အခန်း ၃၆၄
Vol. 37 Ch. 364
အခန်း (၃၆၄) အရုပ်စစ်ပွဲ - ၁၇
အမည် - သံချပ်ကာဖောက် ပေါက်ကွဲကျည်ဆန်
အမျိုးအစား - တစ်ခါသုံးပစ္စည်း
အရည်အသွေး - ထူးကဲ
အာနိသင် - ပစ်မှတ်၏ ပထမဆုံးကာကွယ်ရေးအလွှာကို ဖောက်ဝင်ပြီးနောက် မီးလောင်ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည်။ အကယ်၍ ကာကွယ်ရေးအလွှာကို မဖောက်ဝင်နိုင်ပါက တိုက်ရိုက် ပေါက်ကွဲမည်ဖြစ်သော်လည်း အစွမ်းက ထက်ဝက်လျော့နည်းသွားလိမ့်မည်။
အသုံးပြုရန် လိုအပ်ချက် - ပစ်ခတ်ရေးကျွမ်းကျင်မှု အဆင့် C သို့မဟုတ် လက်မှုပညာကျွမ်းကျင်မှု အဆင့် B
မှတ်ချက် - ယူရေနီယံသတ္တုစပ် ထုတ်ကုန်ဖြစ်ပြီး မိုက်ခရိုအရည်တွန်းအားသုံးစနစ်၏ ကူညီမှုကြောင့် ဖောက်ဝင်နိုင်စွမ်း အလွန်မြင့်မားသည်။ ပေါက်ကွဲမှု အာနိသင်သည် မီးလောင်ပျက်စီးမှုကို ဖြစ်ပေါ်စေသည်။
ဤအထူးကျည်ဆန်မျိုးကို လေလံဈေးကွက်တွင် အမြောက်အမြား တွေ့ရှိနိုင်ပေသည်။ အများစုမှာ အတော်လေး စျေးကြီးလှပြီး သွေးဖြည့်ဆေးရည်အကြီး တစ်ပုလင်း (ဂိမ်းဒင်္ဂါး ၁၂,၀၀၀) ထက်ပင် ပိုမိုမြင့်မားသော စျေးနှုန်းဖြင့် ရောင်းချတတ်ကြသည်။ သို့သော်လည်း ၎င်းကို အသုံးပြုဖူးသူများကတော့ ဤအရာသည်... တစ်တောင့်တည်း ရှိရုံဖြင့် စစ်ပွဲတစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲပစ်နိုင်ပြီး ရလဒ်ကိုပါ တိုက်ရိုက်ဆုံးဖြတ်ပေးနိုင်သည့် ပစ္စည်းမျိုး ဖြစ်သည်ကို ကောင်းစွာ သိရှိကြပေသည်။
ယနေ့ခေတ် သည်းထိတ်ရင်ဖို သုခဘုံတွင် အလယ်အလတ်နှင့် အဆင့်မြင့်အသင်း အများစုသည် ပစ်ခတ်ရေးကျွမ်းကျင်သူများကို အသင်းထဲသို့ ခေါ်ယူရန် အလွန် စိတ်အားထက်သန်ကြသည်။ အကြောင်းမှာ ၎င်းတို့တွင် တိုက်ပွဲအခြေအနေကို ပြောင်းလဲပစ်နိုင်သော ပြင်းထန်သည့် ဖျက်ဆီးရေး စွမ်းရည်များ ရှိကြပြီး ဤဖျက်ဆီးရေးစွမ်းအားကို အတော်လေး ကုန်ကျစရိတ် သက်သာစွာဖြင့် ရရှိနိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ အနီးကပ်တိုက်ခိုက်ရေး ကျွမ်းကျင်သူတစ်ယောက်က တိုက်ပွဲအခြေအနေကို ပြောင်းလဲနိုင်သော လက်နက်တစ်ခုကို လိုချင်ပါက စျေးနှုန်းမှာ အနည်းဆုံး ဂဏန်းခြောက်လုံး ရှိပေလိမ့်မည်။ သို့သော်လည်း ပစ်ခတ်ရေး ကျွမ်းကျင်သူများအတွက်မူ ဤသို့လုပ်ဆောင်နေရန် မလိုအပ်ပေ။ သူတို့သည် ပျမ်းမျှအဆင့်ရှိသော သေနတ်တစ်လက်နှင့် ဂိမ်းဒင်္ဂါး သောင်းဂဏန်းခန့် ပေးရသည့် ကျည်ဆန်တစ်တောင့် ရှိရုံဖြင့် အနီးကပ်တိုက်ခိုက်ရေးသမားများ သိန်းဂဏန်း အကုန်အကျခံရမည့် ပျက်စီးမှုကို ပေးစွမ်းနိုင်လေသည်။ ကျည်ဆန်များသည် တစ်ခါသုံးပစ္စည်းများ ဖြစ်သဖြင့် ပစ်လိုက်လျှင် ကုန်ဆုံးသွားမည် ဖြစ်သော်လည်း အခြားတစ်ဖက်က ကြည့်မည်ဆိုလျှင် ဝယ်ပြီးပြီးချင်း ချက်ချင်းသုံးပစ်ရမည့်အရာမျိုး မဟုတ်ပေ။ ၎င်းတို့ကို အာမခံချက်တစ်ခု သို့မဟုတ် ဝှက်ဖဲတစ်ခုအဖြစ် သတ်မှတ်ထားနိုင်ပေသည်။ အသင့်တော်ဆုံးနှင့် အရေးကြီးဆုံး အခိုက်အတန့်တွင်သာ အသုံးပြုမည်ဖြစ်သည်။ များစွာသော ဇာတ်လမ်းများတွင် ကုန်ဆုံးသွားမည် မဟုတ်ပေ။
