အခန်း ၃၆၈.၁
Vol. 37 Ch. 368.1
အခန်း (၁) ဖရိုဖရဲ ပွဲဦးထွက်
ဤအတွဲသည် "ချန်လင်ဓားပြိုင်ပွဲ"နှင့် "ငါက စာရေးဆရာတစ်ယောက်ပါ" အခန်းများကြား ဖြစ်ပျက်ခဲ့သည့် ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ထားခြင်း ဖြစ်သည်။
ဘာလို့ အခုမှ ဒါကို ရေးရတာလဲ...။
တကယ်တော့ အထူးတလည် အကြောင်းပြချက် မရှိပါဘူး...။
အကယ်၍ အကြောင်းပြချက်တစ်ခု ပေးရမယ်ဆိုရင်တော့ ငါ့မှာ ရေးစရာတွေ အများကြီး ရှိနေတာကြောင့် ဒီအရှက်မဲ့လှတဲ့ ဇာတ်လမ်းကို ယာယီချန်ထားခဲ့မိလို့ပါပဲ။
ဖုန်းပုကြွယ်ဟာ ဒီဇာတ်လမ်းထဲမှာ ဘာအိုင်တမ် ဒါမှမဟုတ် ဘာစကေးမှ သုံးစွဲမှာ မဟုတ်တဲ့အတွက် ဒီအပိုင်းကို ဘယ်နေရာမှာထည့်ထည့် ပြဿနာမရှိပါဘူး။
ဒါဆို... စလိုက်ကြရအောင်။
…
"ဟီးဟီးဟီး... သည်းထိတ်ရင်ဖို သုခဘုံမှ ကြိုဆိုပါတယ်"
ရင်းနှီးနေသော အသံတစ်ခုက ရယ်မောလျက် ထွက်ပေါ်လာ၏။
“ဒေါင်းလုဒ် ပြီးဆုံးပါပြီ၊ သင်သည် လက်ရှိတွင် တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ် (အိပ်မက်ဆိုး) ကို ကစားနေခြင်း ဖြစ်ပါသည်”
ဤမုဒ်တွင်က ဇာတ်လမ်းမိတ်ဆက်ကို ပေးထားမှာဖြစ်ပြီး ဘေးထွက်တာဝန်များ/လျှို့ဝှက်တာဝန်များနှင့် အထူးကမ္ဘာ့အမြင်များ ပါဝင်လာနိုင်မည့် အခွင့်အလမ်း ရှိပါသည်”
“ဇာတ်လမ်းအောင်မြင်မှု ဆုလာဘ်- ပြီးဆုံးသွားသောအခါ သင်သည် မူလအတွေ့အကြုံအမှတ်၏ ၈၀% ကို အပိုဆောင်းဆုလာဘ်အဖြစ် ရရှိမည် ဖြစ်ပါသည်”
“ဇာတ်လမ်းမိတ်ဆက်ကို မကြာမီ ပြသပါမည်၊ ၎င်းပြီးဆုံးသွားသည်နှင့် ဂိမ်းကို ချက်ချင်း စတင်ပါမည်”
စခရင်က လင်းထိန်သွားခဲ့ပြီး ကွန်ပျူတာဂရပ်ဖစ်ထဲမှ ဇာတ်ကောင်သည် တောင်တက်လမ်းတစ်ခုပေါ်တွင် ကားတစ်စီးကို မောင်းနှင်နေခဲ့သည်။
ရှေ့ရှိလမ်းခရီးမှာ ကြမ်းတမ်းလှပြီး လမ်းဘေးတွင် ကာရံထားသော အတားအဆီးများကလည်း ယိုယွင်းပျက်စီးနေကြောင်း ထင်ရှားသည်။ ရံဖန်ရံခါတွင် အတားအဆီးများ မရှိဘဲ လွတ်နေသည့် နေရာများကို မြင်တွေ့ရပြီး ၎င်းတို့သည် ယခင်က မတော်တဆမှု ဖြစ်ပွားခဲ့သောယာဉ်များကြောင့် ပျက်စီးသွားခဲ့ခြင်း ဖြစ်ပုံရသည်။
လေကာမှန်မှတစ်ဆင့် အဝေးရှိရှုခင်းများကို ကြည့်လိုက်ပါက မတ်စောက်လှသော တောင်တန်းများ၊ နက်ရှိုင်းသော ချိုင့်ဝှမ်းများနှင့် ထူထပ်လှသော သစ်တောများကို မြင်တွေ့ရမည်ဖြစ်သည်…။ ယင်းသည် လူသူကင်းမဲ့ပြီး အလှမ်းဝေးလွန်းလှသော ဒေသတစ်ခုဖြစ်ကြောင်း သိသာလှသည်။
