← Chapters

ခြေကိုးလှမ်းကောင်းကင်ဘုံချိပ်ပိတ်ခြင်းအစီအရင်

Vol. 90 Ch. 1237

ခြေကိုးလှမ်းကောင်းကင်ဘုံချိပ်ပိတ်ခြင်းအစီအရင်

Vol. 90 Ch. 1237

ထိုအကြောင်းအရာများသာ ဤကျောက်စိမ်းပြားပေါ်တွင် ပါသည်။ ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားနေ၏။ သို့သော် သူသည် ထိုစကားများ၏ အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်ပေ။ ထိုစကားများကို ကြည့်ရုံဖြင့် နိမိတ်ဖော်မှုများစွာ ပါနေသည်။

သူ့အကြည့်က အရှင်ဟွေစုန်ထံ ရောက်သွား၏။ ဝမ်လင်းက အရှင်ဟွေစုန်သည် ဤနေရာသို့ အကြိမ်ကြိမ် ရောက်ခဲ့ဖူးကာ သည်နေရာရှိ လှိုဏ်ဂူတော်တော်များများကိုလည်း ရှာဖွေတူးဖော်ပြီးလောက်ပြီကို သိသည်။ အရှင်ဟွေစုန် သည်ကနေ အချို့ရှားပါးရတနာများ၊ ကျင့်ကြံခြင်းနည်းလမ်းများ သို့မဟုတ် အချက်အလက်များကိုလည်း ရရှိထားပေမည်။

မဟုတ်ပါက သူသည် သည်နေရာဖြင့် အခုလောက် ကျွမ်းဝင်နေလိမ့်မည် မဟုတ်ပေ။

ရှေ့ဆုံးကနေ အရှင်ဟွေစုန် ဦးဆောင်မှုနှင့်အတူ သူတို့သည် တောင်ကြားလမ်းကျဉ်းအတိုင်း ဆင်းလာကြ၏။ အရင်က အရှင်ဟွေစုန်ထံ၌ သည်နေရာထိသာ ဖော်ပြထားသည့် ရိုးစင်းသောမြေပုံတစ်ခုသာ ရှိခဲ့၏။ အရင်တုန်းက သူ အခြားလမ်းတစ်ခုကနေ သွားခဲ့စဉ်က သူသည် ကျောက်စိမ်းပြားတစ်ခုနှင့် မြေပုံတစ်ခုကို ရခဲ့ကာ ၎င်းကျောက်စိမ်းပြားထဲရှိ အချက်အလက်က သူ့အား လောဘတက်စေခဲ့ခြင်းပင်။

သူတို့က ဤလမ်းကျဉ်းအတိုင်း ဆင်းလာသည်မှာ ရက်အတော်အတန် ကြာပြီ ဖြစ်၏။ မြူသားရဲများကို ရှောင်ရင်း သူတို့သည် တောင်ကြောအတွင်းပိုင်းထိ ရောက်လာသည်။ သူတို့ရှေ့၌ တောင်တစ်လုံး ရှိနေ၏။ ထိုနေရာကို ဖြတ်သန်းသွားပြီးနောက် သူတို့သည် တောင်နောက်တွင် ဘာရှိသည်ကို တွေ့မြင်ရပေလိမ့်မည်။

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက တည်ငြိမ်လှကာ ဘေးဘီကိုပင် မကြည့်ပေ။ ဝမ်လင်းကတော့ သူမကို အကြိမ်ကြိမ် ကြည့်မိ၏။ သို့သော် သူက ထိုအဘွားအို၏အတွေးကို မြင်နိုင်စွမ်း မရှိပေ။

ဝမ်လင်းက ထိုအဘွားအို၏ နာမည်တွင် ကျောက် ပါသည်ကလွဲ၍ ဘာမှ မသိထားပေ။ သို့ရာတွင် သူက သူမသည် တစ်လမ်းလုံး အရှင်ဟွေစုန်နောက်ကနေ လိုက်လာခဲ့သော်လည်း သူမ၏ခြေလှမ်းတိုင်းက ရှုပ်ထွေးကာ အနုစိတ်နေသည်ကိုတော့ သတိပြုမိ၏။

