခိုက်အတန့်တွင် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အသံတစ်ခုဖြင့် လေထုကို ဆွဲဖြဲသွားပြီး အပြာဖျော့ဖျော့လင်းလက်နေသည့် ကျည်ဆန်တစ်တောင့် ထွက်ပေါ်လာလေတော့သည်။