လမ်းဘေးတစ်လျှောက်တွင် မတ်စောက်သော ချောက်ကမ်းပါးများ ရှိနေပြီး ဘေးတိုက်နှင့် စောင်းလျက် ပေါက်ရောက်နေကြသော ထူးဆန်းသည့် ပုံသဏ္ဍာန်ရှိသည့် သစ်ပင်များဖြင့် ဖုံးလွှမ်းနေကာ အချို့သစ်ကိုင်းများမှာ လမ်းမပေါ်သို့ပင် ဆန့်ထွက်နေကြသဖြင့် သိသာထင်ရှားသော ဘေးအန္တရာယ်တစ်ခု ဖြစ်နေလေသည်။
စက္ကန့်အနည်းငယ်မျှ ကြည့်ပြီးနောက် ဖုန်းပုကြွယ်သည် နောက်ထပ် ဘာဖြစ်လာမည်ကို ခန့်မှန်းမိလိုက်သည်…။
မကြာမီမှာပင် စနစ်အသံက ထွက်ပေါ်လာခဲ့သည်။
“သင်သည် ထူးဆန်းသောစရိုက်စရိုက်ရှိတဲ့ နာမည်ကြီးစုံထောက်တစ်ယောက် ဖြစ်တယ်”
“အောက်တိုဘာလရဲ့ တစ်နေ့သော မွန်းလွဲပိုင်းအချိန်မှာ သင်ဟာ ခရီးရှည်ကြီးတစ်ခု ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်”
“သင်ဟာ စျေးပေါတဲ့ အငှားကားတစ်စီးကို မောင်းနှင်ခဲ့တယ်၊ သင်ဟာ အဝေးပြေးလမ်းမတွေအတိုင်း မောင်းနှင်ခဲ့ပြီး မြို့ပြကနေ ထွက်ခွာခဲ့တယ်။ တောင်ကုန်းတွေကို ဖြတ်ကျော်၊ ချိုင့်ဝှမ်းတွေကို ဖြတ်သန်းပြီး ဝေးကွာလှတဲ့ လမ်းမကြီးအတိုင်း ဆက်လက် မောင်းနှင်ခဲ့တယ်… ဒီထူးဆန်းပြီး လူသူကင်းမဲ့တဲ့ မြေရိုင်းတွေထဲမှာ "လွတ်လပ်မှု" ရဲ့ စိတ်ကူးယဉ်ပုံရိပ်တွေကို ရှာဖွေရင်းပေါ့”
“သင် ဒီနေရာကို ရောက်ရှိလာတဲ့အထိပဲ…”
“ဒါက ရှေးဟောင်းမြေရိုင်းတစ်ခု ဖြစ်ပြီး၊ လူ့အဖွဲ့အစည်းယဉ်ကျေးမှုခြေရာတွေက ဒီနေရာမှာ ဆက်လက်မတည်ရှိချင်ကြသလိုပါပဲ၊ သူတို့က ထွက်မသွားခင် လျှပ်တပြက်ခြေရာတချို့ကိုသာ ချန်ထားရစ်ခဲ့ကြတယ်”
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတော့ ဒီနေရာကို လူတွေနေထိုင်ဖို့ သင့်တော်တဲ့နေရာအဖြစ် သတ်မှတ်ခဲ့ကြဖူးပါတယ်”
“ပြင်သစ်-ကနေဒီယန်တွေ ရောက်လာခဲ့ကြတယ်၊ အီတလီလူမျိုးတွေ ရောက်လာခဲ့ကြတယ်၊ ပိုလန်လူမျိုးတွေ ရောက်လာခဲ့ကြတယ်၊ ဒါပေမဲ့ သူတို့အားလုံး ပြန်ထွက်သွားခဲ့ကြတယ်၊ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်၊ သူတို့ဟာ တစ်ခုခုကို မြင်ခဲ့ရ၊ ကြားခဲ့ရ ဒါမှမဟုတ် ရင်ဆိုင်ခဲ့ရလို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ်... စိတ်ကူးယဉ်မိခဲ့လို့ပဲ ဖြစ်ဖြစ်ပေါ့”
“ဒါက လူတွေကို အိမ်မက်ကောင်းတွေ ပေးစွမ်းနိုင်တဲ့နေရာတစ်ခု မဟုတ်တာတော့ ထင်ရှားပါတယ်...”