ဤနေရာတွင် အတားအဆီးများစွာ ရှိ၏။ သို့သော် အများစုက ပျက်စီးနေပေပြီ။ သို့ရာတွင် ထိုအဘွားအိုက အမြဲတမ်းလိုလို အတားအဆီးများ အားအနည်းဆုံးနေရာ သို့မဟုတ် မရှိသည့်နေရာကိုသာ ခြေနင်းသည်။

ထိုအရာက အလေ့အထ ဖြစ်၏။ အတားအဆီးများ၏ စွမ်းအား ဆုံးရှုံးနေမှုကြောင့်ပင် မပြောင်းလဲတတ်သည့် အလေ့အထ ဖြစ်သည်။ သင်သာ အတားအဆီးပညာရပ်တွင် ဆရာတစ်ဆူ မဟုတ်ပါက ထိုအချက်ကို သတိပြုမိနိုင်ဖို့ ခက်ခဲလှမည်။

အဘိုးအိုဖန်းကတော့ အရှင်ဟွေစုန်နှင့် နီးနီးကပ်ကပ် လိုက်ပါနေ၏။ သူက ဝမ်လင်းအနားတွင် မနေဝံ့ပေ။ သူက ဝမ်လင်းကို အတော်လေး လန့်နေတာ သိသာသည်။

ဤအခိုက်အတန့်မှာပင် သူတို့ရှေ့တွင် လမ်း ဆက်မရှိတော့ချေ။ အရှင်ဟွေစုန်က မျက်မှောင် တင်းကြပ်စွာ ကျုံ့၍ စဉ်းစားနေ၏။

ခုနစ်ရောင်စုံအလင်းက ကောင်းကင်တွင် ဖုံးလွှမ်းနေဆဲ ဖြစ်ကာ နေ့လား၊ညလား မပြောတတ်အောင် ရှိစေ၏။ ကောင်းကင်ထက်မှ ထွက်ပေါ်လာသည့် မူလစွမ်းအင်လှိုင်းတို့က လူတိုင်း၏အာရုံကို ဖမ်းစားသွားသည်။

ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ အကွာအဝေးတစ်ခုထံ ကြည့်သည်။ သူက ကောင်းကင်ထက်ရှိ မြူများ တဝီဝီလှည့်ပတ်ရင်း တောင်အချို့ နောက်ဆုတ်သည်ကို မြင်၏။မူလစွမ်းအင်လှိုင်းတို့က ထိုနေရာကနေ ထွက်လာနေခြင်း ဖြစ်သည်။ စိတ်ဝိညာဉ်ကို လှုပ်ခါစေနိုင်သည့် စွမ်းအားမျိုး ခံစားချက်လည်း ရှိလေ၏။

အရှင်ဟွေစုန်က အကွာအဝေးတစ်ခုထံ ကြည့်ကာ အေးစက်စက် ပြောသည်။ “ချန်ထျန်းကျွင်းရဲ့ မန္တာန်တွေပဲ…”

အချိန်အတန်ကြာပြီးနောက် ထိုမူလစွမ်းအင်လှိုင်းတို့ လွင့်ပါးသွားကာ မြူများ အထိုင်ပြန်ကျသွား၏။ ဘာတစ်ခုမှ မဖြစ်ခဲ့သည့်အလားပင်။

“ချန်ထျန်ကျွင်း သေသွားလောက်ပြီ။ သူက ငါတို့အကြံဉာဏ်ကိုမှ နားမထောင်ပဲကိုး။ သူ သေသင့်တယ်။ ဒီခုနစ်ရောင်စုံနယ်မြေဟာ သင် သွားချင်တိုင်းသွားလို့ရတဲ့နေရာ မဟုတ်ဘူး။ လမ်းတွေက အချိန်တိုင်း ပြောင်းနေတာ။ သင်သာ ဒီနေရာကို ကောင်းကောင်း မသိထားရင် အထဲကို မဝင်နိုင်သလို ပြန်ထွက်နိုင်မှာလည်း မဟုတ်ဘူး…”