ဤနည်းဖြင့် အဆင့်နိမ့်နှင့် အလယ်အလတ် အဆင့်များတွင် ဤသို့သော ကျည်ဆန် အတောင့် ၃၀နှင့် အသင့်အတင့် ကောင်းမွန်သော သေနတ်တစ်လက်ကို ဝယ်ယူထားခြင်းဖြင့် အချိန်အတော်ကြာ တောင့်ခံထားနိုင်ပေသည်။ အနီးကပ် တိုက်ခိုက်ရေးသမားများ သိန်းဂဏန်း ပေးဝယ်ထားသော ပစ္စည်းကိရိယာများ အသုံးမဝင်တော့သည့် အချိန်တွင်ပင် သေနတ်ပစ်သမားများ၌ ကျည်ဆန်များ ကျန်ရှိနေဦးမည် ဖြစ်သည်။
ပြင်ပကမ္ဘာတွင် ကုရှောင်လင်ကဲ့သို့သော တိုင်ကွန်းမလေးတစ်ဦးအတွက်မူ ဤကျွမ်းကျင်မှုကို ရွေးချယ်ခြင်းက အနည်းငယ် ဖြုန်းတီးရာ ရောက်ပေသည်။ လက်ရှိတွင် အဆင့်မြှင့်တင်ရန် “စျေးအကြီးဆုံး” ဟု သတ်မှတ်ထားသော ကျွမ်းကျင်မှုများမှာ ယေဘုယျအားဖြင့် လက်နက်စနစ်နှင့် ဆင့်ခေါ်စနစ်တို့ ဖြစ်ပြီး ပစ်ခတ်ရေးခြင်းနှင့် ကင်းထောက်ခြင်းတို့မှာတော့ ငွေအနည်းငယ်ဖြင့် ကောင်းမွန်သောရလဒ်များကို ရရှိနိုင်သည့် အရာနှစ်ခု ဖြစ်သည်။
မှန်ပေသည် ငွေသီးသန့် သုံးချင်တာဆိုရင်တော့ ဘယ်ကျွမ်းကျင်မှုဖြစ်စေ အရေးမကြီးချေ။ ဂိမ်းဒင်္ဂါး တစ်သောင်းကျော်သာ ပေးရသည့် ကျည်ဆန်တစ်တောင့်မှာ ခြောက်ယွမ် သို့မဟုတ် ခုနစ်ယွမ်ခန့်သာ တန်ဖိုးရှိခြင်းဖြစ်သည်။ ယွမ် ငါးသောင်းခန့် သုံးလိုက်ရုံဖြင့် အထူးကျည်ဆန်များ ထည့်သွင်းထားသည့် ဂတ်တလင်းစက်သေနတ် တစ်လက် ရရှိနိုင်ပြီး ရန်သူကို တရစပ် ပက်ဖြန်းပစ်နိုင်လေသည်။
...
အဓိကအကြောင်းအရာဆီ ပြန်သွားရလျှင် သံချပ်ကာဖောက် ပေါက်ကွဲကျည်ဆန်သည် လေထုကို ဖြတ်သန်း၍ ဝှစ်ခနဲ ပြေးဝင်လာပြီး ငါးပူတင်းစစ်သည်တော်၏ ကိုယ်ထည်ကို ထိမှန်သွားလေသည်။
ဤဇာတ်လမ်းတွင် အရုပ်များသည် အလွန်သန်မာသင့်သည်ဟု ဆိုသော်လည်း ရီရူယွီ၏ ထိုပစ်ခတ်မှုမှာ လီဂိုတုံးများ၏ ကာကွယ်ရေးထက် သေချာပေါက် ကျော်လွန်နေခြင်းဖြစ်သည်။
စီ... စီ... စီ...။
ဆက်တိုက် ထွက်ပေါ်လာသည့် ထူးဆန်းသော အသံတိုလေးများပြီးနောက် ကျည်ဆန်သည် ငါးပူတင်းစစ်သည်တော်၏ ကိုယ်ထည်ကို ဖောက်ဝင်ကာ စက်အတွင်းပိုင်းထဲသို့ ဝင်ရောက်သွားလေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ကျည်ဆန်သည် အလွန်သိမ်မွေ့သော နေရာတစ်ခုကို ထိမှန်သွားခဲ့သည်...။ ယင်းမှာ အဓိက ကွပ်ကဲရေးခန်းနှင့် တွဲဖက်မောင်းနှင်သူ ကွဲကဲရေးခန်း၏ အလယ်တည့်တည့်ပင် ဖြစ်တော့သည်။ အကယ်၍ ကျည်ဆန်သည် အလယ်ကနေ အနည်းငယ်လွဲချော်ပြီး ကွပ်ကဲရေးခန်းတစ်ခုခုထဲ ဝင်သွားခဲ့ပါက အတွင်းထဲတွင် ပေါက်ကွဲမှု ဖြစ်ပွားပေလိမ့်မည်။ ၎င်း၏ စွမ်းအင်များ အပြည့်အဝ ထွက်ပေါ်လာပြီး အလုံပိတ်ပတ်ဝန်းကျင်ရှိ မောင်းနှင်သူများကို အပြင်းအထန် ပျက်စီးစေပေလိမ့်မည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် ကျည်ဆန်သည် လီဂိုတုံးများကြားတွင် ညှပ်မိသွားပြီး ပေါက်ကွဲသွားခဲ့ရာ...