ထိုနေရာတွင်ပင် ဇာတ်ကြောင်းပြောပြမှုမှာ ရုတ်တရက် ရပ်တန့်သွားပြီး ၎င်းအစား ရုတ်တရက် ဘရိတ်အုပ်လိုက်သည့် အသံက အစားထိုး ဝင်ရောက်လာခဲ့သည်။
ဖုန်းပုကြွယ် ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင် အဖွင့်ဗီဒီယိုထဲက ကားသည် ရုတ်တရက် လမ်းချော်သွားပြီး လမ်းဘေးအတားအဆီးများကြားရှိ လွတ်နေသောနေရာမှ တိုးဝင်သွားကာ တောင်ကုန်းအောက်သို့ လိမ့်ဆင်းသွားတော့သည်။ ကားလိမ့်ဆင်းသွားသည့် တဒုန်းဒုန်းတဒိုင်းဒိုင်းမြည်သံနှင့်အတူ သူ့မျက်စိရှေ့က မြင်ကွင်းမှ ဦးစွာ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ထို့နောက် ဇောက်ထိုးဖြစ်သွားကာ နောက်ဆုံးတွင်တော့... အမှောင်ထုများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် စက္ကန့်အနည်းငယ် ကြာပြီးနောက် ဖုန်းပုကြွယ်သည် ပြန်လည် လှုပ်ရှားနိုင်လာပြီး ဇာတ်လမ်းကလည်း တရားဝင်စတင်တော့သည်။
မျက်လုံးများ ဖွင့်လိုက်သည်နှင့် အစ်ကိုကြွယ်သည် အနည်းငယ် မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်...။ ဤအခိုက်အတန့်တွင် သူရှိနေသောကားမှာ ဇောက်ထိုး ဖြစ်နေခဲ့သည်။ ပြီးလျှင် သူ့ခန္ဓာကိုယ်မှာလည်း ထိုင်ခုံပတ်ကြိုးဖြင့် ယာဉ်မောင်းထိုင်ခုံတွင် ချည်နှောင်လျက် ရှိနေလေသည်။
ကားက ဆီယိုစိမ့်ပြီး ပေါက်ကွဲမလားကို မသိရသေးသော်လည်း အတွင်းထဲ ဆက်နေဖို့ကတော့ သေချာပေါက် မဖြစ်နိုင်ချေ။
ဖုန်းပုကြွယ်သည် သူ၏ထိုင်ခုံပတ်ကြိုးကို ချက်ချင်းဖြုတ်ရန် ကြိုးစားလိုက်သည်။ ထူးဆန်းသည်မှာ ၎င်းက အလွန်လွယ်ကူစွာ ပြုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ ထိုင်ခုံပတ်ကြိုးမှာ ထင်မှတ်မထားလောက်အောင် ခိုင်ခံ့နေဆဲ ဖြစ်သည်။
သူ ဇောက်ထိုးဖြစ်နေစဉ်အတွင်း သူ့လက်နှစ်ဖက်ဖြင့် သူ့ကိုယ်သူ ထောက်ကန်ထားရင်း ပတ်ပတ်လည်ကို ကြည့်လိုက်ရာ လေကာမှန်တစ်ခုလုံး အက်ကွဲပျက်စီးနေသည်ကို မြင်လိုက်ရသဖြင့် ထိုနေရာမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ သူ ဦးခေါင်းကို ငုံ့လိုက်ပြီး သူ၏ကိုယ်အလေးချိန်ကို ပုခုံးများဆီသို့ လွှဲပြောင်းလိုက်ကာ ခန္ဓာကိုယ်အား ပုစွန်တစ်ကောင်ကဲ့သို့ ကွေးညွှတ်ရင်း သူ့ခြေထောက်များကို အရင်ဆုံး ရှေ့သို့ဆန့်ထုတ်လိုက်ပြီးနောက် ခန္ဓာကိုယ်ကို အနောက်ဘက်သို့ လိမ့်ချလိုက်သည်။
ထိုကောင်သည် အတော်လေး ပျော့ပျောင်းလှပြီး ကားထဲကနေ လျင်မြန်စွာ တွားသွားထွက်လာနိုင်ခဲ့သည်။
ချိုင့်ဝှမ်းအောက်ခြေရှိ ရွှံ့နွံထူထပ်သော မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ဖုန်းပုကြွယ်သည် ကျွမ်းထိုးမှောက်ခုံဖြစ်နေသော ကားနားက ချက်ချင်းထွက်မသွားပေ။ သူ၏ ပထမဆုံးအတွေးမှာ ကားထဲတွင် အသုံးပြုနိုင်မည့်ပစ္စည်းများ ရှိမရှိ ရှာဖွေရန် ဖြစ်သည်။
မမျှော်လင့်ထားသည်က ထိုအခိုက်အတန့်တွင် အလင်းတန်းတစ်ခု လျှပ်တပြက်လင်းလက်သွားပြီး ဆီတိုင်ကီအပြင်ဘက်ပိုင်းတွင် နားလည်ရခက်စွာဖြင့် စတင်မီးတောက်လာခြင်းဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ဖုန်းပုကြွယ်သည် ဤအရာကို မြင်တွေ့လိုက်ရပြီး လုံးဝတုံ့ဆိုင်းမနေဘဲ နောက်လှည့်ကာ ရှေ့သို့ တဟုန်ထိုးပြေးထွက်လိုက်သည်။ နှစ်စက္ကန့်အကြာတွင် အမှန်တကယ်ပင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားပြီး ရှေ့သို့ထွက်ပြေးနေသော ဖုန်းပုကြွယ်ကို မီတာအနည်းငယ်အထိ လွင့်ထွက်သွားစေကာ ရွှံ့နွံတောထဲသို့ မျက်နှာအပ်လျက်သား ပြုတ်ကျသွားစေခဲ့သည်။
"အိပ်မက်ဆိုးအဆင့်မှာတော့ တကယ့်ကို သတိလက်လွတ်နေလို့မရဘူးပဲ..."
ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။
"ဒီလို ချက်ချင်းသေစေနိုင်တာမျိုးက ငါ့ကို တုံ့ပြန်ဖို့ နှစ်စက္ကန့်ပဲ အချိန်ပေးတာပေါ့"
သူ ပြန်မတ်တတ်ရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။ အဝေးနေရာရှိ တောက်လောင်နေသော မီးတောက်များကို ကြည့်ရင်း ကားထဲတွင် သွားယူစရာ ဘာမှ မကျန်တော့ကြောင်း သူသိလိုက်ရသည်။
[အရေးကြီးမှတ်ချက်- ဇာတ်လမ်းပြင်ပမှ ယူဆောင်လာသော မည်သည့်ပစ္စည်းကိုမှ ဤဇာတ်လမ်းတွင် အသုံးပြု၍မရပါ။ ပစ္စည်းသိုလှောင်အိတ်နေရာလွတ်များကို ပိတ်ပင်ထားပါသည်။ စကေးနေရာလွတ်များကို ပိတ်ဆို့ထားပါသည်။ ဤဇာတ်လမ်းမှ မထွက်ခွာမီ သင်၏ အဝတ်အစားများကို ဇာတ်လမ်းထဲက ဇာတ်ကောင်ပုံစံအတိုင်း ယာယီပြောင်းလဲပေးထားမည်ဖြစ်ပြီး သင်၏ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကိုလည်း ပြင်ပကမ္ဘာက အဆင့်အတိုင်း ချိန်ညှိပေးထားမည် ဖြစ်သည်။]
"ဟမ်"
စနစ်၏ သတိပေးချက်ကို ကြားလိုက်ရသောအခါ ဖုန်းပုကြွယ်သည် ထင်ထင်ရှားရှားပင် အံ့အားသင့်သွားရသည်။သူ့အဝတ်အစားများမှာ ပေါ့ပေါ့ပါးပါး အနက်ရောင်ဝတ်စုံတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို သူ သတိပြုမိခဲ့သော်လည်း သူ၏ အိတ်တွင်းပစ္စည်းများနှင့် စကေးနေရာလွတ်များ ပြောင်းလဲသွားခြင်းကိုတော့ သတိမပြုမိခဲ့ပေ။
သတိပေးချက်ကို ကြားပြီးနောက် ဂိမ်းမီနူးကို ဖွင့်ကြည့်လိုက်သည့်အခါမှသာ သူ၏ အိုင်တမ်ပစ္စည်းများနှင့် စကေးများကို အမှန်တကယ် ပိတ်ပင်ထားကြောင်း မြင်တွေ့လိုက်ရလေသည်။
"ဝိုး... ဒီစနစ်ကတော့ တကယ့်ကို အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်ရဲ့ စတိုင်အတိုင်းပဲ၊ သတိပေးချက် ထုတ်ပြန်ပြီးတာနဲ့ ချက်ချင်း တန်းလုပ်တော့တာပဲ"
ဖုန်းပုကြွယ် တီးတိုးရေရွတ်ရင်း စနစ်၏ ကန့်သတ်ချက်များကို သက်ပြင်းချကာ လက်ခံလိုက်ရတော့သည်။
ထို့နောက် သူအမြဲလုပ်နေကျ အကျင့်အတိုင်း ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။
ချိုင့်ဝှမ်းအောက်ခြေသည် ရှည်လျားမြင့်မားလှသော သစ်ပင်ကြီးများဖြင့် အရိပ်ရနေသော်လည်း မွန်းလွဲပိုင်းနေရောင်ခြည်ကတော့ ထိုးဖောက်ဝင်ရောက်နေဆဲ ဖြစ်သည်။ သူသည် ထိုနေရာကို လျင်မြန်စွာ စူးစမ်းလိုက်သော်လည်း ထင်ရှားသော မည်သည့်ဘေးအန္တရာယ်ကိုမှ မတွေ့ရှိရပေ။