အဘိုးအိုဖန်းက နှာခေါင်းရှုံ့၏။ သူ့မျက်လုံးထဲတွင် လှောင်ပြောင်ဟန်တို့ ရှိနေသည်။

“ကဲကဲ…ချန်ထျန်ကျွင်းကိစ္စကို ဘေးဖယ်ထားဦး။ ရောင်းရင်းကျင့်ကြံသူကျောက်…ငါ စစ်ဆေးကြည့်တာ ဒီလမ်းမှာ အတားအဆီးတွေ ရှိနေတဲ့ပုံပဲ။ ဒီအတားအဆီးတွေကို ချိုးဖျက်ဖို့ ငါ ရောင်းရင်းကျောက်ရဲ့ အကူအညီလိုတယ်…”

အရှင်ဟွေစုန်က နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ကာ ထိုအဘွားအိုထံ လက်နှစ်ဖက်ဆုပ်ပြ၏။

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကလည်း ရှေ့ရှိ လမ်းကြောင်းကို စစ်ဆေးကြည့်ခဲ့ပြီးပင်။ သူမက ခေါင်းညိတ်ပြ၏။

“ဒီနေရာမှာရှိတဲ့ အတားအဆီးအများစုကို ငါ အရင်က မမြင်ဖူးဘူး။ ဒါတွေကို ချိုးဖျက်နိုင်တဲ့ ယုံကြည်ချက် ငါ့မှာ မရှိဘူး…” ထိုအဘွားအိုက ထိုသို့ ဆိုရင်း ရှေ့သို့ ဆက်လျှောက်ကာ လမ်းကြောင်းအဆုံးနား ရောက်သွားသည်။

ထိုနေရာကနေစ၍ လမ်းမရှိတော့၊တောင်များသာ ရှိတော့၏။ သင် ဖြတ်သွားလိုပါက တောင်ပေါ်တက်ရပေမည်။ သို့သော် တောင်ထိပ်၌ မြူများသိပ်သည်းစွာ ရှိနေကာ လမ်းကြောင်းအားလုံးကို ချိပ်ပိတ်ထားသည်။

တောင်ရှိကျောက်တုံးတစ်ခုကို ထိကြည့်လျက် အဘွားအို၏မျက်ဝန်းတို့က တလက်လက် ဖြစ်လာ၏။သူ စဉ်းစားနေသည်။

ဝမ်လင်းက ထိုကျောက်တုံးကနေ သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ထိုင်ချပြီး စတင်ကျင့်ကြံ၏။ သူက သူ့ကိုယ်သူ အကောင်းဆုံးအနေထား ရှိနေအောင် လုပ်ရပေမည်။ထိုမှသာ သူသည် မထင်မှတ်တာ တစ်ခုခု ဖြစ်လာပါက အဆင်သင့်ရှိနေမည် ဖြစ်၏။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုက မလှုပ်မယှက်သာ ရှိနေသည်။ သို့သော် သူမ၏မျက်လုံးထဲတွင်တော့ ပြောင်းလဲမှုများ ရှိလေ၏။ သူမက တဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်လာသည်။

“အရှင်ဟွေစုန်…ဒီမှာ အတားအဆီးတစ်ခု ရှိတာ သင် သေချာရဲ့လား…။ ငါတို့ ဘာကြောင့် ဒီအတိုင်း တောင်ပေါ် တက်ပြီး မသွားတာလဲ…”