ဝုန်း… ကွဲအက်သံများ ချက်ချင်း ထွက်ပေါ်လာပြီး လီဂိုအပိုင်းအစများ လွင့်စင်ကုန်တော့သည်။
မမျှော်လင့်ထားသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေသည်။ ငါးပူတင်းစစ်သည်တော်သည် နှစ်ပိုင်း ပြတ်သွားခဲ့ခြင်းဖြစ်သည်။ ရှေ့တစ်ဝက်သည် ကြီးမားဝိုင်းစက်နေသော ငါးခေါင်းကြီး ဖြစ်သည်။ နောက်တစ်ဝက်မှာမူ သေးငယ်သောငါးအမြီးနဲ့ ခြေထောက်နှစ်ချောင်း ဖြစ်သည်။
မောင်းနှင်သူနှစ်ဦး၏ ကွပ်ကဲရေးအခန်းများသည် အတော်လေး နဂိုအတိုင်း ရှိနေသေးသော်လည်း နှစ်ဦးလုံး၏ အသက်အမှတ်ကတော့ ၃၅ ရာခိုင်နှုန်းခန့် လျော့နည်းသွားရသည်။
“ငါးခေါင်း” အပိုင်းထဲက ရှောင်တန်မှာ အခြေခံအားဖြင့် ပိတ်မိသွားလေသည်။ သို့သော်လည်း... ရုတ်တရက် ပေါက်ကွဲမှုကြောင့် သူသည် မကြာခင်အတွင်း ပြန်လည် လွတ်မြောက်နိုင်ဦးမည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ဖုန်းပုကြွယ်ကတော့ “ငါးအမြီး” အပိုင်းထဲတွင် ရှိနေခဲ့သည်...။ သူသည် သူ့ရှေ့တွင် ဖြစ်ပျက်နေသည့် အခြေအနေကို မြန်မြန်ဆန်ဆန်ဖြင့် မှန်ကန်စွာ သုံးသပ်လိုက်သည်။
“ဒါက သံချပ်ကာဖောက် ပေါက်ကွဲကျည်ဆန်ပဲ (ငရဲတပ်ဦးအဖွဲ့ဝင် လေးယောက်လုံးသည် ပစ္စည်းကိရိယာတွေနဲ့ ကျွမ်းကျင်မှုတွေကို တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကောင်းစွာ သိကြသည်)... ဒါက သေချာပေါက် ဉာဏ်ရှိတဲ့ ရွေးချယ်မှုပဲ... ဒါပေမဲ့ ကံမကောင်းပုံရတယ်၊ လေထဲမှာ တိုက်ရိုက် မပေါက်ကွဲသွားဘူး”
သူ သူ့ဘာသာ ရေရွတ်ရင်း သူ့ရှေ့ရှိ ခလုတ်များကို ရမ်းသန်း နှိပ်လိုက်လေသည်။ မည်သို့ပင်ဖြစ်စေ ဤငါးပူတင်းစစ်သည်တော်သည် ၎င်း၏ တာဝန်ကို မစတင်ရသေးမီမှာပင် ပျက်စီးသွားပြီ ဖြစ်သည်။ ဘာလက်နက်တွေက အလုပ်လုပ်သေးလဲ၊ တန်ပြန်တိုက်ခိုက်ဖို့ ဘာသုံးလို့ရမလဲဆိုတာကို သူ စမ်းကြည့်ချင်ရုံသာ ဖြစ်သည်။
မမျှော်လင့်ဘဲ... ဤငါးပူတင်းစစ်သည်တော်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်လူများ စိတ်ကူးယဉ်နိုင်သည်ထက် များစွာ ပိုမိုကျော်လွန်နေလေသည်။
အစ်ကိုကြွယ် ပေါ့ပေါ့ပါးပါး ရမ်းသန်းနှိပ်လိုက်ပြီးနောက် ချက်ချင်းပင် အောက်ပါ အချက်ငါးချက် ဖြစ်ပွားသွားတော့သည်။
ပထမအချက်၊ တွဲဖက်မောင်းနှင်သူအခန်းနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည့် “ငါးခေါင်း” အပိုင်းသည် လက်နက်စနစ်ဆီမှ ညွှန်ကြားချက်များကို ရရှိလိုက်ပြီး ချက်ချင်းဖောင်းကားလာကာ ၎င်းမျက်နှာပြင်ပေါ်တွင် ကြီးမားချွန်ထက်သော ဆူးများစွာ ထွက်ပေါ်လာခဲ့သည်။
ဒုတိယအချက်၊ ငါးတောင်ပံများသည် ချိန်းဆောစက်ကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် စတင် လည်ပတ်လာခဲ့သည်။