စနစ်၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပုံရသည်။ ပေါက်ကွဲပြီး မီးလောင်နေသော ကားသည်ပင် ဘေးသို့ မီးမကူးဘဲ ၎င်းတို့သည် ကားကိုယ်ထည်ပေါ်တွင်သာ စုစည်းနေပြီး ကားကိုယ်ထည်တစ်ခုလုံး ပြာကျသွားမှသာ မီးငြိမ်းသွားမည့် ပုံစံမျိုး ဖြစ်နေလေသည်။
ဖုန်းပုကြွယ် စတင်စူးစမ်းတော့မည့် အချိန်မှာပင် အဓိကတာဝန်သတိပေးချက်က ပေါ်ထွက်လာတော့သည်။
“အဓိကတာဝန် စတင်ပါပြီ”
“ဤဇာတ်လမ်းကို အခန်းပေါင်း သုံးဆယ့်သုံးခန်းဖြင့် ပြီးဆုံးအောင် ဆောင်ရွက်ပါ”
ဤတာဝန်၏ အောက်တွင် အဓိကတာဝန်တစ်ခု၏ အပိုင်းခွဲတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ချိုင့်ဝှမ်းထဲရှိ လဗ်ခရပ်ဖ်စံအိမ်ကို ရှာဖွေပြီး သွားရောက်ပါ”
"အိုး... ငါ သိပြီ"
ဖုန်းပုကြွယ် လှောင်ပြုံးပြုံးလိုက်သည်။
"ဒီလို ရှားပါးတဲ့ အထူးအပိုင်းမျိုးက အခန်းနည်းနည်းလေးနဲ့ ပြီးသွားဖို့ကတော့ သိပ်မကောင်းလှဘူး... ကောင်းပြီလေ၊ ဒါဆိုလည်း ငါက အခန်းပေါင်း သုံးဆယ့်သုံးခန်း ဖြစ်အောင် လုပ်ပေးရတာပေါ့"
...
ပုံမှန်အားဖြင့် အခန်းငါးခန်းခန့်ဖြင့်သာ ပြီးဆုံးလေ့ရှိသော အလွန်အမင်း ရိုးရှင်းလှသည့် အမှုတစ်ခု။
မကျွမ်းကျင်သော လူသတ်သမားတစ်ဦး၊ ချို့ယွင်းချက်များဖြင့် ပြည့်နှက်နေသော သော့ခတ်ထားသည့် အခန်းတစ်ခန်း၊ ထင်ရှားလှသော ရည်ရွယ်ချက်တစ်ခု...။
သို့သော်လည်း ထိုနာမည်ကျော် စုံထောက်ကြီးကတော့ မည်သို့ပင်ဖြစ်စေ ၎င်းကို အခန်းပေါင်း သုံးဆယ့်သုံးခန်း ဖြစ်အောင် လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချလိုက်ပြီ ဖြစ်သည်။
မယုံကြည်နိုင်စရာ ထောက်လှမ်းမှုများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ သံသယရှိသူများ၏ အရေအတွက်ကလည်း ဆက်တိုက် တိုးပွားလာနေခဲ့ရာ သူတို့သည် တကယ့် တရားခံအစစ်ကို ဥပဒေရှေ့မှောက်သို့ ပို့ဆောင်နိုင်ပါ့မလား။
ဒါကတော့ ပထမဆုံးအခန်းသာ ရှိသေးသည်...။
(TL note - ဒီစာရေးဆရာက တကယ့်ငစား။ Side story ကို တကယ်ကြီး ၃၃ခန်း ပြည့်အောင် ရေးမလို့လား၊ ဒါကြောင့် စာဖတ်သူများအနေနဲ့ ပင်မဇာတ်ကွက်ကိုပဲ ဖတ်ချင်တယ်ဆိုရင် နောက်ထပ်စာစဉ် နှစ်ခုလောက် ကျော်လိုက်လို့ရပါတယ်)