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက အရှင်ဟွေစုန်ကို ကြည့်သည်။

အရှင်ဟွေစုန်က အနည်းငယ် စဉ်းစားကာ ပြော၏။ “ဒီတောင်ထိပ်မှာ သားရဲတစ်ကောင်တည်း ရှိတာ မဟုတ်ဘူး။ ငါ သိထားသလောက်ဆိုရင် စုစုပေါင်း ခုနစ်ကောင် ရှိတယ်။အကုန်လုံးကလည်း အဆင့်ဆယ့်နှစ်သားရဲတွေပဲ။ အရင်က ငါတို့ တခြားလမ်းကနေ ဒီအထိ လာခဲ့ဖူးပြီး တောင်ပေါ်တက်ဖို့ ကြိုးစားခဲ့ဖူးတယ်။ဒါပေမဲ့ ငါတို့ တော်တော်လေးကို ဒုက္ခရောက်ခဲ့ပြီး အဆုံးသပ်မှာ မဖြတ်ကျော်နိုင်ခဲ့ဘူး။ အဲ့ဒီနောက် ငါက ဒီတောင်ကို ဖြတ်သန်းသွားနိုင်တဲ့ လမ်းကြောင်းတစ်ခုကို ဖော်ပြထားတဲ့ မြေပုံတစ်ခုကို တွေ့ရှိခဲ့တာ။ ဝင်ပေါက်က ဒီနေရာပဲ…”

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက အနည်းငယ် စဉ်းစားပြီးနောက် နောက်သို့ ခြေနှစ်လမ်း ပြန်ဆုတ်ကာ သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူမ၏လက်ကနေ ပုံရိပ်အထပ်ထပ် ဖြစ်လာပြီး တစ်ခုနှင့်တစ်ခုထပ်ကာ ရှုပ်ထွေးသောစာလုံးတစ်ခုပေါ်လာ၏။ ထိုစာလုံးက ရုတ်တရက် တောင်ရှိကျောက်တုံးထံ ကျရောက်သွားသည်။

ဝမ်လင်း၏ စိတ်က တုန်လှုပ်သွားမိ၏။သူက တစ်နေရာရာသို့ လှမ်းကြည့်နေသည်ပုံ ဟန် ဆောင်လိုက်သည်။

အတားအဆီးက ထိုတောင်ပေါ်သို့ ကျရောက်သွားခိုက် ကျောက်တုံးမျက်နှာပြင်သည် အရည်ပျော်ကျဟန် ရကာ လှိုင်းတွန့်များ ပေါ်လာသည်။

ရှေးဟောင်းဆန်ကာ ဆွေးမြေ့သော အော်ရာတစ်ခုက တောင်ရှိကျောက်တုံးထံကနေ ထွက်ပေါ်လာသည်။

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်သည်။ ထို့နောက် သူမက ချိပ်ဟန်များကို ပိုမို ဖြစ်ပေါ်စေကာ သူမ၏ ရင်ဘက်ထံ အကြိမ်အနည်းငယ် ညွှန်သည်။ အခိုးအငွေ့အမျှင်တန်းခုနစ်ခုက သူမ၏ဒွာရပေါက်များကနေ ပျံသန်းထွက်လာကာ အမျှင်တန်းတစ်ခုစီ၌ အသက်ဓာတ်များစွာ ပါဝင်ပြီး သူမအား ဝန်းရံသည်။ သူမက အသက်ခပ်ပြင်းပြင်း ရှုသွင်းကာ ရှေ့သို့ ခြေလှမ်း၏။

ထိုအဘွားအိုသည် ခြေလှမ်းသုံးလှမ်းလှမ်းပြီးနောက် တောင်ရှိကျောက်တုံးထဲသို့ မထင်မှတ်စွာဖြင့် နစ်မြုပ်သွား၏။ လှိုင်းတွန့်များက ပိုများလာကာ ကျောက်တုံးကိုပါ ရှင်းရှင်းလင်းလင်း ထွင်းဖောက်မြင်လာရသည်။ ထိုအဖြစ်က အရှင်ဟွေစုန်နှင့်အခြားသူများအား ကျောက်တုံးထဲရှိ ဥမင်လမ်းတစ်ခုကို ရှင်းလင်းစွာ မြင်တွေ့စေသည်။

သို့ရာတွင် ဝင်ပေါက်ကလွဲ၍ သည်လမ်း၏အတွင်းဘက်မှာ လုံးဝမှောင်မဲနေသည်။ သူတို့၏အကြည့်ကိုပါ အမှောင်ထုက ဝါးမြိုပစ်ခြင်း ခံရသည်။

အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုက ကျောက်တုံးထဲ နစ်မြုပ်သွားချိန်၌ သူမ၏မျက်နှာက ဖြူရောကာ အံ့မခန်းအားတစ်ခုခုက သူ့အား ညှစ်ချေသကဲ့သို့ သူမ၏ခန္ဓာကိုယ်သည် ရှုံ့တွလေ၏။ တစီစီအသံများပါ သူမခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။

သူမက မျက်လုံးမှိတ်ကာ တစ်ခဏကျင့်ကြံသည်။ ထို့နောက် မျက်လုံးပြန်ဖွင့်ကာ ရှေ့သို့ ဆက်လျှောက်သည်။ ခြေလှမ်းတိုင်းက သူမ၏ခန္ဓာကိုယ်ကို ပို၍ပို၍ တုန်ယင်စေသည်။ ကျောက်တုံးထံမှ ထွက်ပေါ်လာသည့် လှိုင်းတွန့်မှာလည်း ဆတိုးလာ၏။ ရှေးဟောင်းအော်ရာသည် ဤဧရိယာကို ခြုံလွှမ်းသည့် ဖိအားတစ်ခု ဖြစ်လာသည်။

ခြေလှမ်းသုံးလှမ်း လှမ်းပြီးနောက် သူမ၏မျက်လုံးတို့က ချင်းချင်းနီလာ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ မျက်ခုံးနှစ်ခုကြားသို့ ခပ်ကြမ်းကြမ်း ဖိချသည်။ ထိုအဘွားအို၏ ပါးရည်နားရည်တွန့်နေသည့် မျက်နှာတွင် တုန်လှုပ်စရာ ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။

အရေးအကြောင်းများစွာ မြန်ဆန်စွာ ပျောက်ကွယ်ကုန်၏။ သူမ၏ခန္ဓာကိုယ်ပါ အသက်လေးဆယ်ပတ်လည် လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်ပုံစံ ဖြစ်လာ၏။ သူမ၏ပုံပန်းသွင်ပြင်သည် မင်သက်လောက်အောင် မဟုတ်သော်လည်း ကျက်သရေရှိသည့် အလှမျိုး၊ရင့်ကျက်သည့်အလှမျိုး ဖြစ်နေသည်။ သူမက နောက်ထပ် ခြေလှမ်းနှစ်လှမ်း လှမ်းကာ ခြောက်ခုမြောက်ခြေလှမ်း လှမ်းခါနီး၌ သွေးအန်ရသည်။ သူမက ဆက်၍ တောင့်မခံနိုင်တော့ဘဲ တောင်ရှိကျောက်တုံးကနေ ပြန်ဆုတ်လာတော့၏။

သူမက ဝမ်လင်းဘေးနား ရောက်သည့်အထိ နောက်ဆုတ်လာပြီးမှ ရပ်သွားသည်။သူမ၏မျက်နှာက ချက်ခြင်းပင် အိုမင်းသည့်ဟန် ပြန်ပြောင်းလဲသွား၏။

အဘွားအိုက ခါးသီးဟန်ဖြင့် ပြော၏။ “ခြေကိုးလှမ်းကောင်းကင်ဘုံချိပ်ပိတ်ခြင်း အစီအရင်…”

“ဒါက ရှေးဟောင်းအစီအရင်တစ်ခုပဲ။ ငါ ဒါကို မှတ်တမ်းထဲမှာပဲ မြင်ဖူးခဲ့တာ၊အပြင်မှာ လုံးဝ မတွေ့ဖူးဘူး။ ဒီအတားအဆီးကို ချမှတ်နိုင်တဲ့သူကတော့ သူ့ရဲ့အတားအဆီးပညာရပ်ဟာ အထွတ်အထိပ်ကို ရောက်နေလောက်ပြီ…”

“ခြေကိုးလှမ်း ကောင်းကင်ဘုံချိပ်ပိတ်ခြင်း အစီအရင်…”ဝမ်လင်းက တောင်ရှိကျောက်တုံးကို ကြည့်သည်။ အဘွားအို နောက်ဆုတ်လာပြီးနောက် ၎င်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ဘာတစ်ခုမှ မဖြစ်ခဲ့သည့်အလားပင်။