တတိယအချက်၊ “Sunny Little Pig” သီချင်းဖြစ်သည့် “A Sincere Smile” သီချင်းသည် တွဲဖက်မောင်းနှင်သူခန်းထဲတွင် စတင် မြည်ဟီးလာခဲ့သည်။
စတုတ္ထအချက်၊ ငါးပူတင်းစစ်သည်တော်၏ အနောက်ဘက်တစ်ဝက်သည် ခြေထောက်များနှင့် ကိုယ်ထည် ဆုံသည့်နေရာတွင် ပုံသဏ္ဍာန် ပြောင်းလဲသွားပြီး ကွပ်ကဲရေးခန်းကို အပေါ်သို့ ကိုးဆယ်ဒီဂရီ လှည့်ပတ်လိုက်ကာ အောက်ခြေထောက်များသည် ပုံသေ မြင်းထိုင်ပုံစံမျိုးကို နေရာယူလိုက်သည်။
ပဉ္စမအချက်၊ ပစ်လွှတ်ရေးပြွန်တစ်ခုသည် တွဲဖက်မောင်းနှင်သူ အခန်း၏ အပေါ်ဘက် ၄၅ ဒီဂရီ ထောင့်တွင် ပေါ်ထွက်လာပြီး ဝိုင်းစက်နေသော ကျည်ဆန်တစ်ခုကို အပေါ်သို့ တိုက်ရိုက် ပစ်လွှတ်လိုက်သည်။ ဆယ်စက္ကန့်အကြာတွင် ထိုကျည်ဆန်သည် အမြောက်ပြွန်ထဲသို့ တည့်တည့်မတ်မတ် ပြန်လည်ပြုတ်ကျလာပြီး ပေါက်ကွဲမှု အနည်းငယ် ဖြစ်ပွားခဲ့ရာ ဖုန်းပုကြွယ်သည် တုန်ခါမှုလှိုင်းကြောင့် အသက်အမှတ် ၁၀ ရာခိုင်နှုန်း ထပ်မံလျော့နည်းသွားခဲ့ရသည်။
“ဒီမကောင်းဆိုးဝါးကောင်က နှစ်ပိုင်းပြတ်သွားတာတောင် လှုပ်ရှားနေသေးတယ်...”
ရီရူယွီ၏ အကြည့်မှာ ငါးပူတင်းစစ်သည်တော်၏ အစိတ်အပိုင်းနှစ်ခုကြားတွင် ဝေ့ဝဲနေ၏။
“ပြီးတော့ အပိုင်းနှစ်ခုစလုံးက အရင်ကထက်တောင် ပိုရွံစရာကောင်းလာသေးတယ်...”
ရီရူလီက ဖြည့်စွက်ပြောလိုက်သည်။
ရီရူယွီသည် ဂိမ်းမီနူးထဲက ရန်သူ့အခြေအနေကို လှမ်းကြည့်ကာ အစ်ကိုကြွယ်နှင့် ရှောင်တန်တို့ အသက်ရှင်နေသေးသည်ကို အတည်ပြုပြီးနောက် ပြောလိုက်သည်။
“အဲဒီ လီဂိုမကောင်းဆိုးဝါးရဲ့ အပိုင်းနှစ်ခုစလုံးက ပေါက်ကွဲပြီးမှ ပြောင်းလဲသွားတယ်ဆိုတော့ ဒါက တစ်ယောက်ယောက်က နှစ်ဖက်စလုံးကို ထိန်းချုပ်နေတယ်ဆိုတဲ့ သဘောပဲ”
သူမသည် သာမန် အသိဉာဏ်အပေါ် အခြေခံပြီး ကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။ လုပ်ငန်းစဉ်မှာ အပြည့်အဝ မမှန်သော်လည်း ရလဒ်ကတော့ မှန်ကန်နေခဲ့သည်။
“ဒါပေမဲ့ အဲဒီအရာရဲ့ လှုပ်ရှားမှုတွေက အရမ်းထူးဆန်းတယ်... မောင်းနှင်သူက ရမ်းသန်းမောင်းနေသလိုပဲ...”
ရီရူလီက တွေးတောရင်း ပြောလိုက်သည်။
“ဒါဆိုရင် ဖြစ်နိုင်ခြေသုံးခု ရှိတယ်”
ရီရူယွီ၏ ဦးနှောက်က လျင်မြန်စွာ လည်ပတ်သွားပြီး ချက်ချင်းပြန်ဖြေလိုက်သည်။
“ပထမတစ်ခုက ခေါင်းဆောင်နဲ့ ရှောင်တန်က ဒီလီဂိုယာဉ်ကို ဘယ်လိုသုံးရမလဲကို မကျွမ်းကျင်သေးတာ၊ ဒုတိယတစ်ခုက ဒါက ချို့ယွင်းသွားပြီး ပုံမှန် အလုပ်မလုပ်နိုင်တော့တာ၊ တတိယတစ်ခုကတော့ ဒီလုပ်ရပ်တွေက ငါတို့ကို လမ်းမှားအောင် တမင်ဟန်ဆောင်ပြနေတာ”
“ဆိုတော့...”
ရီရူလီက သူမအား ဆက်ပြောရန် အချက်ပြလိုက်သည်။
“အမှန်တော့၊ ဒီဖြစ်နိုင်ခြေတွေက ငါတို့ကို ဘာမှ မသက်ရောက်ပါဘူး”
ရီရူယွီက ပြောရင်း သူမ၏ စနိုက်ပါရိုင်ဖယ်ထဲသို့ သံချပ်ကာဖောက် ပေါက်ကွဲကျည်ဆန်တစ်တောင့်ကို ထပ်ထည့်ကာ ပြုံးလိုက်လေသည်။
“နောက်ထပ် တစ်ချက်ပေါ့”
ရီရူယွီတစ်ယောက် အလွန်ထူးဆန်းသော ပုံသဏ္ဍာန် ရှိသည့် “ငါးပူတင်းအမြီး” ဆီသို့ အဆုံးသတ် ပစ်ခတ်မှု ပြုလုပ်တော့မည့် အခိုက်အတန့်မှာပင်... အတွင်း၌ ရှိနေသော ဖုန်းပုကြွယ်သည် နျူကလီးယားလက်နက် သတိပေးချက်သင်္ကေတ ပါသည့် ခလုတ်ကို ဖိနှိပ်လိုက်တော့သည်။
“အဲဒီ စိတ်မမှန်တဲ့ မူလတန်းကျောင်းသားက လီဂိုတုံးတွေနဲ့ တကယ့် နျူကလီးယားဗုံးကို ဖန်တီးနိုင်လိမ့်မယ်လို့ ငါမယုံဘူး”
ဖုန်းပုကြွယ် ခလုတ်နှိပ်လိုက်သည့် အခိုက်အတန့်တွင် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်မိသည်။
ဝှစ်။
ဤသည်မှာ ရော့ကတ် လွှတ်တင်လိုက်သည့်အသံ ဖြစ်သည်...။
ထိုင်ရက်အနေအထားတွင် ရှိနေသော ငါးပူတင်းစစ်သည်တော်သည် ၎င်း၏ အမြီးပိုင်းမှ ပြင်းထန်သော မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်ခြင်းဖြစ်သည်။ ခြေထောက်များနှင့် ကိုယ်ထည် ဆုံသည့် နေရာသည်လည်း သင့်တော်သောအချိန်တွင် သီးခြား ပြုတ်ထွက်သွားခဲ့သည်။ အမြီးပိုင်း၏ ပြင်းထန်သော တွန်းကန်အားက ယခုတွင် အပေါ်သို့ ၉၀ ဒီဂရီ ဦးတည်နေသော ကိုယ်ထည်ကို ကောင်းကင်ယံထံသို့ တွန်းပို့လိုက်တော့သည်။
“ဟေး၊ ဒီအရာကြီးကိုယ်တိုင်က ဒုံးကျည်ထိပ်ဖူးကြီး ဖြစ်နေတာလား”
ဖုန်းပုကြွယ် အလွန် ထိတ်လန့်သွား၏။
“ကွပ်ကဲရေးခန်းထဲမှာ ပျော်စရာသီချင်းတွေဖွင့်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့ ဒုံးကျည် တိုက်ခိုက်မှုကို လုပ်နေတာပဲမလား”
စင်ထိပ်တွင်ရှိနေသော ရီရူယွီနှင့် ရီရူလီတို့မှာ တစ်ဦးက စနိုက်ပါ မှန်ပြောင်းနောက်မှ မော့ကြည့်လိုက်ပြီး အခြားတစ်ဦးကတော့ ညကြည့်မှန်ပြောင်းကို ချလိုက်လေသည်။ သူမတို့ နှစ်ဦးလုံးသည် အမှောင်ထုထဲတွင် ရုတ်တရက်လင်းလက်လာမှုနှင့် တဖြည်းဖြည်း မြင့်တက်လာနေသော ငါးအမြီးဒုံးကျည်ကို စိုက်ကြည့်နေခဲ့ကြသည်။
မျက်နှာအမူအရာ မရှိ၊ ဆွံ့အလျက်...။
ရှောင်တန်မှာမူ အလွန်အမင်း ကံကောင်းလှသည်။ ဘယ်သူမှ သူ့ကို ဂရုမစိုက်မိသည့်အချိန်တွင် သူအကြောက်ပြေသွားပြီး အဓိက ကွပ်ကဲရေးခန်းတံခါးကို တွန်းဖွင့်ကာ အပြင်သို့ ငုံ့ကြည့်လိုက်မိသည်။ မမျှော်လင့်စွာဖြင့် သူသည် “ငါးအမြီးရော့ကတ်ကြီး” ကောင်းကင်သို့ ပျံတက်သွားသည်ကို မျက်မြင်တွေ့ရှိလိုက်ရလေသည်။
“ဟိုးလီးရှစ်... ဘာတွေ ဖြစ်ကုန်တာလဲ...”
ရှောင်တန်မှာ သူ့ပါးစပ်ကို မပိတ်နိုင်တော့ပေ။
“သူက ကောင်းကင်ဘုံကို တက်လှမ်းသွားတာလား”
“အင်း... မကြောက်ပါနဲ့...”