“ဒီအစီအရင်က အချိန်တိုက်စားမှုကြောင့် ထိခိုက်နေခဲ့ပြီ။ ဒါ့ကြောင့် တိုက်ခိုက်နိုင်တဲ့ စွမ်းရည် မရှိတော့ဘူး။ဒါပေမဲ့ ဒီအစီအရင်ရဲ့ ချိပ်ပိတ်နိုင်တဲ့စွမ်းအားအပေါ်တော့ မသက်ရောက်ဘူး။ ငါ့ကျင့်ကြံမှုနဲ့ဆိုရင် ခြေလှမ်းငါးလမ်းထိပဲ သွားနိုင်တယ်။ ဆက်သွားရင် ငါ့ခန္ဓာကိုယ်က ဖိအားကို တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး…”

အရှင်ဟွေစုန်က မျက်မှောင်ကြုတ်ကာ အစီအရင်ကို ကြည့်၍ မေးလိုက်သည်။ “ဒါကို ငါတို့ ဘယ်လို ဖျက်စီးရမလဲ…”

ထိုအဘွားအိုက ဆေးလုံးအချို့ကို ထုတ်ကာ ဝါးစား၏။ သူမက စတင်ကျင့်ကြံကာ ပြောသည်။ “ခြေလှမ်းဆယ်လှမ်း လှမ်းနိုင်ရင် ဒီအစီအရင်ကို သင် ဖျက်စီးနိုင်ပြီ…”

အရှင်ဟွေစုန်က စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးမှ သူက အံတင်းတင်းကြိတ်ကာ လက်ဝေ့ယမ်း၏။ အနက်ရောင်မိစ္ဆာချပ်ဝတ်တစ်စုံ သူဘေးပတ်လည်တွင် ပေါ်လာ၏။ မိစ္ဆာစွမ်းအင်များ ဤဧရိယာတွင် ပြည့်နှက်လာကာ အရှင်ဟွေစုန်ကို မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှားစေသည်။

“ငါကျင့်ကြံမှုအဆင့်ရယ်၊ဒီချပ်ဝတ်ရယ်နဲ့ဆိုရင် ငါ ခြေလှမ်းဘယ်နှစ်လှမ်း လှမ်းနိုင်မလဲ သိချင်တယ်။ ရောင်းရင်းကျင့်ကြံသူကျောက်…ဒီကျောက်တုံးကို ငါ့အတွက် ဖွင့်လှစ်ပေးပါ…”

အရှင်ဟွေစုန်ထံတွင် တခြားရွေးချယ်စရာ မရှိတော့ပေ။ သူက အခုလောက်ထိ ရောက်အောင် လာခဲ့ပြီးမှတော့ လက်မလျှော့ချင်ပေ။ သူသည် ခြေလှမ်းနှစ်လှမ်း လှမ်းကာ တောင်ရှိကျောက်တုံးထံ တိုးဝင်လာ၏။

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ညွှန်၏။ အတားအဆီးတစ်ခု ပျံသန်းထွက်လာပြီး အရှင်ဟွေစုန်ရှေ့ရှိ တောင်၏ကျောက်တုံးထံ ကျရောက်သည်။လှိုင်းတွန့်များ ထပ်မံ ပေါ်လာကာ ကျောက်တုံးသည် နောက်တစ်ဖန် ကြည်လင်ပြတ်သားလာသည်။

အရှင်ဟွေစုန်က အချိန်ဆွဲမနေဘဲ ထိုကျောက်တုံးထဲသို့ တိုက်ရိုက် ခြေလှမ်းဝင်၏။သူ့ နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့် ကျင့်ကြံခြင်းစွမ်းအား ပေါက်ကွဲထွက်လာကာ သူ ကျောက်တုံးထဲ ဝင်ရောက်သွားသည်နှင့် ခြေလှမ်းလေးလှမ်း လှမ်းပြီး ဖြစ်၏။