ဖုန်းပုကြွယ်က ရော့ကတ်အတွင်းပိုင်းထဲတွင် သူ့ဘာသာ ရေရွတ်သည်။
“ဒီလို အချိန်မျိုးမှာ ငါ့အတွက် အချိန်ခရီးသွားစက်တစ်ခုပဲ လိုအပ်တော့တယ်... ခဏလေး”
သူ ညည်းတွားလိုသည့် ဗီဇကို အတင်းအကျပ် ရပ်တန့်လိုက်သည်။
“ကောင်းပြီ၊ စိတ်အေးအေးထားပြီး စဉ်းစားကြည့်ရအောင်၊ ဒီအရာမှာ ပစ်မှတ်မရှိဘူး၊ ဒါကြောင့် စူပါမားကတ်င်ရဲ့ မျက်နှာကျက်ကို သေချာပေါက် မျဉ်းဖြောင့်အတိုင်း သွားတိုက်လိမ့်မယ်၊ ဒါကြောင့် ငါ တံခါးဖွင့်ပြီး အပြင်ကို ခုန်ချလိုက်ရုံပဲ၊ ပြီးရင် မွန်းဝေါ့ခ်လမ်းလျှောက်ခြင်းကိုသုံးပြီး အလွယ်လေး လွတ်မြောက်နိုင်တာပဲ”
ယင်းကို တွေးမိသောအခါ သူထပ်မံ စဉ်းစားမိပြန်သည်။
“ဒါပေမဲ့ ဒီလို ကြီးကျယ်ခမ်းနားတဲ့ လွှတ်တင်မှုက ရီရူလီနဲ့ ရီရူလီတို့ရဲ့ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်မိလိမ့်မယ်... ငါ တံခါးဖွင့်ပြီး ထွက်လိုက်တာနဲ့ တိုက်ရိုက်အပစ်ခံရနိုင်တယ်”
လက်တွေ့အခြေအနေသည် ဖုန်းပုကြွယ်၏ ယူဆချက်နှင့် အတိအကျ ကိုက်ညီနေလေသည်။ တိုတောင်းသော အံ့အားသင့်စရာ အခိုက်အတန့်ပြီးနောက် ရီရူယွီသည် စနိုက်ပါရိုင်ဖယ်ကို ပြန်လည် မြှင့်တင်ကာ ပစ်ကွင်းနေရာထက် ကျော်လွန်နေပြီဖြစ်သော ငါးအမြီးရော့ကတ်ဆီသို့ ချိန်ရွယ်လိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် တံခါးက အမှန်တကယ် ပွင့်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် ရီရူယွီသည် တံခါးဆီသို့သာ အပြည့်အဝ အာရုံစိုက်ထားလေသည်။
မမျှော်လင့်ဘဲ တံခါးပွင့်လာချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင်...
ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ငါးအမြီးရော့ကတ်၏ အခြားတစ်ဖက်က အပြင်ဘက်ကိုယ်ထည်သည် အတွင်းပိုင်းမှ ကွဲအက်ပွင့်ထွက်သွားတော့သည်။
လွင့်စင်သွားသော လီဂိုတုံးအပိုင်းအစများနှင့်အတူ ကြက်သွေးရောင်အလင်းတန်းတစ်ခုသည် ထိုအပေါက်ထဲမှ လျှပ်တပြက် ပြေးထွက်လာခဲ့သည်။ သူသည် သူ၏ အမြင့်ဆုံးအမြန်နူန်းကို အသုံးပြု၍ မွန်းဝေါ့လ်လမ်းလျှောက်ခြင်းကို ဆက်တိုက်ပြုလုပ်လိုက်ပြီး တစ်မီတာကျော် အကွာအဝေးကို ချက်ချင်းဖြတ်ကျော်ကာ အနီးဆုံးစင်ထိပ်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။
ဖုန်းပုကြွယ်၏ လှည့်စားမှုနည်းဗျူဟာမှာ အလွန်အောင်မြင်ခဲ့သည်။ သူ တံခါးဖွင့်လိုက်သည့် အခိုက်အတန့်တွင် ရန်သူ၏ အာရုံစိုက်မှုက ကွပ်ကဲရေးခန်းထွက်ပေါက်ဆီသို့ ရောက်ရှိသွားမည်ကို ကောင်းစွာ သိပေသည်။ ယင်းမှာ သူ့အတွက် အခွင့်အရေး ဖြစ်သည်။ အကယ်၍ သူသည် အခြားတစ်ဖက်မှ အပေါက်တစ်ခုဖွင့်ပြီး ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်၏ အမြန်နူန်းဖြင့် ပြေးထွက်လာခဲ့မည်ဆိုပါက တံခါးကို ချိန်ထားသော ရန်သူမှာ သေနတ်လှည့်ဖို့ပင် အချိန်ရမည် မဟုတ်ချေ။ ဤသည်မှာ CS ဂိမ်း မဟုတ်ပေ။ မောက်စ်ကို အသာအယာလှည့်လိုက်ရုံဖြင့် ပစ်မှတ်ကို ထိမှန်နိုင်တာမျိုး မဟုတ်ချေ။ လက်တွေ့တွင် ကြီးမားသော စနိုက်ပါရိုင်ဖယ်ကို ကိုင်ဆောင်ထားပြီး ချက်ချင်းလှည့်ပစ်ရန် ကြိုးစားခြင်းသည် စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။
“ရှောင်တန်က ငါတို့ကို တွေ့သွားပြီး နံရံအတိုင်း ပြေးနေတယ်”
ရီရူလီက ပြောလိုက်ရင်း ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွား၏။ သူမ ဦးတည်ရာမှာ ဖုန်းပုကြွယ် ရှိနေသည့် စင်ဆီသို့ တည့်တည့်မတ်မတ်ပင် ဖြစ်သည်။
“ကောင်းပြီ၊ ငါနဲ့ပဲ ထားခဲ့လိုက်ပါ”
ရီရူယွီက သူမဝမ်းကွဲ၏ ဆိုလိုရင်းကို သဘာဝကျကျပင် နားလည်လိုက်သည်။ သူမသည် စနိုက်ပါရိုင်ဖယ်ဖြင့် စင်အစွန်းဆီသို့ ရောက်ရှိလာပြီး အောက်ငုံ့ကြည့်လိုက်သောအခါ ပထမဆုံး မြင်လိုက်ရသည်မှာ စင်အစွန်းအတိုင်း အပေါ်သို့ ပြေးတက်လာနေသော ရှောင်တန် ဖြစ်သည်။
“အရူးပဲ... နံရံပေါ် မတက်ခင် ဘေးကို တစ်ဝက်လောက် ပတ်သွားတယ်ပေါ့”
သူမ ရေရွတ်ရင်း သူမမှန်ပြောင်းထဲမှ လေဆာအမှတ်ကို ရှောင်တန်၏ ခြေထောက်များဆီသို့ ရွှေ့လိုက်သည်။
အခြားတစ်ဖက်တွင်မူ အကြိမ်အနည်းငယ် ခုန်ပျံပြီးနောက် ရီရူလီသည် ဖုန်းပုကြွယ် ခုန်တက်ခဲ့သည့် စင်ထိပ်ပေါ်သို့ ရောက်ရှိသွားသော်လည်း တစ်ဖက်လူမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဗီဇ၏လမ်းညွှန်မှုကြောင့် ရီရူလီသည် လမ်းကြောင်းတစ်ခုအတိုင်း ဆက်လက် ရှာဖွေလိုက်သည်။
ဤအခိုက်အတန့်တွင် သူမသည် ညကြည့်မှန်ပြောင်းကို သိမ်းဆည်းလိုက်ပြီး ၎င်းအစား မြင့်မြတ်ချိတ်တံဆိပ်ဓားကို အစားထိုး ကိုင်ဆောင်လိုက်လေသည်။
ဘုန်း။
နောက်ထပ်ပြင်းထန်သော ပေါက်ကွဲသံတစ်ခု အဝေးမှ ထွက်ပေါ်လာပြန်သည်။ လွှတ်တင်လိုက်သော ရော့ကတ်သည် မျက်နှာကျက်ကို သွားတိုက်မိပြီး ပေါက်ကွဲသွားခြင်း ဖြစ်သည်။
ဤအရာမှာ တော်တော်လေး စွမ်းအားပြင်းလှသည် (အရုပ်တစ်ခု အနေဖြင့်ပေါ့)။ သို့သော်လည်း နျူကလီးယားဗုံးကဲ့သို့တော့ ရူးသွပ်စရာ မကောင်းပေ။ ၎င်းမှာ ကောင်းကင်သို့ ပစ်လွှတ်လိုက်သည့် မီးရှူးမီးပန်းတစ်ခုနှင့် အလားတူဖြစ်ပြီး ၎င်းလွင့်စင်သွားသော အပိုင်းအစများမှာ စက္ကူစများထက်ပင် ပိုအန္တရာယ်များပေသည်။
စူပါမားကတ်ပတ်ဝန်းကျင်သည် အရုပ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားမည် မဟုတ်သော်လည်း ဤရော့ကတ်ကြောင့် အလိုအလျောက် မီးသတ်စနစ်က စတင်အလုပ်လုပ်သွားတော့သည်။
စူပါမားကတ်ရှိ အပေါ်မီးလုံးအားလုံးသည် ထိုအခိုက်အတန့်တွင် ပွင့်လာခဲ့ပြီး အနီးနားရှိ မျက်နှာကျက်ပေါ်မှ မီးသတ်ရေဖျန်းခေါင်းများက အောက်သို့ ရေများ စတင်ပက်ဖျန်းတော့သည်။ သေးငယ်သွားသော ကစားသမားများအတွက်မူ ယင်းမှာ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းလိုက်သကဲ့သို့ပင် ဖြစ်သည်။
“ဟေး၊ အဲဒီရေစိုနေတဲ့ အလှလေးရေ”
ဖုန်းပုကြွယ်၏ အသံက ရီရူလီ၏နောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာလေသည်။
“မင်း ငါ့ကို ရှာနေတာလား”
ရီရူလီက ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ပြီး လက်တစ်ဖက်ကို မြှောက်ကာ သူမ၏ အမြင်အာရုံကို မဖုံးအုပ်စေရန်အတွက် ဆံပင်များကို အသာအယာ သပ်တင်လိုက်သည်။ ဖြစ်နိုင်သည်မှာ အလင်းရောင်နှင့် ရေမှုန်ရေမွှားများကြောင့် သူမမျက်နှာသည် ထူးဆန်းစွာ ဖြူလျော်ဝေဝါးနေသလို ဖြစ်နေလေသည်။ ယင်းသည်က ဖုန်းပုကြွယ် တစ်ခါမှ မမြင်ဖူးခဲ့သည့် ရီရူလီ၏ ပုံစံမျိုး ဖြစ်သည်။
“ထပ်မပြေးတော့ဘူးလား”
သူမ မေးလိုက်သည်။
“မီးတွေ လင်းလာမှတော့ မင်းငါ့ကို မြန်မြန် ရှာတွေ့မှာပဲလေ”
ဖုန်းပုကြွယ်က ဆိုသည်။
“ဒါ့အပြင်၊ ငါက အစကတည်းက ပြေးဖို့ မရည်ရွယ်ထားပါဘူး”
သူသည်လည်း သူ့ဆံပင်များကို နောက်သို့ သပ်တင်လိုက်ပြီး ရေများကြောင့် ချောင်ယွန်ဖတ်ပုံစံကဲ့သို့ ဆံပင်နောက်လှန်စတိုင်ကို ဖန်တီးလိုက်သည်။
“ငါက ပိုသန်မာတဲ့သူ မဟုတ်လား၊ ကြည့်လေ၊ ငါမင်းကို နောက်ကချောင်းတိုက်လို့ ရရက်သားနဲ့ မင်းကို အရင်ဆုံး နှုတ်ဆက်ခဲ့တာလေ”
“ဟွန်း...”