ခြေလှမ်းတိုင်းက မိုးကြိုးတုန်ဟည်းသံကို ပေးစွမ်းနေသလို ထင်မှတ်ရသည်။ အရှင်ဟွေစုန်၏မျက်နှာက ဖြူရောကာ ချပ်ဝတ်ထံကနေ သိပ်သည်းသောမိစ္ဆာစွမ်းအင်ကို ပေးစွမ်းလေ၏။ ခြေလှမ်းလေးလှမ်းပြီးနောက် သူသည် အနည်းငယ် တန့်သွား၏။ ထို့နောက် သူ့မျက်ဝန်းတို့က တလက်လက် ဖြစ်လာကာ မထင်မှတ်စွာဖြင့် သူသည် ခြေလှမ်းသုံးလှမ်း ဆက်လှမ်းသွားသည်။

ထိုခြေလှမ်းသုံးလှမ်း ပြီးသည့်နောက် အရှင်ဟွေစုန်၏မျက်နှာသည် ဖြူရောကာ သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာသည်။ သို့ရာတွင် သူက အံတင်းတင်းကြိတ်ကာ မာန်သွင်း၍ နောက်တစ်လှမ်း ထပ်လှမ်းသည်။

ရှစ်လှမ်းမြောက် ဖြစ်၏။

ရှစ်လှမ်းမြောက် လှမ်းပြီးသည့်နောက် အရှင်ဟွေစုန်ထံကနေ တစစီအသံများ ထွက်ပေါ်လာ၏။ သူ့ပါးစပ်ကနေ သွေးများစီးကျလာသည်။ သူ့မျက်လုံးတို့က ချင်းချင်းနီ၏။ သူက နှစ်တစ်ထောင် ကြိုပြင်ဆင်ခဲ့သည်။သူသည် အစီအရင်တစ်ခုကြောင့် ရပ်တန့်နေရသည်။သူက လက်မခံ၊အရှုံးမပေးလိုပေ။

ယား…။

အရှင်ဟွေစုန်က အံတင်းတင်းကြိတ် မာန်သွင်း၍ ရှေ့သို့ဆက်၍ ခြေလှမ်း၏။ ထိုအခိုက်အတန့်တွင် အဘိုးအိုဖန်း၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်သည်။ အဘွားအို၏မျက်လုံးတို့ကလည်း လက်ခနဲ ဖြစ်သွား၏။ သူမ ဘာတွေးနေသည်ကို မြင်ရဖို့ မဖြစ်နိုင်ပေ။

ကိုးလှမ်းမြောက် လှမ်းလိုက်ချိန်တွင် အရှင်ဟွေစုန်သည် နံရံတစ်ခုကို ဝင်စောင့်မိသကဲ့သို့ ခံစားရသည်။ ကြီးမားသည့်အားတစ်ခုက သူ့ခန္ဓာကိုယ်ထဲ ဝင်စောင့်ကာ သူ့အား သွေးအန်စေသည်။သူ့ခန္ဓာကိုယ်ပါ ကျောက်တုံးထဲကနေ ပြန်ကန်ထွက်လာပြီး ခြေလှမ်းဒါဇင်ချီ ဆုတ်ပြီးမှ ရပ်တန့်သွားသည်။

“ငါ မဝင်နိုင်ရင် ဘယ်သူမှ ဒီခုနစ်ရောင်စုံနယ်မြေကနေ မထွက်နိုင်စေရဘူး…”

သူ့မျက်လုံးထဲတွင် ရူးသွပ်မှုကြမ်းကြုတ်မှုတို့ အရိပ်အမြွက် ဖြစ်ပေါ်လေ၏။ သူသည် ကျောက်တုံးကို စူးရဲစွာ ကြည့်နေသည်။

ဝမ်လင်းက ကျင့်ကြံနေရာကနေ ထရပ်လာသည်။ သူက ပြန့်ကြဲမိစ္ဆာချပ်ဝတ်နှင့်အရှင်ဟွေစုန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။ “ငါ ကြိုးစားကြည့်မယ်…”

***

All Chapters