ရီရူလီ ရယ်မောလိုက်သည်။ ထိုအပြုံးသည် အပြုံးလည်း ဖြစ်သလို လှောင်ပြောင်ခြင်းလည်း ဖြစ်သည်။
“မင်း ငါ့ကို ပြုံးပြတာကို မြင်ရခဲတယ်နော်”
ဖုန်းပုကြွယ်က ပြောသည်။
“ကျွန်မ ဘယ်သူ့ကိုမှ သိပ်မပြုံးပြပါဘူး”
ရီရူလီက ပြန်ဖြေသည်။
“ဒါဆို ငါ့တစ်ယောက်တည်းကို ရည်ရွယ်တာ မဟုတ်ဘူးပေါ့...”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“ကျွန်မတို့ ဒါကို နောက်မှ ဆွေးနွေးလို့ ရမလား”
ရီရူလီက အကြောင်းအရာကို ပြောင်းရန် ကြိုးစားလိုက်သည်။
“ဘာပဲဖြစ်ဖြစ်၊ ငါတို့အားလုံး အရိုးထဲအထိ ရေစိုကုန်ပြီဆိုတော့ အရေးမကြီးပါဘူး”
ဖုန်းပုကြွယ်က ဆိုသည်။
“ရှင်စကားပြောချင်ရင် လိုင်းမတက်တဲ့ တစ်ရက်ရက်မှ ပြောကြတာပေါ့”
ရီရူလီက သူမဓားကို ပင့်မြှောက်ရင်း ပြောလိုက်သည်။
“တကယ်လို့ ရှင် ဒီနေရာမှာ ဒီလောက်အထိ ယုံကြည်မှုအပြည့်နဲ့ လက်နက်မပါဘဲ ဆက်ရပ်နေဦးမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ခံစားရလိမ့်မယ်”
“လိုင်းမတက်တဲ့အချိန်... ငါတို့ ဖုန်းဆက်ကြမလား”
ဖုန်းပုကြွယ်သည် တည်ငြိမ်နေဆဲဖြစ်ပြီး စကားဝိုင်းကို ပြန်လည်ထိန်းကျောင်းလိုက်သည်။
“ရှင် ကျွန်မကို တွေ့ချင်နေတာ မဟုတ်လား”
ရီရူလီ မေးလိုက်သည်။
“နိုး၊ နိုး၊ နိုး၊ နိုး...”
ဖုန်းပုကြွယ် အသဲအသန် ခေါင်းခါလိုက်သည်။
ရီရူလီက သူ့အား တိတ်ဆိတ်စွာ စိုက်ကြည့်နေလေသည်။
“အာ... ဟုတ်ပါတယ်”
အစ်ကိုကြွယ်သည် သူမ၏ အကြည့်အောက်တွင် အရှုံးပေးလိုက်ရပြီး အမှန်အတိုင်း ပြောလိုက်ရသည်။
“ဒါဆို... ကျွန်မလည်း S မြို့မှာ နေတယ်ဆိုတာ ရှင်သိပြီးသားပေါ့”
ရီရူလီက မေးလိုက်သည်။
“အာ အမှန်ပဲ... ငါ့ရဲ့ စုံစမ်းစစ်ဆေးရေး စွမ်းရည်တွေနဲ့ဆိုရင်...”
ဖုန်းပုကြွယ်က အနည်းငယ် ဂုဏ်ဆာတော့မည့် အချိန်တွင်...
“တကယ်လို့ ဒီပြိုင်ပွဲမှာ ရှင် ကျွန်မကို ရှုံးရင်...”
ရီရူလီက သူ့စကားကို ဖြတ်ပြောလိုက်သည်။
“ဒါဆို ရှင် နောက်ယောင်ခံလိုက်သူ တစ်ယောက်အနေနဲ့ အဖမ်းခံရဖို့ အသင့်ပြင်ထားလိုက်ပါ”
“ဟေး ရုတ်တရက်ကြီး ခြိမ်းခြောက်တာ ဖြစ်သွားလား...”
ဖုန်းပုကြွယ်က အော်ဟစ်လိုက်သော်လည်း တခဏမျှ ရပ်တန့်သွားပြီးနောက် မေးလိုက်လေသည်။
“အင်း... တကယ်လို့ ငါနိုင်ရင်ကော...”